အာဆီယံ ထိပ်သီးဆွေးနွေးပွဲ - မြန်မာစစ်ခေါင်းဆောင်ကို ချန်ထားရေး ဘိုင်ဒင်အစိုးရရဲ့ ရပ်တည်မှု လွှမ်းမိုးခဲ့လား

ဘရူနိုင်းဘုရင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလှည့်ကျ ဥက္ကဌအဖြစ် ဦးဆောင် ကျင်းပ ပေးတဲ့ ဘရူနိုင်းဘုရင်

အာဆီယံရဲ့ မကြုံစဖူး ဆုံးဖြတ်ချက် ဖြစ်တဲ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ချန်ထားရစ်ခဲ့တဲ့ ထိပ်သီး အစည်းအဝေး ဒီနေ့ အောက်တိုဘာ ၂၆ ရက်၊ အင်္ဂါနေ့မှာ စတင်ပြီ ဖြစ်ပါတယ်။

"မြန်မာကို နိုင်ငံရေး အဆင့် ကိုယ်စားပြုခွင့် မပေးနိုင်" ဆိုတဲ့ ဆုံးဖြတ်ချက် အပေါ် အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ကန့်ကွက်နေပြီး၊ ထိပ်သီးဆွေးနွေးပွဲ အကြိုရက်မှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင်မှ မတက်ရရင် အနည်းဆုံး ဝန်ကြီးအဆင့် တက်ရောက်ခွင့် ရှိရမယ် ဆိုပြီး ထုတ်ပြန်ပါတယ်။

ဒါဟာ အာဆီယံက ဖိတ်ကြားထားတဲ့ နိုင်ငံခြားရေးဌာန အမြဲတမ်း အတွင်းဝန်ကို ထိပ်သီး အစည်းအဝေးမှာ ပါဝင်စေမှာ မဟုတ်တဲ့ အဓိပ္ပာယ်မျိုး သက်ရောက် နေတာကြောင့် အခု ထိပ်သီး အစည်းအဝေးမှာ မြန်မာကို ကိုယ်စားပြုသူ မရှိပဲ လစ်လပ် နေမှာ ဖြစ်ပါတယ်။

NUG က လည်း သူတို့ဘက်က ကိုယ်စားလှယ်ကို ပါဝင်ခွင့် ပြုဖို့ အာဆီယံကို အကြောင်းကြား ထားပေမယ့် အာဆီယံက မတုံ့ပြန်ဘူး ဆိုပြီး ဘီဘီစီကို အခု​ရက်ပိုင်းမှာပဲ ပြောထားပါတယ်။

အခု ကျင်းပမယ့် အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဆွေးနွေးဘက် နိုင်ငံတွေနဲ့ကြား အစည်းအဝေးတွေကို အလှည့်ကျ ဥက္ကဌ ဘရူးနိုင်းနိုင်ငံ ဘုရင် ဆူလ်တန် ဟာဆန်နာ ဘိုလ်ကီယားက အိမ်ရှင် အဖြစ် ကမကထလုပ်ပြီး အွန်လိုင်း ဗီဒီယိုကနေ တဆင့် ကျင်းပမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၄ နှစ် အတွင်း ပထမဆုံးအကြိမ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ပါဝင်

အမေရိကန် ရပ်တည်မှုက လွှမ်းမိုးခဲ့လား

အောက်တိုဘာ ၂၆ ရက် အာဆီယံ- အမေရိကန် အစည်းအဝေးကို အမေရိကန် သမ္မ ဂျိုးဘိုင်ဒင် ကိုယ်တိုင် ပါဝင် တက်ရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ၄ နှစ် အတွင်း ပထမဆုံးအကြိမ် အနေနဲ့ အမေရိကန်သမ္မတ ပါဝင်လာတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ အတူ ရှိမနေလိုတဲ့ ခိုင်မာတဲ့ ရပ်တည်မှုဟာ အာဆီယံ အဖွဲ့အပေါ် သက်ရောက်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ တွန်းအားပေးမှု အဓိက ပါဝင်နေတယ် ဆိုပြီး လေ့လာသူတွေက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားကြပါတယ်။

ဒါဟာ စစ်အာဏာသိမ်းမှုကို အသိအမှတ် မပြုပဲ စစ်ကောင်စီနဲ့ နောက်ပိုင်း ကြေညာထားတဲ့ အိမ်စောင့် အစိုးရ အပေါ် တရားဝင်မှု မပေးလိုတဲ့ သမ္မတဘိုင်ဒင် အစိုးရရဲ့ ရပ်တည်မှုကို ထင်ဟပ် နေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

အဲဒီလို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံ အဖွဲ့နဲ့ အတူ ရောပြီး နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ အလိုအလျောက် ပါဝင်လာမှာကို လက်မခံတဲ့ သဘောထားကို ဗြိတိန် အစိုးရကလည်း တရားဝင် ပြောဆို ထားပြီး ဖြစ်ပါတယ်။

ဗြိတိန်က အိမ်ရှင်လုပ် ကျင်းပမယ့် စက်မှု ထိပ်သီး ၇ နိုင်ငံနဲ့ အာဆီယံကြား အစည်းအဝေးနဲ့၊ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ပြဿနာ ကိုင်တွယ် ထိန်းချုပ်ရေး နိုင်ငံတက ညီလာခံတွေမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပါဝင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ဗြိတိသျှ အစိုးရရက ထုတ်ပြန် ထားပါတယ်။

ဗီဒီယို ပုံစာ, အာဆီယံ အစည်းအဝေး အပေါ်မြန်မာတုံ့ပြန်

အာဆီယံနဲ့ NUG

တစ်ဘက်မှာတော့ NUG ကို မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ပေးတာမျိုး အထိ အာဆီယံဘက်က လုပ်ဆောင် မလာသေးတာကို ကြည့်ရင် မြန်မာအရေး အာဆီယံ တူညီဆန္ဒ ၅ ချက်ကို အကောင်အထည် ဖော်နိုင်ဖို့ရာ စစ်ကောင်စီရဲ့ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်နေကြောင်း အာဆီယံဘက်က မျက်မှောက်ပြုထားပုံ ရတယ် အကဲခတ်တွေက ဆိုကြပါတယ်။

NUG နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ထိပ်သီးဆွေးနွေးပွဲ အကြိုနေ့မှာပဲ သမ္မတ ဘိုင်ဒင်ရဲ့ အတွင်းစည်းထဲကသူ တစ်ယောက် ဖြစ်တဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဂျိတ်ခ် ဆူလေဗန်နဲ့ NUG ထိပ်ပိုင်းကသူတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ သမ္မတ ဘိုင်ဒင်ရဲ့ အနီးကပ်၊ မူဝါဒပိုင်း ဩဇာရှိတဲ့ အဆင့်မြင့် အရာရှိ မစ္စတာ ဆူလေဗန်နဲ့ ဆွေးနွေးခဲ့တာကို ကြည့်ရင် အမေရိကန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးမှု အတိုင်းအတာ တစ်ခုအထိ NUG မှာ ရှိနေကြောင်း သိသာတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲ အကြို သီတင်းပတ်မှာလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက အဆင့်မြင့် အကြံပေးပုဂ္ဂိုလ် ဖြစ်ပြီး NUG နဲ့ကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ ကောင်ဆယ်လာ ဒဲရက် ရှိုလေးဟာ အာဆီယံ ဒေသတွင်း လှည့်လည် နေခဲ့ပြီး၊ မြန်မာ့ ဒီမိုကရေစီ အရေး အပေါ် တွန်းအားပေးတဲ့ သဘောထားမျိုးတွေ ထင်ထင်ရှားရှား ပြောနေခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကတဆင့် ရုံးထုတ်ခဲ့

ထိပ်သီးဆွေးနွေးပွဲနဲ့ မြန်မာအရေး

အခု ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာ အရေးနဲ့ ဒေသတွင်း ကိုဗစ် အန္တရာယ် ထိန်းချုပ် ကိုင်တွယ်ရေး ကိစ္စတွေဟာ အဓိက လွှမ်းမိုးနေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အထူးသံတမန် အီရာဝန် ယူဆွဖ်က သူ့ရဲ့ အစီရင်ခံစာကို အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေထံ တင်ပြလိမ့်မယ်လို့ အရှေ့တောင်အာရှ ဆိုင်ရာ အထူးကျွမ်းကျင်သူ သုတေသီ ဒေါ်မိုးသူဇာက ဘီဘီစီကို ပြောပါတယ်။

ဒါတို အီရာဝန် ယူဆွဖ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ ရွေးကောက်ခံ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရတာကြောင့် မြန်မာပြည် ခရီးစဥ်ကို ဆိုင်းငံ့ထားပါတယ်။

"အထူးသံတမန်ကတော့ တူညီဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ တစိုက်မတ်မတ် ဆောင်ရွက်ရမယ့် တာဝန် ရှိပါတယ်။ လက်ရှိ အလှည့်ကျ ဥက္ကဌ နိုင်ငံ သက်တမ်းကုန်လို့ ကမ္ဘောဒီးယား ဥက္ကဌ ဖြစ်လာတဲ့ အခါ အထူးသံတမန်လည်း လာမယ့် နှစ်ကျရင် တပါတည်း အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

အထူးသံရဲ့ လုပ်ငန်းတာဝန်တွေ စနစ်တကျ လည်ပတ်နိုင်ရေး အတွက် သတ်သတ်မှတ်မှတ် စနစ် ယန္တရား တစ်ရပ် ထူထောင် ထားလိုတဲ့ သဘောထား အမြင်မျိုးတွေ အာဆီယံထဲမှာ ရှိကြပါတယ်။ ဒီ့အတွက် အထူးသံကို ကူညီမှုတွေ ပေးနိုင်ရေး အကြံပေး အဖွဲ့တွေ၊ လုပ်ငန်းအဖွဲ့တွေ ထူထောင် ထားရှိ လာနိုင်ပါတယ်" လို့ ဒေါ်မိုးသူဇာက ဆိုပါတယ်။

ဒါတို အီရာဝန် ယူဆွဖ် အနေနဲ့ကတော့ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးထံက အကူအညီတွေ၊ အာဆီယံ အဖွဲ့အတွင်း နိုင်ငံခြားရေး တာဝန် ရှိသူတချို့ထံက အကြံဥာဏ်တွေ ရရှိခဲ့တာမှန်ပေမယ့်၊ သတ်သတ်မှတ်မှတ် စနစ် ယန္တရား မရှိပဲ လုပ်ငန်းတာဝန်တွေကို တစ်ယောက်တည်း ထမ်းဆောင် ခဲ့ရတာမျိုး ဖြစ်တယ်လို့ လက်ရှိ မလေးရှား ပါလီမန် အမတ်လည်းဖြစ်၊ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်တဲ့ ချားလ်စ် ဆန်တီယာဂိုက ဘီဘီစီကို ပြောပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲကနေ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ရှေ့လုပ်ငန်းစဥ် တစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ထွက်လာဖို့ ဆိုရင် အာဆီယံ အစိုးရ ခေါင်းဆောင်တွေ အပေါ် ဆွေးနွေးဖက် နိုင်ငံတွေကလည်း တွန်းအားပေးဖို့လိုကြောင်း မစ္စတာ ဆန်တီယာဂိုက ဆိုပါတယ်။