အာရှပစိဖိတ်ဒေသ ရုရှားရဲ့ ဖြန့်ကျက်မှုနဲ့ နေပြည်တော်ရဲ့ အခန်းကဏ္ဍ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားရေတပ်ရဲ့ ဒုတိယ အကြီးအကဲ၊ ဒုဗိုလ်ချုပ်ကြီး ဗလာဒီမီယာ ကဆာတိုနော့ဗ်ဟာ ၄ လတာ ကာလ အတွင်း ဒုတိယ အကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေပါတယ်။
အခုလို ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဗလာဒီမီယာ ကဆာတိုနော့ဗ် ရောက်နေတဲ့ အကြောင်း စစ်ကောင်စီက ဘီဘီစီကို အတည်ပြုပါတယ်။
ဒါပေမယ့် ရုရှား ရေတပ်အကြီးအကဲရဲ့ အခု ခရီးစဥ်အတွင်း မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဘယ်လို သဘောတူမှုတွေ ရယူဖို့ ရှိလဲ၊ ဘယ်အကြောင်းအရာတွေ အပေါ်မှာ အာရုံစိုက် ဆွေးနွေးကြမှာလဲ စတဲ့ အသေးစိတ်တွေကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၄ ရက်၊ မြန်မာအချိန် ညနေပိုင်းမှာ ရုရှားစစ်တပ်ပိုင် လေယာဥ်နဲ့ ရေတပ် ဒုဗိုလ်ချုပ်ကြီး ကဆာတိုနော့ဗ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ရောက်လာတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
အာဆီယံ ထိပ်သီး ညီလာခံမှာ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်ကို ထည့်သွင်း ဖိတ်ကြားခြင်း မရှိတာမျိုး စစ်ကောင်စီ အတွက် သံတမန်ရေး၊ နိုင်ငံရေး အထိနာချိန် အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြချိန်၊ တစ်ဘက်မှာတော့ ရုရှား-မြန်မာ နှစ်နိုင်ငံကြား စစ်ရေး ဆက်ဆံမှု တိုးမြှင့် ခိုင်မာလာနေတဲ့ အချက်ကို ဆက်တိုက် တွေ့မြင် နေကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်ကို အလာစိတ်နေတဲ့ ကဆာတိုနော့ဗ်
ရုရှား ဖက်ဒရေးရှင်း ရေတပ်ရဲ့ ဒုတိယ အကြီးဆုံး ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကဆာတိုနော့ဗ်ရဲ့ မြန်မာခရီးစဥ်တွေဟာ သိုသိုသိပ်သိပ်နဲ့ပဲ ပြုလုပ်လေ့ ရှိပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးဟာ ပုံမှန်အားဖြင့်တော့ စစ်ဘက်ဆိုင်ရာ နိုင်ငံရပ်ခြား အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ ခရီးစဥ် အကြောင်း ထုတ်ပြန်လေ့ ရှိပေမယ့်၊ ကဆာတိုနော့ဗ်ရဲ့ ဇွန်လနဲ့ အခု အောက်တိုဘာ ခရီးစဥ် ၂ ခု စလုံးနဲ့ ပတ်သက်ပြီးတော့ နှုတ်ဆိတ် နေခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဇွန်လ မော်စကို ခရီးစဥ် အကြို ကဆာတိုနော့ဗ်ရဲ့ တိတ်တဆိတ် နေပြည်တော် ခရီးစဥ်မှာ ရုရှားရဲ့ နိုင်ငံပိုင် လက်နက်ပွဲစား ကုမ္ပဏီကြီး ဖြစ်တဲ့ ရိုဆိုဘိုရိုအိတ်ဇ်ပို့က ကိုယ်စားလှယ်လည်း လိုက်ပါ လာခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။
(ရိုဆိုဘိုရိုအိတ်ဇ်ပို့ ကော်ပိုရေးရှင်း ဆိုတာကို ရုရှား သမ္မတ တိုက်ရိုက် အမိန့်နဲ့ ထူထောင်ထားရှိတာ ဖြစ်ပြီး၊ ရုရှားထုတ် စစ်လက်နက် ပစ္စည်းတွေ အပါအဝင် စစ်ရေး ဆိုင်ရာ နည်းပညာတွေကို နိုင်ငံရပ်ခြား တိုင်းပြည်တွေကို ရောင်းချရာမှာ မူဝါဒပိုင်းရော၊ လက်တွေ့အရပါ အဓိက တာဝန်ယူ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။)

ဓာတ်ပုံ ရင်းမြစ်, CINCDS
ကဆာတိုနော့ဗ်ရဲ့ ခရီးစဥ် အပြီး ရက်ပိုင်း အတွင်းမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကို ခရီးစဥ် ထွက်ခဲ့ပါတယ်။ အပြည်ပြည် ဆိုင်ရာ လုံခြုံရေး မော်စကို ညီလာခံကို တက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် အဓိက သွားရောက်တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ အဲဒီ ခရီးစဥ် အစဦးမှာပဲ ရိုဆိုဘိုရိုအိတ်ဇ်ပို့ ကုမ္ပဏီ ရှိရာကို သီးသန့် အချိန်ပေးပြီး သွားပါတယ်။ ဒီ မော်စကို ခရီးစဥ်အတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချူပ်ကြီး မိုးအောင်လည်း အတူ ရှိနေခဲ့ပါတယ်။
မြန်မာ ရေတပ် အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး မိုးအောင်ဟာ အဲဒီ ခရီးစဥ်မှာ ကဆာတိုနော့ဗ်ရဲ့ အထက်က ရုရှား ရေတပ်မှာ အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နီကိုလိုင် ယက်ဗ်မီနော့ဗ်နဲ့ တွေ့ဆုံတာ၊ စိန့်ပီတာစဘာ့ဂ်မှာ လုပ်တဲ့ နိုင်ငံတကာ ရေကြောင်းကာကွယ်ရေး ပြပွဲကို တက်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ မော်စကိုကလာတဲ့ သတင်းတွေအရ သိထားခဲ့ရပါတယ်။
ဒါတွေဟာ ကဆာတိုနော့ဗ်ရဲ့ လျှို့ဝှက် ဇွန်လ ခရီးစဥ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့တာတွေ ဖြစ်ပြီး၊ အခုအခါ ကုလသမဂ္ဂ မျက်နှာစာ အထွေထွေညီလာခံမှာရော၊ ဒေသတွင်း အာဆီယံ အဖွဲ့ အတွင်းမှာပါ စစ်ကောင်စီ အနေနဲ့ မြန်မာကို ကိုယ်စားပြုခွင့်မရ ဖြစ်နေတဲ့ အချိန်မှာ ကဆာတိုနော့ဗ်ရဲ့ ခရီးစဥ် နောက်တချီ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မော်စကိုနဲ့ နေပြည်တော် အာရုံစိုက်လိုမှုတွေ တူနိုင်မလား
စစ်အာဏာသိမ်းမှု မဖြစ်ခင်လေး ဇန်နဝါရီ လ တတိယပတ်ထဲမှာတင် ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေး ရွှိုင်ဂူဟာ နေပြည်တော်မှာ ရှိနေခဲ့ပါတယ်။ ရုရှားထုတ် လေကြောင်းရန် ကာကွယ်ရေး ဒုံးစနစ် ပန်ဆီယာ S1 ကို ရဖို့ အဲဒီ ခရီးစဥ် အတွင်းမှာ အဆုံးသတ် သဘောတူမှု ရနိုင်ခဲ့တာလို့ စစ်ရေး အကဲခတ်တွေက ဆိုကြပါတယ်။
မြန်မာ စစ်ခေါင်းဆောင်ရဲ့ ဇွန်လ မော်စကို ခရီးစဥ်မှာလည်း ရုရှားကာကွယ်ရေး ဝန်ကြီး ရွှိုင်ဂူဟာ ရုရှားအနေနဲ့ မြန်မာနဲ့ကြား စစ်ဘက် ဆက်ဆံရေး ဆက်ပြီး တိုးမြှင့် ခိုင်မာနေစေမှာ ဖြစ်ကြောင်း ထပ်လောင်း အာမခံ ပြောခဲ့ပါတယ်။
"ရုရှား အနေနဲ့ မြန်မာ စစ်တပ်ကို လက်နက်တွေ ပိုမို တိုးမြှင့် ရောင်းချ ပေးသွားဖို့ အသင့် ရှိနေတယ် ဆိုတာ ထင်ရှားနေတယ်။ မြန်မာ စစ်တပ်ရဲ့ စစ်ရေး အင်အား တိုးချဲ့မှုဟာ အာဏာသိမ်းမှု နောက်ပိုင်း ပိုလိုတောင် အရှိန်မြှင့်လာပြီး၊ ပြည်တွင်း အခြေအနေတွေ အရလည်း အဲဒီလို အရှိန်မြှင့်ဖို့ လိုအပ်နေတယ်" လို့ လိုမိုနိုဆော့ဗ် မော်စကို တက္ကသိုလ်က အာရှနဲ့ အာဖရိက တိုင်းပြည်များ ဆိုင်ရာ လေ့လာရေးဌာနက တွဲဘက် ပါမောက္ခတစ်ယောက် ဖြစ်တဲ့ အဲလက်ဇ ကီရီရှန်ကိုက မှတ်ချက်ပြုထားပါတယ်။
အာဏာသိမ်းပြီးနောက် မတ်လ ၂၇ နေပြည်တော် စစ်ရေးပြ အခမ်းအနားမှာလည်း ရုရှားရဲ့ ကာကွယ်ရေး ဒုဝန်ကြီး အလက်ဇန္ဒါ ဖိုမင် ရှိနေခဲ့ပြီး၊ ဒါဟာ တက်လာသမျှ နိုင်ငံခြား ကိုယ်စားလှယ်တွေထဲ ရာထူးအကြီးဆုံးသူ ဖြစ်နေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ သာမက ပိုပြီး ကျယ်ပြန့်တဲ့ အာရှ ပစိဖိတ် ဒေသမှာပါ ရုရှား အတွက် စိတ်ချ ယုံကြည်ရတဲ့ မဟာမိတ် ဖြစ်တယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး ဖိုမင်ရဲ့ နှုတ်ကနေ ဆိုခဲ့ပါတယ်။
ဒါဟာ အာရှ ပစိဖိတ် ဒေသအတွင်း ရုရှား ရေတပ် အင်အား ရှိနေစေဖို့ ဗျူဟာမြောက် ရည်မှန်းချက်ထဲ မြန်မာဟာ အဓိကကျတဲ့ နေရာမှာ ရှိနေတဲ့ စစ်ရေး မိတ်ဖက် နိုင်ငံအဖြစ် ရုရှားဘက်က သတ်မှတ်ထားပုံ ရကြောင်း စစ်ရေး အကဲခတ်တွေက ပြောကြပါတယ်။
ဒါ့ကြောင့်လည်းပဲ ရေတပ် ဒုဗိုလ်ချုပ်ကြီး ကဆာတိုနော့ဗ်ရဲ့ မကြေညာတဲ့ ခရီးစဥ်တွေ ရှိလာနေတာ ဖြစ်တယ်ဆိုတဲ့ တွက်ဆမှုတွေလည်း ပေါ်ထွက် လာစေပါတယ်။
နိုင်ငံရေး အရမှာတော့ အာဏာသိမ်း မြန်မာ စစ်တပ်ဟာ ဆန္ဒပြသမားတွေ အပေါ် အင်အားသုံး ဖြိုခွင်းတာတွေ စတင်လာပြီး၊ လူသေဆုံးမှုတွေ ပေါ်ပေါက်လာခဲ့တဲ့ အချိန် တကမ္ဘာလုံးက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချ နေချိန်မှာ မော်စကို နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း အခြေအနေတွေ အပေါ် စိုးရိမ်ကြောင်း၊ သတိနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
မတ်လအလယ် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဒီမီထရီ ပက်ရှ်ကော့ဗ်ရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် အရပ်သား ထိခိုက် သေဆုံးမှု မြင့်တက်လာနေတဲ့ သတင်းတွေ အပေါ် စိုးရိမ်မိတယ်၊ အခြေအနေတွေကို သတိထားပြီး အကဲဖြတ် သုံးသပ်နေတယ်လို့ ဝန်ကြီး ပက်ရှ်ကော့ဗ်က ဆိုခဲ့ပါတယ်။
အာဏာသိမ်း မြန်မာ စစ်တပ်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပိုမို ခိုင်မာ နေစေတယ်လို့ ကာကွယ်ရေးဌာနက သူတွေ၊ စစ်ဘက်ဆိုင်ရာ ထိပ်တန်း တာဝန်ရှိသူတွေက ပြောဆိုနေချိန်မှာပဲ၊ နိုင်ငံရေး အပိုင်းမှာတော့ မြန်မာ့ အကျပ်အတည်းကို ဒေသတွင်း အာဆီယံ အဖွဲ့က ကမကထလုပ် ဖြေရှင်းရေး ဆိုတဲ့ လမ်းကြောင်း အပေါ် ရုရှားကလည်း သဘောတူ ထားပါတယ်။
တခါ၊ ရုရှားရဲ့ မြန်မာ အပေါ် လက်ရှိ ဆက်ဆံရေးတွေကို ကြည့်ရင် ကာကွယ်ရေး ဝန်ကြီးဌာနချင်း၊ စစ်တပ်ချင်း ပူးပေါင်း ဆောင်ရွက်မှု၊ ဆက်ဆံမှု ဆိုတဲ့ အသွင်ကိုသာ အဓိက ဖော်ဆောင်ထားတာ တွေ့ရတယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မော်စကို ခရီးစဥ်မှာလည်း ရုရှား သမ္မတ ပူတင်၊ နိုင်ငံခြားရေး ဝန်ကြီး ပက်ရှ်ကော့ဗ် အစရှိသဖြင့် ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမယ့် အာဏာသိမ်း မြန်မာ စစ်တပ်အနေနဲ့တော့ ကမ္ဘာ့ သံတမန် မျက်နှာစာမှာပါ ရုရှားရဲ့ အကူအညီ၊ ရုရှားရဲ့ မိတ်ဖက် ဆက်ဆံရေးကို ပိုမိုရရှိဖို့ လိုအပ်နေတဲ့ အနေ အထားမှာ ရှိတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။
နိုင်ငံတကာ မျက်နှာစာမှာ စစ်ကောင်စီ အနေနဲ့ သံတမန်ရေး အကာအကွယ်၊ နိုင်ငံရေးအရ အကာအကွယ် ရဖို့ တရုတ်နိုင်ငံကိုပဲ ရာခိုင်နှုန်းပြည့် ပုံပြီး အားထားနေလို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်တယ်လို့ နယူးဒေလီ အခြေစိုက် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေး အင်စတီကျူ့က မြန်မာအရေး အကြီးတန်း သုတေသီ အာရှူမန် ချောက်ဒရီက ဆိုပါတယ်။
ဒါဟာ ကုလသမဂ္ဂမှာ မြန်မာဆိုင်ရာ အထူးသံ နေရာနဲ့ ပတ်သက်ပြီး ဦးကျော်မိုးထွန်းပဲ ဆက်ပြီး ရှိနေစေမယ် ဆိုတဲ့ စစ်ကောင်စီ အပေါ် အလေးမသာစေတဲ့ အချက်မျိုးကို တရုတ်နဲ့ အမေရိကန်တို့ သဘောတူမှုနဲ့ ရခဲ့တဲ့ ဖြစ်ရပ်ကို ဥပမာပေးပြီး အာရှူမန်က ပြောတာ ဖြစ်ပါတယ်။
မြန်မာ စစ်တပ်ဟာ ရုရှားဘက် ပိုပြီး တိမ်းညွတ်ပြလာကြောင်း အထင်ရှားဆုံး သာဓကကတော့ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာ တပ်ချုပ်၊ ဒုချုပ်၊ လေတပ် ရေတပ် အကြီးအကဲ တွေရဲ့ ရုရှားခရီးစဥ်တွေကိုသာ တွေ့မြင် နေခဲ့ရပြီး၊ တရုတ်နဲ့ ဆက်ဆံရေး သွေးအေးနေတယ်လို့လည်း အာရှူမန်က ဆိုပါတယ်။
ဒီတော့ နေပြည်တော်ကရလိုတဲ့ နိုင်ငံရေးဆိုင်ရာ သံခင်းတမန်ခင်း အကာအကွယ်မျိုးနဲ့ အာရှိ ပစိဖိတ် ဒေသ ရေတပ် လှုပ်ရှားမှု တိုးမြှင့်လိုတဲ့ မော်စကိုရဲ့ ရည်မှန်းချက်တို့ အကြား လက်ရှိမှာတော့ တစ်ထပ်တည်းကျ တူညီနေတာမျိုး မရှိပေမယ့်၊ တစ်ခုနဲ့တစ်ခု အပေးအယူမျှလာဖို့ ဆက်လက် ဖော်ဆောင်နေကြတယ် ဆိုပြီး အကဲခတ်တွေက ရှုမြင်နေကြပါတယ်။









