ယူကရိန်း သတင်းတု ဗီဒီယိုတွေ တစ်တော့ TikTok မှာ သန်းနဲ့ချီပြီးကြည့်သူရှိ

no tag

ဓာတ်ပုံ ရင်းမြစ်, SOPA IMAGES

ရှာရန်ဆာဒါရီဇာဒက် Shayan Sardarizadeh၊ ဘီဘီစီ စောင့်ကြည့်လေ့လာရေးဌာန

ယူကရိန်းစစ်ပွဲအကြောင်းဖော်ပြနေတဲ့ ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok တစ်တော့မှာ အချက်အလက်မမှန်တဲ့ သတင်းမှား ဗီဒီယိုတွေ သန်းနဲ့ချီ ရှိနေပါတယ်။

အခြေခံအားဖြင့် တစ်တော့မှာ သုံးစွဲသူ တစ်ဘီလီယံကျော်ရှိနေပြီး အဲ့ဒီထဲက ထက်ဝက်ကျော်က အသက်သုံးဆယ်အောက်တွေ ဖြစ်ပါတယ်။သတင်းအချက်အလက် အမှားတွေ တင်နေတာကို ပိတ်ဆို့ တားဆီးဖို့ တစ်တော့အနေနဲ့ ရုန်းကန်ကြိုးစားနေရသလို တစ်ဖက်မှာလည်း လူငယ်အများစုဟာ ဖြစ်ပျက်နေတဲ့ နောက်ဆုံးသတင်းတွေကို တစ်တော့ကနေ ရယူနေကြပါတယ်။

ပြီးတော့ သံသယရှိတယ်ထင်တဲ့ အကြောင်းအရာ သတင်းမှားတွေကို တစ်တော့မှာ ရှာရတာကလဲ သိပ်တော့ မခက်ပါဘူး။အွန်လိုင်းမှာတင်တဲ့ သတင်းမှားတွေကို စောင့်ကြည့်နေတဲ့ NewsGuard အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုအရဆိုရင် တစ်တော့သုံးတဲ့သူ အသစ်တွေ အဲ့ဒီကွန်ရက်ထဲ ရောက်သွားရင် မိနစ်၄၀ အတွင်း ယူကရိန်းနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ လာကြည့်ဖို့ ဆွယ်တယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ လူတွေကြားထဲ ချက်ခြင်းပြန့်သွားနိုင်တဲ့ ဗီဒီယိုတွေ သတင်းမှားတွေ တိုက်ဖျက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ အရှိန်မြှင့်ထားတယ်လို့တော့ တစ်တော့ ကုမ္ပဏီက အခိုင်အမာ ပြောကြားနေပါတယ်။

အောက်က အကြောင်းအရာတွေက တစ်တော့ ပလက်ဖောင်းပေါ်မှာ လူတွေ အထင်အမြင်လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေထဲက အသုံးအများဆုံး အမျိုးအစားအချို့ကို ဘီဘီစီက ရွေးထုတ်ဖော်ပြထားတာပါ။

တစ်တော့မှာ လူကြည့်များနေတဲ့ ဗီဒီယိုအများစုဟာ ၂၀၁၇ ခုနှစ်ကရိုက်ထားတဲ့ ယူကရိန်းစစ်တပ် လေ့ကျင့်ရေးဗီဒီယိုတွေပါ
ဓာတ်ပုံ ပုံစာ, တစ်တော့မှာ လူကြည့်များနေတဲ့ ဗီဒီယိုအများစုဟာ ၂၀၁၇ ခုနှစ်ကရိုက်ထားတဲ့ ယူကရိန်းစစ်တပ် လေ့ကျင့်ရေးဗီဒီယိုတွေပါ

တိုက်ရိုက်ထုတ်လွှင့်မှု အတုများ

ယူကရိန်းစစ်ပွဲ အစပိုင်းကာလတွေက စတင်ပြီး အတုအယောင် တိုက်ရိုက်ထုတ်လွှင့်မှုတွေက တစ်တော့မှာ ကြည့်ရှုမှု အများဆုံးအရေအတွက်ကို ရောက်ခဲ့ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုတွေလုပ်နိုင်ဖို့ သူတို့ အဆာပလာထည့်တဲ့ပုံစံက ရိုးရှင်းပါတယ်။ စစ်ပွဲဟောင်းတစ်ခု သို့မဟုတ် စစ်ရေးလေ့ကျင့်မှုအချို့က လူစိတ်ဝင်စားနိုင်တဲ့ ဗီဒီယိုတစ်ခုကို ရှာတွေ့ရင် ကြီးမားတဲ့ ပေါက်ကွဲတဲ့အသံ သို့မဟုတ် ပြင်းထန်တဲ့ပစ်ခတ်မှု အသံအတုတစ်ခုကို ဗီဒီယိုအပေါ်က ထပ်လိုက်တာပါ။ ပြီးရင် အဲဒီ ဗီဒီယိုကို တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ အသုံးပြုပြီး ဝင်ကြည့်တဲ့ပရိသတ် ပမာဏ တစ်ခုရောက်ရင် သူတို့ ချန်နယ်ကတစ်ဆင့် အလှူ‌ငွေကောက်ခံပါတယ်။

အကောင့်တစ်ခုဆိုရင် မတ်လလယ်တုန်းက ဝင်ကြည့်တဲ့သူ သန်း၃၀ နီးပါးအထိကို ရှိခဲ့ပါတယ်။ အဲ့ဒီအကောင့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု သုံးခုမှာ သုံးခဲ့တဲ့ ဗီဒီယိုတွေက ၂၀၁၇ခုနှစ် ယူကရိန်းစစ်ရေး လေ့ကျင့်မှု ယူကျု့ ဗီဒီယိုကနေ ယူထားတဲ့ ဗီဒီယိုကလစ် အတိုတွေ ဖြစ်ပါတယ်။

အချက်တစ်ခုကို ထောက်ပြရရင် လူကြိုက်များခဲ့တဲ့ သေနတ်သံအတု အသံဖိုင်တစ်ခုကို ဗီဒီယိုကလစ် ၁၃,၀၀၀ ကျော်အထိ သုံးထားတာကို တွေ့ရပါတယ်။

အကောင့်ထဲကို ဝင်ကြည့်တဲ့သူတွေက အကောင့်ကို ငွေသားအဖြစ်ပြောင်းလဲနိုင်တဲ့ အကောင့်အမှတ်တွေ ပေးပို့ခြင်းနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို တုံ့ပြန်ဆက်သွယ်လို့ ရပါတယ်။

"တစ်တော့ရဲ့ လက်ဆောင်ပေးတဲ့ စနစ်ကတစ်ဆင့် ငွေရှာနိုင်တယ်ဆိုတော့ မျှော်လင့်ချက်တွေပေးပြီး ကြောက်စရာကောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကွင်းဆက်တွေကို ဖန်တီးထားပုံရတယ်" လို့ သတင်း မှားတွေရဲ့ အန္တရာယ်တွေကို အာရုံစိုက်ဖော်ပြနေတဲ့ ဗီဒီယိုတွေကို ထုတ်လုပ် ဖန်တီးနေတဲ့ လွတ်လပ်တဲ့သုတေသီ အာဘီရစ်ချတ်က ပြောပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှု အတုအများစုကို #Ukraine သို့မဟုတ် #UkraineWar တို့လို နာမည်ကြီး hashtag တွေအောက်မှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။

“ဒီ အကြောင်းအရာကို ယူကရိန်းခေါင်းစဥ်အောက်မှာ ရနိုင်တဲ့ တခြားအချက်အလက်တွေနဲ့ ရောစပ်ဖို့ ရည်ရွယ်ထားတာ”လို့ မစ္စရစ်ချတ်က ဆိုပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ မသက်ဆိုင်တဲ့ Airsoft ဂိမ်းက ဗီဒီယို
ဓာတ်ပုံ ပုံစာ, ယူကရိန်းစစ်ပွဲနဲ့ မသက်ဆိုင်တဲ့ Airsoft ဂိမ်းက ဗီဒီယို

ဗီဒီယိုဂိမ်းတွေ

ထူးခြားတဲ့တိုက်ပွဲ ဗီဒီယိုဂိမ်းတွေ သို့မဟုတ် ကွန်ပျူတာက ဖန်တီး ထုတ်လုပ်တဲ့(CGI)ပုံ တွေကို တကယ့်တိုက်ပွဲ ဗီဒီယိုတွေနေရာမှာ ပုံမှန် အစားထိုး အသုံးပြုခဲ့ကြတာပါ။

Arma 3 နဲ့ Call of Duty တို့လို ဗီဒီယိုဂိမ်းတွေက TikTok ကို လွှမ်းမိုးထားပါတယ် ။ တိုက်လေယာဉ်တွေ ပစ်ချခံရတဲ့ ဗီဒီယိုဖိုင်တွေ အပါအဝင် လေကြောင်းတိုက်ပွဲ အတုတွေကလည်း အထူးရေ ပန်းစားခဲ့ပါတယ်။

အချို့အကောင့်တွေကတော့ သူတို့လုပ်ဆောင်ချက်တွေ ပိုမိုလက်တွေ့ကျစေရန် ကြိုးစားတဲ့အနေနဲ့ စစ်ပွဲရုပ်ရှင်တွေ၊ တီဗီစီးရီးတွေ သို့မဟုတ် ဂိမ်းတွေက ဗီဒီယို အပိုင်းအစတွေကို အသုံးပြုကြပါတယ်။

အကြိမ်ရေ ၂၄ သန်း ကြည့်ရှုခဲ့တဲ့ ဗီဒီယိုတစ်ခုမှာဆိုရင် အမျိုးသားတစ်ဦးက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတစ်ခုကို တင့်ကားတစ်စီးကို ပစ်လိုက်တဲ့ပုံကို ပြထားပါတယ်။အဲ့ဒီဗီဒီယိုက Paintball နဲ့ဆင်တူတဲ့ အဖွဲ့လိုက် တိုက်ခိုက်ရေးဂိမ်းတစ်ခုဖြစ်တဲ့ Airsoft ပွဲစဉ် တစ်ခုက ဇန်နဝါရီလက ယူကျု့မှာ တင်ထားတဲ့ ဗီဒီယိုပါ။

CGI ဒုံးကျည်တိုက်ခိုက်မှု ဗီဒီယိုဖိုင်နဲ့ ဖန်တီးထားတဲ့ ကြည့်တဲ့သူ ၂.၃သန်းရှိတဲ့ သီးခြားတိုက်ရိုက်ထုတ်လွှင့်မှုအတု တစ်ခုဆိုရင်လည်း မနှစ်ကတည်းက အင်တာနက်ပေါ်မှာ ပျံ့နေတာပါ။

အဲ့ဒီဗီဒီယိုတွေက ဗီဒီယိုဂိမ်းတွေကယူထားတာ သို့မဟုတ် တမင်ဖန်တီးပြုလုပ်ထားတာလို့ အဲ့ဒီဗီယိုတွေအောက်မှာ ကွန်မန့်ပေးနေကြတာကို သူတွေ့တယ်လို့ မစ္စရစ်ချတ်က ပြောပါတယ်။ ဒါပေမဲ့ အကောင့်ကို ကိုင်တဲ့သူတွေက အဲ့ဒီကွန်မန့်တွေကို ပိတ်နိုင်တဲ့အတွက် ကွန့်မန့်တွေကလည်း နောက်ပိုင်းမှာ ပျောက်သွားနိုင်ပါတယ်။

လပေါင်းများစွာ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဒီဗီဒီယိုကလစ်က CGIပုံကိုအသုံးပြု ဖန်တီးထား
ဓာတ်ပုံ ပုံစာ, လပေါင်းများစွာ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဒီဗီဒီယိုကလစ်က CGIပုံကိုအသုံးပြု ဖန်တီးထား

ဗီဒီယိုအဟောင်းတွေ

စစ်ပွဲ အသစ်တစ်ခုဖြစ်နေချိန်မှာ စစ်ပွဲဟောင်းတွေက ဗီဒီယိုတွေကို ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိပါတယ်။ လစ်ဗျား၊ဆီးရီးယားနဲ့ ချေချင်းညာစစ်ပွဲတွေက ဗီဒီယိုတွေကို အခုလက်ရှိစစ်ပွဲမှာ ဖြစ်နေသလိုမျိုး အသုံးပြုနေကြတာကိုလည်း ဘီဘီစီကတွေ့နေရပါတယ်။

တိုက်ခန်းတွေ အပြင်ဘက်မှာ ရုရှားနဲ့ယူကရိန်းတပ်ဖွဲ့တွေ အပြင်းအထန်တိုက်ပွဲဖြစ်နေတဲ့ ဗီဒီယိုကလည်း ကြည့်တဲ့သူ ၇.၇ သန်းအထိတောင် ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီဗီဒီယိုက ချေချင်းမြို့တော် ဂ‌ရော့ဇနီမှာ လက်နက်ကိုင် ဂျီဟတ်ဝါဒီအုပ်စုက ၂၀၁၄ခုနှစ်က တိုက်ခိုက်ခဲ့တဲ့ အသေအပျောက်များတဲ့ တိုက်ပွဲက ဗီဒီယိုဖြစ်ပါတယ်။အရေးကြီး သတင်းအတုတွေနဲ့ တိုက်ရိုက်သတင်း ထုတ်လွှင့်တာမှာသုံးတဲ့ စာတန်းတွေကို မူရင်းဗီဒီယိုဖိုင်ပေါ်ကထပ်ပြီး ဖန်တီးပြု လုပ်ထားတာပါ။

၂၀၁၄ခုနှစ် ချေချင်းညာက လက်နက်ကိုင် ဂျီဟတ်ဝါဒီအဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခု ဗီဒီယိုကို စာတန်းအတုတွေနဲ့ ဖန်တီးထား

ဓာတ်ပုံ ရင်းမြစ်, TIKTOK

ဓာတ်ပုံ ပုံစာ, ၂၀၁၄ခုနှစ် ချေချင်းညာက လက်နက်ကိုင် ဂျီဟတ်ဝါဒီအဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခု ဗီဒီယိုကို စာတန်းအတုတွေနဲ့ ဖန်တီးထား

တချို့ကတော့ လက်ရှိဖြစ်နေတာလို့ အလွယ်တကူ ထင်သွားနိုင်အောင် ရုရှားနဲ့ယူကရိန်းကြား ၂၀၁၄ ကဖြစ်ခဲ့တဲ့ တိုက်ပွဲ ဗီဒီယိုတွေ သို့မဟုတ် နိုင်ငံတစ်ခုရဲ့ စစ်ရေးလေ့ကျင့်တာ၊ ချီတက်ပွဲတွေက ဗီဒီယိုဖိုင်တွေကို တင်ကြပါတယ်။

ကိယက်ဗ်မြို့ အလယ်ပိုင်းမှာ ရုရှားရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်ပြီး မြို့တော်ကိုခုခံကာကွယ်ဖို့ ယူကရိန်း တင့်ကား စစ်ကြောင်းတစ်ခု ချီတက်နေတယ်ဆိုတဲ့ ဗီဒီယိုတစ်ခုကိုလည်း တင်ထားတာတွေ့ရ ပါတယ်။ အဲ့ဒီဗီဒီယိုက ကြည့်တဲ့သူ ကိုးသန်း ရှိပါတယ်။ဒါပေမဲ အဲ့ဒီဗီဒီယိုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက လွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနားတစ်ခုမှာ ရိုက်ကူးထားတာပါ။

လူတွေနေထိုင်တဲ့ ရပ်ကွက်လမ်းပေါ်မှာ အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ယူကရိန်းအလံတပ်ထားတဲ့ တင့်ကားတစ်စီး ဗီဒီယိုဆိုရင်လည်း ကြည့်တဲ့သူ လေးသန်းကျော်အထိရှိခဲ့ပြီး တကယ်တော့ အဲ့ဒီဗီဒီယိုက ၂၀၁၄ခုနှစ် ရုရှား-ယူကရိန်း ပဋိပက္ခတုန်းက ဗီဒီယိုဖြစ်ပါတယ်။

ဗီဒီယိုဟောင်းတစ်ခု တင်ထားတဲ့ရက်စွဲကို ပိုမိုရှင်းလင်းအောင်ပြုလုပ်တာမျိုးလို ရိုးရှင်းတဲ့ အစီအမံတွေ ပြုလုပ်ပြီး ဒီဗီဒီယိုအဟောင်းတွေ အသုံးပြုဖန်တီးတဲ့ကိစ္စကို တစ်တော့အနေနဲ့ ဖြေရှင်းနိုင်တယ်လို့ မစ္စရစ်ချတ်က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်များစွာက လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားက ဗီဒီယိုကို ကီယက်ဗ်မြို့လယ်မှာ တိုက်ပွဲဝင်ဖို့ တင့်ကားတွေ ချီတက်လာတယ်ဆိုပြီးဖော်ပြ

ဓာတ်ပုံ ရင်းမြစ်, TIKTOK

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ နှစ်များစွာက လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားက ဗီဒီယိုကို ကီယက်ဗ်မြို့လယ်မှာ တိုက်ပွဲဝင်ဖို့ တင့်ကားတွေ ချီတက်လာတယ်ဆိုပြီးဖော်ပြ

ပွင့်လင်းမြင်သာမှု ကန့်သတ်ချက်

ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီ မီတာတို့လိုပဲ တစ်တော့အနေနဲ့ အမှီအခိုကင်းတဲ့ အချက် အလက်စစ်ဆေးသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတော့ ရှိပါတယ်။ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ လုပ်သလို သူတို့ပလက်ဖောင်းပေါ်မှာ ယူကရိန်းနှင့်ပတ်သက်တဲ့ သတင်းမှားတွေကို သတင်းမှားတွေလို့ တံဆိပ်ကပ်နေတဲ့ ကိစ္စမျိုးတွေ တစ်တော့မှာ မရှိသလောက်ပါပဲ။

တစ်တော့ဟာ သူနဲ့ပြိုင်ဘက်အချို့နဲ့မတူဘဲ ပညာရှင်တွေ၊သုတေသီတွေနဲ့ စာနယ်ဇင်းသမားတွေအတွက် ပွင့်လင်းမြင်သာမှု သို့မဟုတ် ခွဲခြမ်းစိတ်ဖြာဖို့ အခြေအနေတွေ မဖန်တီးထားတဲ့အတွက် သူ့လို သတင်းမှားကိစ္စလုပ်ဆောင်နေတဲ့ ကျွမ်းကျင်သူမျိုး ကတောင် တစ်တော့ကို အချိန်အတော်ကြာ တောင်းဆိုမှုတွေ လုပ်နေရတယ်လို့ ရစ်ချတ်က ပြောပါတယ်။

အမှီအခိုကင်းတဲ့ အချက်အလက်စစ်ဆေးသူတွေအတွက်က အကြောင်းအရာများစွာကို ပုံမှန်အတိုင်း ကိုယ်တိုင်ကိုယ်ကျ သုတေသနပြုဖို့ ဆိုတာ အချိန်ကုန်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

မစ္စရစ်ချတ်ရဲ့ အဆိုအရ နောက်ပြဿနာတစ်ခုက တစ်တော့ ပလက်ဖောင်းပေါ်မှာ လိမ်လည် လှည့်ဖြားတာတွေကို ဖွင့်ချတဲ့ တစ်တော့အသုံးပြုတွေရဲ့ အသိုက်အဝန်း မရှိတာဖြစ်ပါတယ်.

"သူ့ ပလက်ဖောင်းပေါ်က ကြည့်ရှုတဲ့သူ သန်းပေါင်းများစွာလက်ခံရရှိတဲ့ အချက်အလက်တွေရဲ့ တိကျမှုကို တစ်တော့က သေသေချာချာ မပေးနိုင်တဲ့အတွက် ပြင်ပ သုတေသီတွေနဲ့ နေ့စဉ်တစ်တော့ သုံးနေတဲ့သူ တွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ပိလာစေပါတယ်"

"ပေါ်လာတဲ့ ခြိမ်းခြောက်မှုတွေကိုရှာဖွေဖို့နဲ့ အန္တရာယ်ရှိတဲ့ သတင်းမှားတွေကိုဖယ်ရှားပစ်ဖို့ လုံခြုံရေးနဲ့ လုံခြုံရေး အရင်းအမြစ်များတိုးမြှင့်ပြီး ဆိုးရွားတဲ့ ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး ဆက်လက် တုံ့ပြန်ဆောင်ရွက်နေတယ်လို့ တစ်တော့ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

"တစ်တော့ ကို လုံခြုံပြီး တိကျမှန်ကန်တဲ့ နေရာတစ်ခုဖြစ်လာဖို့ ကြိုးပမ်းအားထုတ်မှုအနေနဲ့ ထိန်းချုပ်မှုတွေလုပ်ဖို့ အရင်းအမြစ်တွေထပ်ဖြည့်ထားပါတယ်။

အဲ့ဒီထဲမှာ ဒေသန္တရဘာသာ စကားကျွမ်း ကျင်သူတွေနဲ့ လွတ်လပ်တဲ့ အချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်တာ၊ ရုရှားနဲ့ ယူကရိန်း ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အကြောင်းအရာတွေကို အချက်အလက်စစ်ဆေးတဲ့အစီစဥ်တွေ ပါဝင်ပါတယ်"။