ဟွန်ဆန်ရဲ့ ချဥ်းကပ်ပုံဟာ ထိတွေ့ဆက်ဆံရေး လမ်းပွင့်စေမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝေဖန်မှုတွေ ရှိနေတဲ့ ကြားကပဲ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ မြန်မာပြည်ကို သွားမယ့် အကြောင်း ထပ်လောင်း အတည်ပြု ပြောဆိုပါတယ်။
ဇန်နဝါရီလ ၇ ရက်က စတင်ပြီး ၂ ရက်ကြာသွားရောက်မယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွက် ကြိုတင် သတ်မှတ်ချက်တွေ ပြုလုပ်မထားသလို၊ အဲဒီခရီးစဉ်ဟာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့လည်း နီးစပ်မှုရှိတယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုပါတယ်။
ဇန်နဝါရီလ ၇ ရက် မနက်ပိုင်းမှာ ကမ္ဘောဒီယားနိုင်ငံကနေ မြန်မာကို ထွက်ခွါပြီး ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်းမှာ ပြန်လာမယ်လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ရလဒ် ထွက်လာမယ် ဆိုရင် သူ့ရဲ့အပြန်ခရီးစဉ်ကို ရက်ရွှေ့မယ်လို့လည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။
ကောင်းမွန်တဲ့ ရလဒ်ဆိုတာ ဘာကို ဆိုလိုတာလဲ၊ ဒေါ်အောင်ဆန်းစုကြည်လို အဖမ်းဆီး ခံထားရတဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမှာကို ဆိုလိုတာလား ဆိုတာတော့ ရှင်းရှင်းလင်း မသိရပါဘူး။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ အခု မြန်မာပြည် ခရီးစဥ်မှာ မြန်မာအရေး အာဆီယံ အထူးကိုယ်စားလှယ် အဖြစ် သူခန့်ထားတဲ့ သူ့ရဲ့ လက်ထောက် ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ ပရတ် ဆော့ခွန်းကိုပါ အတူ ခေါ် သွားမယ်လို့ နားလည်ရပါတယ်။
အခုလို ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခြေလှမ်းတွေ အပေါ် ဘယ်လို သုံးသပ်နိုင်လဲ၊ သူ့ရဲ့ ချဥ်းကပ်မှုတွေက မြန်မာ့ အကျပ်အတည်း ပြေလည် စေနိုင်မှာလား ဆိုတာကို လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ ဥက္ကဋ္ဌ၊ ဝါရင့် မလေးရှား ပါလီမန် အမတ် ချားလ်စ်စင်တီယာဂိုကို ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
ဘီဘီစီ။ ။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ကမ္ဘောဒီးယား တာဝန်ယူလာရပြီ ဆိုရင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံ နေရာမှာ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ပရတ် ဆော့ခွန် Prak Sokhonn ကို ခန့်အပ်မယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောလာပြီ ဖြစ်ပါတယ်။ ဒီတော့ ပရတ်ဆော့ခွန် အကြောင်း ဘာတွေ သိထားရပါလဲ ချားလ်စ် ရေ ...။ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာ့အရေး ကြားဝင် ဖြေရှင်း နိုင်ဖို့ရာ ဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အတွေ့အကြုံမျိုး ရှိထားသူလားဗျ။
ချားလ်စ် စင်တီယာဂို ။ ။ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ဘယ်လို ဘယ်ပုံ အလုပ် လုပ်ကိုင်ကြသလဲ ဆိုတာကို သိထားသူ တစ်ယောက် အနေနဲ့ ပြောရရင် သူတို့လည်း ဘရူနိုင်း ဘယ်လိုတွေ့ကြုံ ခဲ့ရသလဲ ... အဲ့သလို အလားတူ တွေ့ကြုံ ရမှာပဲလို့ ပြောချင်ပါတယ်။
လက်ရှိ ဘရူနိုင်းရော၊ အခု ဖြစ်လာတော့မယ့် ကမ္ဘောဒီးယားမှာပါ ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ စီမံ ခန့်ခွဲနိုင်လောက်တဲ့ အရည်အသွေးနဲ့ အတွေ့အကြုံတွေ ရှိမနေ ကြပါဘူး။
မြန်မာအရေးကို ကမကထလုပ် ဖြေရှင်းဖို့ ဆိုတာ ဗျူဟာမြောက် စီမံနိုင်ရမယ်၊ လိုရာလမ်းကြောင်းကို ပုံဖော်နိုင်ရမယ် ... ပြောရရင်တော့ အင်မတန် smart ဖြစ်ဖို့၊ လိမ္မာပါးနပ်ဖို့ လိုပါတယ်။
ဒီတော့ ခင်ဗျားရဲ့ မေးခွန်းကို တည့်တည့် ဖြေရရင်တော့ ... ဒီတာဝန်ကို ယူဖို့ရာ ကမ္ဘောဒီးယား အနေနဲ့ အတော်လေး မလွယ်လှပါဘူး။ ကမ္ဘောဒီးယားဟာ နိုင်ငံခြားရေး ဌာနနဲ့ ပတ်သက်ပြီး အစိုးရ ဘတ်ဂျက်ကိုတောင် သိပ်သုံးတဲ့ နိုင်ငံမျိုး မဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျွန်တော် ပြောခဲ့သလို သူတို့မှာ လုံလောက်တဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ ရှိမနေတဲ့ အပြင် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေနဲ့ ဒီမိုကရေစီ မဆန်တဲ့ မူဝါဒတွေကြောင့် ကိုယ်တိုင် အဝေဖန် ခံနေကြရသူတွေ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့နေရာမှာ ဆက်ခံဖို့ သူ့သားကို ရွေးချယ်လိုက်တယ် ဆိုတာမျိုးက မြင်သာထင်သာ အရှိဆုံး ဖြစ်မယ် ထင်ပါတယ်။
အခု ဝန်ကြီးချုပ် ဟွန်ဆန်က သူ မြန်မာပြည်ကို သွားမယ်၊ စစ်ခေါင်းဆောင်နဲ့ တွေ့မယ်၊ မြန်မာဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်ခုပဲလို့ ဆိုပါတယ်။ မြန်မာရဲ့ အာဆီယံ အဖွဲ့ဝင် ဖြစ်ခြင်း အပေါ် ဘယ်သူမှ မေးခွန်း မထုတ်ပါဘူး။
မေးခွန်းထုတ်ရာမှာက ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ရည်ရွယ်ချက်ကို ဖြစ်ပါတယ်။ အာဆီယံ သဘောတူမှု ၅ ချက်နဲ့ ပတ်သက်ပြီး တိုးတက်မှု မရှိ ဖြစ်နေချိန်၊ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခြေလှမ်းတွေကြောင့် မြန်မာ အာဏာသိမ်း စစ်တပ် ပိုပြီး အချိန်ဆွဲခွင့် ရသွားမှာကို ကျွန်တော် စိုးရိမ်ပါတယ်။
ဘီဘီစီ။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ လုပ်ခဲ့ချိန်မှာ၊ အခု မြန်မာ အထူးသံ ဖြစ်လာမယ် ဆိုတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ပရတ် ဆော့ခွန် ပြောခဲ့တာတွေ ရှိပါတယ်။ အာဆီယံ သဘောတူမှု ၅ ချက် အကောင်အထည် ဖော်ရေးမှာ ပူးပေါင်း ဆောင်ရွက်မှု မရှိလို့ မြန်မာ စစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲမှာ ပါဝင်ခွင့် မပေးတာကို ကမ္ဘောဒီးယားကလည်း သဘောတူခဲ့တယ်လို့ ပရတ် ဆော့ခွန်က ပြောခဲ့ပါတယ်။ အခု ကမ္ဘောဒီးယားက အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်လာတော့မယ့် အချိန်၊ မြန်မာ အရေးအပေါ်၊ မြန်မာစစ်ခေါင်းဆောင် အပေါ် ကမ္ဘောဒီးယားရဲ့ ရှုမြင်ပုံ ... ချဥ်းကပ်ပုံတွေ ဘာဖြစ်လို့ ပြောင်းလဲ သွားတယ်လို့ သုံးသပ်နိုင်လဲ ချားလ်စ်ရေ ...။
ချားလ်စ် စင်တီယာဂို ။ ။ ကမ္ဘောဒီးယားရဲ့ ရပ်တည်မှု ဘာလဲ ဆိုတာ ကျွန်တော့် အနေနဲ့တော့ အတော်လေး ရှင်းရှင်းလင်းလင်း မြင်ထားနှင့်ပြီး ဖြစ်ပါတယ်။ ၂၀၁၇ ဝန်းကျင်မှာ ဝန်ကြီးချုပ် ဟွန်ဆန်ဆီက မြန်မာ အရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေ ရှိပါတယ်။ အဲဒီ အချိန်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေပါ။ ရိုဟင်ဂျာတွေ အသတ်အဖြတ် ခံရတဲ့ ကိစ္စမှာ ဝန်ကြီးချု ဟွန်ဆန်ရဲ့ ရပ်တည်မှုက အဲ့ဒါ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ဖြစ်တယ်လို့ ဆိုထားသူ ဖြစ်ပါတယ်။ ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံ ပြည်တွင်းရေး ဖြစ်လို့ ဝင်မပါသင့်ဘူးလို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောခဲ့ပါတယ်။
ခင်ဗျား စဥ်းစားကြည့်ပါ။ အမှား အမှန်ကို ပိုင်းခြားနိုင်စွမ်းတဲ့၊ လူ့ကျင့်ဝတ် ... စာရိတ္တ ကျင့်ဝတ်တို့ အပေါ် တန်ဖိုးထားတဲ့ တိုင်းပြည် ခေါင်းဆောင် ဆိုရင် ကိုယ့်ရဲ့ ဒေသတွင်းမှာ အစိုးရတစ်ရပ်ရပ်က သူတို့ရဲ့ နိုင်ငံသားတွေ အပေါ် ပြန်လည် တိုက်ခိုက် သတ်ဖြတ်နေတာကို အလိုက်သင့် လက်သင့်ခံ နေမှာ မဟုတ်ပါဘူး။ အကျူးလွန် ခံနေရသူတွေ ဘက်က ရပ်တည်ပြီး ပြောဆိုမှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအရေးဟာ ပြည်တွင်းရေး ဖြစ်တယ်၊ ဝင်မစွက်ကြနဲ့ လို့ ပြောတာဟာ အကြောင်းရှိတယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။ ကမ္ဘာဒီးယား အရေးတွေကိုလည်း ဝင်မစွက်ကြနဲ့လို့ သူ့ရဲ့ ရပ်တည်မှုကို ဖော်ပြနေတာပါ။
"What's good for the goose is good for the gander" ... ဘဲငန်းအမတွက် ကောင်းမယ်ဆိုရင် ဘဲငန်းအထီးအတွက်လည်း ကောင်းမှာပဲ ဆိုတဲ့ ဆိုရိုးလည်း ရှိတယ် မဟုတ်လား။ အဓိပ္ပာယ်က မြန်မာ စစ်ခေါင်းဆောင်ကို ကာကွယ်တာဟာ သူ့ ကိုယ်သူ အတွက်လည်း ဝန်ကြီးချုပ် ဟွန်ဆန်က ကာကွယ်နေတာ ဖြစ်ပါတယ်။
တကယ်ပဲ ဝန်ကြီးချူပ် ဟွန်ဆန်ဟာ အာဆီယံရဲ့ ဘုံ သဘောထားတွေ ထက်မက၊ သူ့ရဲ့ ကိုယ်ပိုင် နိုင်ငံရေး အကျိုးအမြတ် အဂျဲန်တာ agenda အပေါ် မူတည်ပြီး၊ မြန်မာ စစ်ခေါင်းဆောင်နဲ့ကြား ဆက်ဆံရေးကို တည်ဆောက်ဖို့ လုပ်လာမယ် ဆိုရင် အာဆီယံ အဖွဲ့အတွင်းမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
မြန်မာ အရေး အာဆီယံ ဘုံသဘောတူမှုတွေ အကောင်အထည် ဖော်ရေး ပိုပြီး အလှမ်းဝေးသွား ပါလိမ့်မယ်။ အဓိပ္ပာယ်က မြန်မာနိုင်ငံထဲမှာ လူတွေ ပစ်ခတ် သတ်ဖြတ် ခံနေရတာတွေ၊ ဖမ်းဆီးခံနေရတာတွေ၊ အိုးအိမ်တွေကနေ စွန့်ခွာ ထွက်ပြေး နေကြရတာတွေကို ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ အတော်လေး စိုးရိမ်ဖို့ ကောင်းနေပါတယ်။ မြန်မာပြည်သူတွေ အတွက် ဆုံးရှုံးနစ်နာမှုက ကြီးမားပါလိမ့်မယ်။ ဒေသတွင်း ခေါင်းဆောင်တွေ အနေနဲ့ လုပ်ရမှာက ပြည်သူပြည်သားတွေရဲ့ အသံကို နားထောင်ဖို့က အဓိကပါပဲ။

ဓာတ်ပုံ ရင်းမြစ်, APHR
ဘီဘီစီ။ ဒီတော့ ချားလ်စ်ရေ ... ပြီးခဲ့တဲ့ အောက်တိုဘာ နှောင်းပိုင်း အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကတည်းက စပြီး၊ နိုင်ငံခေါင်းဆောင်တွေ အစိုးရ ခေါင်းဆောင်တွေ အဆင့် တွေ့ဆုံပွဲတွေမှာ မြန်မာကို နိုင်ငံရေး အရ ကိုယ်စားပြုခွင့် မပေးပဲ ဖြစ်နေခဲ့တဲ့ အခြေအနေဟာ ... အခု ကမ္ဘောဒီးယား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့ အခါ ပြောင်းလဲ သွားမယ်လို့ တွက်ဆနိုင်လားဗျ ... ။
ချားလ်စ် စင်တီယာဂို ။ ။ ခင်ဗျားပြောသလိုပဲ ဖြစ်လာဖို့ ဝန်ကြီးချုပ် ဟွန်ဆန်က ရည်ရွယ် ကြံဆထားပုံ ရပါတယ်။ ထုတ်လည်း ပြောထားပါတယ်။ မြန်မာဟာ အာဆီယံ မိသားစုဝင် ဖြစ်တဲ့ အတွက် မိသားစုဝင်တိုင်း ပါဝင်ခွင့် ရှိရမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ဆိုထားပါတယ်။ အဆင့်မြင့် အစည်းအဝေးတွေမှာ မြန်မာလည်း အားလုံးနဲ့ တန်းတူ နိုင်ငံရေး အရ ကိုယ်စားပြုခွင့် ရှိရမယ် ... ဆိုလိုတာက မြန်မာ စစ်ခေါင်းဆာင်လည်း ပါဝင်နိုင်ရမယ်လို့ ပြောနေတာပါ။ ဒီတော့ မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေမှာ ပြန်ဆွဲသွင်းဖို့ ဝန်ကြီးချုပ် ဟွန်ဆန်မှာ ရည်ရွယ်ထားပါတယ်။
ဘုံသဘောတူမှု ၅ ချက် မှာ တိုးတက်မှု မရဘဲ၊ ဘုံသဘောတူမှု ၅ ချက် အတိုင်း လုပ်ငန်းစဥ်တွေကို အကောင်အထည် မဖော်ဘဲနဲ့ ဘာမှ ဖြစ်မနေသလိုမျိုး စစ်ခေါင်းဆောင်ကို အခွင့်အရေးတွေ ပေးမယ် ဆိုရင်တော့ ဒါဟာ သဘောတူမှု ၅ ချက်ကို ဖျက်ပစ်တာနဲ့ အတူတူပါပဲ။ သဘောတူမှု ၅ ချက်ရဲ့ နိဂုံးပဲ လို့ ကျွန်တော် ပြောချင်ပါတယ်။
ဘီဘီစီ။ ။ ဝေဖန်သူတော်တော်များများက ပြောလာကြတာ ရှိပါတယ်။ ကမ္ဘောဒီးယားဟာ တရုတ်ရဲ့ ပရောက်ဇီ proxy ကိုယ်စားလှယ်ပဲ လို့ ဆိုကြပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်ပြီး အခု ကမ္ဘောဒီးယား ဖော်ဆောင်မယ်လို့ ပြောတဲ့ မြန်မာ စစ်ခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဟာ တရုတ် ပြည်မကြီး အစိုးရ ဖြစ်လိုတဲ့ လမ်းကြောင်းပဲ ဆိုတဲ့ ရှုထောင့် အမြင်မျိုး ဖြစ်ပါတယ်။ ချားလ်စ်ရော အဲဒါကို သဘောတူပါသလား။
ချားလ်စ် စင်တီယာဂို ။ ။ အဲဒီလို ပြောဆိုမှုတွေ ရှိနေတာကတော့ သေချာပါတယ်။ မြန်မာ စစ်ခေါင်းဆောင်နဲ့ ဆက်ဆံရေး တည်ဆောက်မယ် ဆိုတဲ့နည်းလမ်းဟာ ဝန်ကြီးချုပ် ဟွန်ဆန် အနေနဲ့ သူ့ရဲ့ ကမ္ဘာဒီးယား အစိုးရ အဖွဲ့ကို အသုံးချပြီး တရုတ်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ဖို့ ဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိပါတယ်။
အဲဒါ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူကိုယ်တိုင် ကတိကဝတ် ပြုထားတဲ့ ဘုံ သဘောထား ၅ ချက် ရဲ့ အပြင်ကနေ လုပ်ဆောင်လာမှာကို ကျွန်တော် တော်တော်လေး စိုးရိမ်ပါတယ်။ အဲဒါဆိုရင်တော့ ဟွန်ဆန် အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် အာဆီယံကို ဦးဆောင်မှုဟာ မသေချာ မရေရာမှုတွေ၊ ဒွိဟပွားစရာတွေနဲ့ အတော်လေး ရှုပ်ထွေးသွားပါလိမ့်မယ်။
သူဟာ ကမ္ဘောဒီးယားရဲ့ ဝန်ကြီးချုပ် အနေနဲ့ မြန်မာနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို သူ့ရဲ့ စိတ်ကြိုက် ပုံဖော်ခွင့် ရှိတယ် ဆိုဦး ... အဲဒီ ၂ နိုင်ငံ ဆက်ဆံရေးဟာ အာဆီယံရဲ့ ဘုံသဘောထား ၅ ချက် ဆိုတဲ့ လမ်းကြောင်းကို မထိခိုက်ဖို့ လိုပါတယ်။
မြန်မာအရေး အာဆီယံ ဘုံ သဘောထား ၅ ချက် ဆိုတာကို နိုင်ငံတကာကလည်း အသိအမှတ်ပြု ထောက်ခံ နေတာဟာ ဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရေး တို့လို ကောင်းမွန်တဲ့ အခြေခံမူတွေ အပေါ် ရပ်တည်နေတဲ့ အတွက် ဖြစ်ပါတယ်။
ဒီတော့ ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာပြည်ကို သွားပြီး စစ်ခေါင်းဆာင်ကို သွားတွေ့မယ် ဆိုရင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် အနေနဲ့ သွားမှာလား၊ အာဆီယံ ရဲ့ ကိုယ်စားသွားပြီး အာဆီယံ ဘုံသဘောထားတွေ ဖော်ဆောင်ရေး ကိစ္စ ပြောမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း ရှိဖို့ လိုအပ်လှပါတယ်။
ဘီဘီစီ။ ။ ချားလ်စ်ရေ ... အာဆီယံ အဖွဲ့ရဲ့ ပဋိညာဥ်ဖြစ်တဲ့ အာဆီယံ ချာတာထဲမှာ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနဲ့ ပတ်သက်ပြီး တိတိကျကျ ခိုင်ခိုင်မာမာ ပြောထားတာမျိုး ရှိလား။ အလှည့်ကျ ဥက္ကဋ္ဌ နေရာက ဘယ်လောက် လုပ်ပိုင်ခွင့် ပါဝါမျိုးတွေ ရှိလဲ။ အာဆီယံရဲ့ အခြေခံမူက ကိစ္စတစ်ခုခု ဆုံးဖြတ်မယ်ဆိုရင် အားလုံးရဲ့ ဘုံသဘောထား "တူညီဆန္ဒ" ဖြစ်ဖို့ လိုမယ်လို့ ကျွန်တော် နားလည် ထားပါတယ်။ ဒီတော့ .... အကြောင်းချင်းရာ ကိစ္စ တစ်ခုခုကို အလှည့်ကျ ဥက္ကဋ္ဌက ကမကထလုပ် ဦးဆောင်တဲ့ အတိုင်း ကျန်တဲ့ နိုင်ငံတွေက နောက်က လိုက်ဖို့ လိုလား။
ချားလ်စ် စင်တီယာဂို ။ ။ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်ခြင်း ဆိုတာမှာ အထူး အဆင့်အတန်းလည်း တပါတည်း တွဲရှိနေမှာကတော့ ထင်ရှားပါတယ်။ ကိစ္စချင်းရာ တော်တော်များများကို ဥက္ကဋ္ဌ နိုင်ငံက ဦးဆောင် နိုင်ပါတယ်။ ဒေသတွင်း စွမ်းအင်တွေ ဘယ်လို ထုတ်ကြမလဲ ဆိုတာလို ကိစ္စတွေနဲ့ တပါတည်း တွဲပြီး ရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကိစ္စမျိုးတွေက စလို့ ၊ နိုင်ငံရေး ကိစ္စ ချင်းရာတွေမှာလည်း ဦးစီးဦးဆောင် ကမကထ လုပ်ပေးရမယ့် တာဝန် ဝတ္တရား ရှိပါတယ်။
ဥက္ကဋ္ဌ နိုင်ငံက ကမကထ လုပ် စီမံတာတွေကို အာဆီယံ အဖွဲ့တွင်းမှာ အပြင်းအထန် ဆန့်ကျင်တာမျိုး လုပ်လေ့ မရှိဘဲ၊ အားလုံး သဘောတူညီပြီး ဝိုင်းဝန်း ပံ့ပိုး လုပ်ဆောင်ကြမယ် ဆိုတဲ့ ယေဘူယျ သဘောမျိုး နားလည်မှုတွေ ရှိပါတယ်။
ဒါပေမယ့် ဘယ်ကိစ္စ မဆိုမှာတော့ တစ်ဦးတစ်ယောက်တည်း သဘော အတိုင်းပဲလို့ ပြောလို့ မရနိုင်ပါဘူး။ အကန့်အသတ် ရှိပါတယ်။ ခင်ဗျား ပြောခဲ့သလို ဘုံသဘောထား ဖြစ်ရမယ် ဆိုတာ အာဆီယံရဲ့ အခြေခံမူ ဖြစ်ပါတယ်။
ဒီတော့ မြန်မာအရေးကို ကြည့်ရင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ ရယူထားခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူမှု ဆိုတာ အားလုံးရဲ့ ဘုံသဘောတူမှု ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရော၊ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ပါ ကိုယ်တိုင် ရှိနေခဲ့ပြီး သဘောတူထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ အခု ကမ္ဘောဒီးယားက အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပြီး မြန်မာ အရေး ကမကထလုပ် ကိုင်တွယ်မယ် ဆိုရင်လည်း ဒီ သဘောတူမှု ၅ ချက်ကို ဖော်ဆောင်ရမှာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။
မြန်မာ စစ်ခေါင်းဆောင်လည်းပဲ ဒီ ဘုံသဘောတူမှုတွေ လက်တွေ့ ဖော်ဆောင်ရေးမှာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်၊ အခုတော့ ပူးပေါင်းမှု မရှိဘူး၊ ပူးပေါင်းမှု အားနည်းတယ်၊ အထူးသဖြင့် အားလုံး ပါဝင်တဲ့ တွေ့ဆုံမှုတွေ ဖြစ်လာနိုင်ဖို့ မြန်မာ စစ်တပ်ဘက်က ခွင့်မပြု ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဘရူနိုင်း ဥက္ကဋ္ဌ ဖြစ်နေချိန်မှာ သဘောတူမှု အကောင်အထည် ဖော်ရေး လက်တွေ့ ဖြစ်မလာနိုင်ဘဲ ကြန့်ကြာနေခဲ့တာ မဟုတ်လား။
ဘုံသဘောတူမှု ၅ ချက်ဆိုတာ ခြုံငုံကြည့်ရင် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးမှု ဒိုင်ယာလော့ဂ် လမ်းကြောင်းကို သွားရေး ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တရား ရင်ဆိုင်နေရသူ ဖြစ်လို့ တွေ့ခွင့် မပေးနိုင်ဘူး ဆိုပြီး မြန်မာ စစ်တပ်က ရပ်တည်နေပါတယ်။ မြန်မာစစ်တပ်ရဲ့ အဲဒီ ရပ်တည်ချက်၊ စစ်ခေါင်းဆောင်ဆောင်ရဲ့ အဲဒီ သဘောထားကို အရင် ပြောင်းအောင် လုပ်မှပဲ ဘုံ သဘောတူမှု ၅ ချက် ရှေ့ကို ဆက်ပြီး သွားလို့ရမှာ ဖြစ်ပါတယ်။










