TikTok ကိုပိတ်ဖို့ အမေရိကန်လုပ်ဆောင်မှု တရုတ် ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ပြည်ထောင်စုမှာ TikTok အသုံးပြုတာကို ပိတ်ပင်နိုင်ဖို့အတွက် အမေရိကန်လွှတ်တော်မှာ ဥပဒေကြမ်းဆွေးနွေးနေတာဟာ တရားလက်လွတ်လုပ်ရပ်လို့ တရုတ်က ဝေဖန်လိုက်ပြီး ဒါဟာ ခြိမ်းခြောက်အကျပ်ကိုင်တဲ့ ဓားပြဆန်ဆန်နည်းသုံးတာလို့ လည်း စွပ်စွဲပြောဆိုလိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ သူ့ရဲ့ မိခင်ကုမ္ပဏီ ByteDance ( ဘိုက်ဒန့်စ်) ဟာ TikTok ကို ရောင်းထုတ်ဖို့ ခြောက်လ အချိန်ရမှာဖြစ်ပြီး အဲဒီလိုမလုပ်ခဲ့ရင်တော့ အမေရိကန်မှာ TikTok အသုံးပြုခွင့် ပိတ်ပင်ခံရမှာပါ။
အထက်လွှတ်တော်မှာတော့ အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်လို့ အတော်လေးကို ငြင်းခုံဆွေးနွေးနေကြဆဲဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒန်ကတော့ ကွန်ဂရက်က အတည်ပြုပေးတယ်ဆိုရင် လက်မှတ်ရေးထိုးမယ်လို့ ဆိုထားပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်အစိုးရကလည်း သူ့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။
TikTok ကို တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်ပါတယ်။ ကုမ္ပဏီဟာ ဘေဂျင်းအခြေစိုက်ဖြစ်ပြီး ကေးမန်းကျွန်းစုမှာ မှတ်ပုံတင်ထားပါတယ်။
အမေရိကန်နိုင်ငံသားတွေရဲ့ သတင်းအချက်အလက်တွေ တရုတ်လက်ထဲမှာရှိနေတာမို့ အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုပြီး ဒီအပလီကေးရှင်းနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်အမတ်တွေက ပြောဆိုထားပါတယ်။
TikTok ကတော့ အဲဒီလို စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။
မတ် ၁၃ ရက်က အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကြတဲ့အခါ ရှားရှားပါးပါး အနေနဲ့ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီကြီးနှစ်ခုလုံး ညီညီညွတ်ညွတ်ရှိခဲ့ကြပါတယ်။ အမတ် ၃၅၂ ဦးက ထောက်ခံမဲပေးခဲ့ကြပြီး ၆၅ ဦးကတော့ ကန့်ကွက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မဲပေးမှုဟာ မျှတစွာယှဉ်ပြိုင်မှုနဲ့ တရားမျှတမှု စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရှိသူ ဝမ်ဝမ်ဘင်း က မတ် ၁၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“အခြားလူတစ်ဦးမှာ ပစ္စည်းကောင်းရှိနေတာကို မြင်ပြီး အဲ့ဒီပစ္စည်းကို အပိုင်လိုချင်တာဟာ ဓားပြတွေရဲ့ လုပ်ရပ်ပါပဲ” လို့ မစ္စတာ ဝမ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူ့ရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတို့ကို ကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်မှာဖြစ်တယ်လို့ တရုတ်စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ ဟဲ ယာတုံက ပြောပါတယ်။
အမေရိကန်အထက်လွှတ်တော်မှာ ဥပဒေကြမ်းကို အတည်ပြုမပြုက မသေချာသေးပါဘူး။ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး မဲပေးတဲ့အဆင့်တောင်မရောက်နိုင်ဘဲ လက်ရှိ အခြေအနေမှာပဲ တန့်နေနိုင်ခြေလည်း ရှိနေပါတယ်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကတော့ အရင်က TikTok ကို ပိတ်ပင်ဖို့ ထောက်ခံခဲ့ပေမဲ့ အခုတော့ ဥပဒေကြမ်းကို ဆန့်ကျင်တယ်လို့ ပြောထားပါတယ်။
TikTok အမှုဆောင်အရာရှိချုပ် ရှိုးကျိချူးကတော့ TikTok သုံးစွဲတဲ့ ဖန်တီးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးရလိမ့်မယ်လို့ အောက်လွှတ်တော်တွင်း ဥပဒေကြမ်းမဲခွဲဆုံးဖြတ်ပြီးနောက်မှာ ပြောပါတယ်။
“ဥပဒေကြမ်းကြောင့် အမေရိကန်အလုပ်အကိုင်နေရာ သုံးသိန်းကျော် ထိခိုက်သွားနိုင်ပြီး TikTok ကို ဆုံးရှုံးရမှာဖြစ်တယ်”လို့ မစ္စတာချူးက TikTok နဲ့ X (ယခင် တွစ်တာ) တို့မှာတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဥပဒေကြမ်းသာ ဥပဒေဖြစ်လာမယ်ဆိုရင် အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် စိုးရိမ်မိတယ်လို့ TikTok က ဖန်တီးသူအများအပြားက မတ် ၁၃ ရက်မှာ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
“ကျွန်မက စီးပွားရေးလုပ်ငန်းလေးတွေဆီက ပစ္စည်းလေးတွေဝယ်ပြီး TikTok မှာ တင်ရောင်းပါတယ်၊ အဲ့ဒီပစ္စည်းတွေ ပိုရောင်းကောင်းအောင် လုပ်တဲ့ သဘောပေါ့” လို့ followers ၁၂ သန်းကျော်ရှိတဲ့ အယ်လာဘားမားအခြေစိုက် ဖန်တီးသူ အိုဖယ်လီယာ နီကိုးစ်က ပြောပါတယ်။
'' စီးပွားရေးလုပ်ငန်းတွေပဲ ထိခိုက်နစ်နာမှာ၊ ဒါကို စိုးရိမ်ပေးရမယ်လေ'' လို့ သူကပြောပါတယ်။
ကိုယ့်ပြည်နယ်လွှတ်တော်အမတ်တွေကို ဆက်သွယ်ပြောဆိုပြီး ဆန့်ကျင်တာတွေလုပ်ဖို့ TikTok အကြီးအကဲ မစ္စတာချူးက အသုံးပြုသူတွေကို တိုက်တွန်းထားပါတယ်။
မကျေနပ်တဲ့ မဲဆန္ဒရှင်တွေက လွှတ်တော်အမတ်ရုံးခန်းတွေကို ဖုန်းဆက်ပြောဆိုတာတွေ ရှိနေပါပြီ။
ဒီလိုတိုက်တွန်းတာကြောင့်လည်း အမေရိကန်အမတ်တွေ မကျေမနပ်ဖြစ်နေပါတယ်။
“TikTok ဟာ ဒီလို လှုပ်ရှားလုပ်ဆောင်ရင်း ကိုယ့်အခြေကိုယ်ပြန်ဖျက်နေတာ”လို့ ဥပဒေကြမ်းကို ပူးတွဲတင်ပြသူတစ်ဦးဖြစ်သလို တက္ကဆက်ပြည်နယ်က ရီပတ်ဘလီကင်အမတ်လည်းဖြစ်တဲ့ ချစ်ပ် ရွိင်းက ဘီဘီစီကို ပြောပါတယ်။
“သူတို့ရဲ့ နည်းပညာကို အသုံးချပြီး သူတို့ရဲ့ အမြင်ကို လူတွေလက်ခံလာအောင် သွေးဆောင်တာတွေလုပ်နေတယ်ဆိုတာ ဒီလိုလုပ်ဆောင်ချက်တွေကနေ သိမြင်နိုင်ပါတယ်” လို့ သူကပြောပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ TikTok အပေါ် ကျွန်တော်ထားရှိတဲ့အမြင်အတိုင်းပဲ၊ ဝါဒဖြန့်ချိရေးရှုထောင့်ကနေ လုပ်နေတာလို့ သူက ဆက်ပြောပါတယ်။
တရုတ်မှာ အခြားလူမှုကွန်ရက်မီဒီယာတွေလိုပဲ TikTok ကို ပိတ်ပင်ထားပါတယ်။ တရုတ်က အသုံးပြုသူတွေဟာ TikTok နဲ့ ပုံစံဆင်တဲ့ Douyin ကို အသုံးပြုနေပါတယ်။ တရုတ်နိုင်ငံတွင်းမှာပဲ အဲ့ဒီ အပလီကေးရှင်းကိုအသုံးပြုနိုင်ပြီး တရုတ်အစိုးရရဲ့ ကန့်သတ်စောင့်ကြည့်ခြင်း ခံရပါတယ်။
ကနေဒါနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်မယ့် TikTok ရဲ့အစီအစဉ်ကို အမျိုးသားလုံခြုံရေးအရ သုံးသပ်နေမှုဟာ ပြီးခဲ့တဲ့ စက်တင်ဘာမှာ စတင်ခဲ့ပြီး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ကနေဒါအစိုးရက မတ် ၁၄ ရက်မှာ ထုတ်ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဆိုပြုထားသလိုပဲ ကနေဒါမှာလည်း TikTok ကိုပိတ်ပင်နိုင်ခြေရှိမရှိ အော့တဝါမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့အခါ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုးက မဖြေဆိုခဲ့ပါဘူး။
“ကျွန်တော်တို့စောင့်ကြည့်နေပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာလည်း ဆွေးနွေးနေကြဆဲပါပဲ” လို့ သာ သူက သတင်းထောက်တွေကို တုံ့ပြန်ခဲ့ပါတယ်။
တစ်တော့ကို ဘယ်သူ ဝယ်ယူနိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
TikTok ကိုဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံသူအုပ်စုတစ်စု ဖွဲ့စည်းနေပြီဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဟောင်း စတီဗင် မနူချင်က မတ် ၁၄ ရက်မှာ ပြောပါတယ်။
“တကယ့်ကိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးပါပဲ” လို့ သူက CNBC ရုပ်သံဌာနကို ပြောပါတယ်။ TikTok ကိုဝယ်ယူဖြစ်ရင် အမေရိကန်ကုမ္ပဏီတစ်ခုကပဲ ပိုင်ဆိုင်မှာလို့ ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်ကုမ္ပဏီတစ်ခုက ဒီလိုမျိုး ပိုင်ဆိုင်သွားမှာကိုတော့ တရုတ်က ခွင့်ပြုမှာမဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
ကုမ္ပဏီကိုဝယ်ဖို့ စိတ်ဝင်စားတယ်လို့ Shark Tank ရုပ်သံအစီအစဉ်မှာပါဝင်နေတဲ့ ကနေဒါစီးပွားရေးလုပ်ငန်းရှင် ကဲဗင် အိုလီယာရီက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ထရမ့်အစိုးရက TikTok ကို ရောင်းချဖို့ ညွှန်ကြားတဲ့အခါ အမေရိကန်ကုမ္ပဏီကြီးတွေက ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ TikTok ကုမ္ပဏီဟာ ဒေါ်လာ ဘီလီယံ ၅၀ လောက် ဈေးကွက်ပေါက်ဈေးရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ TikTok ကိုပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ Walmart နဲ့ ဆော့ဝဲကုမ္ပဏီ Oracle တို့ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ယှဉ်ပြိုင်ရပြီးနောက် လက်လွှတ်ခဲ့ပါတယ်။
မိုက်ခရိုဆော့ဖ်ဟာ ဥပဒေဆိုင်ရာကန့်ကွက်မှုတွေကြောင့်အပြင် အုပ်ချုပ်ရေးအဖွဲ့သစ် အပြောင်းအလဲကိစ္စတွေကြောင့် တစ်တော့နဲ့ သဘောတူညီမှုမရခဲ့ပါဘူး။
လက်ရှိမှာ TikTok ရဲ့ လူသိများမှုနှုန်းနဲ့ ကြော်ငြာကရငွေဟာ အဆမတန်တိုးပွားလာပြီး တန်ဖိုး ဒေါ်လာ ၂၆၈ ဘီလီယံအထိရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။











