ဘေဂျင်းက မြန်မာ သံအမတ် ပေါ်မလာခဲ့တဲ့ ရှီ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာကို ကိုယ်စားပြုသူ မရှိ၊ ထိုင်ခုံနေရာ လစ်လပ်နေတဲ့ သမ္မတရှီကျင်းပင်နဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ အထူး ထိပ်သီး ဆွေးနွေးပွဲ နိုဝင်ဘာ ၂၂၊ တနင်္လာနေ့မှာ ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။
ဒါဟာ တစ်လတာကာလ အပိုင်းအခြားအတွင်း မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးကနေ ဒုတိယအကြိမ် ချန်လှပ်ခံရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တုန်းကလိုပဲ နိုင်ငံရေး ကိုယ်စားပြုမှု မရှိသူ တစ်နည်းအားဖြင့် နိုင်ငံရေးရာထူး မရှိတဲ့ အစိုးရဝန်ထမ်း အဆင့်ကိုသာ မြန်မာကို ကိုယ်စားပြုခွင့် ပေးမယ် ဆိုပြီး အာဆီယံဘက်က ဆက်လက် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံရေး ရာထူး မရှိတဲ့ ကိုယ်စားလှယ်ကို အခုတစ်ခေါက်မှာလည်းပဲ စစ်ကောင်စီက စေလွှတ်ခဲ့ခြင်း မရှိပဲ၊ စစ်ကောင်စီ ဥက္ကဋ္ဌဟာ တခြား အာဆီယံ ခေါင်းဆောင်တွေ နည်းတူ ထိပ်သီး ဆွေးနွေးပွဲမှာ ပါဝင်ခွင့် ရှိသင့်တယ် ဆိုတဲ့ သဘောထားကို ဆက်လက် ပြသခဲ့ပါတယ်။
အခု တရုတ်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲဟာ တရုတ် နိုင်ငံနဲ့ အာဆီယံကြား ဆွေးနွေးဘက်တွေ အဖြစ် ထူထောင် ထားရှိလာခဲ့တဲ့ အနှစ် ၃၀ ပြည့်မြောက်တဲ့ အခါသမယ သမ္မတရှီကျင်းပင် ကိုယ်တိုင် အိမ်ရှင် နေရာကနေ ကျင်းပမယ့် အထူး အစည်းအဝေး အဖြစ် ဘေဂျင်းဘက်က ကမကထလုပ် စီစဥ်ခဲ့တာ ဖြစ်ပါတယ်။
အခု ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတရှီကျင်းပင်က တရုတ် အနေနဲ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေ အပေါ် ဗိုလ်ကျအနိုင်ကျင့်တာမျိုး လုပ်မှာ မဟုတ်တဲ့အကြောင်း "နိုင်ငံရဲ့ အရွယ်အစား အပေါ် မူတည်ပြီး လွှမ်းမိုးမှု၊ အသာစီးရယူမှုတွေ တရုတ်က ပြုမူမှာ မဟုတ်ဘူး" လို့ ပြောဆို ခဲ့ပါတယ်။
အာဆီယံ အတွက် အစဥ်အမြဲ မိတ်ဆွေကောင်း ဖြစ်ရစေမယ်လို့ ကတိပြုတဲ့ သမ္မတရှီဟာ အာဆီယံ ဒေသတွင်း ကိုဗစ်ထိန်းချုပ်ရေးနဲ့ စီးပွားရေး နလံထူရေး တို့မှာ တရုတ်အနေနဲ့ အမေရိကန် ဒေါ်လာ သန်း တစ်ထောင့်ငါးရာ (၁.၅ ဘီလီယံ ဒေါ်လာ) ကူညီမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မြန်မာကိုယ်စားလှယ် ပေါ်မလာခဲ့တဲ့ အွန်လိုင်း ဗီဒီယို တွေ့ဆုံပွဲ
ဘေဂျင်း မြန်မာသံရုံးက သံအဖွဲ့ ခေါင်းဆောင်ကို အခု ထိပ်သီးညီလာခံမှာ မြန်မာကို ကိုယ်စားပြု တက်ရောက်ဖို့ အာဆီယံဘက်က ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။
ဒါပေမယ့်လည်း အဲဒီ ဘေဂျင်းသံရုံးက စစ်ကောင်စီ သစ္စာခံ မြန်မာ သံအမတ်ဟာ အွန်လိုင်း ဗီဒီယိုကနေ တဆင့် ပြုလုပ်တဲ့ အခု ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ အာဆီယံ သံတမန် အသိုင်းအဝိုင်းထဲက သတင်းရင်းမြစ်တွေက အတည်ပြု ပြောကြပါတယ်။
စစ်ကောင်စီကလည်း အဲဒီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် မတက်ဖြစ်ဘူး ဆိုပြီး မီဒီယာတွေကို အသိပေးပါတယ်။
တရုတ်နိုင်ငံဘက်က အိမ်နီးချင်းကောင်း၊ မိတ်ဘက်ကောင်း ပီပီ မြန်မာကိုယ်စားလှယ် တက်ဖို့ ဖိတ်ပြီး အာဆီယံနဲ့ကြား ညှိပေးခဲ့ပေမယ့် တချို့ နိုင်ငံတွေက မြန်မာကို နိုင်ငံရေး ရာထူး မရှိတဲ့ သူကိုသာ ကိုယ်စားပြုခွင့် ပေးနိုင်မယ် ဆိုပြီး ဆက်လက် ဖိအားပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြီး ပြောပါတယ်။
မဲခေါင်မြစ်ဝှမ်း အတွင်းနဲ့ အပြင် သို့မဟုတ် အာဆီယံထဲ မြန်မာ့အရေး ကွဲလွဲမှု
အဲဒီလို ဖိအားပေးတဲ့ နိုင်ငံတွေဟာ ဘယ်နိုင်ငံတွေလည်း ဆိုတာ နာမည်တပ် မပြောပေမယ့် မြန်မာနဲ့ကြား မဟာမဲခေါင် ဒေသ အာဆီယံနိုင်ငံတွေနဲ့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီ ရည်ညွှန်းပြောတဲ့ Greater Mekong Subregion GMS ဆိုတာ မဲခေါင်မြစ် ဖြတ်သန်း စီးဆင်းရာ တရုတ်ရဲ့ ယူနန်ပြည်နယ်နဲ့ ကွမ်ရှီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ အာဆီယံထဲက ကမ္ဘာဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်တို့ ပူးပေါင်း ဆက်သွယ် ဆောင်ရွက်ကြဖို့ ဖွဲ့စည်း ထူထောင်ထား ရှိတဲ့ ဒေသတွင်း အဖွဲ့ဖြစ်ပါတယ်။
ဒီတော့ စစ်ကောင်စီက အာဆီယံထဲမှာ မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့နဲ့ သူတို့ကြားမှာ အဆင်ပြေတယ် ဆိုပြီး ပြောဆိုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီတော့ အခုလို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပါဝင်ခွင့် မပေးရေး ဖိအားဟာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်တို့ ဆီက လာတာ ဖြစ်ပြီး လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဘရူးနိုင်းကလည်း သဘောတူတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
အခု သမ္မတရှီ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အကြို ရက်ပိုင်းမှာပဲ မြန်မာ စစ်ခေါင်းဆောင်ကို တက်ခွင့် မပေးရေး ရပ်တည်ချက် အာဆီယံထဲမှာ ရှိနေတယ်လို့ အင်ဒို၊ မလေးနဲ့ စင်္ကာပူ သတင်းရင်းမြစ်တွေဘက်က မီဒီယာကို ပြောဆိုမှုတွေ ရှိနှင့်နေပြီး ဖြစ်ပါတယ်။
အခု ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် သီတင်းပတ်မှာပဲ ဘေဂျင်း နိုင်ငံခြားရေး ဌာနက အာရှရေးရာ အထူးသံတမန်လည်းဖြစ်၊ မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဥ် အတွက် တရုတ်ရဲ့ ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဆွန်းကော်ရှန်း နေပြည်တော်ကို ရောက်လာခဲ့သလို၊ စင်္ကာပူနဲ့ ဘရူနိုင်းတို့ကိုလည်း သွားခဲ့ပါတယ်။
ဆွန်းကော်ရှန်းရဲ့ အဲဒီ အာဆီယံ ၃ နိုင်ငံ ခရီးစဥ်ဟာ စစ်ကောင်စီ ဥက္ကဋ္ဌ ထိပ်သီးညီလာခံမှာ ပါဝင်ခွင့် ရှိလာအောင် စေ့စပ်ညှိနှိုင်းစွမ်း မရှိခဲ့ပါဘူး။
မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အတွက်ကြောင့် ဆိုပြီး၊ အာဆီယံရဲ့ အခုလို ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာကို နိုင်ငံရေး ရာထူး မရှိသူတွေကိုသာ ကိုယ်စားပြုခွင့် ပေးဖို့ အာဆီယံဘက်က ဆုံးဖြတ် ရပ်တည် နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလှည့်ကျ ဥက္ကဌ နိုင်ငံပေါ် မူတည်နေလား
စစ်ကောင်စီက သူတို့နဲ့ မဲခေါင်းမြစ်ဝှမ်း ဒေသ အာဆီယံ နိုင်ငံတွေနဲ့ကြား အဆင်ပြေတယ်လို့ ပြောပေမယ့်၊ စစ်ခေါင်းဆောင်ကို ချန်ထားရေး ဆိုတဲ့ ရပ်တည်မှုနဲ့ ဆုံးဖြတ်ချက် အာဆီယံ အဖွဲ့အတွင်းမှာ ဘာဖြစ်လို့ အတည်ဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုးလည်း ဖြစ်လာစေပါတယ်။
မြန်မာ့ ဒီမိုကရေစီ ပွင့်ပွင့်လင်းလင်း အရေး အလေးပေး ပြောနေတဲ့ အင်ဒို၊ မလေး၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံတွေနဲ့ လက်ရှိ ဥက္ကဌ ဘရူနိုင်းဟာ နီးစပ်တဲ့ အတွက်မြန်မာ့အရေးမှာလည်း ရပ်တည်မှု တူညီနေတာ ဖြစ်တယ်ဆိုတဲ့ ရှုမြင်မှုတွေ ရှိနေပါတယ်။
ဒါ့ကြောင့် ဘရူနိုင်း နိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေပြီး၊ ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး ၂ ဒါတို အီရာဝန်ယူဆွဖ် မြန်မာဆိုင်ရာ အာဆီယံ သံတမန် အဖြစ် တာဝန်ယူထားတဲ့ အခု ကာလတွေမှာ အာဆီယံ အဖွဲ့အတွင်း မကြုံစဖူး ဖိအားပေးတဲ့ နည်းနာတွေ သုံးတာ၊ ဆုံးဖြတ်ချက်တွေ ချတာမျိုးတွေ တွေ့လာရတာ ဖြစ်တယ်လို့ အကဲခတ်တချို့က ဆိုပါတယ်။
တကယ်လို့ လာမယ့်နှစ် ဥက္ကဋ္ဌ နေရာကို ကမ္ဘောဒီးယား ရောက်လာပြီ ဆိုရင် မြန်မာအရေး၊ အထူးသဖြင့် စစ်ကောင်စီနဲ့ကြား ဆက်ဆံရေး အာဆီယံရဲ့ ဆုံးဖြတ်ချက်တွေ တမျိုးတဖုံ ပြောင်းလဲလာမလား ဆိုတဲ့ တွက်ဆမှုတွေ ရှိနေပါတယ်။
ကမ္ဘောဒီးယားဟာ စစ်ကောင်စီ ပြောတဲ့ မဲခေါင်နိုင်ငံတွေထဲ ပါဝင်နေသလို စစ်ကောင်စီ ပြောခွင့်ရ ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ သူတို့နဲ့ကြား ဆက်ဆံရေးကောင်းတဲ့ နိုင်ငံတွေ ဆိုပြီး နာမည်တပ် ပြောတဲ့ အထဲ ပါဝင်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် ဟွန်ဆန် ဦးဆောင်တဲ့ ကမ္ဘောဒီးယား နိုင်ငံဟာ တရုတ်ပြည်မကြီး အစိုးရနဲ့ နီးစပ်တယ် ဆိုတဲ့ အမြင်တွေ ရှိနေတဲ့ အတွက် စစ်ကောင်စီ အပေါ်မှာ ပိုပြီး ပျော့ပြောင်းတဲ့ ချည်းကပ်မှုတွေနဲ့ ဆက်ဆံ လာနိုင်တယ်လို့ နိုင်ငံရေး သုတေသီတချို့က ရှုမြင်ထားကြပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ အာဆီယံ ထိပ်သီးညီလာခံ ကာလမှာ ကမ္ဘောဒီးယားရဲ့ ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ပရတ်ဆိုခွန် Prak Sokhonn က အာဆီယံ အနေနဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင် မစွက်ဖက်ရေး မူ ရှိတာ မှန်ပေမယ့် မြန်မာပြည်အရေးဟာ အင်မတန် စိုးရိမ်စရာ ကောင်းနေတယ်၊ မြန်မာ ပြည်သူတွေ အတွက် စိုးရိမ်ရဖွယ် အခြေအနေ ရှိနေသလို၊ ဒေသတွင်းကိုလည်း ရိုက်ခတ်နေတယ်လို့ ဆိုထားပါတယ်။
အာဆီယံ အနေနဲ့ ယုံကြည်ကိုးစားဖွယ် အဖွဲ့အစည်းအဖြစ် ရပ်တည်ပြဖို့ လိုအပ်ပြီး၊ အာဏာသိမ်း စစ်တပ်အပေါ်မှာ ဖိအားပေးမှုတွေ အရှိန်ရနေတုန်းမှာ "သံပူတုန်း ထုနှက်ကြ ဆိုသလို" အာဆီယံဘက်က ဆက်ပြီး ဆောင်ရွက်နေဖို့ လိုတယ် လို့လည်း ပရတ်ဆိုခွန်က ပြောဆိုခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA NUG
NUG ရဲ့ အနေအထား
အခု တရုတ်သမ္မတ ရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးပွဲမှာလည်း မြန်မာကို ကိုယ်စားပြု တက်ရောက်ခွင့် ရဖို့ NUG ဘက်က အာဆီယံကိုရော၊ ဘေဂျင်းဘက်ကိုပါ စာရေးသား ပေးပို့ပြီး တောင်းဆိုခဲ့တယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ အာဆီယံထိပ်သီး ညီလာခံတုန်းကလည်း NUG က အာဆီယံ ဆိုင်ရာ သံအမတ် ခန့်အပ်ထားကြောင်း ထုတ်ပြန် ကြေညာလာခဲ့ပြီး၊ ထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာကို ကိုယ်စားပြုခွင့် ရဖို့ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းကိုရော၊ အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ ရှိတဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး ထံကိုရော စာရေးသား ပေးပို့ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိ အာဆီယံရဲ့ ရပ်တည်မှုကို ကြည့်ရင်တော့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ NUG ကို မြန်မာကို ကိုယ်စားပြုခွင့် ပေးတာမျိုး မရှိသေးသလို၊ NUG ရဲ့ တောင်းဆိုမှုတွေ အပေါ် ဘယ်လို သဘောထား ရပ်တည်သလဲ ဆိုတာကို တရားဝင် ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
တခါ၊ အာဏာသိမ်း စစ်တပ်နဲ့ ပတ်သက်ပြီးတော့လည်း စစ်ကောင်စီ ဥက္ကဋ္ဌ အပါအဝင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးက အစ နိုင်ငံရေး ရာထူးနဲ့ သူကို လက်မခံပဲ နိုင်ငံခြားရေး ဌာနက အဆင့်မြင့် အရာရှိ ဒါမှမဟုတ် သံအမတ် စတဲ့ အစိုးရ ဝန်ထမ်း ကိုသာ လက်ခံမယ် ဆိုပြီး ရပ်တည်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dr. Tu Hkawng
NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ မြန်မာ့အရေးမှာ အာဆီယံနဲ့ တရုတ်တို့ရဲ့ အရေးပါမှုတို့ အပေါ် အသိအမှတ်ပြုတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်၊ လိုအပ်တဲ့ ဆက်သွယ် ချည်းကပ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အာဆီယံ အဖွဲ့ အတွင်းမှာကို မြန်မာအရေး၊ မြန်မာ့ ဒီမိုကရေစီ အရေး အပေါ် ဘယ်လိုနည်းတွေနဲ့ ချည်းကပ် ဆောင်ရွက်ကြမလဲ၊ စစ်ကောင်စီ အပေါ် NUG အပေါ် ဘယ်လို သဘောထားကြမလဲ ဆိုတဲ့ သဘောထား ရပ်တည်ချက်တွေ အပြင်း အပျော့ မတူညီကြဘူးလို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။
NUG အနေနဲ့တော့ အာဆီယံနဲ့ရော တရုတ်နဲ့ကြားမှာပါ ဆက်သွယ်မှုတွေကို လူသိရှင်ကြားရော၊ ဆိုင်းလင့် ဒစ်ပလိုမေစီလို့ ခေါ်နိုင်တဲ့ တိတ်တဆိတ် ငြင်ငြင်သာသာ ဆောက်ရွက်တဲ့ နည်းလမ်းတွေနဲ့ရော ပြုမူလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ရက်မှာ စတင်ဖို့ ရှိနေတဲ့ အာဆီယံ ဝန်ကြီးများ အဆင့် နှီးနှောပွဲ တစ်ခု ဖြစ်ပြီး နိုင်ငံတကာသိပ္ပံကောင်စီကကြီးမှူးတဲ့ ကိုဗစ်ဒဏ်ကြား ရာသီဥတု ထိန်းချုပ်ရေး၊ သဘာဝဘေးဒဏ် ကာကွယ်ရေး ညီလာခံကို NUG ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာတူးခေါင် တက်ရောက်ဖို့ ရှိနေပါတယ်။
ဒါဟာ အာဆီယံ အစိုးရ ဝန်ကြီးတွေ အဆင့် ညီလာခံတစ်ခုမှာ NUG ရဲ့ ကက်ဘိနက် အဖွဲ့ဝင် တစ်ယောက် ပထမဆုံး အကြိမ် ပါဝင်လာတာ ဖြစ်တယ်လို့ နားလည်ရပါတယ်။










