သြဂုတ်လ ၂၆ ရက် ဘီဘီစီမြန်မာပိုင်းသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မြန်မာနယ်စပ် ရွှေလီနဲ့ ကြယ်ခေါင်မှာ တရုတ်က မြေပြင် ဝေဟင် ကင်းလှည့်ဖို့ပြင်
နယ်စပ်ဒေသလုံခြုံ တည်ငြိမ်ရေးဆိုပြီး တရုတ် - မြန်မာ နယ်စပ် ရွှေလီနဲ့ ကြယ်ခေါင်မှာ တရုတ်က မြေပြင် ဝေဟင် ကင်းလှည့်မယ့်သတင်းနဲ့အတူ သြဂုတ်လ ၂၆ ရက် မြန်မာနဲ့ကမ္ဘာ့သတင်းများ တိုက်ရိုက်တင်ဆက်မှု။
အနှစ်ချုပ်
- ပြည့်သူ့လုံခြုံရေးကို လမ်းအလိုက် ရပ်ကွက်အလိုက်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်ပြော
- ကချင်၊ ဗန်းမော်မြို့ တဝိုက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဆက်ရှိနေ
- ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို PDF သိမ်းပိုက်
- မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် ဆက်ပြီးထောက်ခံအားပေးသွားမယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြော
- ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင်ရဲ့ ရိုဟင်ဂျာတွေကို စောင့်ရှောက်မယ်ဆိုတဲ့ကတိအပေါ် UNHCR ထောက်ခံ
- စီအီးအို မှာ ကွယ်ဝှက်ထိမ်ချန်ထားတဲ့အကြောင်းကိစ္စတွေမရှိဘူးလို့ တယ်လီဂရမ် ဘက်ကပြောလာ
- တရုတ် စစ်တပ် (PLA) ရဲ့ တောင်ပိုင်းတပ်မဟာက ရှမ်းမြောက်နဲ့နယ်စပ်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ခြမ်းမှာ ဝေဟင် မြေပြင် ကင်းလှည့်လေ့ကျင့်မှာဖြစ်ပါတယ်
တိုက်ရိုက် ထုတ်လွှင့်ချက်
၆ ကြိမ်မြောက် BIMSTEC ထိပ်သီးဆွေးနွေးပွဲကို ထိုင်း ရွှေ့ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Dr S. Jaishankar
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ(ဝဲ)နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ ဇူလိုင်လတုန်းက ကျင်းပတဲ့ BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သီးခြားတွေ့ဆုံမှု ထိုင်းနိုင်ငံဟာ စက်တင်ဘာလဆန်းမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ရှိတဲ့ ဘင်းစတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးပွဲတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အတည်ပြုထုတ်ပြန်ပါတယ်။
ထိုင်းမှာ အစိုးရအသစ်ဖွဲ့ဖို့ရှိနေတာ၊ လွှတ်တော်ကနေ အစိုးရအဖွဲ့ကို အတည်ပြုပေးဖို့ရှိနေတာ စတဲ့ တရားရေးဆိုင်ရာကိစ္စရပ်တွေအတွက် အချိန်ယူဖို့ရှိတာကြောင့် အခုလိုရွှေ့ဆိုင်းတာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
‘‘အိမ်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ ထိုင်းလူထုအတွက်ရော၊ BIMSTEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ အကျိုးစီးပွားကိုပါ ရှေးရှူပြီး BIMSTEC မူဘောင်ထဲကနေ လုပ်ဆောင်တဲ့ရှေ့ဆောင်အစီအစဥ်တွေကို ပြည့်ပြည့်ဝဝ စီစဥ်နိုင်ဖို့ အခုလို ရွှေ့ဆိုင်းရတာ’’ လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အစီအစဥ် (BIMSTEC) မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနဲ့ မြန်မာနိုင်ငံတို့ ပါဝင်ပြီး ၁၉၉၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ မြန်မာကတော့ လပိုင်းအကြာမှာပဲ အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက သီရိလင်္ကာနိုင်ငံမှာ ကျင်းပတဲ့ BIMSTEC အစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပါတယ်။
အာဆီယံလိုဒေသတွင်း ထိပ်သီးအစည်းအဝေးတွေသာမက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမေရိကန် အပါအဝင် အခြားဒေသတွင်း မိတ်ဘက်နိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးတွေ ကလွဲရင် ဘင်းမ်စတက် ဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးကိုယ်စား ပြုသူတွေတက်ခွင့်ရတဲ့ အစည်းအဝေးအနည်းငယ်ထဲမှာတစ်ခု ဖြစ်လာပါတယ်။
သံတွဲ၊ မောင်ရွှေလေးရေတပ်ကို အေအေထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်(မောင်ရွှေလေးရေတပ်)ကို စစ်ခေါင်းဆာင်သွားရောက်ခဲ့စဥ် (ပုံဟောင်း) ရခိုင်ပြည်နယ်(တောင်ပိုင်း) သံတွဲမြို့မှာ စစ်တပ်ရဲ့ တစ်ခုတည်းကျန်ရှိတော့တဲ့ မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ) က ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
“အေအေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်နေတာ” လို့ မြေပြင်သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
မနေ့ ဩဂုတ် ၂၅ ရက်မှာလည်း အေအေက မောင်ရွှေလေးရေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့သေဆုံးသွားတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
အဲဒီရေတပ်စခန်းကို အေအေဘက်က ဇူလိုင် ၂၃ ရက်ကတည်းက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲကာလ တစ်လကျော်ရှိလာပြီဖြစ်ပါတယ်။
စစ်တပ်က ရေတပ်စခန်းမကျစေရေးအတွက် ကြည်း၊ ရေ၊ လေ စုပေါင်းပြီး ခုခံနေတယ်လို့ အေအေက မနေ့ ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မောင်ရွှေလေးရေတပ်စခန်းဟာ နယ်မြေခံတပ်ဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်ဖြစ်ပါတယ်။ အဲဒီစခန်း ကို အရပ်အခေါ် သပြုချိုင်ရေတပ်စခန်းနဲ့ ကွင်းဝိုင်းရေတပ်စခန်းလို့လည်း ခေါ်ဝေါ်ကြတယ်လို့ ဒေသခံတွေဆိုပါတယ်။
သံတွဲမြို့ပေါ်ကိုတော့ အေအေက ပြီးခဲ့တဲ့ဇူလိုင်လဝက်ကတည်းက ထိန်းချုပ်ထားနိုင်ပြီး လက်ရှိသံတွဲမှာ မောင်ရွှေလေးရေတပ်တစ်ခုပဲကျန်တော့တယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ရှင်းပြပါတယ်။
စစ်ကောင်စီကတော့ သံတွဲမြို့၊ မောင်ရွှေလေးတိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
မြန်မာအတွက် လူသား/စာနာအကူအညီ ဘတ်ငွေ ၉ သန်းကို ထိုင်းက အာဆီယံ AHA စင်တာကိုလွှဲပေး

ဓာတ်ပုံ ပုံစာ, မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းဘတ်ငွေ ၉ သန်း အကူအညီကိုထိုင်းလွှဲ မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းဘတ်ငွေ ၉ သန်း အကူအညီကို ထိုင်းက ဒီနေ့မှာ အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ(AHA Center)ကို လွှဲပေးလိုက်ပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က AHA စင်တာ အမှုဆောင်အရာရှိချုပ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှာ လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။
ဒီနေ့ အကူအညီလွှဲပြောင်းတဲ့အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာလွန်ကောင်း ကစ်တီကွန်းလည်း တက်ရောက်တာတွေ့ရပါတယ်။
AHA စင်တာ အမှုဆောင်ချုပ် လီယောင်မင်ကတော့ အခုအကူအညီဟာ ‘’အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ထဲက ပထမဆုံးတစ်ချက်ဖြစ်တဲ့ မြန်မာကို ပေးနေတဲ့ လူသားချင်းစာနာမှုအကူအညီ ဒုတိယအဆင့်ရောက်အောင် အထောက်အကူပြုပေးနိုင်သလို မြန်မာပြည်တွင်းက လက်ရှိစိန်ခေါ်မှုတွေကြောင့် ထိခိုက်ခံစားနေရတဲ့သူတွေဆီကို ခွဲခြားမှုမရှိဘဲ ပေးအပ်သွားမယ်’’ လို့လည်း ဆိုပါတယ်။
ထိုင်းဟာ အာဆီယံကတဆင့် မြန်မာကို လူသားချင်းစာနာမှု ဘတ် ၉ သန်း အကူအညီပေးမယ့် အစီအစဥ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ယန်ဖွန်းက ပြီးခဲ့တဲ့လတုန်းက လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပ ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲမှာ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။
ထိုင်းဟာ မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ ရှေ့ပြေးအစီအစဥ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လတုန်းက ထိုင်းနယ်စပ် မဲဆောက်မြို့ကနေ နယ်စပ်ဖြတ်ကျော်ပြီး ကရင်ပြည်နယ်ထဲက သာမညနဲ့ ပိုင်ကျုံအပါအဝင် ကျေးရွာတချို့ကို စာနာမှုအကူအညီပေးခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခုပေးတဲ့ အကူအညီကတော့ အာဆီယံ စင်တာကပဲ စီမံ ကြီးကြပ်မှာဖြစ်ပါတယ်။
ပြည့်သူ့လုံခြုံရေးကို လမ်းအလိုက် ရပ်ကွက်အလိုက်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် လမ်းအလိုက်၊ ရပ်ကွက်နဲ့ ကျေးရွာအလိုက် ပြည်သူ့လုံခြုံရေးစနစ်တွေ တည်ဆောက်ပြီး အပြန်ပြန်အလှန်လှန်စစ်ဆေးနေဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။
မန္တလေး မြို့တော်ခန်းမမှာ မနေ့ ဩဂုတ် ၂၅ ရက်တုန်းက ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ခရိုင်အဆင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးမှာ သူက အခုလိုပြောခဲ့တာပါ။
ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ကို ဩဂုတ် ၁၆ ရက်က ဖွဲ့စည်းခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပြီးနောက်မှာပဲ စစ်ခေါင်းဆောင်က အခုလို ထုတ်ပြောလာတာပါ။
အဲဒီအဖွဲ့ကို စစ်သင်တန်းပေးတာတွေ၊ လက်နက်တပ်ဆင်တာတွေအပြင် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို ဆေးကုသရေးလုပ်ငန်းတွေအထိ စစ်ခေါင်းဆောင်က တာဝန်ပေးထားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်က ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။
ဒီလိုဖွဲ့စည်းတာက ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ချင်တဲ့ ပြည်သူတွေအတွက် ဖွဲ့စည်းပေးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပြီး အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကိုလည်း စစ်သင်တန်းတစ်လပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
တဖက်မှာလည်း စစ်တပ်ရဲ့ ဒီလို လက်နက်ကိုင်တပ်တွေမွေးလာတာက မြေပြင်မှာလက်နက်တွေ ပြန့်ကြဲအောင်လုပ်တဲ့အခြေအနေပဲရောက်လာမယ်လို့ ပြောဆိုသူတွေလည်းရှိပါတယ်။
'' တစ်နိုင်ငံလုံးနီးနီး လက်နက်တွေက ပြန့်ကြဲနေပြီ။ လက်နက်ကိုင်ထားတဲ့ဘယ်သူကမှ မကောင်းဘူး။ နယ်တွေမှာ နှစ်ဖက်လုံးရဲ့လက်ထဲကိုလက်နက်တွေ ရောက်လာတာက လက်နက်မကိုင်တဲ့လူထုအတွက် အန္တရာယ်တွေဖြစ်လာလိမ့်မယ်'' လို့ စစ်ရေးအကဲခတ် တစ်ဦးက ပြောထားပါတယ်။
ကချင်၊ ဗန်းမော်မြို့ တဝိုက်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, KIA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း) ကချင်ပြည်နယ်၊ ဗန်းမော်မြို့ နဲ့ကပ်နေတဲ့ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ) တပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ် (KIA) က သိမ်းပိုက်ပြီးတဲ့နောက် ဗန်းမော်နဲ့ မိုးမောက် ကြားမှာ စစ်တပ်နဲ့ KIA ကြား ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
“ဗန်းမော်မြို့ပြင် ၆ မိုင် ၇ မိုင်ဝန်းကျင်လောက်မှာ ထိတွေ့တိုက်ပွဲနေ့တိုင်းလိုလိုပဲ”လို့ မြေပြင်မှာရှိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
ခမရ ၄၃၇ ကနေ ဗန်းမော်မြို့ထဲမရောက်ခင် မိုးမောက်-ဗန်းမော်မြို့ပြင် လမ်းပိုင်းတကြောမှာတော့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ ကြည်းတပ်၊ ထောက်ပို့တပ် စတဲ့တပ်တွေရှိပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအရ KIA/PDF ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ကို ပိတ်ဆို့ထားတဲ့အခြေအနေဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေကလည်း ဗန်းမော်မြို့ကိုဦးတည်နေတဲ့အနေအထားဖြစ်တယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ရှင်းပြပါတယ်။
ဩဂုတ်လ ၂၄ ရက် စတင်ပြီး စစ်ကောင်စီတပ်တွေ ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနဲ့ မိုးမောက်နဲ့ မံစီ စစ်မျက်နှာ ၂ ခုမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့ ဩဂုတ်လ ၂၆ ရက် ထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ကချင်ဒေသတွင်းသတင်း KNG ကဖော်ပြထားပါတယ်။
မနေ့ ဩဂုတ် ၂၅ ရက်တုန်းကလည်း ဗန်းမော်မြို့နဲ့ မံစီမြို့ကြားထဲက တောင်ဂျာယန်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KIA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။ စစ်ကောင်စီကတော့ ဗန်းမော်ကစစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
တယ်လီဂရမ် - ဒီမိုကရေစီဘက်တော်သားလား၊ စစ်တပ်လက်ထောက်ချတို့မွေ့လျော်ရာနေရာလား
မြန်မာနိုင်ငံက စစ်ကောင်စီကို ထောက်ခံသူတွေ၊ စစ်အာဏာသိမ်းမှုကို လိုလားသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေဟာ လူတွေရဲ့ နာမည်၊ နေရပ်လိပ်စာ အစရှိသဖြင့် ကိုယ်ရေး အချက်တွေကို ဖွင့်ချပြီး ဖမ်းဆီး အရေးယူဖို့ရာ လှုံ့ဆော် ဆော်ဩတဲ့ အဓိက နေရာ တစ်ခု ဖြစ်နေတဲ့ အကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းထဲ သတိပြုမိလာပါတယ်။
စာနယ်ဇင်းသက်တမ်း ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ ဩဇာကြီး သတင်းစာ ဝါရှင်တန်ပို့စ်မှာဆိုရင် အခု ရက်ပိုင်းမှာပဲ “ဟန်ငြိမ်းဦး” နာမည်တပ်လို့ တယ်လီဂရမ်ချန်နယ်ရဲ့ လှုံ့ဆော်မှု အကြောင်း အယ်ဒီတာ အဖွဲ့က အတော်လေး အသေးစိတ်တွေ ရေးပါတယ်။
ဝါရှင်တန်ပို့စ် မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်နဲ့ တယ်လီဂရမ်အကြောင်းဆောင်းပါး ကို ဒီလင်ခ့် ကိုနှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။
ယူကေဖျော်ဖြေပွဲအပြီး မိုက်ကယ်ဂျက်ဆင်ရဲ့ ဝင်ငွေစံချိန် ကို ချိုးခဲ့တဲ့ တေလာဆွတ်ဖ်
ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်ဟာ သူ့ရဲ့ Eras Tour လို့ခေါ်တဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုအစီအစဉ်ရဲ့ ဥရောပ ခရီးစဉ်ဖျော်ဖြေပွဲကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ တေလာဆွစ်ဖ်ဟာ ယူကေ မှာတင်ဘဲ ပရိသတ်ပေါင်း ၁.၂ သန်း နီးပါးကို ဖျော်ဖြေခဲ့ပြီး တိုင်းပြည်စီးပွားရေး အတွက် သန်းတထောင်လောက် ဝင်ငွေ ရှာပေးခဲ့သူဖြစ်လာပါတယ်။
ဒီဖျော်ဖြေပွဲဟာ အခုနှစ် နွေရာသီမှာ သူ့အတွက် ၈ ကြိမ်မြောက် ဝင်ဘလေကွင်းမှာ ဖျော်ဖြေခဲ့တာ ဖြစ်ပြီး ၁၉၈၈ ခုနှစ်တုန်းက မိုက်ကယ် ဂျက်ဆင်တင်ထားတဲ့ တကိုယ်တော် ဖျော်ဖြေမှု စံချိန် အပါအဝင် ကျန်ဖျော်ဖြေပွဲအားလုံးကို ကျော်ဖြတ် သွားခဲ့ပါတယ်။
တေလာဆွတ်ဖ် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ဖျော်ဖြေပွဲအကြောင်း ဒီလင်ခ့်မှာ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, Eras Tour လို့ခေါ်တဲ့ ကမ္ဘာလှည့်ဖျော်ဖြေမှုအစီအစဉ် ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို PDF သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, အမှတ် ၁ စစ်ဒေသ
ဓာတ်ပုံ ပုံစာ, သပိတ်ကျင်းမြို့ကို PDF တွေသိမ်းပိုက်လိုက်တယ်လို့ NUG လက်အောက်ခံ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်လာတဲ့ပုံ မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင်ထဲက သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့အမှတ် (၁) စစ်ဒေသက ဒီကနေ့ သတင်းထုတ်ပြန်လာပါတယ်။
သပိတ်ကျင်းမြို့ကိုထိန်းချုပ်နိုင်ဖို့ PDF တွေဘက်က ၁၀ ရက်နီးပါးတိုက်ခိုက်ခဲ့ရပြီး မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၃၀ ဝန်းကျင်ကို PDF တပ်ရင်းတပ်ဖွဲ့ ၈ ဖွဲ့ထက်မနည်းက ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
သပိတ်ကျင်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးရမိထားသလို PDF ပူပေါင်းတပ်ဖွဲ့ဝင်တချို့လည်းသေဆုံးခဲ့တယ်လို့ အတူတိုက်ပွဲဆင်နွှဲခဲ့တဲ့ MDY- PDFကပြောပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လေကြောင်း ကနေ တိုက်ခိုက်ခဲ့သလို တိုက်ပွဲပြီးတဲ့နောက် လက်နက် ၆၈ လက်၊ ကျည်တောင့် ၂ သောင်းနီးပါးအပြင် လက်ပစ်ဗုံး ၄၂ လုံး၊ ဒရုန်းပျံသန်းမှု ဆက်သွယ်ရေး ဖြတ်တောက်စက် (Jammer) နဲ့ RPG လက်နက်စတဲ့ စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကြေညာထားပါတယ်။
မနေ့ ဩဂုတ် ၂၅ ရက်မနက်ပိုင်းမှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပြီး အဲဒီတိုက်ပွဲကနေ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိထားတယ်လို့ ဒေသတွင်းမီဒီယာမှာဖော်ပြနေကြပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ မေးမြန်းနေပါတယ်။
စစ်ကောင်စီကတော့ သပိတ်ကျင်းမြို့ ထိန်းချုပ်ခံလိုက်ရတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် ဆက်ပြီးထောက်ခံအားပေးသွားမယ်လို့ ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြော

ဓာတ်ပုံ ရင်းမြစ်, US SD
ဓာတ်ပုံ ပုံစာ, ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး၊ အားလုံးပါဝင်ခွင့်နဲ့ ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် လိုလားချက်တွေကို ဆက်ပြီးထောက်ခံအားပေးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။
ဒါအပြင် အရပ်သားတွေအားလုံးကို အကာအကွယ်ပေးကြဖို့လည်း သက်ဆိုင်ရာအစုအဖွဲ့အသီးသီးကို တိုက်တွန်းတယ်လို့ သူကဆိုပါတယ်။
မြန်မာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီးကြီးထွားလာတာနဲ့အမျှ လူနည်းစု တိုင်းရင်းသားတွေ၊ ဘာသာခြားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုပြီးဆိုးရွားစေတယ်လို့ မစ္စတာ ဘလင်ကန် က ထည့်ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရတဲ့သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေရဲ့ ဖြစ်ရပ် ၇ နှစ်ပြည့်နှစ်ပတ်လည်နေ့ ထုတ်ပြန်ချက်မှာ ဝန်ကြီးဘလင်ကန် က အဲဒီလိုထည့်သွင်းပြောထားတာဖြစ်ပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေအတွက် လိုအပ်တဲ့အကူအညီတွေကို ဆက်ပေးသွားမယ်လို့ဆိုသလို ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ရိုဟင်ဂျာတွေအတွက် လူသားစာနာမှု အကူအညီအနေနဲ့ အမေရိကန် က ဒေါ်လာ သန်း ၂,၄၀၀ နီးပါးထောက်ပံ့ကူညီထားတယ်လို့ ဆိုပါတယ်။
မြန်မာမှာ ရိုဟင်ဂျာတွေနဲ့ အရပ်သားတွေအပေါ် ရက်စက်တဲ့လုပ်ရပ်တွေကိုလည်း မှတ်တမ်းတင်ထားတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင်ရဲ့ ရိုဟင်ဂျာတွေကို စောင့်ရှောက်မယ်ဆိုတဲ့ကတိအပေါ် UNHCR ထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်း (ပုံဟောင်း) နိုင်ငံထဲက ရိုဟင်ဂျာအသိုက်အဝန်းကို ဆက်ပြီးပံ့ပိုးကူညီစောင့်ရှောက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မိုဟာမက်ဒ် ယူနွတ်စ်ရဲ့ ကတိအပေါ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထောက်ခံကြိုဆိုတယ်လို့ စာထုတ်ပြန်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရိုဟင်ဂျာတွေ ဝင်ရောက်ခိုလှုံတာ ၇ နှစ်ပြည့်တဲ့နေ့မှာ UNHCR က အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအရပ်သားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုလှုံခွင့်နဲ့ အကာအကွယ်တွေပေးတာ သေချာစေရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်ရဲ့ ရိုဟင်ဂျာအရေးဆောင်ရွက်တဲ့အဖွဲ့တွေက တောင်းဆိုထားကြပါတယ်။
အဲဒီအဖွဲ့တွေကပဲ ၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ၁ ဒသမ ၃၅ သန်းအတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈၅၂ သန်းကိုတောင်းဆိုထားကြတယ်လို့ဆိုပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာတွေပေါ် တညီတညွတ်တည်းထောက်ပံ့ပြီး လူ့အခွင့်အရေးအပြည့်အဝနဲ့ နေရပ်မြန်မာနိုင်ငံပြန်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ဆိုတဲ့ ယူနွတ်စ်ရဲ့တောင်းဆိုချက်အပေါ် UNHCR က အသိအမှတ်ပြုတယ်လို့ ဆိုထားပါတယ်။
ရိုဟင်ဂျာတွေ မြန်မာကို အခွင့်အရေးအပြည့်အဝနဲ့ ပြန်နိုင်ဖို့က ရိုဟင်ဂျာတွေခံစားရတဲ့ ဒုက္ခအကျပ်အတည်းတွေအတွက် အဓိကဖြေရှင်းနိုင်မယ့်နည်းလမ်းတစ်ခုဖြစ်တယ်လို့ UNHCR က ပြောပြီး နိုင်ငံတကာကလည်း ဒီအခြေအနေအထိရောက်အောင်ကူညီဖို့ UNHCR က တောင်းဆိုခဲ့ပါတယ်။
KNU ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ပိုကျယ်ပြန့် လာ
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတချို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ စစ်ရေးယန္တရား သိသိသာသာ မှေးမှိန် ကျဆင်းသွားပြီး KNU ထိန်းချုပ်နိုင်တဲ့နယ်မြေတွေ ပိုကျယ်ပြန့် လာတယ်လို့ကေအန်ယူဘက်ကပြောထားပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေဟာ ကေအန်ယူ ထိန်းချုပ်လာနိုင်တဲ့ နယ်မြေတွေ ဖြစ်လာနေပါပြီလား။ ကိုတင်အောင်ကျော် က ပြောပြထားတာကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
ဗီဒီယို ပုံစာ, KNU ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ပိုကျယ်ပြန့် လာ စီအီးအို မှာ ကွယ်ဝှက်ထိမ်ချန်ထားတဲ့အကြောင်းကိစ္စတွေမရှိဘူးလို့ တယ်လီဂရမ် ဘက်ကပြောလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဘာစီလိုနာမြို့မှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပတဲ့ Mobile World ကွန်ဂရက်စ်မှာ တွေ့ရတဲ့ တယ်လီဂရမ် အမှုဆောင်ချုပ် တယ်လီဂရမ်အမှုဆောင်အရာရှိချုပ် ပါဗယ် ဒူရော့ဗ်မှာ ကွယ်ဝှက်ထိန်ချန်ထားစရာအကြောင်းကိစ္စတွေ မရှိဘူးဆိုပြီး တယ်လီဂရမ်ဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။
မစ္စတာ ဒူရော့ဗ်ဟာ တယ်လီဂရမ် အပလီကေးရှင်းနဲ့ ပတ်သတ်တဲ့ ချိုးဖောက်မှုတွေကြောင့် ပြင်သစ်နိုင်ငံ တောင်ပိုင်းက လေဆိပ်တစ်ခုကို ရောက်ချိန် မနေ့က ဖမ်းဆီးခံခဲ့ရတာကို ပြင်သစ်ဘက် က ပြောထားပါတယ်။
ရာဇဝတ်မှုမကင်းတဲ့ကိစ္စတွေအတွက် တယ်လီဂရမ်ကို အသုံးပြုတာကို မစ္စတာ ဒူရော့ဗ်ဘက်က ထိန်းကွပ်ဖို့ လုပ်ဆောင်တာတွေ မရှိခဲ့ဘူးဆိုပြီး စွပ်စွဲခံရတာနဲ့ဆက်စပ်ပြီး ဖမ်းဆီး ထိန်းသိမ်းခံရတာဖြစ်ပါတယ်။
ဒါ့အပြင် တယ်လီဂရမ်ဟာ မူးယစ်ဆေးဝါးကုန်ကူးမှု၊ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအကြောင်းအရာတွေနဲ့ လိမ်လည်မှုတွေတိုက်ဖျက်ရေးအပိုင်းမှာ တရားဥပဒေစိုးမိုးရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့လည်း စွပ်စွဲခံထားရတာဖြစ်ပါတယ်။
တယ်လီဂရမ်ဘက်ကတော့ ‘’အပလီကေးရှင်းမှာ တင်ကြတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ထိန်းညှိမှုအပိုင်းကို နည်းပညာနယ်ပယ်စံနှုန်းတွေအတိုင်းလိုက်လုပ်နေပြီး စဥ်ဆက်မပြတ်တိုးတက်အောင်လည်း လုပ်နေတယ်’’ လို့ ပြောပါတယ်။
နောက်ပြီး ‘’ဒီပလက်ဖောင်းကို အလွဲသုံးနေတာကို ပလက်ဖောင်းကိုပဲဖြစ်ဖြစ် ပိုင်ရှင်ကိုပဲ ဖြစ်ဖြစ် တာဝန်ယူခိုင်းတာလည်း ယုတ္တိမရှိဘူး’’ လို့ ဆိုပါတယ်။
တယ်လီဂရမ်ဘက်ကတော့ မစ္စတာ ဒူရော့ဗ်ဟာ ဥရောပသမဂ္ဂရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ဥရောပကို မကြာခဏခရီးထွက်လေ့ရှိတယ်လို့လည်း ပြောပါတယ်။
တယ်လီဂရမ်ဟာ ရုရှား၊ ယူကရိန်းနဲ့ အရင်က ဆိုဗီယက်ပြည်ထောင်စုဟောင်းမှာပါဝင်ခဲ့တဲ့ နိုင်ငံတွေမှာတင် မက မြန်မာနိုင်ငံမှာလည်း နာမည်ကြီးတဲ့အပလီကေးရှင်းဖြစ်ပါတယ်။
အချက်အလက်တွေ လွှဲပြောင်းပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ရုရှားက တယ်လီဂရမ်ကို နိုင်ငံထဲမှာ အသုံးပြုခွင့်ကို ၂၀၁၈ ခုနှစ်တုန်းက ပိတ်ပင်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ ပြန်အသုံးပြုခွင့် ပေးခဲ့ပါတယ်။
သူဟာ တယ်လီဂရမ်ကို ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့သူဖြစ်ပါတယ်။ နောက်ပြီး သူ ထူထောင်ခဲ့တဲ့ VK လူမှုကွန်ရက်မှာ အတိုက်အခံအင်အားစုတွေကို အသုံးပြုခွင့်မပေးဖို့ ရုရှားအစိုးရရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ၂၀၁၄ ခုနှစ်ကတည်းက ရုရှားကနေ ထွက်ခဲ့ပါတယ်။
မြန်မာ့အရေး တရုတ်ရဲ့ ရပ်တည်ချက် ဘယ်လိုရှိသလဲ
တိုင်း စစ်ဌာနချုပ်တစ်ခုကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပထမဆုံးအကြိမ် သိမ်းပိုက်လိုက်နိုင်တဲ့ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို တရုတ်က ထောက်ပံ့ပေးနေတယ် ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကို ကူညီထောက်ပံ့တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာမှာရှိတဲ့ တရုတ်သံရုံးတွေ ရှေ့မှာ ဆန္ဒပြ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။ မြန်မာ့အရေးမှာ တရုတ်ရဲ့ ရပ်တည်ချက်က ဘယ်လို ရှိပါသလဲ။ ကိုသူရက ပြောပြထားတာကို ပြန်လည်ကြည့်ရှုပါ။
ဗီဒီယို ပုံစာ, ဝမ်ယိနဲ့ မြန်မာစစ်ခေါင်းဆောင်ရဲ့ တွေ့ဆုံမှု မြန်မာ့အရေးအပေါ် ဘယ်လောက်ထိရောက်လာမလဲ ရွှေလီနဲ့ ကြယ်ခေါင်မှာ တရုတ်က မြေပြင် ဝေဟင် ကင်းလှည့်ဖို့ပြင်

ဓာတ်ပုံ ရင်းမြစ်, China
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်(PLA)ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲက ရွှေလီနဲ့ ကျန်းခန်စီရင်စုအပါအဝင် အခြားနယ်စပ်တွေမှာ ကင်းလှည့်လေ့ကျင်ဖို့ရှိတာကြောင့် တပ်ဖွဲ့ဝင်တွေကို အဲဒီဒေသတွေဆီ ဖြန့်ကြက်ထားလိုက်ပြီလို့ PLA တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။
ရွှေလီဟာ ရှမ်းမြောက် နယ်စပ်ကုန်သွယ်မြို့ မူဆယ်နဲ့ ကပ်လျက်မြို့ဖြစ်ပြီး ကျန်းခန် ကတော့ လက်ရှိမှာ ကိုးကန်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့အပြင် ပါစင်ကျော်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းတွေနဲ့ ကပ်လျက်မှာရှိပါတယ်။
PLA တောင်ပိုင်းတပ်မဟာကတော့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ လုံခြုံရေး ထိန်းသိမ်းဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ပါတယ်။
နယ်စပ်ဒေသတွေမှာ လက်နက်ကိုင်ပြီး နယ်စပ်ကင်းလှည့်တာ၊ ဝေဟင်၊ မြေပြင် ဟန်ချက်ညီညီ ကင်းလှည့်တာတွေပြုလုပ်မယ်လို့ဆိုပါတယ်။
လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ စစ်အာဏာသိမ်းတော်လှန်ရေး လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် မတည်ငြိမ်မှုတွေဖြစ်နေချိန်မှာပဲ နယ်စပ်မှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှု ထပ်မံ ထွက်ပေါ်လာတာဖြစ်ပါတယ်။
PLA တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း နယ်စပ်မှာ ကျည်အစစ်တွေပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်တာတွေ ပြုလုပ်ထားပါသေးတယ်။
မင်္ဂလာပါ ... သြဂုတ်လ ၂၆ ရက် ဘီဘီစီ မြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုကနေ ကြိုဆိုပါတယ်။ ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။


