အမေရိကန် နိုင်ငံခြားရေး မူဝါဒပိုင်း အဓိက ကိုင်တွယ်သူ ကောင်ဆယ်လာရှိုလေးရဲ့ အာဆီယံ ခရီးစဥ်

ဒဲရက်ရှိုလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အန်တိုနီ ဘလင်ကင်ကို မူဝါဒပိုင်း အဓိက အကြံပေးနေသူ ဒဲရက်ရှိုလေး

မြန်မာ့အရေး အမေရိကန် နိုင်ငံခြားရေး ဌာနကို ကိုယ်စားပြုပြီး အဓိက လှုပ်ရှား ဆောင်ရွက်နေတဲ့ အဆင့်မြင့်အရာရှိ ဒဲရက် ရှိုလေးရဲ့ အာဆီယံ ၃ နိုင်ငံ ခရီးစဥ် စတင်နေပြီ ဖြစ်ပါတယ်။

မစ္စတာရှိုလေး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ထိုင်း အာဆီယံ ၃ နိုင်ငံ အပြင် လမ်းခရီးမှာ ဂျပန်နိုင်ငံကိုလည်း ဝင်မှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ထားပါတယ်။

အောက်တိုဘာ ၁၇ ရက်၊ တနင်္ဂနွေနေ့က စတင် ထွက်ခွာလာပြီ ဖြစ်တယ်လို့ နားလည်ရတဲ့ အဲဒီ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ထဲမှာ နိုင်ငံခြားရေး တာဝန်ရှိသူတွေ အပြင်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနနဲ့ တခြား အမေရိကန် အစိုးရ အေဂျင်စီ အဖွဲ့တွေက သူတွေပါ လိုက်ပါ လာကြတာ ဖြစ်ပါတယ်။

အခုလာမယ့် သောကြာနေ့၊ အောက်တိုဘာ ၂၂ ရက်နေ့ အထိ အချိန်ယူ လှည့်လည် သွားလာမှာ ဖြစ်တဲ့ မစ္စတာရှိုလေး ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ရဲ့ အခုခရီးစဥ် အတွင်း အဓိက အာရုံစိုက် ဆွေးနွေးသွားမယ့် အကြောင်းအရာထဲ မြန်မာအရေး ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။

အရှေ့တောင်အာရှ ဒေသက မဟာမိတ် မိတ်ဖက် နိုင်ငံတွေနဲ့ကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ရေးနဲ့ ဒေသတွင်း တည်ငြိမ်မှု ရှိစေရေး ဆောင်ရွက်ကြရမှာ အာဆီယံ အဖွဲ့ရဲ့ အခန်းကဏ္ဍကို အမေရိကန်ဘက်က ပိုပြီး မြှင့်တင် အားပေး နိုင်ရေး ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဝါရှင်တန်ဒီစီ မြို့တော်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

NUG ခေါင်းဆောင်တွေနဲ့ ဒဲရက်ရှိုလေး ဆွေးနွေးခဲ့

ဓာတ်ပုံ ရင်းမြစ်, U.S. Embassy Burma

ဓာတ်ပုံ ပုံစာ, NUG ခေါင်းဆောင်တွေနဲ့ ဒဲရက်ရှိုလေး ဆွေးနွေးခဲ့

NUG နဲ့ ထိတွေ့ ဆက်ဆံနေသူ ကောင်ဆယ်လာ ဒဲရက်ရှိုလေး

ဒဲရက်ရှိုလေးဟာ အမေရိကန် နိုင်ငံခြားရေးဌာနက မူဝါဒပိုင်း ဆိုင်ရာ အကြံပေး ကောင်ဆယ်လာ ဖြစ်ပြီး၊ ဒါဟာ ဒုဝန်ကြီး အဆင့်နဲ့ ညီမျှတဲ့ ထိပ်တန်းရာထူးတာဝန် ဖြစ်ပါတယ်။

သမ္မတဘိုင်ဒင်လက်ထက်မှာ မစ္စတာရှိုလေးဟာ နိုင်ငံခြားရေးဌာန ကောင်ဆယ်လာ အဖြစ် ခန့်အပ်ခံရတာ ဖြစ်ပြီး၊ ဒီ ရာထူးဟာ နိုင်ငံခြားရေး ဝန်ကြီးကို ကမ္ဘာ့ နိုင်ငံရေး အဓိက ပြဿနာတွေနဲ့ စပ်လျှဥ်းပြီး အမေရိကန် အနေနဲ့ မူဝါဒ ဘယ်လို ချမှတ် လုပ်ဆောင်သင့်လဲ ဆိုတာကို အကြံပေးရတာ ဖြစ်ပါတယ်။

မစ္စတာ ရှိုလေးဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ အမေရိကန် မူဝါဒတွေကို ကိုင်တွယ် ခဲ့ဖူးတဲ့ နောက်ခံက လာသူ ဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီးဌာနအောက်က နိုင်ငံတကာ လုံခြုံရေး အပိုင်းမှာ လက်ထောက်ဝန်ကြီး တစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

အခု လက်ရှိမှာတော့ နိုင်ငံခြားရေးဌာနမှာ နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ကို မူဝါဒပိုင်း အကြံပေးနေတဲ့ အဓိက ပုဂ္ဂိုလ် ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံ စစ်အာဏာတကျော့ပြန် သိမ်းခံရပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကနေ တဆင့် တရားဝင်မှုကို ဆက်ခံကြောင်း ကြေညာ ဖွဲ့စည်းထားတဲ့ CRPH/NUG အဖွဲ့က တာဝန်ရှိသူတွေနဲ့ ထိတွေ့ ဆက်ဆံ ဆွေးနွေးနေတဲ့ အမေရိကန် ထိပ်တန်း အရာရှိ တစ်ယောက်လည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး NUG နဲ့ လက်တွဲနေသူ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလထဲကပဲ ကောင်ဆယ်လာ ဒဲရက်ရှိုလေး နယူးယောက် မြို့တော်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ NUG ခေါင်းဆောင်တွေနဲ့ ဒဲရက်ရှိုလေး ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ထားရှိတဲ့ အမေရိကန် သံရုံးကလည်း နိုင်ငံခြားရေး ဌာနရဲ့ မူဝါဒပိုင်း အဓိက တာဝန်ရှိသူဟာ NUG ထိပ်ပိုင်းကသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း ဓာတ်ပုံတွေနဲ့တကွ တွစ်တာကနေ အများကို အသိပေးပါတယ်။

ဗီဒီယို ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကတဆင့် ရုံးထုတ်ခဲ့

အဲဒီထုတ်ပြန်ချက်အရ NUG ကက်ဘိနက်ဝင်တွေ ဖြစ်ပြီး နိုင်ငံတက အစိုးရတွေ၊ တာဝန်ရှိသူတွေနဲ့ကြား အဓိက ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ဟာ ဒဲရက်ရှိုလေးနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ဦးကျော်မိုးထွန်း၊ ဒေါ်ဇင်မာအောင်၊ ဦးအောင်မျိုးမင်းတို့နဲ့ ပြောဆို ဆွေးနွေးတဲ့အခါ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် အမြန်ပြန်ရောက်ရေး အရေးကြီးပုံကို ဦးတည် ပြောဆိုခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲ လူမျိုးစု အားလုံး၊ ကိုးကွယ် ယုံကြည်မှု ဘာသာရေး ဆိုင်ရာ အုပ်စု အာလုံးတို့ရဲ့ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှခွင့်တို့ အပေါ် လေးစားရေးတို့ကို ဆွေးနွေး ခဲ့ကြသလို၊ ကိုဗစ်နိုင်တင်း ကပ်ရောဂါ ထိန်းချုပ်နိုင်ရေး ကိစ္စတွေပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ထိတ်လန့်ခြောက်ခြားဖွယ် ရက်စက်မှုတွေ ကြုံနေရချိန် မြန်မာပြည်သူတွေ အကျိုး ရပ်တည်ပေးတဲ့ NUG ရဲ့ ဦးဆောင်ဦးရွက် ပြုနေမှု အခန်းကဏ္ဍကို တန်ဖိုးထားကြောင်း ကောင်ဆယ်လာ ရှိုလေးက ပြောခဲ့တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနက စက်တင်ဘာ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒဲရက်ရှိုလေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ မူဝါဒတွေကို ကိုင်တွယ်ခဲ့သူ ဒဲရက်ရှိုလေး

အခုခရီးစဥ်ကနေ ဘာတွေ မျှော်လင့်နိုင်လဲ

ကောင်ဆယ်လာ ရှိုလေးရဲ့ အခု ခရီးစဥ် အသေးစိတ် အချက်အလက်တွေကို အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြောတာမျိုး မလုပ်ပေမယ့် မြန်မာအရေး အလေးပေး ဆွေးနွေးမယ့် အကြောင်းနဲ့၊ အင်ဒို ပစိဖိတ် ဒေသတလွှား ပေါ်ပေါက်နေတဲ့ တခြား စိန်ခေါ်မှုတွေ အကြောင်းလည်း အခု သွားရောက်မယ့် နိုင်ငံတွေနဲ့ကြား ပြောဆိုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်လို့ ဒီမိုကရေစီ လမ်းကြောင်း ပြန်လည် ထူထောင်နိုင်ရေး အတွက် အာဏာသိမ်းစစ်တပ် အပေါ် ဖိအားပေးဖို့ရာ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ မိသားစုမှာ "အရေးတကြီး တာဝန်ရှိတယ်" လို့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခံယူထာကြောင် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ဒါ့ကြောင့် မြန်မာအရေး ဆွေးနွေးတဲ့ အခါ အာဏာသိမ်း စစ်တပ်ဘက်က ရန်လို အကြမ်ပတမ်း လုပ်ဆောင်မှုတွေ ရပ်တန့်သွားရေး၊ နိုင်ငံရေး အကျဥ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေးတွေ ဖြစ်လာဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဘာတွေ လုပ်ဆောင်ရမလဲ ဆိုတာတွေကို အာရုံစိုက် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံကို ရောက်တဲ့အခါ မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ တိုင်းပြည် ဖြစ်တာကြောင့် မြန်မာ အတွက် လိုအပ်နေတဲ့ စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေကို ထိုင်းဘက်ကနေ မြန်မာထဲကို နယ်စပ်ဖြတ်ကျော် သယ်ဆောင် ထောက်ပံ့ရေးမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခု မစ္စတာရှိုလေး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဥ်ဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အပါအဝင် ဆက်တိုက် လုပ်ဆောင်လာဖို့ရှိတဲ့ မိတ်ဖက်နိုင်ငံ၊ ဆွေးနွေးဘက် နိုင်ငံတွေနဲ့ကြား ထိပ်သီးဆွေးနွေးပွဲတွေ အကြို သွားရောက် နေတာပဲ ဖြစ်ပါတယ်။

မြန်မာကို နိုင်ငံရေးအဆင့် ကိုယ်စားပြုခွင့် မပေးဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ထားတဲ့ ဒီ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ခွင့် ရှိမှာ မဟုတ်ပါဘူး။

ဗီဒီယို ပုံစာ, ကုလ သံတမန်ကိစ္စ စစ်ကောင်စီ ဘာပြောသလဲ

မြန်မာအရေး မူဝါဒ ခိုင်မာအောင် တည်ဆောက်နေတဲ့ အမေရိကန်

အမေရိကန်ဟာ မြန်မာနိုင်ငံအရေး ရှေ့နောက် ညီညွတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်တဲ့ မူဝါဒ တစ်ရပ် ခိုင်ခိုင်မာမာ ရှိလာအောင် ကြိုးစား လုပ်ဆောင်နေတာ တွေ့ရတယ် ဆိုပြီး အကဲခတ်တွေက ဆိုပါတယ်။

"ဘားမားအက်လို့ ခေါ်တဲ့ မြန်မာအရေး ဥပဒေတစ်ရပ် ထွက်လာအောင် အမေရိကန် လွှတ်တော် နှစ်ရပ်စလုံးရဲ့ နိုင်ငံခြားရေး ကော်မတီတွေထဲမှာ စပြီး တင်ထားပြီ ဖြစ်ပါတယ်။ ကျွန်တော့် အမြင်အရ မြန်မာနဲ့ ဆိုင်တဲ့ ရှေ့နောက် ညီညွတ်ပြီး ခိုင်မာတဲ့ မူဝါဒမျိုး အမေရိကန်မှာ မရှိခဲ့ဖူးပါဘူး။ အခုရှိလာဖို့ သူတို့ ကြိုးစားနေတယ်။ အခု ဘားမားဘေလ် မြန်မာအရေး ဥပဒေကြမ်းဟာ အဲဒီ ကြိုးစားမှုကနေ ထွက်လာတာပဲ" လို့ ဝါရှင်တန်ဒီစီ အခြေစိုက် ဝုဒ်ရိုးဝီလ်ဆင် နိုင်ငံတကာဌာနက မြန်မာအရေး သုတေသီ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ကို အထောက်အပံ့ ဖြစ်နေစေတဲ့ ဝင်ငွေစီးကြောင်းတွေကို ဖြတ်တောက်ရမယ် ဆိုပြီး အမေရိကန် ဘဏ္ဍာရေးဌာနက ပိတ်ဆို့ကန့်သတ်မှု အမျိုးမျိုး ချမှတ်နေပေမယ့်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းလို ကိစ္စမှာတော့ မြန်မာ့ ကမ့်လွန်းပြင်ကနေ သဘာဝဓာတ်ငွေ့ ထုတ်ပြီး ထိုင်းကို ပိုက်လိုင်းနဲ့ တင်ပို့နေတာထဲ အမေရိကန် ရှဗရွန်ကုမ္ပဏီ ပါဝင်နေမြဲ ရှိတာကို ဥပမာပေးလို့ ရှေ့နောက် ညီညွတ်တဲ့ မူဝါဒ မရှိဘူး ဆိုပြီး ကိုရဲမျိုးဟိန်းက ဝေဖန်တာ ဖြစ်ပါတယ်။

ဘားမားအက်ထဲမှာတော့ အဲဒီ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အခန်းကဏ္ဍမှာပါ ပိတ်ဆို့နိုင်အောင် ထည့်သွင်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, သမ္မတ ရာထူးက ဆင်းပေးဖို့ စစ်တပ်က ခြိမ်းခြောက်ခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်ထွက်ဆို

လက်ရှိမှာတော့ အမေရိကန်ကို ကြည့်ရင် ဘာားမားအက်၊ ဥရောပကို ကြည့်ရင်လည်း အီးယူပါလီမန်က လောလောလတ်လတ် ချမှတ်လိုက်တဲ့ မြန်မာအရေး ဆုံးဖြတ်ချက်၊ စစ်ကောင်စီ ဥက္ကဌကို ထိပ်သီးအစည်းအဝေး ပေးမတက်တော့တဲ့ အထိ မကြုံစဖူး ရပ်တည်ပြ လာတဲ့ အာဆီယံ စသဖြင့် နိုင်ငံတကာရဲ့ ဖိအားတွေ မြန်မာ အာဏာသိမ်း စစ်တပ် အပေါ် ကျရောက် နေပါတယ်။

"ဒီလို ဖိအား အမျိုးမျိုး ရှိပေမယ့် အခု လက်ရှိ အခြေအနေ အခင်းအကျင်းကို ချက်ခြင်း ပြောင်းသွားနိုင်ဖို့၊ ကစားပွဲကြီးတစ်ခုလုံး ပြောင်းသွားနိုင်ဖို့တော့ မမျှော်လင့်နိုင်ဘူး။ အပြောင်းအလဲကို အဓိက ဖော်ဆောင်ပေးနိုင်တာ ပြည်တွင်းအားပဲ ဖြစ်တယ်" လို့ သုတေသီ ကိုရဲမျိုးဟိန်းက ဘီဘီစီကို ပြောထားပါတယ်။

အမေရိကန် လွှတ်တော်ကနေ အတည်ပြုဖို့ ကြိုးစားနေတဲ့ ဘားမားအက် ထဲမှာတော့ မြန်မာပြည် ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေ၊ ဘက်အားလုံးနဲ့ ထိတွေ့ ဆွေးနွေးမှုတွေ တာဝန်ယူ လုပ်ဆောင်မယ့် ဆက်ဆံရေး အရာရှိ တစ်ဦး ခန့်အပ် ထားရှိဖို့ ဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။

ဒီအချက်ကို ထူးထူးခြားခြား ထည့်သွင်း ထားတာကို ကြည့်ရင် မြန်မာ့ ဒီမိုကရေစီ အရေး အမေရိကန်ရဲ့ အာရုံစိုက်မှုဟာ ခေတ်အဆက်ဆက်၊ အရင် စစ်အစိုးရ အဆက်ဆက် လက်ထက်တွေနဲ့ နှိုင်းယှဥ်ရင် အခုအချိန်မှာ အမြင့်ဆုံး ဖြစ်နေတာကို တွေ့ရတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။