အာဆီယံ အထူးကိုယ်စားလှယ် မြန်မာ့အရေး ဘာဆက်လုပ်ဖို့ရှိလဲ

အာဆီယံ အထူးကိုယ်စားလှယ်

ဓာတ်ပုံ ရင်းမြစ်, Cambodia Foriegn Ministry

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ မြန်မာနိုင်ငံခရီးစဥ်ကို နောက်လ အတွင်း စီစဥ်ထားပြီး အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ NUG က အဖွဲ့ဝင်တွေနဲ့ သူ ဆွေးနွေးခွင့်ရဖို့ စစ်ကောင်စီကို အကြံပြုထားတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကန့်ကွက်မှုတွေကြောင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရေးက ရှုပ်ထွေးမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဒီလအတွင်းမှာ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံမှု ရှိခဲ့ပြီး အခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်တယ်လို့ ပြောထားပေမဲ့ အဲဒီအစည်းအဝေးကို အန်ယူဂျီကို ဖိတ်ကြားခဲ့ခြင်း မရှိပါဘူး။

စစ်ကောင်စီနဲ့ အန်ယူဂျီတို့ဟာ နှစ်ဖက် အပြန်အလှန် အကြမ်းဖက် အဖွဲ့အစည်းတွေ အဖြစ် ကြေညာထားကြပြီး တွေဆုံဆွေးနွေးရေးကိုလည်း ငြင်းဆန်ထားကြတာ ဖြစ်ပါတယ်။

အခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်လာတဲ့ ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆိုခွန်းဟာ အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာပါ။

ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးအပြီးမှာ သူက မြန်မာအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာဒီးယားအနေနဲ့ အဖြေရှာနေတဲ့အကြောင်းကို ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးကို မြန်မာနိုင်ငံက နိုင်ငံရေးကို ကိုယ်စားမပြုသူဘဲ တက်ရောက်ခွင့်ရတာမို့ စစ်ကောင်စီက ကိုယ်စားလှယ် မလွှတ်ထားပါဘူး။ ဒါပေမဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုတော့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ တိုးတက်မှု မရှိမချင်း စစ်ကောင်စီ အကြီးအကဲအပါအဝင် အဆင့်မြင့် အရာရှိကြီးတွေကို အာဆီယံ ထိပ်တန်းအစည်းအဝေးတွေကို တက်ခွင့်မပြုဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က ပြောဆိုထားပါတယ်။

ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, AKP

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

ဒီအခြေအနေတွေကြားမှာ တကယ်လို့ စစ်ကောင်စီက အန်ယူဂျီဘက်နဲ့ စကားမပြောဘူးဆိုရင် အာဆီယံသံတမန်ကို ကြားကနေ ဆက်သွယ်ခွင့်ပြုဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးက ပြောနေတာပါ။

ဒီခွင့်ပြုချက်တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာမှတ်ချက် မပေးဘူးလို့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံအနေနဲ့ လတ်တလောမှာ ယုံကြည်မှု ဆက်ရှိနေဖို့ အတွက် စစ်ကောင်စီနဲ့ အဆက်အသွယ် ဆက်လုပ်ဖို့ ရှိတယ်လို့လည်း မစ္စတာ ပရက်ဆိုခွန်းက ပြောပါတယ်။

အာဆီယံသံ အန်ယူဂျီနဲ့တွေ့ဖို့ မလေးရှားတိုက်တွန်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအထူးသံတမန်ကို NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းထားပါတယ်။

ဆာအိဖူဒင် အဘ္ဘဒူလာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အာဆီယံ ကိုယ်စားလှယ်ရဲ့ မတ်လ မြန်မာနိုင်ငံ ခရီးစဥ်ကို ကြိုဆိုကြောင်းနဲ့ သူတွေ့ဆုံသင့်တဲ့ အဖွဲ့တွေကို ဖော်ပြထားပါတယ်။

ဗီဒီယို ပုံစာ, ကန့်ကွက်မှုတွေရှိတဲ့ကြားက ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာပြည်ရောက်ရှိ

ဘုံသဘောတူညီချက်လိုက်နာဖို့ အာဆီယံနိုင်ငံတွေပြော

ပြီးခဲ့တဲ့နှစ် ဧပြီလက သဘောတူခဲ့ကြတဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီ လိုက်နာဖို့ အာဆီယံနိုင်ငံတွေက တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘောဒီးယားမှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး အစည်းအဝေးမှာ မြန်မာ့အရေးက အများအပြား လွှမ်းမိုးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အာဆီယံက အထူးစိုးရိမ်နေကြောင်းလည်း ကျိုဒိုသတင်းအရ သိရပါတယ်။

အစည်းအဝေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မူကြမ်း ဒီကနေ့ နှောင်းပိုင်းမှာ ထွက်ပေါ်လာဖို့ ရှိတယ်လို့လည်း အဲဒီသတင်းအရ သိရပါတယ်။

အာဆီယံနိုင်ငံတွေဟာ မကြာခင်မှာ အမေရိကန်နိုင်ငံမှာ တွေ့ဆုံကြဖို့ရှိနေပြီး အမေရိကန်က အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ မြန်မာ့အရေး ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။