ယဥ်ကျေးသမှုနဲ့တောင် အများကို မတိုင်ပင်သူလို့ ဟွန်ဆန့်အပေါ် ခွန်ကဆစ် ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ နေပြည်တော်ခရီးစဥ်ဟာ အာဆီယံအသိုင်းအဝိုင်းကို ပစ်ပယ်တဲ့ "ကောင်းဘွိုင်ဒစ်ပလိုမေစီ" ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR က ဝေဖန်ပါတယ်။ မြန်မာအရေး အာဆီယံ ရပ်တည်ထားသမျှကို အလှည့်ကျ ဥက္ကဌသစ် ကမ္ဘောဒီးယား ဝန်ကြီးချုပ် မျက်ကွယ်ပြု လျစ်လျူရှုပစ်တာပဲ ဆိုပြီး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးကို ဝေဖန်တာ ဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောထား ၅ ချက် အကောင်အထည် ဖော်ရေး စစ်ကောင်စီက ပူးပေါင်း ဆောင်ရွက်မှု မရှိလို့ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားပြုခွင့် မပးဘူးဆိုတဲ့ ရပ်တည်ချက်ကို ဝန်ကြီးချုပ်ဟွန်ဆန် ပြောင်းလဲဖို့ ပြုမူနေတယ် ဆိုပြီး ဝေဖန်သူတွေက ဆိုပါတယ်။ တချို့ကတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟာ အာဆီယံ အဖွဲ့အတွင်း ဆွေးနွေး ညှိနှိုင်းတာတွေ မလုပ်ပဲ မြန်မာအရေးနဲ့ ပတ်သက်ပြီး တစ်ကိုယ်တော် ထင်တိုင်းကြဲနေတယ် ဆိုတဲ့ ကောင်းဘွိုင် ဒစ်ပလိုမေစီ အမြင်ထက် ပိုပြီးတော့ကို ဝေဖန် ဆန်းစစ်ကြပါတယ်။
ဆူပါပါဝါ ဘေဂျင်း အစိုးရကို ကျောထောက်နောက်ခံ ပြုပြီး ကမ္ဘောဒီးယား ပြုမူနေတာ ဖြစ်တယ် ဆိုတဲ့ အမြင်မျိုး ဖြစ်ပါတယ်။ ဒီလို အမြင်ကို NUG ရဲ့ အာဆီယံ သံအမတ် ဦးဘိုလှတင့်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ထုတ်ဖော် ပြောခဲ့ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန် နေပြည်တော် ခရီးစဥ် မလုပ်သင့်ဘူး ဆိုပြီး ဒေသတွင်း အစောဆုံး ဝေဖန်ခဲ့သူကတော့ ဟွန်ဆန်နဲ့ ဒေသတွင်း ထိတွေ့ ဆက်ဆံဖူးတဲ့ အတွေ့အကြုံတွေ ရှိခဲ့တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ခွန် ကဆစ် ပီရွမ် ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာ့အရေး ချဉ်းကပ်ပုံချဉ်းကပ်နည်း အပေါ် ဘာ့ကြောင့် ဝေဖန် ရတာလဲလို့ ခွန်ကဆစ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်း ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို သွားတာနဲ့ ပတ်သက်ပြီး ဒေသတွင်း ဝေဖန် ကန့်ကွက်သူတွေထဲမှာ ခွန်ကဆစ် ဆိုရင် အတော်စောစောထဲက ဝေဖန်သူတစ်ယောက် ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို မသွားသင့်ဘူးလို့ ယူဆရတာလဲ ခင်ဗျ .... ။
ခွန်ကဆစ်ပီရွမ် ။ ။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် သက်သက် မဟုတ်တော့ပဲ၊ အခုလာမယ့် ၁၂ လတာ ကာလ အတွင်းမှာ အာဆီယံ အသိုင်းအဝိုင်းရဲ့ ဥက္ကဌ ဖြစ်နေမယ့်သူပါ။ ဒီတော့ သူ့ရဲ့ လုပ်ဆောင်မှုတွေဟာ ကမ္ဘောဒီးယား တစ်နိုင်ငံတည်းရဲ့ ရပ်တည်မှု အပေါ် အခြေခံတာမျိုး မဖြစ်သင့်ပါဘူး။ အာဆီယံ မိသားစု တစ်ခုလုံးကို ကိုယ်စားပြုသင့်ပါတယ်။
မြန်မာ အရေးနဲ့ ပတ်သက်ရင် အာဆီယံ နိုင်ငံတွေ အားလုံးကြား ရယူထားတဲ့ ဘုံသဘောထား ဆန္ဒတွေ ရှိနေပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန် အနေနဲ့ အဲဒီ တူညီဆန္ဒ ၅ ချက် ကနေ မသွေဖီပဲ မြန်မာအရေးကို ချည်းကပ်ဖို့ လိုပါတယ်။ ကမ္ဘောဒီးယားမှ မဟုတ်ပါဘူး။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး အနေနဲ့ မြန်မာအရေးမှာ ဒီဘုံသဘောတူညီမှု ၅ ချက်ကို စံနှုန်း အဖြစ် ကိုင်စွဲပြီးတော့ မချဉ်းကပ်ဘူးဆိုရင် အခြေအနေတွေဟာ ပိုပြီး ရှုပ်ထွေးလာဖွယ် ရှိပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ နေပြည်တော်ကို သွားဖို့ရာ အချိန်မတန်သေးဘူး၊ မသွားသင့်ဘူး ဆိုပြီး ကျွန်တော် ရပ်တည်တာကလည်း အဲဒီ အာဆီယံ ဘုံသဘောထား ၅ ချက် ဆိုတဲ့ အခြေခံ ရပ်တည်မှုနဲ့ပဲ ဖြစ်ပါတယ်။ ဒီသဘောတူမှုပါ အချက်တွေကို အကောင်အထည်ဖော်ဖို့ရာ မြန်မာ စစ်တပ်ဘက်က အခုအချိန်ထိ လုံလောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုမျိုး မရှိသေးချိန် မသွားသင့်ဘူး ... ဒါ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဥ် အပေါ် ကျွန်တော် သဘောမတူရတဲ့ အခြေခံ အကြောင်း နံပါတ်တစ်ပါ။
နောက်တစ်ချက်က ကျွန်တော်တို့ အာရှသားတွေဟာ အင်မတန် ယဥ်ကျေးကြပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံ ယဥ်ကျေးမှုမှာကိုက တစ်ယောက်အပေါ် တစ်ယောက်လေးစားကြတဲ့ အလေ့အထကောင်းတွေ ရှိနေပါတယ်။ အားလုံးကြား တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်ပြီး သူ ဘာဖြစ်လို့ သွားရတာလဲ ... ဘယ်လို အချက်တွေ ပြည့်မြောက်ဖို့ အနည်းဆုံး ရည်မှန်းထားလဲ စသဖြင့် ပြောဆိုတိုင်ပင်ပြီးမှ အခုလိုမျိုး ခရီးစဥ် ပြုလုပ်တယ် ဆိုရင် ကျန် အာဆီယံ မိသားစုဝင်တွေ အားလုံးကို လေးစားရာ ရောက်ပါတယ်။ နောက်ပြီး အားလုံးရဲ့ ဆန္ဒအရ သွားတယ် ဆိုရင် နိုင်ငံရေး အရလည်း ဘာမှ ထောက်ပြစရာ မလိုတော့ဘူးပေါ့။
အခုတော့ .... ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အဲဒီ အချက်အားလုံးကို လျစ်လျူရှု မျက်ကွယ်ပြုပြီး မြန်မာ ခရီးစဥ်ကို ပြုလုပ်တယ်လို့ ကျွန်တော် မှတ်ယူပါတယ်။ သူ မြန်မာပြည်ကို သွားရခြင်းနဲ့ ပတ်သက်ပြီး သူကိုင်စွဲတဲ့ အခြေခံမူ ရပ်တည်ချက် ပုံစံမျိုး သူ ပြောထားတာ ရှိပါတယ်။ မြန်မာဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အတွက် အာဆီယံ အသိုင်းအဝိုင်းထဲ ပါဝင် လှုပ်ရှား ဆောင်ရွက်ခွင့်တွေ အားလုံးနဲ့ တန်းတူ ရရှိရမယ်လို့ ဆိုပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ခွင့် ဆိုတာကို မြန်မာ အာဏာသိမ်း စစ်တပ်ကိုပဲ ပုံပေးပြီး၊ ကျန် အဖွဲ့ဝင် နိုင်ငံတွေရဲ့ သဘောထားကို ထည့်မတွက်ဘူး ဆိုရင် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ စဥ်းစားတွေးခေါ်ပုံဟာ ယုတ္တိမတန်ဘူး၊ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
ဘီဘီစီ။ ။ ဟုတ်ကဲ့ပါ ခွန်ကဆစ်ရေ ... ဒါပေမယ့်လည်း ဝန်ကြီးချုပ် ဟွန်ဆန်ဘက်က သူ မြန်မာပြည်ကို သွားမယ်လို့ ကြေညာပြီးကတည်းက အခု သီတင်းပတ်တွေ အတွင်းမှာ အာဆီယံ ခေါင်းဆောင်ပိုင်း ထဲက ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုး ထွက်မလာတာကို ကျွန်တော် သတိထားမိပါတယ်။ ခွန်ကဆစ် ဆီကပဲ ချက်ခြင်းဆိုသလို ထောက်ပြ ဝေဖန်မှုတွေ ထွက်လာပေမယ့် ဒေသတွင်းမှာ အတော်လေး အသံတိတ်နေခဲ့တာကို ကျွန်တော် သတိထားမိတယ်။ အဲဒါဘာဖြစ်လို့လဲ ... ။
ခွန်ကဆစ်ပီရွမ် ။ ။ တကယ်တော့ ... ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး မြန်မာပြည်ကို သွားသင့်တယ် .. မသွားသင့်ဘူး အစ ရှိသဖြင့် ဝေဖန် ထောက်ပြဖို့ ဆိုတာက ကျွန်တော်ရော ... ခင်ဗျားရော ... အပါအဝင် လက်ရှိ အာဆီယံ ခေါင်းဆောင်တွေ မဟုတ်ကြတဲ့ သူတွေဆီမှာ အဓိက တာဝန် ရှိမနေပါဘူး။ အဓိက တာဝန်ရှိသူတွေဟာ လက်ရှိ တာဝန် ယူထားကြသူတွေ ဖြစ်တယ်။
ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အပြုအမူကို သူတို့ အားလုံး တစ်စုတစ်စည်းတည်းနဲ့ တုန့်ပြန်ကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ခင်ဗျား ပြောသလိုပဲ သူတို့ဟာ အသံတိတ်နေကြတယ်။ ဝန်ကြီးချုပ် ဟွန်ဆန် တစ်ကိုယ်တော် လုပ်ချင်တာလုပ် ဆိုပြီး လွှတ်ပေးထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ မြန်မာအရေး အာဆီယံ ဘုံသဘောထား ၅ ချက် ဆိုတဲ့ နိုင်ငံတကာကလည်း ထောက်ခံမှု ပေးနေတဲ့ လမ်းကြောင်းပေါ် ပြန်ဆွဲတင်ဖို့ အရေးကြီးပါတယ်။
ဒါမှမဟုတ်ရင်တော့ မြန်မာ အရေး အာဆီယံအနေနဲ့ ကမကထလုပ် ဖြေရှင်းဖို့ နိုင်ငံတကာက ထောက်ခံမှု ပေးနေတာတွေဟာ အလကားဖြစ်သွားပါလိမ့်မယ်။ အာဆီယံ အဖွဲ့ဟာ ဘာမှ ယုံကြည် ကိုးစားဖွယ်ရာ ကောင်းတဲ့ အဖွဲ့ မဟုတ်ဘူး ဆိုပြီး နာမည် ပျက်ယွင်း သွားပါလိမ့်မယ်။
မြန်မာပြည်သူတွေရဲ့ သဘောထား ဆန္ဒကို လေးစားကြောင်း အာဆီယံ ခေါင်းဆောင်တွေဘက်က ပြဖို့ လိုပါတယ်။ မြန်မာအရေး ကိုင်တွယ်ပုံ ကိုင်တွယ်နည်းကနေ အာဆီယံဟာ ဘယ်လို အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ ကမ္ဘာ့ အလယ် မှတ်ကျောက် တင်ခံနိုင်မယ့် အခွင့်အရေး ရှိလာစေပါတယ်။ အာဆီယံဟာ မြန်မာအကျပ်အတည်း အဖြေရှာရာကနေ တပါတည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ အပေါ် လေးစားလိုက်နာတဲ့ အဖွဲ့ကြီး အဖြစ် ကမ္ဘာရဲ့ အသိအမှတ်ပြု လေးစားမှုကို ရရှိနိုင်ပါတယ်။
ဒီတော့ လမ်း ၂ သွယ် ရှိပါတယ်။ ဟွန်ဆန်ရဲ့ ကြံရာပါတွေ ၊ မြန်မာ စစ်တပ် လွန်ကျူးနေတာတွေရဲ့ ကြံရပါတွေ အဖြစ်ခံမလား ... ကမ္ဘာက လေးစားရတဲ့ သူတွေ ဖြစ်မလား .... အာဆီယံ ခေါင်းဆောင်တွေ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ပြီးခဲ့တဲ့ ၂၀၂၁ နောက်ဆုံး ၃ လ တာ ကို ကြည့်မယ်ဆိုရင်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ကို မြန်မာကို ကိုယ်စားပြုခွင့် မပေးတာလိုမျိုး အာဆီယံ အနေနဲ့ မကြုံစဖူး လုပ်ဆောင်လာကြတယ် .... အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံတွေက ဆိုရင် မြန်မာ စစ်တပ် အာဏာသိမ်းတာကို ရှုတ်ချတာမျိုး၊ ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေကို အားပေးတာမျိုးတွေ ပွင့်ပွင့်လင်းလင်း လုပ်ခဲ့ကြပြီးမှာ ၊ အခုလိုမျိုး ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လုပ်ဆောင်ချက် အပေါ် အသံတိတ်နေတာတွေဟာ အံ့အားသင့်စရာ ကောင်းတယ်လို့ ခွန်ကဆစ် မြင်မိလား ... သူတို့ရဲ့ ရပ်တည်မှုတွေ ပြောင်းသွားပြန်ပြီလားခင်ဗျ ....။
ခွန်ကဆစ်ပီရွမ် ။ ။ ကျွန်တော်ထင်တာကတော့ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့ အပါအဝင် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတွေ အနေနဲ့ မြန်မာ့ အရေး ရပ်တည်မှုမှာ ပိုပြီး တည်တည်တံ့တံ့နဲ့ အရှေ့နောက် ညီဖို့ လိုမယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ အနိုင်ရတဲ့ သူတွေ အစိုးရဖွဲ့ပြီး အုပ်ချုပ်နေတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံမှာ စစ်အာဏာ ပြန်ပြီးသိမ်း ခံရတာကို အရင်က ဝေဖန်တယ်ဆိုရင် ၊ အခုလည်း ဝေဖန်၊ နောက်လည်း ဝေဖန် နေဖို့ လိုပါတယ်။ ဒါမှလည်း ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့ကိုပါ မြန်မာ့အရေး ရပ်တည်မှု မှန်ကန်ဖို့ အာဆီယံ အဖွဲ့အတွင်း တညီတညာတည်း ဖြစ်စေနိုင်ပါ။
အချိန်တွေဟာ နောက်မကျ သေးပါဘူး။ ဟွန်ဆန်ရဲ့ မြန်မာပြည် ခရီးနဲ့ ပတ်သက်ပြီး အခုလည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ ဆွေးနွေးသုံးသပ်တာတွေ၊ မေးခွန်းထုတ်တာတွေ၊ အာဆီယံ ဘုံသဘောထား ၅ ချက်နဲ့ ယှဥ်ထိုးဆန်းစစ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်ပြောခဲ့သလို အာဆီယံ အဖွဲ့ရဲ့ အရေးပါမှုကို လိုချင်တယ်ဆိုရင် ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ရဲ့ သီးသန့် ကစားပွဲတွေ၊ အကွက်ရွှေ့မှုတွေကို လွှတ်ထားလို့ မဖြစ်ပါဘူး။
အထူးသဖြင့် အင်ဒိုနီးရှား အစိုးရကို ကျွန်တော် ပိုမျှော်လင့်ပါတယ်။ အင်ဒိုနီးရှားဟာ အာဆီယံ ဒေသတွင်းမှာ အကြီးမားဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သလို၊ အာဆီယံ အဖွဲ့ စတင် ဖွဲ့စည်း ထူထောင် ထားရှိရာမှာလည် ဦးစီးဦးဆောင်လုပ်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့ အရေးမှာ ဒီမိုကရေစီ အခြေခံမူတွေနဲ့ ရပ်တည် ပြောဆိုနေခဲ့တာတွေကို ဆက်လက် လုပ်ဆောင်လာဖို့၊ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အပြုအမူတွေကို ထိန်းကြောင်း ဟန်ချက်မျှနိုင်ဖို့ အင်ဒိုနီးရှား အပေါ် ကျွန်တော် မျှော်လင့်မိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဘီဘီစီ။ ။ ခွန်ကဆစ်လည်း သိတဲ့ အတိုင်း အခုဆိုရင် ခွန်ကဆစ်တို့ရဲ့ ထိုင်းနယ်စပ်၊ မြန်မာနိုင်ငံဘက်ခြမ်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ မြစ်ကိုကူးပြီး ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထိုင်းနိုင်ငံဘက် ဝင်လာကြတာမျိုးတွေ ဖြစ်နေပြန်ပါတယ်။ ဒီတော့ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာစစ်တပ်နဲ့ကြား ထိတွေ့ ဆက်ဆံမှု ဖော်ဆောင်ရေး လမ်းပွင့်လာမယ် ဆိုရင်ရော အခုလို စစ်ရေး တင်းမာနေတာတွေ ဖြေလျှော့နိုင်ရေးက အစ၊ ဒုက္ခသည် အကူအညီပေးရေး ကိစ္စတွေ အထမြောက်လာဖို့ရော မမျှော်လင့်နိုင်ဘူးလား။ အဲဒါတွေကလည်း အာဆီယံ ဘုံသဘောထား ၅ ချက်ထဲက အရာတွေပဲ မဟုတ်လား ... ။
ခွန်ကဆစ်ပီရွမ် ။ ။ အာဆီယံ ခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ရခဲ့တဲ့ တူညီဆန္ဒ ၅ ချက် ထဲမှာ ပထမဆုံး အချက်ကိုက မြန်မာ အာဏာသိမ်း စစ်တပ်ကို အကြမ်းဖက်မှုတွေကနေ ရပ်တန့်ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ တကယ်ပဲ မြန်မာ ပြည်သူတွေ ၊ သာမန် အရပ်သားတွေ အပေါ် စစ်တပ်က ကျူးလွန်နေတာတွေ ရပ်တန့်သွားအောင် ဝန်ကြီးချုပ် ဟွန်ဆန်က ဖြောင့်ဖြနိုင်တယ်၊ စွမ်းဆောင် ပေးနိုင်ခဲ့ပြီ ဆိုရင် ကျွန်တော့်ဘက်က ဝန်ကြီးချုပ်ဟွန်ဆန်ကို ချီးကျူးဂုဏ်ပြုဖို့ အဆင်သင့်ပါပဲ။
ဒါပေမယ့် အဲဒီလို ရပ်တန့်သွားအောင် နေပြည်တော်ကို သွားမှ ဖြစ်မယ်ဆိုတဲ့ လောဂျစ်ကို ကျွန်တော် သဘောမတူပါဘူး။ မြန်မာစစ်တပ် အကြမ်းဖက်နေတာတွေ ရပ်ပါ ဆိုပြီး နိုင်ငံတကာက ဟိုး အစကတည်းကတိုင်း တောင်းဆိုနေတာ ဖြစ်ပါတယ်။
မြန်မာ စစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ၊ တောင်းဆိုမှုတွေကို လိုက်နာ ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိပါတယ်။ သူတို့ဘက်က ကျူးလွန်နေတာတွေကို ချက်ခြင်း ရပ်တန့်ဖို့ လိုပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တယ်ဆိုတာ ဟွန်ဆန် နေပြည်တော်ကို ရောက်လာတဲ့ အထိ စောင့်ဖို့ မလိုပါဘူး။ ဒါပထမ အချက်ပါ။
ဒုတိယ အချက်ကတော့ ... ထိုင်း အစိုးရနဲ့ ပတ်သက်တာပါ။ ကိုယ့်ရဲ့ နယ်စပ်မှာ ဖြစ်ပျက်နေတာတွေ၊ ကိုယ့်နိုင်ငံကိုပါ တိုက်ရိုက် သက်ရောက် ရိုက်ခတ်နေတာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ရာ ဟွန်ဆန် နေပြည်တော် အသွားကို ဘာမှ စောင့်နေစရာ မလိုပါဘူး။
မြန်မာဘက်က ဒုက္ခသည်တွေ ဝင်လာတဲ့ လူသားချင်း စာနာမှု ဆိုင်ရာ အကျပ်အတည်းတွေ၊ လက်နက်ကြီးကျည်တွေပါ ကိုယ့်နယ်နမိတ်ထဲ ကျတယ် ဆိုတာတွေကို ဖြေရှင်းကိုင်တွယ်ဖို့ရာ ထိုင်းအစိုးရ အနေနဲ့ ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးကို ထောက်ခံမှပဲ ဖြစ်မြောက်မှာ မဟုတ်ပါဘူး။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းလည်း မကြာသေးခင်ကပဲ စာနာမှု ဆိုင်ရာ အကူအညီတွေ ပေးရေး အတွက် နေပြည်တော်ကို သွားခဲ့ပါတယ်။ သူနဲ့အတူ အလေးချိန် ၁၄ တန် ရှိတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပါသွားတယ်လို့ သိရတယ်။ ဒီနောက်မှာ ထိုင်းနယ်စပ်မှာ အခုလို အခြေအနေတွေ ပိုပြီး ဆိုးရွားလာခဲ့တာ မဟုတ်လား။ ဒီတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ဦးဆောင်တဲ့ ထိုင်းအစိုးရ အနေနဲ့ ထိုင်းနယ်စပ် စစ်ရေး အခြေအနေ ပြေလျော့ဖို့ ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးအပေါ် ထောက်ခံမယ် ဆိုရင် ဘာအဓိပ္ပာယ်မှ မရှိပါဘူး။
ဟွန်ဆန် နေပြည်တော်ကို သွားသွား မသွားသွား ဒါဟာ ထိုင်း အစိုးရ အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်ကို တိုက်ရိုက် တောင်းဆိုရမယ့် အရာတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် ချန်-အို-ချာနဲ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြားက ဆက်ဆံရေး အပေါ်မှာရော ဘယ်လို သုံးသပ်နိုင်လဲခင်ဗျ ... သူတို့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေ ရှိကြလား .... ဆက်ဆံရေး ထူထောင်ထားကြလား ....။
ခွန်ကဆစ်ပီရွမ် ။ ။ ကြားနေရတဲ့ သတင်းတွေ အရတော့ သူတို့ချင်းကတော့ အတော်လေး ပြေလည်ကြပါတယ်။ သူတို့ဟာ မိသားစု မိတ်ဆွေတွေလို့ ပြောနိုင်လောက်အောင်ကို ဆက်ဆံရေး ရှိကြတယ်လို့ ဆိုပါတယ်။ ဘယ်အပေါ်မှာ အခြေခံတာလဲ ဆိုရင် နှစ်ယောက်စလုံး စစ်တပ်က လာတဲ့ သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်က သူတို့ချင်းကြား သွေးစည်း စေပါတယ်။
ရဲဘော်ရဲဘက်စိတ် ဆိုပြီး သူတို့ကတော့ ခေါ်မလား မသိဘူး .... "စစ်သားအချင်းချင်း" ဆိုတဲ့ အခြေခံအချက်က သူတို့ နှစ်ယောက်ကို နီးစပ်စေတယ်လို့ ကျွန်တော် ယူဆပါတယ်။
၂၀၁၄ ပရာယွတ် အာဏာသိမ်းတဲ့အခါ ပထမဆုံး စပြီး ထောက်ခံမှုပေးတဲ့ နိုင်ငံရပ်ခြား စစ်တပ် ခေါင်းဆောင်က ဗိုလ်ချုပ်မင်းအောင်လှိုင် ဖြစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ စစ်တပ် ကျောထောက် နောက်ခံနဲ့ နိုင်ငံရဲ့ အာဏာကို ရယူတဲ့ အပေါ် မြန်မာ စစ်ခေါင်းဆောင်က ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အခု မြန်မာအလှည့် ... ။ စစ်အာဏာသိမ်းမှုဟာ မှန်ကန်မှု ရှိတယ် မရှိဘူး ဆိုတဲ့ အပေါ် ပရာယွတ်ဟာ သဘောတရားအရ အငြင်းပွားမှာ မဟုတ်သလို၊ ကျွန်တော် ပြောတဲ့ "ရဲဘော်ရဲဘက်စိတ်"အပြည့်နဲ့တောင် ထောက်ခံမယ့်သူ ဖြစ်ပါတယ်။
သူတို့ နှစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး နီးစပ်မှုတွေဟာ နှစ်ပြည်ထောင် တိုင်းရေးပြည်ရာ ကိစ္စတွေမှာ ဘာမှ အကျိုးမရှိပါဘူး။ လက်တွေ့ပါပဲ။ မြန်မာရဲ့ နိုင်ငံရေး မတည်ငြိမ်မှု၊ စစ်ရေးတင်းမာမှုတွေဟာ ထိုင်းနိုင်ငံ အပေါ် တိုက်ရိုက် ရိုက်ခတ် သက်ရောက်စေပါတယ်။
မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် အပေါ် ထောက်ခံတယ်၊ အားပေးတယ် ဆိုရင် မြန်မာ စစ်တပ် ကျူးလွန်နေတာတွေကိုပါ အားပေးအားမြှောက် ပြုတဲ့ လုပ်ရပ်အဖြစ် ကျွန်တော်ကတော့ ရှုတ်ချပါတယ်။ အခုလည်း ပွင့်ပွင့်လင်းလင်းပဲ ပရာယွတ် အပေါ် ကျွန်တော် ဝေဖန်နေပါတယ်။ ထိုင်းနယ်စပ် လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ မြန်မာ ဒုက္ခသည်တွေ အပေါ် စာနာမှု အကူအညီတွေ ပေးရေး၊ စောင့်ရှောက်ရေးတို့ အတွက် ကျွန်တော် အမြဲပဲ ပရာယွတ် အစိုးရအပေါ် တိုက်တွန်း နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ အခုလက်ရှိအခြေအနေတွေ၊ ကျွန်တော်တို့ အခု ပြောဆိုခဲ့တာတွေ အပေါ် အခြေခံ သုံးသပ်မယ်ဆိုရင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ဥက္ကဌ ဖြစ်နေချိန်မှာ မြန်မာအရေး အာဆီယံ သဘောတူမှုတွေ အကောင်အထည် ပေါ်လာရေး အတွက် ဘယ်လောက် မျှော်လင့်ချက်ရှိလဲ ... နိုင်ငံတကာက ဒီ အပေါ်မှာပဲ တွန်းအားပေးနေ ဦးမယ်ဆိုရင် မြန်မာ့ အကျပ်အတည်းဟာ ဆက်ပြီး ကြန့်ကြာနေဦးမယ့် သဘောမှာပဲ ရှိနေလား ခွန်ကဆစ်ရေ ....။
ခွန်ကဆစ်ပီရွမ် ။ ။ ကျွန်တော်ကတော့ ဝန်ကြီးချုပ်ဟွန်ဆန် ဆီက ဘယ်လို ရလဒ်ကောင်းမှ ထွက်လာမယ်လို့ မျှော်လင့်မထားပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူကိုယ်တိုင် အာဏာရှင် ဖြစ်လို့ပါပဲ။ ကမ္ဘောဒီးယား ပြည်တွင်းမှာ သူဟာ အတိုက်အခံတွေ အပေါ် ဖိနှိပ်ပြီး အာဏာချုပ်ကိုင် ထားသူ ဖြစ်ပါတယ်။
အာဆီယံတစ်ခုလုံးကို ကိုယ်စားပြုပြီး ကောင်းမွန်တဲ့ စံတန်ဖိုး အခြေခံတွေနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်က စွမ်းဆောင် ပေးဖို့ဆိုတာ ဘယ်လိုမှ မမျှော်လင့်စကောင်းတဲ့ အရာပါ။
ဒါ့ကြောင့် မြန်မာအရေးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေခံတွေနဲ့ ချဉ်းကပ်ဖြေရှင်းဖို့ရာ အင်ဒိုနီးရှားလို ဒီမိုကရေစီ လက်တွေ့ ကျင့်သုံးနေတဲ့ အာဆီယံနိုင်ငံကြီးက ကမကထလုပ် ဦးဆောင်ပေးပါ ဆိုပြီး ကျွန်တော် တောင်းဆို နေတာ ဖြစ်ပါတယ်။ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူတို့ကလည်း ဝိုင်းဝန်းပေးကြဖို့ မျှော်လင့်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုထံကိုလည်း အာဆီယံ နိုင်ငံတွေ အနေနဲ့ မြန်မာအရေး ဖြေရှင်းရာမှာ ဘယ်လိုဘယ်ပုံ လက်တွေ့ အကူအညီတွေ ပေးကြပါ ဆိုပြီး တောင်းခံဖို့ လိုပါတယ်။
အခုလ ဇန်နဝါရီဆိုရင် ကုလ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဟာ မြန်မာ့ ဒီမိုကရေစီရေး အပေါ် အားပေးတဲ့ နော်ဝေနိုင်ငံ ဖြစ်တဲ့ အတွက်၊ အချိန်အခါကောင်း ဖြစ်ပါတယ်။
ဘီဘီစီ။ ။ လုံခြုံရေးကောင်စီကို ပြောမယ် ဆိုရင် အမြဲတမ်း ၅ နိုင်ငံ ကြီး ၅ ကြီး ထဲမှာ တရုတ် ပြည်မကြီး အစိုးရ ပါဝင်ပြီး၊ အခု ဟွန်ဆန်ရဲ့ နေပြည်တော် ခရီးရဲ့ နောက်ကွယ်မှာ ဘေဂျင်း အစိုးရ ရှိနေတယ်။ ဝန်ကြီးချုပ် ဟွန်ဆန် ပုံဖော်နေတာဟာ တရုတ် အစိုးရရဲ့ မြန်မာ့အရေး အပေါ် သဘောထား လမ်းကြောင်းပဲ ဆိုပြီး ထောက်ပြကြသူတွေ ရှိပါတယ်။ ခွန်ကဆစ်ကရော ဘယ်လို ယူဆပါသလဲ ခင်ဗျ ....။
ခွန်ကဆစ်ပီရွမ် ။ ။ ပထမဆုံး ငြင်းမရတဲ့ အချက်ကတော့ ဟွန်ဆန်ဟာ တရုတ်ရဲ့ ဩဇာခံ ဖြစ်တယ်ဆိုတယ်ပါပဲ ... ဒါဟာ လျှို့ဝှက်ချက် မဟုတ်သလို၊ မနေ့ တစ်နေ့ကမှ ကိစ္စလည်း မဟုတ်ပါဘူး။ ဟွန်ဆန်ဟာ တရုတ်အစိုးရ အပေါ် မှီခို အားထားရတာဟာ နှစ်ရှည်လများ ရှိနေပြီ ဖြစ်ပါတယ်။
အာဆီယံ အတွင်းမှာကို ၂၀၁၂ ခုနှစ် ဟွန်ဆန် ဥက္ကဌ ဖြစ်ခဲ့တုန်းကလည်း တောင်တရုတ် ပင်လယ်ပြင် အရေး အာဆီယံ မိသားစုဝင် တွေ အပေါ် ဆန့်ကျင်ပြီး တရုတ်ဘက်ကို လိုက်တဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကို ဘွင်းဘွင်းပြီး တွေ့မြင် ထားရပါတယ်။ ဟွန်ဆန်ဟာ အာဆီယံထဲ ရှိနေတဲ့ တရုတ်ရဲ့ "အေးဂျင့်" ကိုယ်စားလှယ်ပါပဲ။
တရုတ်ရဲ့ မြန်မာ့အရေး ရပ်တည်မှုကို ကြည့်ရင် ... ဘေဂျင်း အစိုးရ အနေနဲ့ "ဝင်ရောက် မစွက်ဖက်ရေးမူ" ဆိုတာကို ဘယ်လောက်ကိုင်စွဲတယ်လို့ ပြောနေပါစေ ... မြန်မာ နိုင်ငံထဲက သူ့ရဲ့ အကျိုးစီးပွားတွေဟာ အင်မတန် ကြီးမားပါတယ်။ စီးပွားရေး တစ်ခုတည်း သက်သက် မဟုတ်ပဲ မြန်မာဟာ သူတို့အတွက် ရေရှည်အတွက် အင်မတန် မဟာဗျူဟာမြောက် အရေးပါပါတယ်။
အရှေ့အလယ်ပိုင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တရုတ်တောင်ပိုင်းကို ပို့နိုင်ဖို့၊ အိန္ဒိယ သမုဒ္ဒရာထဲ တိုက်ရိုက် ထွက်ပေါက် ရဖို့ မြန်မာဟာ တရုတ်အတွက် အရေးကြီး ပါတယ်။ ဒီတော့ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခု အနေနဲ့ ကမ္ဘာ့ရေးရာတွေမှာ ဦးဆောင် ဖြေရှင်း ရမယ့် တာဝန် ဝတ္တရား ရှိသလို၊ သူတို့ရဲ့ တိုက်ရိုက် အကျိုးစီးပွား ဖြစ်နေတဲ့ အတွက် မြန်မာ့ အရေး ဖြေရှင်းဖို့ ဆိုတာ တရုတ်အတွက် ပိုပြီးတော့တောင် လိုအပ်နေပါတယ်။
ဒီတော့ ပိုပြီး ရှုပ်ထွေးမှုတွေ ဖြစ်မလာစေပဲ မြန်မာ့ အကျပ်အတည်း ပြေလျော့သွားနိုင်ရေးမှာ အာဆီယံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေ အားလုံး တစည်းတလုံးတည်း ဆောင်ရွက် ကြတာထဲမှာ တရုတ်လည်း လိုက်လျောညီထွေ ဟန်ချက်မျှမျှ ပါဝင် ဖို့က အရေးကြီးပါတယ်။
တကယ်ပဲ မြန်မာ့အရေးမှာ ကမ္ဘောဒီးယားကို အေးဂျင့်သဖွယ် အသုံးပြုပြီး နိုင်ငံတကာ လမ်းကြောင်းနဲ့ ဆန့်ကျင် ပုံဖော်ဖို့ ကြိုးစားနေရင် ... တရုတ်ဟာ လုံခြုံရေးကောင်စီထဲ ရရှိထားတဲ့ နေရာ အဆင့်အတန်းနဲ့ မလျော်ညီတဲ့ နိုင်ငံပဲလို့ ပြောရမှာပဲ ဖြစ်ပါတယ်။











