စစ်ကောင်စီ ပြဌာန်းချင်တဲ့ နိုင်ငံခြားစွက်ဖက်မှု တားဆီးရေး ဥပဒေဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာနိုင်ငံထဲ "ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေး" ဥပဒေ ဆိုပြီး ပြဌာန်းနိုင်ရေး ဆက်လက် လုပ်ဆောင်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်ဆီက တိုက်ရိုက် အမိန့် ရှိနေတယ် ဆိုတဲ့ အချက် ပေါ်ထွက်လာပါတယ်။
နေပြည်တော်မှာ နိုဝင်ဘာ ၉ ရက် နေပြည်တော်မှာ စစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့ အစည်းအဝေး ရှိခဲ့ပါတယ်။
အဲဒီ အစည်းအဝေးမှာ အာဏာသိမ်း စစ်တပ်က ရွေးချယ် ခန့်ထားတဲ့ အရပ်သား ကောင်စီ အဖွဲ့ဝင်တွေ ရှိနေခဲ့ကြပြီး၊ "ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေး" ဥပဒေ ပြဌာန်းနိုင်ဖို့ အဲဒီသူတွေက ဆွေးနွေး တင်ပြကြတယ် ဆိုပြီး စစ်တပ် ထိန်းချုပ်မှုအောက်က မီဒီယာတွေက ထုတ်ပြန်ပါတယ်။
အဲဒီ တင်ပြချက် အပေါ်မှာ ဒီလို ဥပဒေမျိုး တခြားနိုင်ငံတွေမှာရော ဘယ်လို အတည်ပြု ကျင့်သုံး နေကြလဲ ဆိုတာ လေ့လာဖို့ စစ်ကောင်စီ လက်ထက် ဖွဲ့စည်း ထားရှိလာတဲ့ ဥပဒေရေးရာ ဝန်ကြီး ဌာနကို စစ်ကောင်စီ ဥက္ကဌက ညွှန်ကြားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘာ့ကြောင့် ပြဌာန်းချင်တာလဲ
ပြည်ပစွက်ဖက်မှုဆိုတာ တိုင်းပြည်ထဲထိ နည်းအမျိုးမျိုးနဲ့ ဝင်ရောက် စွက်ဖက်တာမျိုးတွေနဲ့ ပြည်ပကနေ တိုက်ရိုက် ဖိအားပေး နှောင့်ယှက်တာမျိုး စသဖြင့် နည်းအမျိုးမျိုး ရှိနိုင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
"အခုလို ဥပဒေမျိုးဟာ အဖွဲ့အစည်း ပုံစံ အမျိုးမျိုးနဲ့ ပြည်တွင်းကို ဝင်ရောက်လာပြီး စွက်ဖက်တာမျိုးကို ဟန့်တားနိုင်လိမ့်မယ်။ တိုင်းပြည် အပြင်ကနေပြီး ဖိအားပေး နှောင့်ယှက် ကြတာမျိုးကို ဟန့်တားဖို့တော့ အခက်အခဲရှိလိမ့်မယ်။ ပြည်တွင်းထဲထိ လာပြီး စွက်ဖက်မှာမျိုးကိုတော့ အခုလို ဥပဒေမျိုး ရှိနေရင် ကောင်းကောင်းဟန့်တား နိုင်လိမ့်မယ်" ဆိုပြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ အပြောအရ စစ်ကောင်စီ အခုလို ဥပဒေ ပြဌာန်းလိုတာဟာ ပြည်ပရဲ့ စွက်ဖက်မှု ပြည်တွင်းထဲထိ ထိုးဖောက်ပြီး လှုပ်ရှားသက်ရောက်မှာကို ကာကွယ်နိုင်ဖို့ ဆိုတဲ့ အပေါ် အလေးပေး ပြောသွားတာ ဖြစ်ပါတယ်။
အခုလို "ပြည်ပစွက်ဖက်မှု ဆန့်ကျင်ရေး" ဆိုပြီး ထပ်တူနီးပါး တူတဲ့ ဒါမှမဟုတ် အဓိပ္ပာယ် အနှစ်သာရ တူတဲ့ ဥပဒေမျိုးတွေ ပြဌာန်းထားနှင့်ပြီးတဲ့ ကမ္ဘာ့ နိုင်ငံကြီးတချို့ ရှိနေပါတယ်။
ဒီတော့ ပြည်ပစွက်ဖက်မှု ဆိုတဲ့ ဝေါဟာရဟာ ကျယ်ပြန့်ပြီး၊ သူတို့ အဓိက ပစ်မှတ် ထားလိုတဲ့ အရာတွေလည်း နိုင်ငံတွေ အလိုက် ကွဲပြားမှုတွေ ရှိနိုင်တယ်လို့ နိုင်ငံတကာ အကဲခတ်တွေ၊ လေ့လာသူတွေက ပြောကြပါတယ်။
တခါ၊ ဒီ ဥပဒေမျိုးဟာ တကယ်ပဲ ပြည်ပ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား အစိုးရတွေကို ရည်ရွယ် ဦးတည်ပြီး ပြဌာန်းတာလား ၊ ပြည်တွင်းက ကိုယ့်နိုင်ငံသားတွေ အပေါ် ထိန်းချုပ်လိုလို့ ပြဌာန်းတာလား ဆိုတဲ့ မေးခွန်းမျိုး၊ ထောက်ပြမှုမျိုးတွေလည်း အဲဒီလို ဥပဒေမျိုး ပြဌာန်းထားတဲ့ နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စင်္ကာပူမှာ ပြဌာန်းထားတဲ့ ဥပဒေ
ဒေသတွင်း နိုင်ငံဖြစ်တဲ့ စင်္ကာပူမှာ ဆိုရင် အငြင်းပွားဖွယ် ဒီ ဥပဒေမျိုးကို ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းကမှ အတည်ပြု ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။
ပြည်တွင်းရေးတွေမှာ နိုင်ငံခြားရဲ့ စွက်ဖက်မှုတွေ အပါ် တုံ့ပြန် ကိုင်တွယ်ရေး ဥပဒေလို့ မည်တွင်ပေမယ့် အဓိကကတော့ ပြည်တွင်းက နိုင်ငံရေး အတိုက်အခံတွေ အပေါ် ဖိနှိပ်ဖို့ ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ နိုင်ငံသားအခွင့်အရေး လှုပ်ရှားသူတွေရဲ့ အဓိက စိုးရိမ်မှုတွေ ကတော့ ဒီ ဥပဒေကို အသုံးပြုပြီး ဆိုရှယ် မီဒီယာ လူမှုကွန်ရက် ကုမ္ပဏီတွေ၊ အင်တာနက် ကုမ္ပဏီတွေထံကနေ သူတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုတဲ့ လူအများရဲ့ ပုဂ္ဂိုလ်ရေး သတင်း အချက်အလက်တွေ တောင်းဆို ရယူခွင့် ရှိလာတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင်၊ အစိုးရ မကြိုက်တဲ့ အရာတွေ ဆိုရင် လူအများကြား ရောက်ခွင့် မပေးတော့ပဲ ပိတ်ဆို့ ဟန့်တားခွင့်လည်း အဲဒီ ဥပဒေက ခွင့်ပြုနေတယ်လို့ ဝေဖန်ကြပါတယ်။
စင်္ကာပူ ပါလီမန်ထဲ ၁၀ နာရီကြာ အပြင်းအထန် ငြင်းခုံပြီး အဲဒီ ဥပဒေကို အတည်ပြု ပေးလိုက်ပါတယ်။
အန္တရာယ်ရှိတဲ့၊ ရန်လိုတဲ့၊ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမယ့် သတင်းအချက်အလက်တွေကို နိုင်ငံခြားရဲ့ ကိုယ်စား ပြည်တွင်းမှာ ဖြန့်ချီ ကျုးလွန်နေသူတွေ ဆိုတဲ့ စွဲချက်နဲ့ ဒီ ဥပဒေကို သုံးပြီး စင်္ကာပူ နိုင်ငံသားတွေ အပေါ်မှာပဲ ဖိနှိပ်ချုပ်ချယ်ခွင့် အစိုးရက ရရှိသွားတယ်လို့ ဝေဖန်ကြသူတွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် ဘယ် အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တွေရဲ့ လုပ်ဆောင်ချက်တွေကတော့ "နိုင်ငံရေး" နဲ့ ပတ်သက် ဆက်နွယ် နေတယ် ဆိုပြီး စင်္ကာပူ အစိုးရက ခွဲခြား သတ်မှတ်ပိုင်ခွင့်လည်း ရှိလာစေပါတယ်။ ဆိုလိုတာကတော့ နိုင်ငံရေး အကျိုးအလို့ငှာ လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တိုင်းဟာ သူတို့ရဲ့ ဘဏ္ဍာငွေကြေးတွေ ဘယ်ကရလဲ၊ ဘယ်ကစီးစင်းလာလဲ ဆိုတာ အစိုးရက မေးလာပြီဆိုရင် ထုတ်ဖော်ပြောရမယ့် တာဝန် ဥပဒေအရ လိုအပ်လာပါတယ်။
"နိုင်ငံခြားသားတွေနဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုတဲ့ အင်မတန် ဝေဝါးလှတဲ့ စွပ်စွဲမှုမျိုးတွေ သုံးပြီး အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လွတ်လပ်တဲ့ သတင်း မီဒီယာတွေ၊ လူမှု အသိုင်းအဝိုင်းထဲ တသီးပုဂ္ဂလ တက်ကြွလှုပ်ရှားကြသူတွေ အပေါ် စင်္ကာပူ အစိုးရက အပြစ်ပေး အရေးယူနိုင်ခွင့် ပေးလိုက်တဲ့ ဥပဒေပဲ" ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့ HRW က အာရှရေးရာ လက်ထောက် အကြီးအကဲ ဖေးလ် ရောဘတ်ဆန်က ဝေဖန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်အစိုးရ အာဘော်ကို ထိန်းချုပ်လိုတဲ့ ဥပဒေဆိုတဲ့ ရှုထောင့်အမြင်
ဒီဥပဒေဟာ တရုတ်ပြည်မကြီး အစိုးရရဲ့ အာဘော်တွေ စင်္ကာပူ နိုင်ငံသားတွ အပေါ် လွှမ်းမိုးမှာကို ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက်မျိုးလဲ ရှိနေတယ်လို့ စင်္ကာပူက နာမည်ကြီး လီကွမ်းယုကျောင်းမှာ ပြည်သူ့ရေးရာ မူဝါဒပိုင်း မဟာတန်းတက်နေတဲ့ နိုင်ငံရေး သုတေသီ ကိုကြည်စင်က ဆိုပါတယ်။
"စင်္ကာပူမှာ တရုတ်အစိုးရရဲ့ ဝါဒဖြန့်မှုတွေ၊ အာဘော်တွေကို ထင်ဟပ်နေတဲ့ တရုတ်ဘာသာစကားနဲ့ ရေးထားတဲ့ သတင်းစာစာစောင် အများကြီး ရှိနေတယ်။ အဲဒီ အာဘော်တွေဟာ စင်္ကာပူ နိုင်ငံသား တချို့ အသိုင်းအဝိုင်းထဲ အတော်အတန် လွှမ်းမိုးတာမျိုး ရှိတယ်။
တရုတ်ပြည်မကြီး အစိုးရရဲ့ အာဘော်အမြင်တွေ ထိုးဖောက်မှုကြောင့် အခုနှစ်ပိုင်းတွေမှာ အနောက်နိုင်ငံတွေ အပေါ် အဆိုးမြင်တဲ့ အယူအဆတွေ တချို့တွေကြားမှာ တော်တော်လေး ရှိလာတာ တွေ့ရတယ်။ ဒါကို အနောက်အုပ်စုနဲ့ ပိုပြီး နီးစပ်တဲ့ စင်္ကာပူ အစိုးရက မလိုလားဘူး၊ ထိန်းချုပ်ချင်တယ်" လို့ ကိုကြည်စင်က ဆိုပါတယ်။
ကိုကြည်စင် ထောက်ပြတဲ့ တရုတ်ပြည်မကြီး အစိုးရရဲ့ ဩဇာလွှမ်းမှုကို ကာကွယ်ဖို့ ဒီ ဥပဒေမျိုး ပြဌာန်းတာ ဆိုတဲ့ အချက်ဟာ အလားတူ ဥပဒေမျိုး ရှိနေနှင့်တဲ့ ဩစတြးလျ နိုင်ငံမှာတော့ အတော်လေးပဲ အများသူငါ အပြောများတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဩစတြေးလျက ဥပဒေ
ဩစတြေးလျ ပါလီမန်က ၂၀၁၈ ဇွန်လနှောင်းပိုင်းမှာ နိုင်ငံခြား စွက်ဖက်မှုတွေကို တားဆီးနိုင်ရေး ရည်ရွယ်တဲ့ ဥပဒေသစ်တွေကို တစုတစည်းတည်း အတည်ပြု ပေးပါတယ်။
အဲဒီအချိန်က ဝန်ကြီးချုပ် မယ်လ်ကွမ် တန်းဘူးလ် ဦးဆောင်တဲ့ အစိုးရရဲ့ အကြံပြု တင်ပြချက်တွေ အောင်မြင်လာတာ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ထိုးဖောက်မှုကို ကာကွယ်နိုင်ဖို့ အဓိက ရည်ရွယ်ပြဌာန်းတာ ဖြစ်တယ် ဆိုတဲ့ အချက်ကို ဝန်ကြီးချုပ် တန်းဘူးလ် ဝန်မခံပေမယ့် ဘေဂျင်း အစိုးရနဲ့ကြား တင်းမာမှုတွေ ရှိနေတဲ့ ကာလမှာ ဒီဥပဒေထွက်လာတာ ဖြစ်ပါတယ်။
ဩစတြေးလျရဲ့ ဥပဒေတွေဟာ နိုင်ငံရေး အပါအဝင် ပြည်တွင်းရေး ကိစ္စတွေမှာ နိုင်ငံခြားရဲ့ ဩဇာလွှမ်း စွက်ဖက်မှုကို ကာကွယ်နိုင်မှုနဲ့ တိုင်းပြည်ထဲ နိုင်ငံရပ်ခြား တိုင်းပြည်တွေက သူလျှိုလုပ် ထောက်လှမ်းတာမျိုးကို တားဆီးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
"နိုင်ငံရေး ဖြစ်စဥ်တွေမှာ ဩဇာသက် လွှမ်းမိုးနိုင်ဖို့ နိုင်ငံရပ်ခြားရဲ့ ကြိုးစားမှုတွေဟာ တိုင်းပြည်ပြင်ပ ကနေရော အတွင်းထဲကနေပါ မကြုံစဖူး အတိုင်းအတာ ပမာဏမျိုး ရှိနေတာ ဖြစ်ပြီး၊ အဆင့်မြင့် နည်းပညာတွေ သုံးလာကြတယ်" လို့ ဝန်ကြီးချုပ် တန်းဘူးလ် ဆိုခဲ့ပါတယ်။
တရုတ်ရဲ့ ဩဇာလွှမ်းဖို့ ကြိုးစားမှုတွေ ရှိနေကြောင်း အစီရင်ခံမှုတွေ ရထားခဲ့တယ် ဆိုတဲ့ အထိ မစ္စတာတန်းဘူးလ်က နောက်ပိုင်း ဖွင့်ဟခဲ့ပါတယ်။ တရုတ်ပြည်မကြီး အစိုးရကတော့ အဲဒီ စွပ်စွဲမှုတွေ အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပြီး စစ်အေးခတ် စိတ်ထားတွေနဲ့ ဆို ဆက်ဆံရေး ပျက်လိမ့်မယ် ဆိုပြီး သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီ အတုယူတာ ရုရှားဆီကလား
လက်ရှိ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ဆက်ဆံရေး ပိုပြီး တိုးမြှင့် တည်ဆောက်နေတာ တွေ့နေရတဲ့ ရုရှားမှာလည်း ဖောရိန်းအေးဂျင့်/ နိုင်ငံခြားအေးဂျင့် (နိုင်ငံရပ်ခြားကို ကိုယ်စားပြုပြီး ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်နေသူ) တွေကို ကိုင်တွယ်ထိန်းချုပ်ရေး ဥပဒေဆိုတာ ရှိနေပြီး တဆင့်ပြီးတဆင့် ပြင်ဆင် ပြဌာန်း နေခဲ့ပါတယ်။
အဲဒီဥပဒေကို ၂၀၁၉ ကုန်ကာနီး "နိုင်ငံခြားအေးဂျင့် မီဒီယာဥပဒေ" အဖြစ် အသစ်ပြင်ဆင် ပြဌာန်းတဲ့ အခါ စာနယ်ဇင်းသမားတွေ၊ ဘလော့ဂါတွေကို နိုင်ငံခြား အေးဂျင့်တွေ အဖြစ် သတ်မှတ်ပြီး ကန့်သတ် ထိန်းချုပ်ဖို့၊ ဖိနှိပ်ဖို့ လုပ်ဆောင်ချက် အနေနဲ့ ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာ ခဲ့ပါတယ်။ အဓိက ဝေဖန်ကြသူတွေထဲ အီးယူ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OSCE တို့ ပါဝင်ပါတယ်။
ရုရှားရဲ့ နိုင်ငံခြား အေးဂျင့် ဆိုတဲ့ စကားလုံး ဝေါဟာရ ကိုယ်၌ ဆိုဗီယက်ခေတ်တုန်းက နိုင်ငံရေး အတိုက်အခံတွေ အပေါ် ဖိနှိပ်ရာမှာ သုံးစွဲခဲ့တဲ့ စကားလုံး ဖြစ်တယ်ဆိုပြီး ထောက်ပြကြပါတယ်။
မီဒီယာသမားတွေကို ဖောရိန်းအေးဂျင့်တွေ အဖြစ် သတ်မှတ်တာကြောင့် သူတို့ရဲ့ ဝင်ငွေလမ်းကြောင်း၊ ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်တွေကို ရုရှား အစိုးရထံ ကြေညာ ဖွင့်ဟဖို့ လိုအပ်လာပါတယ်။
ဒီ ဖောရိန်းအေးဂျင့် ဥပဒေ ဆိုပြီး ထားရှိလာရတာဟာ အမေရိကန်ရဲ့ အပြုအမူကို တုံ့ပြန်ဖို့ ဖြစ်တယ်လို့ ရုရှားက တန်ပြန် ပြောဆိုပါတယ်။ အမေရိကန်မှာ ရုရှား ကရင်မလင် အစိုးရ ကျောထောက်နောက်ခံပြု RT ရုပ်သံဌာနကို ဖောရိန်းအေးဂျင့် အဖြစ် မှတ်ပုံတင်ခိုင်းခဲ့တဲ့ ဖြစ်ရပ်အပေါ် ရုရှားက ရည်ညွှန်းတာ ဖြစ်ပါတယ်။
ရုရှားရဲ့ ဖောရိန်းအေးဂျင့်လောဟာ နိုင်ငံခြားက ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့မှု ရနေတဲ့ ပရဟိတ အဖွဲ့တွေ၊ NGO တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံး ရုရှားထဲ နိုင်ငံရေး ဖြစ်စဥ်တွေထဲ ပါဝင်နေတယ် ဆိုရင် ရုရှား အစိုးရထံမှာ ဖောရိန်းအေးဂျင့်တွေ အဖြစ် မှတ်ပုံတင်ခိုင်းတာ ဖြစ်ပါတယ်။
နိုင်ငံခြားမစွက်ဖက်ရေး ဥပဒေမှာ ဘာတွေ ပါလာနိုင်သလဲ
စစ်ကောင်စီက ပြဌာန်းဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ နိုင်ငံခြားမစွက်ဖက်ရေး ဥပဒေမှာ အဓိက ဘယ်အချက်တွေ ပါဝင်လာနိုင်လဲ ဆိုတာ အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံအသီးသီးက ဥပမာတွေနဲ့ နှိုင်းယှဥ်ရင် .....
၁။ နိုင်ငံခြား အထောက်အပံ့ရနေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေထဲက ဘယ်သူတွေ ဘယ် အဖွဲ့တွေကတော့ဖြင့် နိုင်ငံရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေထဲ ပါဝင်နေတယ်လို့ အစိုးရက သတ်မှတ်ခွင့် ရှိပါတယ်။
၂။ သတ်မှတ်ခံရတဲ့ သူတွေ၊ အဖွဲ့တွေဟာ ဖောရိန်းအေးဂျင့်တွေ အဖြစ် မှတ်ပုံတင်ရပါမယ်။ ငွေရရာလမ်းကြောင်းနဲ့ ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်တွေကို ကြေညာဖွင့်ဟ ရပါမယ်။
၃။ ဒီလို ထိန်းချုပ် ခံရနိုင်တဲ့ အဖွဲ့တွေထဲ လူမှုရေး အဖွဲ့၊ ပရဟိတအဖွဲ့၊ ဖောင်ဒေးရှင်း အမျိုးမျိုး စတဲ့ အရပ်ဘက် အဖွဲ့တွေ၊ မီဒီယာတွေ ပါဝင်ပါတယ်။
၄။ အင်တာနက် ကန့်သတ်ထိန်းချုပ်မှုတွေ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်း အချက်အလက်တွေကို အစိုးရက ရယူပိုင်ခွင့်တွေ၊ အစိုးရမနှစ်သက်တဲ့ အကြောင်းအရာ အချက်အလက်တွေကို ပိတ်ဆို့တာမျိုးတွေကို တရားဝင် လုပ်ဆောင်ခွင့် ရလာနိုင်ပါတယ်။
အခုလို နိုင်ငံရပ်ခြား စွက်ဖက်မှု တားဆီးရေး ဆိုတဲ့ ခေါင်းစဥ်အောက် ဥပဒေ အသွင်ကို ပြဌာန်း ထိန်းချုပ်နေတဲ့ နိုင်ငံတွေကို ကြည့်ရင် နိုင်ငံရေး နောက်ခံ အမျိုးမျိုး ၊ ပုံစံ အမျိုးမျိုး ရှိကြပါတယ်။
တူညီတာကတော့ ဥပဒေကို အသုံးချပြီး ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ခွင့် အာဏာပိုင်တွေ အနေနဲ့ တရားဝင် ရရှိသွားတယ် ဆိုတဲ့ ဝေဖန်မှုတွေကတော့ အဲဒီ ဥပဒေမျိုး ရှိနေတဲ့ နိုင်ငံတိုင်းမှာ ရှိနေတာပဲ ဖြစ်ပါတယ်။









