အာဆီယံ ဥက္ကဌသစ် ဖြစ်လာမယ့် ကမ္ဘောဒီးယားက မြန်မာအရေး ဘယ်လို သဘောထား ရှိနေလဲ

ဒေါက်တာ ကောင်ကင်မ်ဟွန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ နိုင်ငံခြားရေး အဓိက အကြံပေး ကောင်ကင်မ်ဟွန်း

မြန်မာ့အရေး အဖြေရှာနိုင်ဖို့ရာ အာဆီယံ အနေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံတာမျိုးတွေ လုပ်ဆောင် သွားသင့်တယ် ဆိုပြီး ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေး ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကောင်ကင်မ်ဟွန်း Kao Kim Hourn က ပြောလာပါတယ်။

"မြန်မာ့အကျပ်အတည်းနဲ့ အာဆီယံ အနာဂတ်" ဆိုတဲ့ ခေါင်းစဥ်အောက် နိုဝင်ဘာ ၉ ရက် ၂၀၂၁၊ အင်္ဂါနေ့တုန်းက အွန်လိုင်း ဗီဒီယိုကနေ တဆင့် ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးနဲ့ အာဆီယံ ရေးရာ ကိစ္စတွေမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ အဓိက အကြံပေး ဖြစ်တဲ့ ဒေါက်တာ ကောင်ကင်မ်ဟွန်းက ပြောတာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ အာဆီယံ ဒေသတွင်း နိုင်ငံတွေက နိုင်ငံခြားရေး ထိပ်တန်း တာဝန်ရှိသူ တချို့လည်း ရှိနေခဲ့ကြပြီး မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေး (CSIS) အင်ဒိုနီးရှားက ကမကထလုပ် ကျင်းပတဲ့ ပွဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဟာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ နိုင်ငံ အဖြစ် ဘရူနိုင်းထံကနေ ရှေ့လာမယ့်နှစ် ၂၀၂၂ မှာ လွှဲပြောင်း ရယူမှာ ဖြစ်ပြီး၊ မြန်မာအရေး အာဆီယံ အထူးသံတမန် အသစ်တစ်ယောက်ကိုလည်း ကမ္ဘောဒီးယားက ခန့်အပ် လာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ထားကြပါတယ်။

မြန်မာနဲ့ကြား အပြုသဘော ဆက်ဆံ သင့်တယ် ဆိုပြီး ပြောလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနဲ့ကြား အပြုသဘော ဆက်ဆံ သင့်တယ် ဆိုပြီး ပြောလာ

မြန်မာဆိုင်ရာ အာဆီယံ အထူးသံ ဖြစ်လာမယ့်သူလား ....

CSIS အင်ဒိုနီးရှား ပွဲမှာ ကမ္ဘောဒီးယားကို ကိုယ်စားပြု ပါဝင်ခဲ့သူ ဒေါက်တာ ကောင်ကင်မ်ဟွန်းဟာ ပြင်သစ် ရာထူး အခေါ်အဝေါ် Minister Delegate လို့ ခေါ်တဲ့ ဝန်ကြီးချုပ်ရဲ့ အကြံပေး အငယ်တန်းဝန်ကြီး နေရာကို ရယူထားသူ ဖြစ်ပြီး၊ နိုင်ငံခြားရေးနဲ့ အာဆီယံ ရေးရာ ကိစ္စတွေကို တာဝန်ယူ ထားသူ ဖြစ်ပါတယ်။

တကယ်လို့ ကမ္ဘောဒီးယားဘက်က ကြိုတင် အရိပ်အမြွတ် ပြောထားသလို သူတို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်လာတဲ့ အခါ မြန်မာဆိုင်ရာ အထူးသံကို အသစ်ခန့်မယ် ဆိုရင် အဲဒီ နေရာမှာ ဖြစ်လာနိုင်သူတွေထဲ ဒေါက်တာ ကောင်ကင်မ်ဟွန်း ထိပ်ဆုံးက ပါဝင်တယ် ဆိုပြီး အာဆီယံ သံတမန် အသိုင်းအဝိုင်းထဲ ထင်ကြေးပေးမှုတွေ ရှိပါတယ်။

အခု ဒေါက်တာ ကောင်ကင်မ်ဟွန်းက စစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်မယ်လို့ တိုက်ရိုက် မပြောပေမယ့်၊ မြန်မာနဲ့ကြား အပြုသဘော ဆက်ဆံသင့်တယ် ဆိုပြီး ပြောလာတာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံထဲ ဖြစ်ပျက်နေတာတွေကို လျော့ပြီး တွက်ဆလို့ မဖြစ်နိုင်ပါဘူး။ အင်မတန် ရှုပ်ထွေးလှပါတယ်။ ဒီလို အခြေအနေမှာ အတင်းအကျပ် ဇွတ်တွန်းတာမျိုး မလုပ်သင့်ဘူး။

ကျွန်တော်တို့ အနေနဲ့ ဒိုင်ယာလော့ လုပ်ကြဖို့ (ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့) လိုပါတယ်။ အခုအချိန် အဓိက အာရုံစိုက်သင့်တဲ့ အရာတစ်ခုက မြန်မာပြည်သူတွေ လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ရေး ဖြစ်ပါတယ်။ အဲဒီလို အကူအညီတွေ ပေးနိုင်ဖို့ ဆိုရင် ဆက်သွယ် ဆက်ဆံမှု မရှိပဲ ဘယ်လိုလုပ် ပြုလုပ်နိုင်မလဲ" လို့ ဒေါက်တာ ကောင်ကင်မ်ဟွန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့လ အောက်တိုဘာလနှောင်းပိုင်း ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ပါဝင်ခွင့် မပြုပဲ ချန်ထားရစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီးလို့တော့ ဒေါက်တာ ကောင်ကင်မ်ဟွန်းက "အဲဒါက မြန်မာကို အာဆီယံက ပစ်ပယ်တာ ထုတ်ပယ်တာ မဟုတ်ဘူး။ မြန်မာကိုယ်၌ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုရဲ့ တာဝန် ဝတ္တရားတွေကို စွန့်ပယ်တဲ့ အတွက် ဖြစ်ရတာ" လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, ရွေးကောက်ပွဲရလဒ် ယုံကြည်ရတယ်လို့ နိုင်ငံတကာဆို

အာဆီယံ ထိပ်သီးညီလာခံ ကျင်းပနေတဲ့ ကာလမှာ ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေး ဝန်ကြီး ပရပ် ဆိုခွန်း Prak Sokhonn ကတော့ မြန်မာ အရေး အာဆီယံ ဘုံသဘောတူမှု ၅ ချက် အကောင်အထည် ပေါ်လာဖို့ရာ အာဏာသိမ်း စစ်ကောင်စီ အပေါ် ဖိအားတွေ ဆက်ပေးမယ် ဆိုတဲ့ သဘောထားကို မီဒီယာထက် ပြောခဲ့တာမျိုး ရှိပါတယ်။

အခု မြန်မာ့အရေးနဲ့ အာဆီယံ အနာဂတ် ဆွေးနွေးပွဲမှာတော့ မြန်မာအရေး အာဆီယံ သံတမန် နေရာကို ရောက်လာဖို့ အလားအလာ ရှိသူတစ်ယောက်ဖြစ်ပြီး ကမ္ဘောဒီးယား နိုင်ငံခြားရေး မူဝါဒ အပေါ်မှာလည်း လွှမ်းမိုးနိုင်သူ တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ကောင်ကင်မ်ဟွန်းက ပိုမို ပျော့ပြောင်းတဲ့ သဘောထားကို ပြသနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ကြား အပြုသဘောဆောင် ထိတွေ့ ဆက်ဆံမှု တည်ဆောက်ခြင်း အားဖြင့် လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ရေး ဆိုတဲ့ ဘက်ကို ဒေါက်တာ ကောင်ကင်မ်ဟွန်း အလေးထား ပြောတာကို တွေ့ရပါတယ်။

အခုချိန်ထိတော့ တူညီဆန္ဒ ၅ ရပ် အကောင်အထည် ဖော်နိုင်ရေး နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က လုံလောက်တဲ့ တုံ့ပြန်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေ မရှိသေးသလို၊ နိုင်ငံတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ရာလည်း အားထုတ်မှု မရှိသေးဘူး ဆိုတဲ့ အချက်တွေကို သူလည်း တွေ့မြင် သတိပြုမိတယ်လို့ ဒေါက်တာ ကောင်ကင်မ်ဟွန်းက ဆိုပါတယ်။

နိုင်ငံတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ရာ အားထုတ်မှု မရှိသေးဘူးလို့ ဝေဖန်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ရာ အားထုတ်မှု မရှိသေးဘူးလို့ ဝေဖန်နေ

အခု ပြုလုပ်သွားတဲ့ CSIS အင်ဒိုနီးရှား ပွဲမှာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး စိုက်ရာ လည်းဖြစ်၊ တူညီဆန္ဒ ၅ ချက် ထွက်လာအောင် အဓိက ဆော်ဩဦးဆောင်ခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံက အာဆီယံရေးရာ သံအမတ် အဒီ ပါ့ဒ်မို ဆာဝိုနိုလည်း ရှိနေခဲ့ပါတယ်။

"အာဆီယံ ဆိုတာ မိသားစု အသိုင်းအဝိုင်းကြီး ဖြစ်ပြီး၊ မြန်မာအရေး ကျန်သူတွေ လုပ်ဆောင်နေတာဟာ မိသားစုဝင် တစ်ဦးကို ကျန်မိသားစုဝင်တွေက ကူညီဖို့ ကြိုးစား နေကြတာသာ ဖြစ်တယ်။ ဒါပေမယ့် တစ်ဦးက လက်ကမ်းပေးတာကို တစ်ဦးက လှမ်းမယူလိုဘူး ဆိုရင်တော့ ပြေလည်ရာ ပြေလည်ကြောင်းတွေ ဖွေရှာတဲ့ နေရာမှာ အတော်ခက်လိမ့်မယ်" လို့ မစ္စတာ ဆဝိုနိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာကို ကိုယ်စားပြုသူ မပါဝင်ခဲ့တာ မှန်ပေမယ့် အာဆီယံ အနေနဲ့ မြန်မာပြည်နဲ့ကြား ဆက်လက်ပြီး ထိတွေ့ ဆက်ဆံဖို့ အဆင်သင့်ပါပဲ ဆိုပြီးတော့လည်း အာဆီယံ ဆိုင်ရာ အင်ဒို သံအမတ် မစ္စတာ ဆဝိုနိုက ပြောပါတယ်။

CSIS အင်ဒိုနီးရှားပွဲဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗြိတိန်ရဲ့ ဦးဆောင် ခေါ်ယူမှုနဲ့ မြန်မာအရေး တံခါးပိတ် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ အပြီး နောက်တစ်ရက်မှာ ကျင်းပလာတာ ဖြစ်ပါတယ်။

NUG ရဲ့ လုံခြုံရေးကောင်စီထံ တောင်းဆိုချက်

လုံခြုံရေးကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံ ထဲက လက်ရှိ အခြေအနေတွေနဲ့ အာဆီယံ ဘုံသဘောထား ၅ ချက် အကောင်အထည် မဖော်နိုင် ဖြစ်နေရတဲ့ အကြောင်း မြန်မာဆိုင်ရာ လက်ရှိ အာဆီယံ အထူးသံတမန် အီရာဝန် ယူဆွဖ်က ရှင်းပြခဲ့ပါတယ်။

အဲဒီ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပေးပို့တဲ့ သဝဏ်လွှာ ဆိုပြီး NUG က ထုတ်ပြန် လာတာမှာ မြန်မာနိုင်ငံထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ရှေ့နေထံကို လုံခြုံရေးကောင်စီက လွှဲပေးဖို့၊ NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုဖို့၊ အာဏာသိမ်း စစ်တပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာနိုင်ရန် လုပ်ငန်းစဥ်တွေ စတင်ဖို့ စတဲ့ အချက်တွေ တောင်းဆိုထားတာ တွေ့ရပါတယ်။