အမေရိကန်မှာ TikTok သုံးခွင့် ပိတ်ပင်တော့မယ်

နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ယူဆတဲ့ တရုတ်ပိုင် Tiktok ဆော့ဖ်ဝဲကို "မကြာမီ ရက်ပိုင်းအတွင်း" အရေးယူဖို့ ပြင်ဆင်နေတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောပါတယ်။
ဗီဒီယိုအတိုလေးတွေ ဖန်တီးပြီး တင်လို့ရတဲ့ နာမည်ကြီး TikTok ဆော့ဖ်ဝဲဟာ"တရုတ်ကွန်မြူနစ်ပါတီကို သတင်းအချက်အလက်တွေ တိုက်ရိုက် ပေးပို့နေတဲ့ အပလီကေးရှင်းတွေထဲက တစ်ခုဖြစ်တယ်" လို့လည်း မစ္စတာ ပွန်ပီယိုက ဆိုပါတယ်။
သမ္မတ ထရမ့်က အမေရိကန်မှာ TikTok အပကီကေးရှင်းကို သူ ပိတ်ပင်တော့မယ်လို့ ပြောဆိုပြီး ရက်ပိုင်းအကြာမှာ မစ္စတာ ပွန်ပီယိုက အခုလို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
Tiktok ကုမ္ပဏီကို တရုတ်အစိုးရက ထိန်းချုပ်တာ ဒါမှမဟုတ် ကုမ္ပဏီကနေ အချက်အလက်တွေကို တရုတ်အစိုးရဆီ ပေးပို့နေတယ်တဲ့ဆိုတဲ့ စွပ်စွဲမှုတွေကို TikTok ကုမ္ပဏီဘက်က ငြင်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"တရုတ်ကွန်မြူနစ်ပါတီနဲ့ ချိတ်ဆက်နေတဲ့ ဆော့ဖ်ဝဲကနေ နိုင်ငံတော်လုံခြုံရေးအန္တရာယ်တွေ ရှိနေတဲ့အတွက် အရေးယူ ဆောင်ရွက်သွားမှာပါ" လို့ မစ္စတာ ပွန်ပီယိုက Fox သတင်းဌာနကို ပြောခဲ့ပါတယ်။
အမေရိကန်မှာ စီးပွားရေး လုပ်နေပြီး တရုတ်အစိုးရထံ အချက်အလက်တွေ ပေးပို့ကောင်း ပေးပို့နေနိုင်တဲ့ ကုမ္ပဏီတွေလည်း "မရေမတွက်နိုင်လောက်အောင်" ကို ရှိတယ်လို့ သူက ဆိုပါတယ်။ ပေးပို့နေတဲ့ သတင်းအချက်အလက်တွေထဲမှာ မျက်နှာပုံပန်းသဏ္ဍန်မှတ်ယူထားတာတွေ၊ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေနဲ့ ဆက်သွယ်ရေး အချက်အလက်တွေ ပါတယ်လို့လည်း သူက ဆိုပါတယ်။
"ဒါက တော်သင့်နေပြီ၊ ဒါကို ဖြေရှင်းတော့မယ်လို့ သမ္မတ ထရမ့်က ပြောတယ်" လို့ Fox သတင်းဌာနကို မစ္စတာ ပွန်ပီယိုက ပြန်ပြောပြပါတယ်။
TikTok ကို အမေရိကန်မှာ ပိတ်ဖို့အတွက် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ မစ္စတာ ထရမ့်က သတင်းထောက်တွေကို သောကြာနေ့တုန်းက ပြောခဲ့ပါတယ်။ အမေရိကန်မှာ TikTok ကို လစဉ် လူ သန်း ၈၀ ကျော်လောက် အသုံးပြုနေတာပါ။
အသက် ၂၀ အောက် လူငယ်တွေ အများစု အသုံးပြုတဲ့ ဒီအက်ပ် ကို ByteDance တရုတ်ကုမ္ပဏီက ပိုင်ဆိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်မှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို ByteDance ဘက်က ရောင်းချဖို့ ပြင်ဆင်နေတဲ့ အစီအစဉ်ကိုလည်း အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်အများအပြားက ထောက်ခံကြပါတယ်။
"အသင့်တော်ဆုံး လုပ်ရပ်က ဘာဖြစ်မှာပါလဲ။ TikTok ကို လွှဲပြောင်းဝယ်ယူနိုင်ဖို့ မိုက်ခရိုဆော့ဖ်လို အမေရိကန် ကုမ္ပဏီကြီးလည်း ရှိပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်ပါတယ်။ စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ဆက်လုပ်နိုင်ပြီး တရုတ်ကွန်မြူနစ်ပါတီ လက်ထဲ သတင်းအချက်အလက်တွေ မရောက်အောင်လုပ်နိုင်ပါတယ်" လို့ အထက်လွှတ်တော်အမတ် လင်ဇီ ဂရမ်က တွစ်တာမှာ ရေးသားထားပါတယ်။
အမေရိကန်မှာ လည်ပတ်နေတဲ့ TikTok ရဲ့ လုပ်ငန်းတွေကို ဝယ်ယူဖို့အတွက် ဆက်ဆွေးနွေးနေတယ်လို့ အမေရိကန် နည်းပညာ ကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ်က အတည်ပြုပါတယ်။
ဝယ်ယူရရှိနိုင်မှု အခြေအနေနဲ့ ပတ်သက်လို့လည်း တနင်္ဂနွေနေ့က သမ္မတ ထရမ့်နဲ့ မက်ခရိုဆော့ဖ်ကုမ္ပဏီ အကြီးအကဲ ဆာတီယာ နက်ဒဲလ်လာ (Satya Nadella) တို့ ပြောဆိုဆွေးနွေးခဲ့ကြောင်း မိုက်ကရိုဆော့ဖ်ဘက်က ပြောပါတယ်။
သမ္မတ ထရမ့်အစိုးရနဲ့ တရုတ် အစိုးရကြား ကုန်သွယ်ရေး အငြင်းပွားမှု၊ ကိုရိုနာဗိုင်းရပ်စ်အပေါ် တရုတ်ရဲ့ ကိုင်တွယ်မှုတွေ အပါအဝင် အရေးကိစ္စတော်တော်များများ တင်းမာမှုတွေ အရှိန်မြင့်ဖြစ်ပွားနေချိန်မှာ TikTok နဲ့ တရုတ်ပိုင် တခြားဆော့ဖ်ဝဲ ကုမ္ပဏီတွေကို အမေရိကန်က အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။








