အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပါဝဲလ် ကိုဗစ်နဲ့ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပါဝဲလ် ဟာ ကိုဗစ်ရောဂါနဲ့ အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သူ့မိသားစုက ထုတ်ဖော် ကြေညာပါတယ်။
သူဟာ ထိပ်တန်း စစ်အရာရှိဟောင်းတစ်ဦး ဖြစ်ပြီး ရီပတ်ဘလီကန်ပါတီဝင် သမ္မတ ဂျော့ဂျ် ဘွတ်ရှ် လက်ထက် ၂၀၀၁ ခုနှစ်မှာ ပထမဆုံး အာဖရိကန်နွယ်ဖွား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။
နှစ်လိုဖွယ်ကောင်းတဲ့ ခင်ပွန်းကောင်းတစ်ဦး၊ ဖခင်ကောင်းတစ်ဦး၊ အဘိုးကောင်းတစ်ဦး၊ ထူးချွန်တဲ့ အမေရိကန်တစ်ဦး ဆုံးရှုံးလိုက်ရတာပါ လို့ သူ့မိသားစုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဂရုတစိုက် ပြုစုကုသပေးခဲ့တဲ့ ဆေးဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် လို့ လည်း ဆိုပါတယ်။
မစ္စတာ ပါဝဲလ် ဟာ ကိုဗစ်ကာကွယ်ဆေး အပြည့် ထိုးထားပြီးသူ ဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာ ကောလင်း ပါဝဲလ် ဟာ မိသားစုကို ချစ်ခင်သူတစ်ဦး ဖြစ်ကြောင်းနဲ့ သမ္မတတွေက သူ့ကို ဘယ်လောက်တောင် ချစ်ကြသလဲဆိုရင် သမ္မတတွေ ချီးမြှင့်တဲ့ လွတ်လပ်ခွင့် ဆုတံဆိပ် နှစ်ကြိမ်ရခဲ့ကြောင်း ဂျော့ဂျ် ဘွတ်ရှ်ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အလယ်အလတ် သဘောထားရှိသူ ရီပတ်ဘလီကန်ပါတီဝင် တစ်ဦးဖြစ်တဲ့ မစ္စတာ ပါဝဲလ် ဟာ ၂၀၀၈ ခုနှစ်မှာ သူ့ပါတီကနေ ခွဲထွက်ပြီး ဘာရက်ခ် အိုဘားမားကို ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ထိပ်တန်း နိုင်ငံရေးသမား အတော်များများ ယုံကြည်စိတ်ချရတဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။
သူ စစ်မှုထမ်းခဲ့စဉ်အတွင်း ဗီယက်နမ်မှာ ဒဏ်ရာရခဲ့ဖူးပြီး အဲဒီအတွေ့အကြုံက နောက်ပိုင်းမှာ စစ်ဘက်ဆိုင်ရာနဲ့ နိုင်ငံရေး ဗျူဟာတွေကို သူ ပြင်ဆင်ချမှတ်ရာမှာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့လည်း အီရတ်စစ်ပွဲကို ထောက်ခံကြဖို့ စည်းရုံးရာမှာ ပါဝင်ဆောင်ရွက်ခဲ့သူအဖြစ် ကောလင်း ပါဝဲလ်ကို အများက ရှူမြင်ကြပါတယ်။ မစ္စတာ ကောလင်း ပါဝဲလ် က အမှားမကင်းတဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အသုံးပြုခဲ့တာဟာ သူ့ရာဇဝင်မှာ လစ်ဟာမှု တစ်ခုအဖြစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မိန့်ခွန်းတစ်ခုမှာ ဝန်ခံပြောသွားခဲ့ပါတယ်။
အဲဒါဟာ သိပ်ကို နာကျင်စရာ ကောင်းခဲ့တယ်။ အခုလက်ရှိမှာလည်း နာကျင်စရာ ကောင်းနေပါတယ် လို့ မစ္စတာ ပါဝဲလ်က ၂၀၀၅ ခုနှစ်တုန်းက ABC သတင်းဌာနကို ပြောသွားခဲ့ပါတယ်။








