တရုတ်သံအမတ်အသစ်ဘယ်သူလဲ၊ ဘာတွေရင်ဆိုင်ရမလဲ

မစ္စ ‘မာကျား’

ဓာတ်ပုံ ရင်းမြစ်, အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံရုံး

ဓာတ်ပုံ ပုံစာ, မြန်မာမှာ သံအမတ်အဖြစ်တာဝန်ယူတော့မယ့် မစ္စ မာကျား

မြန်မာ့နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးပွေလီနေတဲ့ကာလမှာ တရုတ်နိုင်ငံက သံအမတ် အပြောင်းအလဲ လုပ်လိုက်ပြီး အမျိုးသမီးတစ်ဦးကို သံအမတ်ကြီးအဖြစ် စေလွှတ်လိုက်ပါတယ်။

မစ္စမာကျား လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူ့ရဲ့ အနှစ် ၃၀ ကျော် သံတမန်အတွေ့အကြုံအတွင်း အာရှနိုင်ငံအများအပြားမှာ ကျင်လည်ခဲ့ပြီးပါပြီ။

အခုနောက်ဆုံး အိန္ဒိယလို အင်အားကြီးနိုင်ငံမှာ သံမှူးကြီး တာဝန်ထမ်းဆောင်နေခဲ့ရာကနေ မြန်မာကို ရောက်လာတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးကာလက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှာ တတိယအတွင်းဝန် ဖြစ်ခဲ့ဖူးတဲ့ သူ့ အတွက် မြန်မာက အစိမ်းသက်သက်မဟုတ်ပေမယ့် ခြားနားပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မာကျားရဲ့ သံတမန်ခရီး

အနှစ် ၃၀ ကျော် သံတမန်အတွေ့အကြုံရှိ

ဓာတ်ပုံ ရင်းမြစ်, baidu

ဓာတ်ပုံ ပုံစာ, အနှစ် ၃၀ ကျော် သံတမန်အတွေ့အကြုံရှိသူ

ဟန်မျိုးနွယ်ဝင် မာကျားကို ရှန်ရှီပြည်နယ် ယုံးဂျီမြို့မှာ ၁၉၆၇ ခုနှစ်က မွေးလို့ အသက် ၅၆ နှစ်ရှိပါပြီ။

တရုတ်နိုင်ငံခြားရေးတက္ကသိုလ်မှာ သံတမန်ရေးအင်္ဂလိပ်စာလေ့လာခဲ့ပြီး သံတမန်ပညာသင်တန်း တက်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ၁၉၉၁ ခုနှစ်မှာရောက်ပြီး ကေဒါသစ်လေ့ကျင့်ရေးအစီအစဉ်မှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံခြားဝန်ကြီးဌာန၊ အာရှရေးရာဌာနမှာ တတိယအတွင်းဝန် ဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့ရဲ့ ပြည်ပတာဝန်က မြန်မာနိုင်ငံနဲ့ စတင်တယ်လို့ဆိုနိုင်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှာ တတိယအတွင်းဝန်အဖြစ် ၁၉၉၅ ကနေ ၁၉၉၈ အထိ သုံးနှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် တရုတ်ကိုပြန်သွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒုတိယအတွင်းဝန် ဖြစ်လာပါတယ်။

၂၀၀၁ ခုနှစ် ဇန်နဝါရီမှာတော့ တရုတ်ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ပါကစ္စတန်၊ ဂျပန် နဲ့ စင်ကာပူ နိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေမှာ လှည့်လည်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တုန်းက စင်ကာပူသံရုံးမှာ ပထမအတွင်းဝန် ဖြစ်လာပါတယ်။

စင်ကာပူကနေ တရုတ်ကို ပြန်လာပြီးတဲ့နောက် မစ္စမာကျားဟာ တရုတ်နိုင်ငံခြားဝန်ကြီးဌာန အာရှရေးရာဌာနမှာ ညွှန်ကြားရေးမှူး အထိဖြစ်လာပါတယ်။

မစ္စမာကျားရဲ့ ဥရောပအတွေ့အကြုံက ဗြိတိန် ဖြစ်ပြီး ကောင်စစ်ဝန်အဖြစ် ၂၀၁၀ ကနေ ၂၀၁၃ အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဥရောပကနေ အာရှကိုပြန်လာပြီး မလေးရှားမှာ ငါးနှစ်ကြာပါတယ်။

မလေးရှားကနေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ပြန်သွားခဲ့ပြီးမှ ၂၀၂၀ ခုနှစ်မှာ အိန္ဒိယကို သံမှူးအဖြစ် စေလွှတ်ခံရတာ ဖြစ်ပါတယ်။

‘’အိန္ဒိယလိုနိုင်ငံကြီးကို စေလွှတ်ခံရတယ် ဆိုကတည်းက သူ့အရည်အချင်းကို မှန်းလို့ရပါတယ်။ အိန္ဒိယ သံတမန်အသိုင်းအဝိုင်းမှာလည်း ဒီအမျိုးသမီးကိုတော်တယ် လို့ ပြောကြတယ်’’ လို့ သံတမန်အသိုင်းအဝိုင်းက ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

တရုတ်အရေးကို အစဉ်တစိုက်လေ့လာနေတဲ့ ISP China Studies Program ရဲ့ သုတေသနအရ တစ်ကမ္ဘာလုံးမှာ တရုတ်သံတမန် ၁၈၀ ဝန်းကျင်ရှိတဲ့အနက် အမျိုးသမီးက ရာခိုင်နှုန်းနည်းတယ်လို့ သိရပါတယ်။

နိုင်ငံခြားရေး ဒုတိယဝန်ကြီးဟောင်း ဦးသန့်ကျော်က မစ္စမာကျားဟာ မြန်မာနိုင်ငံမှာတာဝန်ထမ်းဆောင်ဖူးတဲ့အတွေ့အကြုံရှိလို့ နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

မြန်မာနိုင်ငံကို တရုတ်က အမျိုးသားသံတမန်တွေပဲ စေလွှတ်နေရာကနေ အမျိုးသမီးတစ်ဦးကို ပြောင်းလဲစေလွှတ်တဲ့အတွက် အပြောင်းအလဲဖြစ်သွားပြီး စိတ်ဝင်စားစရာကောင်းတယ် လို့ သူက ရှုမြင်ပါတယ်။

‘’နှစ်နိုင်ငံ ဆက်ဆံရေးကို သူဘယ်လောက်မြှင့်တင်နိုင်မလဲကြည့်ရမယ်’’ လို့ ဦးသန့်ကျော်ကပြောပါတယ်။

မာကျား အိုင်ဒီယော်လော်ဂျီ

စာရေးတဲ့သံအမတ်

ဓာတ်ပုံ ရင်းမြစ်, The Hindu

ဓာတ်ပုံ ပုံစာ, စာရေးတဲ့သံအမတ်

အိန္ဒိယမှာ တာဝန်ထမ်းဆောင်နေတုန်း The Hindu သတင်းစာ နဲ့ India Writes Network တွေမှာ မစ္စမာကျား က ဆောင်းပါးတွေ၊ အတွေးအမြင်တွေ ရေးခဲ့ပါတယ်။

‘‘ပါတီကလာတဲ့ အမျိုးသမီး’’ လို့ နာမည်ကြီးတဲ့ မာကျားရဲ့စာတွေမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒကို အထင်းသားပေါ်လွင်စေပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ထုတ် The Hindu မှာ “တရုတ်-အိန္ဒိယပူးပေါင်းဆောင်ရွက်မှု’’ နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။

‘‘၁၉၅၀ ပြည့်နှစ်ကျော်တွေမှာ တရုတ်နဲ့ အိန္ဒိယဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို လက်တွဲ ကမကထပြုခဲ့ကြပြီး ဒီမူတွေက နိုင်ငံတကာဆက်ဆံရေးကို ထိန်းကြောင်းနေတဲ့ အခြေခံနှုန်းစံတွေဖြစ်နေဆဲ’’ လို့ ဆောင်းပါးမှာထည့်ရေးပါတယ်။

အဲဒီဆောင်းပါးမှာပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ပတ်သက်လို့ ရှေ့ရေးကြိုတွေးချက်တွေကိုတွေ့ရပြီး ဖွံ့ဖြိးဆဲနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုပြီး တောင်းဆိုချက်တွေကို ထင်ဟပ်တဲ့ ပွင့်လင်းတဲ့ ကမ္ဘာစီးပွားရေးစနစ်ကို ပူးပေါင်းတည်ဆောက်ရမယ် လို့ ရေးထားပါတယ်။

‘’တစ်နိုင်ငံထဲ ထင်ရာစိုင်းတာ၊ ကိုယ့်နိုင်ငံအကျိုးစီးပွားတစ်ခုထဲကိုသာ ကာကွယ်တာ၊ အနိုင်ရသူ အကုန်ယူဆိုတဲ့ ငါနိုင်-သူရှုံးကစားပွဲကို ပစ်ပယ်ရပါမယ်’’ လို့ မစ္စမာကျားက ရေးပါတယ်။

တကယ်စစ်မှန်တဲ့ ဗဟုဝါဒကို ကျင့်သုံးရမယ်။ ဗဟုဝါဒ အမည်ခံပြီး အုပ်စုဖွဲ့ခြင်းက အုပ်စုနိုင်ငံရေးနဲ့မကွာခြားဘူး လို့ သူက ဆိုပါတယ်။

‘’ဗဟုဝါဒအမည်ခံပြီး လွှမ်းမိုးနိုင်အောင်လုပ်တာဟာ တစ်နိုင်ငံထဲထင်ရာစိုင်းတဲ့ စဉ်းစားနည်းပဲ’’ လို့ မာကျားက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကမှ India Writes Network မှာ ထိုင်ဝမ် အရေးနဲ့ပတ်သက်လို့ မာကျားက ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသေးတယ်။

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးမှာရှိတဲ့ ပြည်သူတွေက ဆွေမျိုးတွေဖြစ်ပြီး တစ်နိုင်ငံထဲဆိုတဲ့ အမြစ်ကို ဖြတ်လို့မရနိုင်ဘူး လို့ မစ္စမာကျားက ဆိုပါတယ်။

‘’ထိုင်ဝမ်ပြဿနာဟာ တရုတ်ရဲ့ ပြန်လည်ဦးမော့လာခြင်းနဲ့အတူ အဆုံးသတ်မှာပါ’’ လို့ မာကျားက ရေးပါတယ်။

အိန္ဒိယဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံတွေထဲမှာပါဝင်ပြီး နိုင်ငံနဲ့နိုင်ငံတကာအဖွဲ့အစည်း ၁၈၀ကျော်တို့က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အတည်ပြုပေးခဲ့ကြတယ် လို့ မာကျားက ထည့်ရေးပါတယ်။

ဒါကြောင့်ပဲ တရုတ်တစ်နိုင်ငံတည်းမူဝါဒဟာ နိုင်ငံတကာသဘောတူညီချက်ဖြစ်နေပြီဆိုတာ ထင်ရှားနေတယ် လို့ သူက ဆိုပါတယ်။

‘’တစ်နေ့နေ့မှာ တရုတ်တစ်နိုင်ငံထဲမူဝါဒကို ထောက်ခံတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတဲ့ မိသားစုဓာတ်ပုံရှိလာမယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အချိန်တစ်ခုစောင့်စရာပဲ လိုပါတယ်’’ လို့ အိန္ဒိယက တရုတ်သံမှူးကြီးက ရေးပါတယ်။

မြန်မာမှာ ဘာတွေရင်ဆိုင်ရမလဲ

၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံက နောက်ကွယ်က ပံ့ပိုးမှုတွေ ရှိနေတယ်ဆိုပြီး ဆန္ဒပြမှု

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံက နောက်ကွယ်က ပံ့ပိုးမှုတွေ ရှိနေတယ်ဆိုပြီး ဆန္ဒပြမှု

မစ္စမာကျား ရဲ့ ကိုယ်ရေးအကျဉ်းကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာကလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကိုယ်ရေးအကျဉ်းမှာမပါတဲ့ မာကျားရဲ့ အရေးကြီး တာဝန်တစ်ခုအကြောင်း ပါမလာခဲ့ပါဘူး။

မာကျားက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြောက်ကိုရီးယားနျူကလီးယားရေးရာရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူး အဖြစ် ၂၀၀၅ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသူပါ။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ရုရှားပိုင် Rosatom ကုမ္ပဏီက ကူညီနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးကြောင့်လည်း တရုတ်နိုင်ငံက နျူကလီးယားရေးရာ အတွေ့အကြုံရှိ သံတမန် တစ်ယောက်ကို မြန်မာကိုစေလွှတ်တာဖြစ်နိုင်တယ် လို့ အကဲခတ်တစ်ဦးကပြောပါတယ်။

ရုရှားနဲ့ပိုနီးကပ်တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ တရုတ်နိုင်ငံဆက်ဆံရေးက အဆင်ပြေမနေဘူးလို့ အကဲခတ်တွေက သုံးသပ်နေချိန်မှာ မာကျားက နေပြည်တော်ကို သွားရမှာ ဖြစ်ပါတယ်။

မာကျားရဲ့ရှေ့မှာ တာဝန်ယူခဲ့တဲ့ သံအမတ်ကြီးချန်းဟိုင်ကတော့ မြန်မာမှာ အရပ်သားအစိုးရအုပ်ချုပ်နေချိန်လေးပဲ သူ့အတွက် ပျားရည်ဆမ်းကာလဖြစ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကာလ၊ စစ်တပ်ရဲ့ အာဏာသိမ်းမှု နဲ့ ပြည်တွင်းစစ်အပြင်းထန်ဆုံးကာလတွေ နဲ့ ကြုံဆုံခဲ့ရတာဖြစ်ပါတယ်

မစ္စမာကျားအတွက်လည်း သူ့ရှေ့ကလူထက်မလျော့တဲ့ စိန်ခေါ်မှုတွေက ဆီးကြိုနေပါတယ်။

မာကျား ရဲ့ ပါကစ္စတန် နဲ့ အိန္ဒိယ အတွေ့အကြုံတွေကို မြန်မာ့အရေးအတွက် ဘယ်လောက်အသုံးချနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ် လို့ အကဲခတ်တွေကပြောပါတယ်။

မစ္စမာကျား အိန္ဒိယမှာ သံမှူးကြီးအဖြစ် တာဝန်စယူရတဲ့ ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ တရုတ်နဲ့ အိန္ဒိယ အငြင်းပွားနေတဲ့ နယ်စပ်မှာ နှစ်ဘက်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပါတယ်။

တရုတ်-အိန္ဒိယ နယ်စပ်အငြင်းပွားမှု မှာ မာကျားပြောခဲ့တဲ့ နာမည်ကျော်စကားတစ်ခွန်းရှိပါတယ်။

‘’ဘယ်သူမှ စစ်ကို မလိုချင်ဘူး’’ ဆိုတဲ့ စကားဖြစ်ပါတယ်။

အခုသူရောက်လာတာဝန်ယူရမယ့် မြန်မာနိုင်ငံကတော့ တရုတ်နယ်စပ်ကစလို့ နိုင်ငံအနှံ့ အဖွဲ့အစည်းပေါင်းစုံ နဲ့ စစ်တပ်တို့အကြား တိုက်ခိုက်မှုတွေ အရှိန်မြင့်လို့ ပြည်တွင်းစစ် ဖြစ်နေတဲ့ တရုတ်ရဲ့ အိမ်နီးချင်းပဲဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက နောက်ကွယ်က ပံ့ပိုးမှုတွေ ရှိနေတယ်ဆိုပြီး မြန်မာပြည်တွင်းမှာ ဆန္ဒပြမှုတွေ ရှိနေပါတယ်။

တရုတ်နဲ့မျိုးနွယ်တူ ဘာသာစကားတူတဲ့ ကိုးကန့်တပ် (MNDAA) က တရုတ်နယ်စပ်ကနေ ရှမ်းပြည်နယ် (မြောက်ပိုင်း) မြို့တော် လားရှိုးအထိ သိမ်းပိုက်ထားလို့ တပ်ထောက်ခံသူတချို့က ပြည်ပကျူးကျော်စစ်လို့ ပုံဖော်မှုတွေလည်း ရှိနေပါတယ်။

‘’မြန်မာပြည်မှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို သူ ဘယ်လောက်အထိအကာအကွယ်ပေးနိုင်မလဲ။ တစ်ချိန်တည်းမှာပဲ တရုတ်မုန်းတီးရေး လှုံ့ဆော်မှုတွေကို ဘယ်လောက်အထိ ချေဖျက်နိုင်မလဲဆိုတာက သံအမတ်သစ်အတွက် အဓိက စိန်ခေါ်မှုဖြစ်မယ်ထင်ပါတယ် ’’ လို့ တရုတ်မြန်မာဆက်ဆံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်ပါတယ်။

တရုတ်အရေးကို အစဉ်တစိုက်လေ့လာနေတဲ့ ISP China Studies Program ကတော့ သံအမတ်အသစ်ဟာ ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ် လို့ ဘီဘီစီ ကိုပြောပါတယ်။

မြန်မာအကျပ်အတည်းအဖြေရှာရေး၊ တရုတ်စီမံကိန်းတွေရဲ့လုံခြုံရေး၊ မြန်မာပြည်ဖွားတရုတ်လူမျိုးတွေ နဲ့ မြန်မာပြည်ထဲမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ရဲ့ လုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးတွေက အဓိက စိန်ခေါ်ချက်တွေ ဖြစ်လာမယ် လို့ ISP က သုံးသပ်ပါတယ်။

‘’တရုတ်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်တဲ့ Narrative အကျိုးအကြောင်းဖော်ပြချက်တွေမှာအစုအဖွဲ့လိုက် အမျိုးမျိုးရှိနေကြတယ်။ တရုတ်အတွက်တော့ ပဋိပက္ခတွေကြောင့် ထိခိုက်လာမယ့် အကျိုးစီးပွားရေးဆိုင်ရာလုံခြုံရေးက အဓိက ကျနေတယ်။ ဒီလို အခြေအနေကို ထပ်ပိုးတဲ့ တရုတ်ကိုမလိုလားတဲ့ ဆန့်ကျင်ရေးတွေ မကျယ်ပြန့်လာ အောင်လည်း သူ့အနေနဲ့ပါးပါးနပ်နပ်ကိုင်တွယ်ရမယ့်သဘော ရှိပါတယ်’’ လို့ ISP China Studies Program အကြီးအကဲ မနန်းလွင်က သုံးသပ်ပါတယ်။