Tik Tok ပိတ်ဖို့ အစိုးရကို အိန္ဒိယ တရားရုံးပြော

Follower သန်း ၃၀ ကျော်ရှိတဲ့ လီဆာနဲ့ လီနာ ညီအစ်မ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Follower သန်း ၃၀ ကျော်ရှိတဲ့ လီဆာနဲ့ လီနာ ညီအစ်မ

ဗီဒီယို အတိုလေးတွေ လူမှုကွန်ရက်ပေါ် ဝေမျှလို့ရတဲ့ Tik Tok သုံးတာက လိင် အပြာရုပ်ရှင်စာအုပ်တွေ ကြည့်ချင် ဖတ်ချင်လာအောင် တွန်းအားပေးတယ်ဆိုပြီး Tik Tok ကို ပိတ်ဖို့ အိန္ဒိယ တရားရုံးတစ်ခုက အစိုးရကို ပြောလိုက်ပါတယ်။

တရုတ် ကုမ္ပဏီထုတ် Tik Tok ကို သုံးတဲ့ကလေးတွေဟာ လိင်မုဆိုးတွေရဲ့ သားကောင်ဖြစ်ဖို့ အလားအလာတွေ ရှိနေတယ်လို့ အိန္ဒိယတောင်ပိုင်း တမီနာဒူးလ် ပြည်နယ် မဒရပ် တရားရုံးက ပြောလိုက်တာပါ။

အဲဒီ အပ်ပလီကေးရှင်းဟာ ၂၀၁၆ ခုနှစ်က စတင်ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ သုံးစွဲသူတွေက ဗီဒီယို အတိုလေးတွေကို လွယ်လွယ်ကူကူ စတစ်ကာထည့်တာလို အထူးပြုလုပ်ချက်တွေ ကိုယ်တိုင်ထည့် ဖန်တီးနိုင်အောင် လုပ်ထားပါတယ်။

အခုဆိုရင် Tik Tok ဟာ လေးခုမြောက် အများဆုံး ဒေါင်းလုတ်ဆွဲ အသုံးခံရဆုံး ဖြစ်လာပြီး ၂၀၁၈ ခုနှစ်မှာ Instagram နဲ့ Snapchat တို့ကို ကျော်တက်သွားခဲ့ပါတယ်။

Tik Tok ကို အထူးသဖြင့် အိန္ဒိယ ကျေးလက်ဒေသတွေမှာ အတော် ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပြီး တစ်နိုင်ငံလုံး သုံးတဲ့သူ ၂၅ သန်း လောက်တောင် ရှိနေပါတယ်။ တစ်ကမ္ဘာလုံးဆိုရင် သုံးစွဲသူ သန်းတစ်ထောင်ကျော် ရှိနေပါပြီ။ Youtube မှာလိုပဲ Tik Tok သုံးတဲ့သူတွေမှာ follower သန်းချီရှိတဲ့သူတွေ ရှိပါတယ်။

အဲဒီ APP ကို အသက် ၁၃ နှစ်အောက် ကလေးတွေ မသုံးရဘူးလို့ ကုမ္ပဏီက သတ်မှတ်ထားတာပါ။

Tik Tok

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘာသာစကား ၇၅ မျိုးနဲ့ သုံးလို့ရနေပြီ

ဒါပေမဲ့ ဖေဖော်ဝါရီလတုန်းက အမေရိကန်နိုင်ငံမှာ ကလေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သုံးတဲ့ကိစ္စကြောင့် ကုမ္ပဏီကို စံချိန်တင် ဒဏ်ကြေး တပ်ခဲ့ပါတယ်။ အဲဒီမှာ အသက်မပြည့်သေးတဲ့ ကလေးတွေရဲ့ အကြောင်းတွေ ပါတာကို သိလျက်နဲ့ တင်ခွင့်ပေးတာကြောင့် ဒဏ်ဆောင်ခဲ့ရတာပါ။

Tik Tok ကုမ္ပဏီ ဘက်ကတော့ ကုမ္ပဏီဟာ ဒေသတွင်း ဥပဒေတွေကို လိုက်နာတဲ့အပြင် သုံးစွဲသူတွေရဲ့ လုံခြုံရေးဟာ သူတို့အတွက် ပထမ ဦးစားပေးပါလို့ ပြောပါတယ်။