ဘားမားအက်- ကန်အစိုးရ ရဲ့ မြန်မာ့အရေးအကူအညီ ဘယ်လိုဆက်လာမလဲ

WFP အကူအညီရထားတဲ့ ကယားပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, UN Myanamr

ဓာတ်ပုံ ပုံစာ, WFP အကူအညီရထားတဲ့ ကယားပြည်နယ်မှ တိုက်ပွဲရှောင် ပြည်သူတစ်ဦး

အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) ဥပဒေ ထဲ မြန်မာ့အရေးဖြေရှင်းဖို့ တစိတ်တပိုင်းအနေနဲ့ပါတဲ့ ဘားမားအက် - Burma Act - အရ ၂၀၂၄ မှာသုံးစွဲခွင့်ပြုဖို့ ဘတ်ဂျက် ကို အမေရိကန် အထက် နဲ့ အောက် လွှတ်တော် ၂ ရပ်က ဇူလိုင်လထဲ အဆိုပြုထားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ လွှတ်တော် ၂ ရပ်ကြားမှာအတည်ပြုထားတဲ့ ဘတ်ဂျက်ငွေ ပမာဏ ကွဲလွဲမှုရှိနေပါတယ်။

ဆီးနိတ်လို့ခေါ်တဲ့ အထက်လွှတ်တော်က လာမယ့် ၂၀၂၄ အတွက် ဘတ်ဂျက်ကို အမေရိကန် ဒေါ်လာ ၁၂၁ သန်း ခွင့်ပြုထားပါတယ်။ ဟောက်စ်လို့ ခေါ်တဲ့ အောက်လွှတ်တော်ကတော့ သန်း ၅၀ ပဲ ခွင့်ပြုထားပါတယ်။

ဒါကြောင့် သမ္မတအတည်ပြုလက်မှတ်ထိုးတဲ့အခြေမစိုက်ခင် အခုလိုကြားကာလမှာ အထက်လွှတ် တော်က အဆိုပြုထားတဲ့ ပမာဏအတိုင်း အောက်လွှတ်တော်က အတည်ပြုနိုင်ဖို့ အောက် လွှတ်တော်အမတ်တွေနဲ့ အမေရိကန်က မြန်မာအရေး‌ဆောင်ရွက်တချို့ လိုက်လံတွေ့ဆုံ ဆွေးနွေးတာတွေလုပ်နေကြပါတယ်။

ဒါပေမဲ့ ဘတ်ဂျက်အတွက်အဆိုပြုထားနိုင်တဲ့ အခြေအနေဖြစ်လို့ သမ္မတဂျိုးဘိုင်ဒန်လက်မှတ်မထိုးခင်မှာ အတည်ပြုငွေကိုလွှတ်တော်မှာ ပြန်လည်ဆွေးနွေးနိုင်တာမျိုးပါ။

‘’ ကျွန်တော်တို့ အခုအောက်လွှတ်တော်အမတ်တွေနဲ့ဆွေးနွေး ပြီးတွန်းတွန်းတိုက်တိုက် လုပ်နေရပါတယ်။ တကယ်လို့ မှနောက်ဆုံးမှာမတူရင် သူတို့ လွှတ်တော် ၂ ရပ် ဆွေးနွေးရမှာပေါ့။ ဒါ့ကြောင့် ၁၂၁ သန်းပဲအတည်ဖြစ်ဖို့ကြိုးစားနေတာပါ။ အဲဒါမှပဲ လုံလုံလောက်လောက်နဲ့လုပ်နိုင်မယ် ‘’လို့ နယူးယောက်မြို့ က မြန်မာအရေးလှုပ်ရှားတဲ့ The New York City BURMESE COMMUNITY (NYCBC) အဖွဲ့က ဦးနေတင်မြင့်ကပြောပါတယ်။

ဒါ့ကြောင့် ထူးခြားချက်ကတော့ ဘားမားအက်အရ သုံးစွဲခွင့်ရှိတာကို ၂၀၂၄ ဘတ်ဂျက်မှာငွေပမာဏအတိအကျ နဲ့ပါဝင်လာတဲ့ သဘောဖြစ်ပါတယ်။

NDAA ထဲက Burma Act ဥပဒေဆိုတာ

အမေရိကန် ရဲ့ နိုင်ငံတော် ကာကွယ်ရေးအသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) ထဲမှာ Burma Act ကို အစိတ်အပိုင်းတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ အမေရိကန်လွှတ်တော်ကအတည်ပြု ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

Burma Act မှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူပြည်သားတွေနဲ့ NUG၊ NUCC၊ CRPH၊ CDM နဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုတို့အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်အဖွဲ့အစည်းတွေကိုပါ ထောက်ပံ့ဖို့ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်ကအတည်ပြုခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် အစိုးရရဲ့ NDAA ၂၀၂၃ အထဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံခြားရေးရာ လုပ်ငန်းစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံအတွက် Burma Act ကိုအတည်ပြုပေးခဲ့ပါတယ်။

ဘားမား ဥပဒေ ၂၀၂၂ (BURMA Act 2022) ထဲမှာ “NUG/ NUCC/ CRPH စတာတွေကို အမည် တိုက်ရိုက်တပ်ပြီး အမေရိကန် အစိုးရ အနေနဲ့ ထောက်ခံ အားပေးဖို့ ပြောထားတာပါ။

ဒါပေမဲ့ Burma Act ဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့တွေဆီကိုတော့ပေးအပ်မှာမဟုတ်ကြောင်း အမေရိကန် ဘက်က ပြောထားခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၃ ခုနှစ်မှာ ဘာမားအက်ကနေ ‌ဘတ်ဂျက်အနေနဲ့ ရခဲ့တာမရှိခဲ့ပါဘူး။

တချိန်တည်းမှာပဲအဲဒီကာလတုန်းက အမေရိကန် အထက်လွှတ်တော်မှာ Consolidated appropriation act of 2023 ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အစိုးရ အသုံးစရိတ်အဖြစ် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ထဲက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၃၆ သန်း ပေးအပ်သွားမယ့် အစီအစဉ်တွေပါဝင်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေကနေလည်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကလုပ်နေတဲ့ လုပ်ငန်း အချို့အတွက် အသုံးပြုသွားမယ်လို့ ဖော်ပြထားသလို အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေအတွက်လည်း အသုံးပြုမယ်လို့ ပါဝင်ခဲ့ပါတယ်။

‘’ ဒါ့ကြောင့်ပဲ NDAA က လုပ်ပိုင်ခွင့်ပေးခဲ့တယ်။ အဲဒီလုပ်ပိုင်ခွင့်တွေကိုအကောင်အထည်ဖော်ဖို့အတွက် Consolidated appropriation act နဲ့ နှစ်ခုညှိပြီးတော့ တစ်ဖက်ကလုပ်ပိုင်ခွင့်တွေကိုလုပ်ဆောင်ဖို့အတွက် ဘတ်ဂျက်ချပေးတယ်’’ Los Angeles Myanmar Movement (LA2M) အဖွဲ့၊ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေက ဘီဘီစီကိုပြောပါတယ်။

အခု ၂၀၂၃ ဇူလိုင်အထိ အဲဒီ လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ၁၃၆ သန်းထဲကနေ သန်း ၈၀ ပဲသုံးရသေးတာကို USAID - အမေရိကန် အကူအညီပေးရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက် ကထုတ်ခဲ့တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် ကျန်နေတဲ့ ၅၆ သန်းကို အမှန်တကယ်အကူအညီလိုအပ်နေတဲ့ ဒေသတွေ နဲ့ ပြည်သူတွေဆီရောက်ဖို့ အမေရိကန်အစိုးရကိုတိုက်တွန်းနေရတယ်လို့ ဦးဂျိမ်းရွှေက ဘီဘီစီကိုပြောပါတယ်။

‘’ အဲဒါကို State Department နဲ့တွေ့တဲ့အခါမှာပြောထားတယ်။ ဘတ်ဂျက်ကိုပွင့်လင်းမြင်သာမှုရှိအောင် သုံးပေးဖို့ပေါ့။ပြီးတော့ USAID ကို ဝ ကွက်အပ်ပြီးလုပ်တဲ့အခါ Charges - စရိတ်တွေကများတယ်။ တကယ်ဒုက္ခရောက်နေတဲ့သူတွေဆီကိုမရောက်ဘူး။ ဒါ့ကြောင့် ၂၀၂၄ ဘတ်ဂျက်ကိုတော့ NUG အကူအညီလိုတယ်လို့ ပြောထားတယ်’’

မြန်မာပြည်ထဲကူညီထောက်ပံ့တဲ့ WFP အစီအစဥ်

ဓာတ်ပုံ ရင်းမြစ်, UN Myanamr

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ထဲကူညီထောက်ပံ့တဲ့ WFP အစီအစဥ်

စစ်ကောင်စီ ဆီဘတ်ဂျက်ရောက်

ဘတ်ဂျက်ကို အမေရိကန်အစိုးရလက်အောက် USAID - အမေရိကန်အကူအညီပေးရေးအဖွဲ့ ကတဆင့် သုံးစွဲတယ်လို့နားလည်ရပါတယ်။

သုံးစွဲပြီး စာရင်းထဲပါတဲ့ ဒေါ်လာ သန်း ၈၀ ထဲမှာ ကုလသမဂ္ဂ က တဆင့် သွားရတဲ့အကူအညီ‌‌ တွေဟာ စစ်ကောင်စီနဲ့ လုပ်ရတဲ့ ကုလရဲ့ အကူအညီပေးရေးစီမံချက်တွေထဲကနေ သွားရတဲ့ အခြေအနေဖြစ်နေတာပါ။

ဒါ့ကြောင့် အမေရိကန် ရဲ့ အကူအညီဟာ စစ်ကောင်စီရဲ့ သုံးစွဲမှုထဲ တစိတ်တပိုင်း အနေနဲ့ပါရှိနေတာပါ။

‘’ သူတို့(USAID) က သန်း ၈၀ မှာ ၆၄ သန်းက ယူအန်က တဆင့်ပေးတာဆိုတော့ စကစ က ဖြတ်ရတာပေါ့။ ကျွန်တော်တို့က ဒါကို သိပ်မကျေနပ်ဘူး။အဲဒါကို ကွန်ဂရက်ကို သွားပြောနေတာလေ။ သူတို့ State Department ကို လမ်းညွှန်ဖို့ပေါ့။ ၁၆ သန်းကတော့ အမည်မဖော်လိုတဲ့အဖွဲ့ကို တခြားနည်းနဲ့ ပေးတာတွေ့တယ်။ ဒါပေမဲ့ အဲဒါကိုကျတော့ သူတို့ကလုံခြုံရေးအခြေအနေကြောင့်ဆိုပြီး ထုတ်ပြောလို့မရဘူးပေါ့’’ လို့ ဦးဂျိမ်းရွှေက ပြောပြပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂ က တဆင့်သွားတဲ့ ၆၄ သန်းမှာ စစ်ကောင်စီနဲ့ ကုလသမဂ္ဂတို့ကြားက ပူးပေါင်းဆောင်ရွက်ရမယ့် Goods & Services တွေလို့ခေါ်တဲ့ အကူအညီပေးရေး ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေမှာ သုံးစွဲတဲ့သဘောလို့ USAID အစီရင်ခံစာအရ တွေ့ရပါတယ်။

‘’ သန်း ၅၀ က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ - WFP ကသွားတာဖြစ်ပြီး ၊ ကျန်တာကတော့ သူတို့ USAID အစီရင်ခံစာအရ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်‌ရောက် ရိုဟင်ဂျာတွေအတွက် ကုလအောက်က အဖွဲ့အစည်းတွေက ခွဲပေးခွဲသုံးခဲ့ကြတာပေါ့’’ လို့ ဒီဘတ်ဂျက်သုံးစွဲမှုလမ်းကြောင်းကို သိရှိထားသူတစ်ဦးကပြောပါတယ်။

ဒါတွေအပြင် Department of PRM လို့ခေါ်တဲ့ အမေရိကန်အစိုးရရဲ့ Bureau of Population, Refugees, and Migration ရဲ့ လက်အောက်ကနေ မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းသွားလာသူတွေအတွက် ၁၄ သန်းပေးခဲ့သလို The Disaster Relief Fund (DRF) ကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာအတွက် ၁၇ သန်း ပေးခဲ့ပါတယ်။

ဒါတွေကိုတော့ ကုလသမဂ္ဂကတဆင့်မသွားခဲ့ဘဲ သီးသန့်အနေနဲ့ တခြားအဖွဲ့တွေနဲ့တိုက်ရိုက်ချိတ်ဆက်ပေးခဲ့တာပါ။ ဒီလိုဘတ်ဂျက်ချပေးတဲ့ကိစ္စတွေကိုတော့ မြန်မာ့အရေး ရန်ပုံငွေရရှိရေးလုပ်နေတဲ့ အဖွဲ့တွေက အကောင်းဘက်ကရှုမြင်ကြပါတယ်။

‘’ ဒီလိုသီးသန့်ပေးတာကတော့ USAIDဘက်ကလုပ်ဆောင်မှု တိုးတက်လာတယ်ပြောရမယ်။ အရင်တုန်းကလိုယူအန်(ကုလ)ကို တခါတည်းအကုန်ပုံမပေးလိုက်ဘူး’’ လို့ ဦးဂျိမ်းရွှေကပြောပါတယ်။

လက်ရှိမှာတော့ ၁၃၆ သန်းထဲကကျန်နေတဲ ၅၆ သန်း ကိုလိုအပ်တဲ့ နေရာတွေမှာသုံးဖို့လည်း State Department ကို စာပို့အကြောင်းကြားတာမျိုးတွေအထိလုပ်ထားတယ်လို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားတဲ့ နယူးယောက်မြို့ NYCBC - မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ က ဦးနေတင်မြင့်က ပြောပါတယ်။

USAID လက်အောက်ကသွားတဲ့ စီမံကိန်းတွေနဲ့ လက်ရှိသုံးစွဲထားတဲ့ ငွေကြေးပမာဏ၊ ပူးပေါင်း ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကိုသိရဖို့နဲ့ ကုလ နဲ့ပေါင်းလုပ်တဲ့အစီအစဥ်တွေမှာ စစ်ကောင်စီနဲ့ ချိတ်ဆက်ရတဲ့ အပေါ် USAID ရဲ့ မြန်မာမစ်ရှင်ညွှန်ကြားရေးမှူး Pamela Fessenden ကို အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

USAIDရဲ့ မုန်တိုင်းသင့်ဒေသအကူအညီ

ဓာတ်ပုံ ရင်းမြစ်, USAID

Burma Act အပြင် နောက်ထပ် အကူအညီရမယ့်ကဏ္ဍများ

အခုနှစ်မှာတော့ Burma Act အတွက် လွှတ်တော် ၂ ရပ်လုံးရဲ့ ကော်မတီအစီရင်ခံစာတွေအရ ၂၀၂၃ ခုနှစ်နဲ့ မတူတဲ့ ထူးခြားတဲ့အချက် ၄ ချက်လောက် ပါလာပြီး ဒါတွေကို သီးခြား ဘတ်ဂျက်အနေနဲ့ ထည့်ပေးထားတာလည်းရှိနေပါတယ်။

ထိုင်း ၊ အိန္ဒိယ နဲ့ နယ်စပ်ဖြတ်ကျော် မြန်မာဒုက္ခသည်တွေရွှေ့ပြောင်းအခြေချတဲ့အ‌ပေါ် အကူအညီပေးရေး အစီအစဥ်၊ အစိုးရနဲ့ဒေသန္တရအဖွဲ့တွေအပါအဝင် ဒေသအလိုက်အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဖက်ဒရယ်အစိုးရဖော်ဆောင်ရေးအစီအစဥ်၊ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တာဝန်ခံမှုရှိစေရေး၊ သက်သေစုဆောင်းခြင်းနဲ့ အကာအကွယ်‌ပေးရေးအစီအစဥ်များ၊ ရိုဟင်ဂျာများအတွက် တရားမျှတမှုရှိစေရေးနဲ့ တာဝန်ခံမှုရှိရေး၊ Non-lethal assistance (လက်နက်မဟုတ်တဲ့ အကူအညီပေးရေး) နဲ့ နည်းပညာအကူအညီပေးရေး၊ နိုင်ငံရေးအကျဥ်းသားဟောင်းများကို ပံ့ပိုးကူညီခြင်းအစီအစဥ်၊ တပ် CDMများအတွက် အစီအစဥ် စသဖြင့် တိတိကျကျဖော်ပြထားပါတယ်။

ဒီခေါင်းစဥ်တွေအလိုက် အသုံးပြုခွင့်ပေးမယ့် ဘတ်ဂျက်တွေကို အထက်လွှတ်တော်က ၂၀၂၄ ဥပဒေလျာထားချက်မှာ အတိအလင်း ဖော်ပြထားပါတယ်။ Burma Act အတွက် ၁၂၁ သန်း အပြင် သီးသန့် ခေါင်းစဥ်အလိုက် ၁ သန်းခွဲ ကနေ ၇၅ သန်းအထိ သုံးစွဲခွင့်ပေးတာကိုတွေ့ရပါတယ်။

‘’ ထိုင်း ၊ အိန္ဒိယ နဲ့ နယ်စပ်ဖြတ်ကျော် ဒုက္ခသည်အတွက်ဆို ၇၅ သန်းအထိ သူတို့ ထည့်ပေးထားတယ်။ ဒါ ဘားမားအက်မှာပါတာမဟုတ်ဘူး။ ဆိုတော့ ခေါင်းစဥ်အလိုက် ထပ်ခွဲပေးတော့ ဘားမားအက်ရဲ့ အဓိက ရည်ရွယ်ချက်နေရာတွေမှာ ပိုသုံးနိုင်တဲ့သဘောဖြစ်လာမယ်’’ လို့ အထက်လွှတ်တော်ဘတ်ဂျက် အတည် ဖြစ်ရေးဝင်ရောက်ကူညီနေသူ တစ်ဦးကပြောပြပါတယ်။

Non-lethal assistance (လက်နက်မဟုတ်တဲ့ အကူအညီပေးရေး)ဆိုတာကိုလည်း မနှစ် ၂၀၂၃ ဥပဒေလိုမဟုတ်ဘဲ ဘယ်လိုအကူအညီမျိုးတွေဆိုတာကို တိတိကျကျ အဓိပ္ပါယ်သတ်မှတ် ဖော်ပြထားပါတယ်။

Non-lethal assistance ကို တိတိကျကျ ဖော်ပြချက်အရဆိုရင် စစ်လက်နက်ပစ္စည်းမဟုတ်ပေမဲ့ အထောက်အကူပြုတဲ့ ဆက်သွယ်ရေးပစ္စည်းများ၊ မြေပြင် ၊ဝေဟင်ထောက်လှမ်းရေးပစ္စည်းများ၊ ကျည်ကာအင်္ကျီ တွေနဲ့ အင်တာနက်ဆက်သွယ်ရေးစတဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးမယ့် အခြေအနေပါ။

‘’ မနှစ် ၂၀၂၃ ကဆို Non-lethal assistance က မရှင်းဘူး။ အငြင်းပွားစရာတွေရှိတာပေါ့။ ဒီနှစ်ကတော့ သူတို့ ဖော်ပြထားတာရှင်းလင်းတယ် ‘’ လို့ အထက်လွှတ်တော်ဘတ်ဂျက် အတည် ဖြစ်ရေးဝင်ရောက်ကူညီနေသူ တစ်ဦးက ဆက်ပြောပြတယ် ။

ဒါအပြင် NUG က တိုက်ရိုက်ချိတ်ဆက်ပြီး အကူအညီ‌ပေးရေးတွေ လုပ်ခွင့်ရသွားမယ့်အပေါ်မှာ အကူအညီ‌‌ပေးရေးတွေ တားမြစ်ခံရပြီး ပိုခက်သွားနိုင်တယ်ဆိုတာမျိုး ထောက်ပြကြတဲ့ အကူအညီပေးရေးအဖွဲ့တွေလည်းရှိနေတယ်လို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တချို့ဆီက လာတဲ့သတင်းတွေအရ သိရပါတယ်။

‘’ ဘက်မျိုးစုံကတော့ NUG ကို ပါဝင်စေချင်ကြတာပေါ့။ ဒါပေမဲ့ တချို့ကလည်း သူတို့လုပ်ပိုင်ခွင့်ကျုံ့သွားမှာစိုးရိမ်ပြီး NUG က စီမံတာမျိုးကို လက်မခံကြတာလည်းရှိတယ်’’ လို့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်နေသူတစ်ဦးက ပြောပြပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒီဥပဒေတွေအရ ရနိုင်မယ့် အကူအညီပေးရေးတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အတူဝင်ရောက်လုပ်ကိုင်ခွင့်ရနိုင်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်ဖို့လိုတယ်ဆိုတဲ့ ထောက်ပြဝေဖန်ချက်တွေလည်းရှိနေပါတယ်။

‘’ သဘောကတော့ဗျာ ကျွန်တော်တို့မှာ ချက်လက်မှတ် အလွတ်တစ်ရွက်ရထားတယ်။ အဲဒီချက်လက်မှတ်ကို အကောင်အထည်မဖော်နိုင်ဘူးဆိုရင် အဲဒီချက်လက်မှတ်အလွတ်ကအဲဒီအတိုင်းဖြစ်နေမယ်။ ဒါ့ကြောင့် ဒါကို အားလုံးဝိုင်းကြိုးစားရမယ်’’ လို့ NYCBC - က ဦးနေတင်မြင့်ကမှတ်ချက်ပြုပါတယ်။