ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်မှု -“ နောက်နောင်မှာ ရွေးကောက်ပွဲနိုင်ငံရေးအပေါ်မှာ အယုံကြည်ကင်းမဲ့ သွားစေနိုင်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းညွှန့်လွင်
ဓာတ်ပုံ ပုံစာ, ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးစိုင်းညွှန့်လွင်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလုပ်ရပ် အပေါ် ရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရရှိခဲ့ကြတဲ့နိုင်ငံရေးပါတီတွေက ကျေနပ်မှု မရှိကြ သလို၊ ဝေဖန်ပြောဆိုကြတာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံခဲ့ရတဲ့ NLD အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ပါတီကလည်း သူတို့ပါတီက ၂၀၂၀ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ဒီကနေ့ ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်ထဲမှာ ''အချုပ်အချာအာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူများက ရွေးကောက် တင်မြှောက်ခဲ့သည့် ပြည်သူ့အာဏာကို လူတစ်စု၏ တရားမဝင်အမိန့်ထုတ်ပြန်ရုံမျှဖြင့် ချေဖျက်နိုင်ခြင်းမရှိပါ။ မည့်သည့်နိုင်ငံကမှ တရားဝင်အစိုးရဟု အသိအမှတ်ပြုခြင်းမခံရသော တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်ဟူသော အဖွဲ့အစည်း၏ထုတ်ပြန်ကြေညာချက်သည် မည်သည့်ဥပဒေနှင့်မျှအကျုံးဝင် အာဏာသက် ရောက်ခြင်း မရှိကြောင်း အတိအလင်းထုတ်ပြန်ကြေညာလိုက်ပါသည် '' လို့ ထည့်သွင်း ရေးသားထားပါတယ်။

NLD ပါတီ ထောက်ခံသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့ရွေးကောက်ပွဲရဲ့ မဲဆန္ဒရှင်စာရင်းတွေထဲက မဲမသမာမှုဖြစ်ပွားခဲ့တဲ့ မဲဆန္ဒရှင် အရေအတွက် ၁၁သန်း သုံးသိန်းကျော်အထိ ရှိခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီး ဆန္ဒမဲလက်မှတ်တွေကို မြေပြင် ဖွင့်ဖောက် စစ်ဆေးရာ မဲရုံတိုင်းကမဲတွေ လျော့နည်းပျောက်ဆုံးတာ၊ တရားမဝင် အပိုရှိနေတာတွေကိုတွေ့ခဲ့ရတယ်လို့ စစ်ကောင်စီက သူတို့ကြေညာချက်ထဲမှာ ထည့်သွင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မဲစာရင်းအရေအတွက် မှားယွင်းမှုတွေက မတော်တဆမဟုတ်ဘဲ တမင်ကြိုတင်ကြံစည်ခဲ့တာ၊ တိုင်းနဲ့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ဝန်ကြီးချုပ်တွေက ခန့်အပ်တဲ့ သူတွေကို ခန့်အပ်ခဲ့တာအစရှိတဲ့ အချက်တွေအပါအဝင် စွပ်စွဲချက် ၁၁ ချက်ကို ထည့်သွင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်ရဲ့ ရလဒ်အားလုံးကို ပယ်ဖျက်လိုက်တဲ့အတွက် နစ်နာမှုတွေရှိတဲ့အပေါ် ၂၀၂၀ ရွေးကောက်ပွဲမှာ စုစုပေါင်း ၄၂ နေရာ အနိုင်ရခဲ့တဲ့ ပါတီ တစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် က အခုလို သုံးသပ်ပြောဆိုပါတယ်။

''ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ ရွေးကောက်ပွဲ လုပ်တဲ့ ၃၁၉ မြို့နယ်စလုံးက လိမ်တာတော့ မဖြစ်နိုင်ဘူး။ ဆိုတော့ လုပ်တယ်လို့ သူက စွပ်စွဲတယ်ဆိုရင်လည်း စွပ်စွဲခံရတဲ့သူတွေဘက်က ခုခံပိုင်ခွင့်တော့ရှိသင့်တယ်။ အခုဟာက ဝါးလုံးရှည်ကြီးနဲ့ သိမ်းကျုံးပြီး လုပ်လိုက်တဲ့ အခါကျတော့ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်လုပ်တဲ့ သူတွေအတွက် အရမ်းနစ်နာတယ်။ ''

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျင်းပခဲ့တဲ့နေရာအားလုံးရဲ့ ၈၀ရာခိုင်နှုန်းကျော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကအနိုင်ရခဲ့သလို၊ SNLD၊ ရခိုင်အမျိုးသားပါတီ အပါအဝင် ပါတီ ၁၀ ခုကျော်က လွှတ်တော် နေရာတွေမှာ အများစု အနိုင်ရခဲ့ကြပါတယ်။

ANP ပါတီ

NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတွေပြီးရင် စုစုပေါင်း ၁၅ နေရာအနိုင်ရခဲ့ပြီး စတုတ္ထနေရာရခဲ့တဲ့ ရခိုင်အမျိုးသားပါတီကလည်း ''မြန်မာနိုင်ငံဟာ ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြသာနာ ရှုပ်ထွေးမှုများနှင့် အတူ အပြုသဘောဆောင်တဲ့ နိုင်ငံရေးအခြေအနေတစ်ရပ်မှ အလုံးစုံပျက်သုဥ်းရေးသို့ ဦးတည်နေပါတယ်။ ရွေးကောက်ပွဲရလဒ်အားဖျက်သိမ်းလိုက်ခြင်းသည်လည်း နိုင်ငံရေး အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ် '' လို့ ဇူလိုင်၂၇ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ သူတို့ပါတီရဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီတွေက သူတို့သဘောထားတွေကို အသီးသီး ထုတ်ပြန်ပြောကြားခဲ့သလို ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကလည်း သူနဲ့ သူ့ပါတီရဲ့ သဘောထားကို အခုလိုပြောပါတယ်။

''အဓိကကတော့ ပြည်သူတွေရဲ့ မဲပေးရွေးချယ်မှုကို ဒီလိုမျိုး ပယ်ဖျက်ခံရတယ်ဆိုတာက မဖြစ်သင့်ကိစ္စလို့ မြင်တယ်။ ဒီ့မတိုင်ခင်ကလည်း ကျွန်တော်တို့ သဘောထားကို ပြောဖြစ်တယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၊ ဖွဲ့ပြီးစစ်လို့ ရှာဖွေတွေ့ရှိတယ် စစ်ဆေးတွေ့ရှိ တယ် ဆိုရင်တောင်မှ စစ်ဆေးတွေ့ရှိတဲ့ နေရာလောက်ကို ပယ်ဖျက်ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ ပြန်လုပ်တာတို့ အစရှိသဖြင့် နည်းမျိုးတွေနဲ့ သွားဖို့ ကောင်းတယ်။ အခုဟာက ရွေးကောက်ပွဲ ရလဒ်ကြီးတစ်ခုလုံးကို ပယ်ဖျက်တယ်ဆိုတာက နောက်နောင်မှာ ရွေးကောက်ပွဲ နိုင်ငံရေးအပေါ်မှာ အယုံကြည်ကင်းမဲ့ သွားစေနိုင်တယ်။ ဒါကတော်တော် မဖြစ်သင့်တဲ့ ကိစ္စလို့မြင်ပါတယ်။ ''

ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး
ဓာတ်ပုံ ပုံစာ, ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး

အခုစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေတဲ့ မဲမသမာမှု ဖြစ်နိုင်တဲ့နှုန်းတွေ ဆိုတဲ့အပေါ် မဲဆန္ဒ ရှင်တွေအပါအဝင် ပြည်သူအများစုက မယုံကြည်ကြတဲ့အတွက် အာဏာ သိမ်းတဲ့အပေါ် အုံလိုက်ကျင်းလိုက် ဆန့်ကျင်နေကြတာ၊ CDM တွေ လုပ်နေကြတာကိုလည်း အားလုံးသိရှိပြီးဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးသန်းစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။

အခုလို အများပြည်သူရဲ့ ဆန္ဒနဲ့ မဲပေးခဲ့တဲ့ရလာဒ်တွေကို ဖျက်သိမ်းတဲ့အတွက် ဘယ်လိုဆက်ဖြစ်လာနိုင်လဲ ဆိုတဲ့အပေါ် ဦးသန်းစိုးနိုင်က ''NLD ပါတီကို သူတို့ကဖျက်သိမ်းမှာ မြေမြှုပ်သင်္ဂြိုဟ်မှာ သေချာပါတယ်။ ကျန်တဲ့နိုင်ငံရေးပါတီနဲ့ သက်ရောက်မှုကတော့ ဘာလဲဆိုတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွင်းမှာ ရရှိထားတဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုတွေ ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်ဗျာ။ အဲ့တော့ အဲ့ဒီအခြေအနေက နောင်ဘယ်ရွေးကောက်ပွဲ ဘယ်သူက လုပ်လုပ် တရားမျှတတဲ့ရွေးကောက်ပွဲမှာ ဖြစ်နိုင်လို့ရှိရင် ဒီပါတီတွေပဲ အာဏာရမှာပါ။ ဒီပါတီတွေကိုပဲ လူထုကထောက်ခံမှာပါ။ ဒါကအပြောင်းအလဲ မရှိနိုပါဘူး။ အပြောင်းအလဲကတော့ သူတို့ စကစ ရွေးကောက်ပွဲဆိုတာ ဖြစ်လည်း မဖြစ်နိုင်ဘူး။ လူထုကလည်းပါဝင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တဲ့ အကြောင်းပြောချင်ပါတယ်''လို့ ပြောပါတယ်။

အခု စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းတဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ရလဒ်တွေက ပြည်သူ အများပါဝင်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့သလို၊ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူတွေကတော့ အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ရက်ပိုင်းကတည်းက အာဏာသိမ်းဆန့်ကျင်မှုတွေကို လတွေချီလာတဲ့အထိ တောက်လျှောက် ပြုလုပ်နေခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီး ရက်ပိုင်းကတည်းက အာဏာသိမ်းဆန့်ကျင်မှုတွေကို လတွေချီလာတဲ့အထိ တောက်လျှောက် ပြုလုပ်နေခဲ့ကြ