အထမြောက်မလာတဲ့ အာဆီယံ ဘုံသဘောထား ၅ ချက် နေရာမှာ ဘာတွေနဲ့ အစားထိုးနိုင်လဲ

APHR

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency via Getty

ဓာတ်ပုံ ပုံစာ, အာဏာသိမ်း စစ်ခေါင်းဆောင်ပေါ် ဖိအားပေးရေး APHR တိုက်တွန်း

ဂျာကာတာမြို့ အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးကနေ မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူမှု ၅ ချက် ရလာတာ ၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ရှိနေခဲ့တဲ့ အဲဒီ ၂၀၂၁ ဧပြီ ၂၄ ရက် ဂျာကာတာ အစည်းအဝေးကနေ ၁။ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရေး ၂။ သက်ဆိုင်သူတွေ တွေ့ဆုံ ဆွေးနွေးရေး ၃။ အဲဒီလို ဒိုင်ယာလော့ဂ်တွေ ဖြစ်လာဖို့ အာဆီယံ အထူးသံက ကြားဝင် ညှိနှိုင်းပေးရေး ၄။ အာဆီယံကတဆင့် စာနာမှု အကူအညီတွေ ပေးရေးနဲ့ ၅။ အာဆီယံ အထူးသံ မြန်မာပြည်ကို လာပြီး သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံရေး ဆိုတဲ့ ဘုံသဘောတူမှု ၅ ချက် ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ဘုံသဘောထားတွေ ထွက်ပေါ်လာတဲ့နောက် ချက်ခြင်းဆိုသလိုပဲ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှု ရခဲ့ပါတယ်။ တကျော့ပြန် စစ်အာဏာသိမ်းခံရတဲ့ မြန်မာ့ အကြပ်အတည်း ဖြေရှင်းရေးမှာ အာဆီယံက ကမကထလုပ်ပြီး ကြားဝင် ဆောင်ရွက်မယ် ဆိုတဲ့ လမ်းကြောင်း အပေါ် ကုလသမဂ္ဂ မျက်နှာစာမှာ တရုတ်၊ ရုရှား ကအစ ကန့်ကွက်သူမရှိဘဲ အားပေး ထောက်ခံတယ် ဆိုတဲ့ သဘောထားတွေ ဖော်ပြခဲ့ကြပါတယ်။

ကမ္ဘာ့နိုင်ငံ တစ်ခုမှာ ပြဿနာ အကြပ်အတည်းနဲ့ ပဋိပက္ခတွေ ပေါ်ပေါက်နေပြီဆိုရင် အဲဒီ တိုင်းပြည် တည်ရှိနေတဲ့ ဒေသတွင်းက နိုင်ငံတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကနေ ကမကထလုပ် ဖြေရှင်းပေးတာမျိုးနဲ့ ချဥ်းကပ်သင့်တယ် ဆိုတဲ့ လမ်းကြောင်းကို ကုလသမဂ္ဂက သွားနေချိန် ဖြစ်တဲ့ အတွက် အခုလို မြန်မာ့ အရေးမှာလည်း အာဆီယံ အဖွဲ့က ဦးဆောင် ဖြေရှင်းမယ် ဆိုတာ အပေါ် ဝိုင်းဝန်း ထောက်ခံ ကြတာ ဖြစ်တယ်လို့ သဘောတူ ၅ ချက် ထွက်လာစ အချိန်တွေမှာ သုတေသီတချို့က ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် လက်တွေ့ ပထဝီနိုင်ငံရေး အနေအထားတွေက အရ အာဆီယံ ကြားဝင်မှုဟာ အငြင်းပွားဖွယ် ဖြစ်ဖို့ အနည်းဆုံး ဖြစ်နိုင်တဲ့ လမ်းကြောင်းဆိုပြီး ကမ္ဘာ့နိုင်ငံတွေက ယူဆခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုမျိုးတွေလည်း ရှိနေပါတယ်။

မြန်မာ့အကြပ်အတည်းမှာ အာဆီယံ ကြားဝင်ရေး လမ်းဟာ တကယ် အောင်မြင်အောင် လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်မှု ရှိကြတဲ့အတွက် အလျင်စလို ထောက်ခံခဲ့ကြတာမျိုးထက်စာရင်၊ မြန်မာနဲ့ ကပ်လျက်မှာ ရှိနေပြီး အာဆီယံ အဖွဲ့ဝင် မဟုတ်ကြတဲ့ ဒေသတွင်း အင်အားကြီး အိန္ဒိယနဲ့ တရုတ်တို့ အတွက် အငြင်းပွားဖွယ် အနည်းနိုင်ဆုံး လမ်းကြောင်းမျိုးလို့ ယူဆကြတဲ့ အတွက် နိုင်ငံတကာက ဝိုင်းပြီး ထောက်ခံခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ လက်ထောက် အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇာအုပ်လင်းက ဂျာကာတာ သဘောတူမှု နှစ်ပတ်လည်ကာလ လောလောလတ်မှာပဲ အင်ဒို-ပစိဖိတ် နိုင်ငံရေး စာစောင် ဒစ်ပလိုမက်ထဲ ရေးသားပါတယ်။

ဗီဒီယို ပုံစာ, စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု အလုပ်ဖြစ်နိုင်လား

အခုဆိုရင် ပြီးခဲ့တဲ့ ၁ နှစ်တာ ကာလမှာ အာဆီယံ သဘောတူမှု ၅ ချက် ဘာတွေများ လက်တွေ့ ပြည့်မြောက်လာပြီလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

မြန်မာ့ အကြပ်အတည်း ဖြေရှင်းရေးမှာ အဓိပ္ပာယ်ရှိတဲ့ တိုးတက် ဖြစ်ထွန်းမှုတွေကို လိုလားတယ် ဆိုရင် အဲဒီ ဘုံသဘောထား ၅ ချက် ပေါ် အခြေခံထားတဲ့ အာဆီယံ လမ်းကြောင်းကို စွန့်ပစ်ချိန်တန်ပြီလား ဆိုတဲ့ စဥ်းစားမှုမျိုးတွေထိ ရှိနေကြတယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR ရဲ့ ဥက္ကဋ္ဌ၊ မလေးရှား ပါလီမန် အမတ် ချားလ်စ်ဆန်တီယာဂိုက ဘီဘီစီကို ပြောပါတယ်။

"အာဆီယံ လမ်းကြောင်းဟာ ဘယ်လိုမှ တိုးတက်မှု မရှိခဲ့ပါဘူး။ ကမ္ဘောဒီးယား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အခုနှစ်ထဲမှာ သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆော့ခွန်းဟာ အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ နေပြည်တော်ထိ ရောက်လာခဲ့တယ် ဆိုပေမဲ့ နိုင်ငံရေးအရ တကယ်တမ်း တိုးတက်တဲ့ ရလဒ် တစ်စုံတစ်ရာ ဖော်ဆောင်ခဲ့နိုင်တာမျိုး မရှိပါဘူး။"

"တခါ၊ AHA စင်တာလို့ ခေါ်တဲ့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက တဆင့် မြန်မာအတွက် စာနာမှုဆိုင်ရာ အကူအညီပေးရေး ဆိုတာလည်း စစ်တပ်နဲ့ ကင်းလွတ်ပြီး ဆောင်ရွက်လို့ ရတာမျိုး မဟုတ်ဘဲ အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ် ကန့်သတ်မှုတွေ အောက်မှာ ထိရောက်အောင် မလုပ်ဆာင်နိုင်တာ တွေ့မြင်နေရပါတယ်။ ဒီ အခြေအနေတွေမှာ အချိန်ဆွဲခွင့်ရနေတာ၊ အမြတ်ထွက်နေတာကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ စစ်တပ်ပါပဲ" လို့ မစ္စတာ စင်တီယာဂိုက ဘီဘီစီကို ပြောပါတယ်။

ဗီဒီယို ပုံစာ, ကျောင်းသားလူငယ်မှသည် တော်လှန်ရေး တပ်ဖွဲ့ဝင်ဆီသို့

မစ္စတာ စင်တီယာဂို ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR အဖွဲ့ဟာ လောလောလတ်လတ်မှာပဲ မြန်မာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး အရရော၊ စာနာမှု ဆိုင်ရာ အကူအညီတွေပေးရေး လုပ်ငန်းစဥ်မှာရော တိုးတက်မှု ရှိမနေတဲ့ ဘုံသဘောတူမှု ၅ ချက် ဆိုတဲ့ လမ်းကြောင်း အပေါ် စိတ်ပျက်ရတယ် ဆိုပြီး အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် အနေနဲ့ သူ့အပေါ်မှာ တကယ့်ကို ပြင်းထန် ထိရောက်တဲ့ ဖိအားတွေ ကျရောက်နေပြီလို့ မခံစားရမချင်း ဒီ ဘုံသဘောထားတွေကို အကောင်အထည် ဖော်လိုတဲ့ စိတ်ဆန္ဒ ရှိမနေဘူး ဆိုတာ အခု ပြီးခဲ့တဲ့ လတွေမှာ တောက်လျောက် တွေ့မြင်ခဲ့ရပြီးပြီလို့ APHR က ထောက်ပြပါတယ်။

မြန်မာစစ်တပ်က မြန်မာပြည်သူတွေ အပေါ် ပြန်ပြီး ကျူးလွန် ရက်စက် နေတာတွေကို ရပ်တန့်နိုင်ဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့နဲ့ မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးကို တကယ်တမ်း ဦးတည်တဲ့ လုပ်ငန်းစဥ်တွေ စတင်နိုင်ဖို့ အတွက်ဆိုရင် အာဆီယံ အနေနဲ့ လုပ်ဆောင်သင့်တဲ့ အချက် ၃ ချက် ဆိုပြီးတော့လည်း APHR အဖွဲ့က အကြံပြုပါတယ်။

ပရတ်ဆော့ခွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆော့ခွန်းဟာ အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့ နေပြည်တော်ထိ ရောက်လာခဲ့

၁။ အာဆီယံ အထူးသံတမန် ခန့်ထားပုံ ခန့်ထားနည်း ပြောင်းလဲရေး

မြန်မာ့အရေး ကြားဝင် ဖြေရှင်းပေးမယ့် အထူးသံတမန် နေရာကို အခု လက်ရှိ တွေ့မြင်နေရသလိုမျိုး အာဆီယံ ဥက္ကဋ္ဌ အလှည့်ကျပြောင်းသွားတိုင်း လိုက်ပြောင်း သွားတာမျိုး မဖြစ်သင့်ဘူးလို့ APHR က ဆိုပါတယ်။

"မြန်မာဆိုင်ရာ အထူးသံတမန်" ဆိုတဲ့ ရာထူးနေရာဟာ အဲဒီတာဝန် တစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက် လုပ်ဆောင်ရမယ့် သီးသီးသန့်သန့် ရာထူးနေရာ ဖြစ်ဖို့လိုပြီး၊ ရေရှည် သဘော ခန့်အပ်တာဝန်ပေးတာမျိုး လုပ်ဆောင်ပါလို့ APHR က အာဆီယံနည်း ပြုပြင်ရေး ပြောင်းလဲရေး ခြေလှမ်း အမှတ် ၁ အဖြစ် အကြံပြုပါတယ်။

အထူးသံတမန်ဟာ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံရဲ့ သဘောထား ချဥ်းကပ်ပုံ ပေါ် မူတည်ပြီး ပြုမူလုပ်ဆောင်တဲ့ သူမျိုး မဖြစ်သင့်ဘဲ သူ့ရဲ့ ဆောင်ရွက်ချက်တွေဟာ အာဆီယံ အဖွဲ့တစ်ခုလုံးကို ကိုယ်စားပြုရမှာ ဖြစ်တယ်လို့ APHR က ဆိုပါတယ်။

၂။ အချိန်ကာလ သတ်မှတ်ချက် အတိတကျ ရှိရေး၊ မလိုက်နာရင် အရေးယူ ဆောင်ရွက်မယ့် စနစ်ယန္တရား ရှိရေး

မူလ ဂျာကာတာ သဘောတူမှု ၅ ချက်ထဲမှာ အချိန်ကာလ ဘယ်လောက်အတွင်း အကောင်အထည် ဖော်ရမယ်ဆိုတဲ့ အချက် မပါဝင်တဲ့ အတွက် မြန်မာ အာဏာသိမ်း စစ်ကောင်စီကို ပြီးခဲ့တဲ့ ၁၂ လတာ ကာလပတ်လုံး ရက်စက်မှုတွေ ဆက်ပြီး ကျူးလွန်ခွင့် ပေးခဲ့တာမျိုး ဖြစ်နေခဲ့တယ်လို့ APHR က ဝေဖန်ပါတယ်။

အခုတော့ အာဆီယံတွင်း ပေးထားတဲ့ ကတိကဝတ်တွေ ပျက်ကွက်ရင်၊ ရက်စက်မှုတွေ ဆက်ပြီး ကျူးလွန်နေရင် ဘယ်လို နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတဲ့ အတိတကျ နည်းနာရှိဖို့ အချိန်တန်ပြီလို့ APHR က ဆော်ဩပါတယ်။

အရေးယူတဲ့ ပုံစံတွေထဲ မြန်မာကို အာဆီယံ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့တာမျိုး၊ စစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီ SAC အဖွဲ့ဝင်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်တာမျိုးနဲ့ စီးပွားရေး ဆိုင်ရာ ပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့တာတွေ ချမှတ်တာမျိုးတွေ ဆောင်ရွက်ဖို့ APHR က အကြံပြုပါတယ်။

၃။ NUG နဲ့ တွေ့ဆုံရေးကို အာဆီယံဘက်က တရားဝင်ပြုလုပ်ရေး

မူလ သဘောတူမှု ၅ ချက်ထဲမှာ သက်ဆိုင်ရာ အဖွဲ့ အားလုံးကြားမှာ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းတာတွေ ပြုလုပ်ကြဖို့ဆိုတဲ့ အချက်နဲ့ အဲဒီလို ဖော်ဆောင်နိုင်ဖို့ အာဆီယံ အထူးသံတမန်က ကြားဝင် ညှိနှိုင်းရေး ဆိုတာ ပါဝင်ပေမဲ့ တစ်နှစ်ရှိလာချိန်ထိ အာဆီယံ သံတမန် ရာထူးနေရာဟာ ဘာမှ ထိရောက်အောင် မလုပ်ဆောင်နိုင်ခဲ့သလို အဖွဲ့အားလုံးနဲ့ တွေ့တာမျိုးလည်း မရှိဘဲ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့သာ တွေ့ခဲ့တယ်လို့ APHR က ထောက်ပြပါတယ်။

အထူးသဖြင့် ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို ကိုယ်စားပြုထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ကိုယ်စားလှယ် တစ်ဦးတစ်ယောက်နဲ့မှ အာဆီယံ အထူးသံ နှစ်ယောက် ပြောင်းသွားတဲ့တိုင် တွေ့ဆုံတာမျိုး မရှိ ခဲ့ဘူးလို့ APHR က ပြောပါတယ်။

အဲဒါကြောင့် အာဆီယံ အဖွဲ့ အနေနဲ့ NUG နဲ့ကြား ဆက်ဆံရေး တရားဝင် ထူထောင်တာ ချက်ခြင်းလုပ်ဆောင်ဖို့ APHR က ပြုပြင်ရေး တတိယ အချက် အနေနဲ့ အကြံပြုပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ ဖြစ်ထွန်းလာမယ့် တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင် EAO အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေကိုပါ ထည့်သွင်းပြီး သူတို့ရဲ့ သဘောထားဆန္ဒနဲ့ အမြင်တွေကိုပါ အာဆီယံ အနေနဲ့ နားထောင်ဖို့လိုတယ်လို့ APHR အဖွဲ့က ဆိုပါတယ်။

လူဦးရေရဲ့ ထက်ဝက်ဟာ ဆင်းရဲမွဲတေမှု သတ်မှတ် စည်းအောက် ရောက်ရှိသွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူဦးရေရဲ့ ထက်ဝက်ဟာ ဆင်းရဲမွဲတေမှု သတ်မှတ် စည်းအောက် ရောက်ရှိသွား

စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးရေးမှာလည်း စစ်တပ်ရဲ့ ထိန်းချုပ်မှုတွေနဲ့ ရှေ့မရောက်နိုင် ဖြစ်နေတဲ့ လက်ရှိ အခြေအနေကနေ အမြန်ဆုံး ကျော်လွှားဖို့ လိုတယ်လို့ APHR က သတိပေးပါတယ်။

စစ်အာဏာသိမ်းခံရမှုရဲ့ တိုက်ရိုက် အကျိုးဆက် အနေနဲ့ မြန်မာပြည်ထဲက ၅၄ သန်းသော ပြည်သူတွေဟာ စီးပွားပျက်မှု၊ အဘက်ဘက် ချွတ်ခြုံကျမှု ဒဏ် ခံနေရပြီး အခုဆိုရင် လူဦးရေရဲ့ ထက်ဝက်ဟာ ဆင်းရဲမွဲတေမှု သတ်မှတ် စည်းအောက် ရောက်ရှိသွားပြီလို့ APHR က ဆိုပါတယ်။

ဒါ့ကြောင့် စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အပူတပြင်း လိုအပ်နေတဲ့ အတွက်၊ မြန်မာနိုင်ငံထဲက ဒေသတွင်း လူမှု အသိုင်းအဝိုင်းကို အခြေခံတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်တာတွေ ချက်ခြင်းစပြီး လုပ်ဆောင်ဖို့ အာဆီယံကို APHR က တိုက်တွန်းပါတယ်။

အာဆီယံ ခေါင်းဆောင်တွေ အားလုံးကို ဦးတည် ပန်ကြားထားတဲ့ APHR ရဲ့ အခု အိတ်ဖွင့် ပေးစာ ထွက်လာ အပြီးမှာတော့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒွလ္လာ က APHR နဲ့ တွေ့ဆုံပြီး အခုအကြံပြုထားတာတွေကို ဆက်ပြီး ဆွေးနွေးမယ်လို့ တုံ့ပြန်ပါတယ်။

ဒါ့အပြင် တွစ်တာ စာမျက်နှာပေါ်ကနေ တဆင့် APHR ရဲ့ စာ အပေါ် တုံ့ပြန်တဲ့ ဝန်ကြီး မစ္စတာ အဗ္ဗဒွလ္လာရဲ့ စာထဲမှာ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ပြီးခဲ့တဲ့ နောက်ဆုံး အစည်းအဝေး မတိုင်ခင် သူ့ အနေနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ဥက္ကဋ္ဌ တို့နဲ့ အလွတ်သဘော တွေ့ဆုံခဲ့တယ်ဆိုတဲ့ အချက်ကို ထုတ်ဖော် ပြောဆိုထားပါတယ်။