အိန္ဒိယလုပ် တော်ပီဒို ဒုံးတွေ ဒေါ်လာ ၃၈ သန်းဖိုး မြန်မာရေတပ် ဝယ်ယူထား

ဓာတ်ပုံ ရင်းမြစ်, Bharat Dynamic
မြန်မာ ရေတပ်ဟာ ဇူလိုင်လ အစောပိုင်းမှာ အိန္ဒိယ အစိုးရထံကနေ အဆင့်မြင့် တော်ပီဒို ဒုံးလက်နက်တွေ လက်ခံရရှိခဲ့တယ်လို့ ဂျိန်းစ် ကာကွယ်ရေး အပတ်စဉ် စာစောင် ထုတ်ဝေနေတဲ့ အိန္ဒိယ စစ်ရေးသုတေသန အဖွဲ့က ဘီဘီစီကို ပြောပါတယ်။
"ရှာအီးနား" Shyena လို့ နာမည်ပေးထားတဲ့ အဲဒီ အပေါ့စား တော်ပီဒို ဒုံးလက်နက် အမျိုးအစားဟာ အိန္ဒိယ ပြည်တွင်းထုတ် ဖြစ်ပြီး ရေငုပ်သင်္ဘော ဖျက်စွမ်းရည် ရှိတဲ့ ရေအောက် အန္တရာယ် ကာကွယ်ရေး ဒုံး အမျိုးအစား ဖြစ်ပါတယ်။
အိန္ဒိယထံကနေ အဲဒီ တော်ပီဒို ဒုံးကျည်တွေ ဝယ်ယူဖို့ လွန်ခဲ့တဲ့ ၂ နှစ် ၂ဝ၁၇ ကတည်းက နှစ်နိုင်ငံ တာဝန်ရှိသူတွေကြား စာချုပ်ချုပ်ဆိုခဲ့တာလို့ ဂျိန်းစ် ကာကွယ်ရေး အပတ်စဉ် စာစောင်က ကလောင်ရှင် စစ်ရေး သုတေသီ ရာဟူးလ် ဘေဒီက ပြောပါတယ်။
၂ဝ၁၇ စာချုပ်ဟာ ဒေါ်လာ သန်း ၃၈ နီးပါး တန်ဖိုး ရှိပြီး တော်ပီဒို ဒုံးတွေ သက်သက် အရောင်းအဝယ် စာချုပ်ဖြစ်တယ်လို့ မစ္စတာ ဘေဒီက ဆိုပါတယ်။
ရှာအီးနား အပေါ့စား တော်ပီဒို
ရှာအီးနား ဟာ အိန္ဒိယရဲ့ ပထမဆုံး ပြည်တွင်းထုတ် အဆင့်မြင့် အပေါ့စား တော်ပီဒို(TAL ) ဖြစ်ပြီး၊ အိန္ဒိယ ရေတပ်ရဲ့ သိပ္ပံနဲ့နည်းပညာ သုတေသနအဖွဲ့က စတင် တီထွင်တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဘားရက် ဒိုင်းနမစ်ဆိုတဲ့ ပုဂ္ဂလိက အင်တာပရိုက်စ် ကုမ္ပဏီက တာဝန်ယူ ထုတ်လုပ်ပါတယ်။
ရှာအီးနားတော်ပီဒိုဒုံးတွေကို စစ်ရေယာဉ်တွေသာမက၊ စစ်ရဟတ်ယာဉ်တွေမှာပါ တပ်ဆင် ပစ်ခတ်နိုင်အောင် စီမံထားပါတယ်။
ရှာအီးနားတော်ပီဒိုတွေ တပ်ဆင်နိုင်အောင် အသင့် ပြင်ဆင်ထားတဲ့ ဖရီဂိတ် စစ်ရေယာဉ်တွေ မြန်မာ ရေတပ်မှာ ရှိနေနှင့်ပြီးလို့ ယုံကြည်ရကြောင်း မစ္စတာ ဘေဒီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bharat Dynamic
အခုနှစ် ဇူလိုင် အစောပိုင်း မြန်မာပြည်ကို ရောက်လာတဲ့ ရှာအီးနားတော်ပီဒိုတွေဟာ ၂ဝ၁၇ စာချုပ်ရဲ့ ပထမဆုံး အသုတ်ဆိုပြီး အိန္ဒိယက လာသမျှ သတင်းတွေ၊ အိန္ဒိယ အခြေစိုက် စစ်ရေး သုတေသီတွေက ပြောနေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် နှစ်ပတ်တုန်းကမှ အိန္ဒိယ တော်ပီဒိုတွေ မြန်မာနိုင်ငံကို ပထမဆုံး အသုတ် ရောက်လာခဲ့တယ် ဆိုတဲ့ အချက်အပေါ် မြန်မာနိုင်ငံ အခြေစိုက် သေနင်္ဂဗျူဟာ လေ့လာရေး အဖွဲ့က သဘောမတူပါဘူး။
အဏ္ဏဝါဒိုင်း Sea Shield စစ်ရေးလေ့ကျင့်မှု - မတ်၊ ၂ဝ၁၉
ကိုကိုးကျွန်း ကမ်းလွန်ရေပြင်မှာ မြန်မာ့ ရေတပ်က ပြုလုပ်ခဲ့တဲ့ အဏ္ဏဝါဒိုင်း ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုမှာ ကတည်းက စစ်ရေယာဉ်ပေါ်ကနေ တော်ပီဒို ပစ်ပြတာမျိုး တွေ့ခဲ့ရတယ်လို့ သေနင်္ဂဗျူဟာ လေ့လာရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက ဘီဘီစီကို ပြောပါတယ်။
အဏ္ဏဝါဒိုင်း လို့ နာမည်ပေးထားတဲ့ စစ်ရေယာဉ် တပ်ပေါင်းစု လေ့ကျင့်ခန်းကို မြန်မာ ရေတပ်က ပြုလုပ်ခဲ့တာ ပြီးခဲ့တဲ့ မတ်လကတည်းက ဖြစ်ပါတယ်။
တခြား နိုင်ငံလုပ် တော်ပီဒို အမျိုးအစားတွေ မြန်မာ ရေတပ်မှာ ရှိမနေဘူးလို့ ယုံကြည် ရတာကြောင့် မတ်လကတည်းက ထုတ်ပြသွား၊ စမ်းသပ် ပစ်ခတ်ပြသွားတဲ့ တော်ပီဒိုတွေဟာ အိန္ဒိယလုပ် ရှာအီးနား ဖြစ်နိုင်တယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။
"လွတ်လပ်ရေး ရကာစလောက်ကတော့ မြန်မာ ရေတပ်မှာ အနောက်နိုင်ငံလုပ် အကြီးစား တော်ပီဒို လက်နက်တွေ သုံးခဲ့ဖူးတယ်၊ တော်ပီဒို ရေယာဉ်တွေလည်း ရှိခဲ့ဖူးတယ်၊ နောက်ပိုင်းမှာတော့ မရှိတာကြာပြီ။"
"ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကပဲ မြန်မာရေတပ် ဖရီဂိတ် စစ်ရေယာဉ်တွေမှာ တော်ပီဒို ပစ်တဲ့ ပြွန်တွေ တပ်ဆင်လာတာကို တွေ့ရပြီး၊ အဲဒီလို တပ်ဆင်တာကလည်း အိန္ဒိယက ဝယ်တဲ့ TAL တော်ပီဒိုတွေ ပစ်ခတ်နိုင်ဖို့လို့ ယူဆရပါတယ်။" ဆိုပြီး ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ရင်းမြစ်, cincds
ရှာအီးနားတော်ပီဒိုတွေဟာ ရဟတ်ယာဉ်တွေပေါ်ကလည်း ပစ်လွှတ် နိုင်ပေမယ့် မြန်မာ ရေတပ် အနေနဲ့ လက်ရှိ မှာတော့ စစ်ရေယာဉ်တွေ ပေါ်ကပဲ ပစ်ခတ်နိုင်အောင် ပြင်ဆင်ထားတာ တွေ့ရတယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။
မြန်မာရေတပ်မှာ အိန္ဒိယလုပ် တော်ပီဒို ဒုံးကျည် တွေပဲ ပိုင်ဆိုင်ပြီး၊ တခြား နိုင်ငံလုပ် ဥပမာ- တရုတ်၊ ရုရှားလုပ်တွေ ရှိမနေဘူး ဆိုတဲ့ အချက်ကို ဘီဘီစီ အနေနဲ့တော့ သီးသန့် အတည် မပြုနိုင်ပါဘူး။
ရှာအီးနား အပြင် ဘယ်လို အိန္ဒိယ စစ်လက်နက် ပစ္စည်းတွေ မြန်မာမှာ ရှိလဲ
တော်ပီဒို ရေငုပ်သင်္ဘောဖျက် တော်ပီဒို ဒုံးတွေ အပြင်၊ အခုနှစ်ပိုင်းတွေ အတွင်း ရေဒါ၊ ဆိုနာနဲ့ ဆက်သွယ်ရေး ကိရိယာတွေလို ရေတပ်သုံး ပစ္စည်းတွေ အိန္ဒိယကနေ မြန်မာ ဝယ်ယူထားတယ်လို့ အိန္ဒိယအခြေစိုက် သုတေသီတွေက ဆိုပါတယ်။
"အိန္ဒိယဆီကနေ မြန်မာရတဲ့ ရေတပ်သုံး ပစ္စည်းတွေထဲ Hull mounted sonar HMS လို့ ခေါ်တဲ့ ရေအောက် ထောက်လှမ်းရေး ကိရိယာမျိုးတွေလည်း ပါတယ်" လို့ အိန္ဒိယ စစ်ရေး သုတေသီ ရာဟူးလ်ဘေဒီက ဆိုပါတယ်။
(Sonar ဆိုနာ ဆိုတာ ရန်သူရဲ့ ရေငုပ်သင်္ဘောလိုမျိုး ရေအောက်မှာ ရှိတဲ့ အရာတွေကို ထောက်လှမ်းတဲ့ ကိရိယာ ဖြစ်ပါတယ်။)
အနောက်အုပ်စု နိုင်ငံတွေရဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေ ခံထားရတဲ့ မြန်မာ စစ်တပ်ကို အိန္ဒိယက စစ်ရေးသုံး ပစ္စည်းတွေ ပေးနေခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီ ရှိနေပြီလို့ မစ္စတာ ဘာဒီက ပြောပါတယ်။
"ချေမှုန်းရေး ရိုင်ဖယ်တွေ၊ မော်တာအမြောက်တွေလို လက်နက်တွေကအစ စစ်ဆင်ရေးသုံး ထရပ်ကားနဲ့ အပေါ့စား ယာဉ်တွေ အိန္ဒိယဆီကနေ မြန်မာ ရပါတယ်။ အင်္ဂလန်ကနေ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အိန္ဒိယ ရေတပ် ရခဲ့တဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် နှစ်စင်းကိုလည်း ၉ဝ ပြည့်ကျော် နှောင်းပိုင်းနှစ်တွေမှာ မြန်မာဆီ လွှဲပေးခဲ့တာမျိုး ရှိတယ်" လို့လည်း မစ္စတာ ဘေဒီက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အိန္ဒိယဝန်ကြီးချုပ်ရုံး
အိန္ဒိယ - မြန်မာ စစ်ရေး ဆက်ဆံရေး
အိန္ဒိယ ဗဟိုအစိုးရက လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ခွဲထွက်ရေး သူပုန်တွေ ရှိရာ အာသံ၊ မဏိပူရနဲ့ မီဇိုရမ် တို့လို ပြည်နယ်တွေဟာ မြန်မာနဲ့ နယ်ချင်း ထိစပ် နေပါတယ်။
အဲဒီ ခွဲထွက်ရေး လက်နက်ကိုင်တွေကို ထိန်းချုပ်ဖို့ မြန်မာ စစ်တပ်ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အိန္ဒိယ စစ်တပ် လိုအပ်ပါတယ်။
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး၊ စစ်ဘက် ဆက်ဆံရေး တိုးမြှင့်ဖို့ ပြောဆိုကြတဲ့ အခါတိုင်း အိန္ဒိယရဲ့ အရှေ့မြောက် ပြည်နယ်တွေ အရေးဟာ ထိပ်တန်းက ပါဝင်လေ့ ရှိတယ်လို့ အိန္ဒိယ သုတေသီတွေက ဆိုပါတယ်။
အခုနှစ်ဆန်းပိုင်းက စလို့ ကသည်းသူပုန်၊ မီဇိုရမ် သူပုန်တွေကို မြန်မာ နယ်နမိတ် အတွင်းမှာ မြန်မာ စစ်တပ်က အရှိန်တိုးမြှင့် ရှင်းလင်းနေတာ တွေ့နေရပြီး ဒါဟာ အိန္ဒိယ အစိုးရရဲ့ တောင်းဆိုမှုကြောင့် ဖြစ်တယ်လို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။
အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ်ကြား ဆက်ဆံရေး ကောင်းမွန်လေ့ ရှိပြီး၊ အိန္ဒိယရဲ့ မဟာဗျုဟာ အရလည်း မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေထဲ တရုတ်ရဲ့ ထိုးဖောက်မှု၊ ဩဇာလွှမ်းမှုကို တန်ပြန်ဖို့ "အရှေ့မျှော်ဝါဒ၊ Look East policy" ကို အိန္ဒိယ အစိုးရ အဆက်ဆက် အလေးပေး ကျင့်သုံးနေပါတယ်။
"အရှေ့မြောက်ပြည်နယ်တွေက ခွဲထွက်ရေး သူပုန်တွေကို ရှင်းလင်းတာကအစ စစ်ဘက် ဆက်ဆံရေး၊ လက်နက် အရောင်း အဝယ် ကိစ္စတွေမှာ အိန္ဒိယရော မြန်မာကပါ လူသိရှင်ကြား ထုတ်ပြောတာမျိုး သိပ်မလုပ်ပါဘူး။ အသေးစိတ်တွေကို လုံလုံခြုံခြုံ လျှို့ဝှက်ထားလေ့ ရှိပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ကောင်းကောင်း မွန်မွန် ထူထောင်ထားပြီး၊ မြန်မာဆီကို အိန္ဒိယရဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေ သွားနေတယ် ဆိုတာကတော့ အထင်အရှားပါပဲ" လို့ အိန္ဒိယ စစ်ရေး သုတေသီ မစ္စတာ ဘေဒီက ဆိုပါတယ်။
ခွဲထွက်ရေး သူပုန်တွေ ကိုင်တွယ်နေတဲ့ ကိစ္စနဲ့ ရေတပ် စစ်လက်နက် ပစ္စည်းတွေ အရောင်းအဝယ် လုပ်တဲ့ ကိစ္စဟာ မတူတဲ့ သီးခြား ဖြစ်ရပ်တွေ အဖြစ် မယူဆသင့်ပဲ၊ အိန္ဒိယရဲ့ ဗျူဟာမြောက် မူဝါဒ တစ်ခုတည်းက ပေါက်ဖွားလာတာ ဖြစ်တယ်လို့လည်း မစ္စတာ ဘေဒီက သုံးသပ်ပါတယ်။
မြန်မာ ရေတပ်ရဲ့ ပင်လယ်ပြာ ရည်မှန်းချက်
ရေတပ်တစ်ခုဟာ 3 D Navy ရဲ့ လက္ခဏာတွေနဲ့ ပြည့်စုံရမယ် ဆိုတဲ့ အဆို ရှိပါတယ်။
ဝေဟင်က လာတဲ့ အန္တရာယ်၊ ရေပေါ်နဲ့ ရေအောက်က လာတဲ့ အန္တရာယ်တွေကို ကာကွယ် ချေမှုန်းနိုင်စွမ်းရှိတဲ့ ရေတပ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
အခုလို ရေငုပ်သင်္ဘောဖျက် တိုပီဒို ဒုံးလက်နက်တွေ တပ်ဆင်လာတာကလည်း 3 D Navy ဖြစ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းကို မြန်မာရေတပ်က ဖြည့်နေတာလို့ သေနင်္ဂဗျူဟာ လေ့လာရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပါတယ်။
မြန်မာ ရေတပ်က ထုတ်ပြန်ထားတဲ့ သူတို့ တည်ဆောက်လိုတဲ့ စွမ်းရည်ကို ကြည့်ရင်လည်း ပင်လယ်ပြာ ရေတပ် အဆင့်ထိ ရောက်ဖို့ ရည်မှန်းထားတာ တွေ့ရတယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
ပြည်တွင်း ရေကြောင်း၊ မြစ်ကြောင်းတွေမှာပဲ စစ်ဆင်နိုင်တဲ့ ကုန်းတွင်းရေညိုရေတပ် Brown Water Navy၊ ကိုယ့်နိုင်ငံရဲ့ ကမ်းရိုးတန်း တလွှားနဲ့ အနီးဝန်းကျင်မှာ စစ်ဆင်နိုင်တဲ့ ကမ်းရိုးတန်း ရေစိမ်းရေတပ် Grenn Water Navy နဲ့ ပင်လယ် သမုဒ္ဒရာ ရေပြင်ကျယ်ထဲ စိုးမိုး နိုင်တဲ့ ပင်လယ်ပြာရေတပ် Blue Water Navy ဆိုပြီး ရေတပ်တွေရဲ့ စွမ်းရည်ကို ပိုင်းခြားတဲ့ နိုင်ငံတကာ ရေတပ် အခေါ်အဝေါ် ဝေါဟာရတွေ ရှိပါတယ်။
ကမ္ဘာတလွှား သမုဒ္ဒရာ ရေပြင်ကျယ်ထက် သွားလာ စစ်ဆင်တဲ့ စွမ်းရည်မျိုး မဟုတ်တောင် ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် ပုံစံမျိုးအထိ ဒေသတွင်း ပင်လယ်ရေပြင်ကျယ်ထက် စစ်ရေး စွမ်းဆောင်နိုင်မယ့် ပင်လယ်ပြာရေတပ် အဆင့်မျိုး အထိရောက်အောင် မြန်မာ ရေတပ်က ရည်မှန်းထားတာ တွေ့ရတယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ စင်္ကာပူမှာလုပ်တဲ့ ရေတပ် သင်္ဘောပြပွဲမှာ မြန်မာ ဖရီဂိတ်တွေ ဖြစ်တဲ့ ကျန်စစ်သား F12 နဲ့ ဆင်ဖြူရှင် F14 တို့လည်း ပါဝင် နေတာ တွေ့ခဲ့ရပါတယ်။
အဲဒီ စစ်သင်္ဘောတွေဟာ ပြည်တွင်းမှာ တည်ဆောက်တဲ့ ဖရီဂိတ်တွေ အဖြစ် နားလည်ရပြီး၊ အဲဒီ နှစ်စင်းအရင် ၂ဝ၁၁ မှာ စ သုံးလာတဲ့ အောင်ဇေယျဆိုတဲ့ ပထမဆုံး ပြည်တွင်းထုတ် ဖရီဂိတ် စစ်သင်္ဘောလည်း ရှိပါတယ်။
ပင်လယ်ပြာ ရေတပ် တည်ဆောက် နိုင်ဖို့ ဆိုရင် စစ်ရေယာဉ်ကြီးတွေ တည်ဆောက်နိုင်ရုံနဲ့ မလုံလောက်ပဲ အဲဒီ စစ်ရေယာဉ်တွေမှာ အသုံးပြု တပ်ဆင်ရမယ့် ပစ္စည်းကိရိယာတွေ ၊ အထောက်အကူပြု ရေယာဉ်ငယ်တွေ ပြည့်စုံဖို့လည်း လိုအပ်တယ်လို့ ဒေါက်တာ နိုင်ဆွေဦးက သုံးသပ်ပါတယ်။
ဒေသတွင်း ပယ်လယ်ရေပြင်ကို စိုးမိုးနိုင်စွမ်း ရှိမယ့် ပင်လယ်ပြာ ရေတပ် အဆင့်ကို ရောက်ဖို့ မြန်မာ ရေတပ် အနေနဲ့ အနည်းဆုံး ၅ နှစ် လောက် အချိန်ယူရနိုင်ဖွယ် ရှိတယ်လို့ ဒေါက်တာ နိုင်ဆွေဦးက ဆိုပါတယ်။








