အာဆီယံ အထူးကိုယ်စားလှယ် အလုပ်ဖြစ်ပါ့မလား

အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လအတွင်းကလည်း မြန်မာကို ပထမတစ်ကြိမ်ရောက်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လအတွင်းကလည်း မြန်မာကို ပထမတစ်ကြိမ်ရောက်လာခဲ့

ဧပြီလ ကတည်းက သဘောတူခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်မှုဟာ ရက်ပေါင်း တစ်ရာကျော်မှ အကောင်အထည်ပေါ်လာခဲ့ပါတယ်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ဟာ စိန်ခေါ်မှုသစ်တစ်ခုကို ဦးဆောင်ဖြေရှင်းရမှာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လိုလားတဲ့ အထူးကိုယ်စားလှယ်ကလည်း သူမဟုတ်ခဲ့ဘဲ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီးဟောင်း မစ္စတာ Virasakdi Futrakul ကို ဖြစ်စေချင်ခဲ့တာပါ။

နောက်ဆုံးအချိန်အထိ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပြီးမှသာ ဝါရင့်သံတမန် Erywan Yusof အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ဖြစ်လာခဲ့တာပါ။

Erywan Yusof ဟာ နေပြည်တော်ကို ဇွန်လ တုန်းက လာရောက်ခဲ့ဖူးပြီး ဒါဟာ အာဏာသိမ်းထားပြီးတဲ့နောက် မြန်မာပြည်ကိုအစောဆုံး လာတဲ့ သံအဖွဲ့လည်းဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ လာမယ့် မြန်မာပြည်ခရီးစဥ်တွေမှာ သူ့ရဲ့တာဝန်အောင်မြင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

အာဆီယံမူက အဟန့်အတား ဖြစ်နေသလား

အာဆီယံ ထိပ်သီးအစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှုဟာ စစ်ကောင်စီအတွက် မဟာဗျူဟာအရ အားသာချက်တွေ ရှိနေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။

အာဆီယံရဲ့ မူကိုက အများကြီး စွက်ဖက်တာမျိုးလုပ်မရတဲ့အတွက် စစ်ကောင်စီရဲ့အာဏာတည်မြဲမှုအတွက် အချိန်ဆွဲလို့ရမယ့် အခွင့်ကောင်းလို့ သုံးသပ်ကြတာပါ။

'အာဆီယံလိုမျိုး ဖိအားအများကြီး မပေးနိုင်တဲ့အဖွဲ့အစည်းကိုလက်ခံထား ရင် သူ့အတွက်လဲ ဖိအားမရှိ၊ သူသွားချင်တဲ့ ပုံစံကိုလဲသွားလို့ရ၊ သူ့ရဲ့တရား၀င်မှုပါတက်မယ်' လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က ကိုရဲမျိုးဟိန်းက ဘီဘီစီကိုပြောပါတယ်။

တချိန်ထဲမှာပဲ အာဏာသိမ်းမှုက မအောင်မြင်ဘဲ နိုင်ငံတကာမှာမျက်နှာမပြဝံ့တဲ့ အနေအထားမို့ ကြားဝင်ဆောင်ရွက်မှုကို လက်ခံလိုက်ရတာလို့ သူကပြောပါတယ်။

' ထိုင်းလိုအောင်မြင်ရင် အာဆီယံဝင်စရာမလိုဘူးလေ' လို့ သူကပြောပါတယ်။

မြန်မာနဲ့ထိုင်းက အာဏာသိမ်းတဲ့ဓလေ့တူညီကြတာမို့ မြန်မာကိုနားလည်နိုင်တာမို့ မြန်မာက ထိုင်းကို အထူးကိုယ်စားလှယ် ဖြစ်စေချင်တာလို့ သုံးသပ်မှုတွေရှိပါတယ်။

ဘရူနိုင်းသံသာ မဟုတ်ခဲ့ရင်

တပ်မတော်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ထိုင်းနိုင်ငံကသာအထူးကိုယ်စားလှယ် ဖြစ်လာရင် ထိုင်းနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အဖွဲ့အစည်းတွေကို ထိန်းချုပ်နိုင်ဖို့ရည်ရွယ်တယ်လို့ ပြောကြပါတယ်။

အင်ဒိုနီးရှားက အထူးကိုယ်စားလှယ်ဖြစ်ရင်လည်း မြန်မာအတွက်ဖိအားပိုနိုင်ပြီး ထိုင်းကဖြစ်ရင်လည်း မြန်မာအတွက် အလေးသာနိုင်တာမို့ ကြားက ဘရူနိုင်းနိုင်ငံက ဖြစ်သွားတာလို့ အာဆီယံအရေးကျွမ်းကျင်သူတွေကဆိုပါတယ်။

အထူးကိုယ်စားလှယ်ကို အကြံပြုပေးမယ့် အဖွဲ့မှာ ညှိနှိုင်းမှုအတွေ့အကြုံရှိတဲ့သူတွေ နဲ့ မြန်မာ့နိုင်ငံရေးအကြောင်းနားလည်တဲ့သူတွေကို ထည့်ပေးသင့်တယ် လို့ အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ဘီဘီစီကိုပြောပါတယ်။

အာဆီယံကရော ဘာဆက်လုပ်မှာလဲ

အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် သွားမယ်၊မသွားဘူး သတင်းတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, အာဆီယံထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် သွားမယ်၊မသွားဘူး သတင်းတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါသေးတယ်။

'မြန်မာ့အရေးကတော့ အာဆီယံခေါင်းဆောင်တွေရဲ့ ပုံမှန်ဆွေးနွေးချက်အစီအစဥ်မှာ ပုံမှန်ရှိသွားဖို့သေချာနေပါပြီ' လို့ သူကပြောပါတယ်။

အထူးကိုယ်စားလှယ်ဟာ သူ့ရဲ့ဆောင်ရွက်ချက်တွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တင်ပြရမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ တိုက်ဆိုင်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးမှာ သြဂုတ်လအတွင်းက ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်နိုင်မှု အခြေအနေနဲ့ ရှေ့လုပ်ငန်းစဥ် အချိန်ဇယားတွေကို တင်ပြဆွေးနွေးရတဲ့အကြောင်း ဒေါ်မိုးသူဇာက ရှင်းပြပါတယ်။

အကြမ်းဖက်မှုတွေ လျော့နည်းပပျောက်ရေးနဲ့ လူသားချင်းစာနာကူညီမှုအစီအစဥ်တွေကို အာဆီယံအနေနဲ့ ဦးစားပေးဆောင်ရွက်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘက်အားလုံးပါဝင်ရေး ဖြစ်နိုင်မလား

NUG ထောက်ခံသူများ

ဓာတ်ပုံ ရင်းမြစ်, MPA

ဦးသိန်းစိန်အစိုးရလက်ထက်က အာဆီယံအရေး ဆောင်ရွက်ခဲ့တဲ့ ဝန်ကြီးဟောင်းတစ်ဦးက ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်မီ အာဆီယံက အလုပ်လုပ်ပြတဲ့သဘော လို့သုံးသပ်ပါတယ်။

' လက်တွေ့မှာ အောင်မြင်ဖို့တော့ခက်လိမ့်မယ်' လို့ သူကပြောပါတယ်။

အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရင်တောင်မှ CRPH နဲ့ NUG တို့လိုအဖွဲ့တွေနဲ့ တွေ့ခွင့်ရနိုင်မှာမဟုတ်တဲ့အကြောင်း သူက သုံးသပ်ပါတယ်။

ဒါဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲမှာပါတဲ့ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့က ဘက်ပေါင်းစုံက သက်ဆိုင်သူတွေနဲ့တွေ့ဆုံဖို့ ဆိုတဲ့ သဘောတူညီချက်ကို မအောင်မမြင်ဖြစ်စေမယ့် အကြောင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် Mr Erywan Yusof ကို ခန့်အပ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုကြောင်း အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်ထဲမှာ မြန်မာနိုင်ငံရေးအတွက် အာဆီယံက ချမှတ်ထားတဲ့ လုပ်ငန်းစဥ် ၅ ရပ်ကို အထောင်အထည် ဖော်ဖို့အတွက် အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အပြင်၊ CRPH၊ NUG အစိုးရတို့နဲ့ပါ ဆွေးနွေးဖို့အတွက်က အဓိက အချက်အဖြစ်ပါဝင်နေကြောင်းကိုလည်း ဥရောပသမဂ္ဂဘက်က ထောက်ပြပါတယ်။

ဒါဟာ စစ်ကောင်စီရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်ဘက် အနေအထားလည်း ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံတွန်းအားက ဘရူနိုင်းသံကို အကူအညီ ပေးမလား

တပ်မတော်အနေနဲ့ အရေးပေါ်ကာလပြီးလို့ နိုင်ငံရေးအပြောင်းအလဲတွေ ပြန်လုပ်ရင်တောင်မှ ဦးသိန်းစိန်အစိုးရလက်ထက်ကလို အနောက်နိုင်ငံတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးမျိုး ပြန်မရနိုင်တော့ဘူးလို့ ဝန်ကြီးဟောင်းက သုံးသပ်ပါတယ်။

'တရုတ်၊ရုရှား၊အိန္ဒိယ၊အာဆီယံ တို့နဲ့ပဲ ရှေ့ဆက်လိမ့်မယ်လို့ ယူဆတယ်' လို့ သူကပြောပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကတော့ သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်ပြီး တရုတ်ကို ဟန်ချက်ညှိချင်တဲ့ ဆန္ဒရှိတယ်လို့ ဒေသတွင်းနိုင်ငံရေးကို လေ့လာအကဲခပ်နေသူတွေက သုံးသပ်ပါတယ်။

အထူးသဖြင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ စင်ကာပူမှာ ဒီစဥ်းစားချက် ရှိတယ်လို့ သူတို့ကပြောပါတယ်။

ဒါကြောင့် မြန်မာပြဿနာကို သူတို့က ပြေလည်စေချင်တာဖြစ်ပါတယ်။

နေပြည်တော်ကို ဇွန်လအတွင်း လာရောက်ခဲ့တဲ့ အာဆီယံ သံခရီး

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, နေပြည်တော်ကို ဇွန်လအတွင်း လာရောက်ခဲ့တဲ့ အာဆီယံ သံခရီး

ရိုဟင်ဂျာပြဿနာ မပြေလည်သေးချိန်မှာ အာဏာသိမ်းမှုပါ ထပ်ဖြစ်လို့ မြန်မာဟာအာဆီယံရဲ့ပြဿနာဖြစ်နေတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။

'ကိုယ့်ဒေသမှာ အမြဲတမ်းပြဿနာဖြစ်နေတဲ့ အိမ်နီးချင်းရှိတော့ ဘေးအိမ်တွေခေါင်း ခဲတာပေါ့။ ဒေသလုံခြုံရေးကိုလည်းအမြဲလာရိုက်ခတ်တာပေါ့' လို့ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့က ကိုရဲမျိုးဟိန်းကပြောပါတယ်။

အာဆီယံရဲ့သဘောက အဖွဲ့ဝင်တွေ အားလုံး ဘုံသဘောတူညီချက်ရမှ ဆုံးဖြတ်ချက်တွေ ချနိုင်တာဖြစ်သလို၊ အဖွဲ့ဝင် နိုင်ငံတွေအကြား ဝင်မစွက်ရေးကလည်း ရှိနေတဲ့အတွက် သူတို့လုပ်ချင်သလောက် မလုပ်နိုင်တဲ့အကြောင်း သူကပြောပါတယ်။

NUG နဲ့ အာဆီယံကြား ဆက်ဆံရေး ဘယ်လို ဖြစ်လာမလဲ

CRPH နဲ့ NUG ဘက်ကတော့ အာဆီယံအနေနဲ့ ဆက်ဆံရေး မထူထောင်တာနဲ့ သံတမန်တွေရဲ့ ဇွန်လ ခရီးစဥ်မှာ သူတို့နဲ့ မတွေ့ဆုံခဲ့မှုအပေါ် မကျေလည်ခဲ့ပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့အနေနဲ့ စစ်ကောင်စီအပြင် CRPH နဲ့ NUG တို့လို အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ဟာ အာဆီယံဘုံသဘောတူညီချက်မှာပါပြီး နိုင်ငံတကာကတောင်းဆိုနေတဲ့ အဓိကအချက်လည်းဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာဖြစ်လာဖို့ အခက်ခဲဆုံးလို့ ယူဆရတဲ့ကိစ္စလည်း ဖြစ်နေပြန်ပါတယ်။

စစ်ကောင်စီ နဲ့ CRPH၊ NUG တို့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် အပြန်အလှန်ကြေညာထားကြတဲ့ အခြေအနေမှာ ဘရူနိုင်းသံအတွက် စိန်ခေါ်မှုတွေက အများအပြား စောင့်ကြိုနေတာပါ။