အာဆီယံကိုယ်စားလှယ်ရဲ့တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရတာတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြော

အာဆီယံကိုယ်စားလှယ်ရဲ့တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရတာတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, အာဆီယံကိုယ်စားလှယ်ရဲ့တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရတာတွေရှိနေတယ်လို့ စစ်ခေါင်းဆောင်ပြော

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်တွင်းခရီးစဉ်အတွက် တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေ ရှိနေတယ်ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်မှာ ပြောတဲ့ သူ့ရဲ့ရုပ်သံမိန့်ခွန်းထဲ ထုတ်ပြောလာပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြားရရှိတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ဆက်စပ်ပြီး စစ်ခေါင်းဆောင်က အခုလိုပြောလာတာဖြစ်ပါတယ်။

''အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်လာရေး ကိစ္စမှာ အဆိုပြုတောင်းဆိုချက် အမျိုးမျိုး ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးနေရဆဲဖြစ်ပါတယ်။ နိုင်ငံတခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြား ထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှ အပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့တောင်းဆိုမှုတွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေတယ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်က သူ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တွေ့သင့် တွေ့ထိုက်သူတွေအားလုံးနဲ့တွေ့ဖို့ တောင်းဆိုထားတယ်လို့ အစောပိုင်းသီတင်းပတ်တွေ ကတည်းက ပြောထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်တွင်းကအကြမ်းဖက်မှုတွေရပ်တန့်ရေး ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ဆိုတဲ့အချက်လည်း ဘုံသဘောတူညီချက်ထဲမှာပါဝင်တယ်လို့ ပြောပါတယ်။

CRPH နဲ့ NUG တို့ရဲ့လှုံ့ဆော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)အချို့ရဲ့ပါဝင်ပတ်သက်မှု၊ အားပေးမှုတွေနဲ့ အကြမ်းဖက်မှုတွေ ပိုဖြစ်လာချိန်မှာ ဒီအခြေအနေကို ဘယ်သူမှ ဟန့်တားထိန်းသိမ်းတာမတွေ့ရသလို တစ်ဖက်သတ်တောင်းဆိုမှုတွေနဲ့ ဒီပြဿနာကို ဖြေရှင်းနေရတယ်လို့ သူကပြောပါတယ်။ ဒါ့ကြောင့် အာဆီယံအနေနဲ့ ဒါကို ဆောင်ရွက်ပေးဖို့ လိုတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောသွားပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံအပေါင်း အစည်းအဝေးပွဲတွေကိုလည်း အာဆီယံ အခြေခံမူတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယူဆတယ်ဆိုပြီးတော့လည်း သူက မိန့်ခွန်းထဲပြောသွားပါတယ်။

အာဆီယံဘက်ကတော့ စစ်ကောင်စီဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်နိုင်ဘူး ဆိုပြီး စစ်ခေါင်းဆောင်ကို အခုလကုန်ပိုင်းမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို မဖိတ်ဘဲ နိုင်ငံရေးနဲ့မပတ်သက်သူ ကိုယ်စားလှယ်တစ်ဦးကိုသာ ဖိတ်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆုံးဖြတ် ထားပါတယ်။