ထိုင်ဝမ်ရွေးကောက်ပွဲ - အမေရိကန်ရဲ့ စွက်ဖက်နေတဲ့စကားတွေကို တရုတ်ရှုတ်ချ

အာဏာရပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အာဏာရပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင်

ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ မတိုင်မီမှာပဲ ထိုင်ဝမ်က မဲဆန္ဒရှင်တွေအနေနဲ့ "မှန်ကန်တဲ့ရွေးချယ်မှုတွေ" ပြုလုပ်ဖို့ တရုတ်က သတိပေးလိုက်ပါတယ်။

လက်ရှိအာဏာရပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင် အနိုင်ရရှိသွားရင် တရုတ်- ထိုင်ဝမ် ဆက်ဆံရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ တရုတ်က ဆိုပါတယ်။

စနေနေ့မှာလုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ တင်းမာမှုတွေဖြစ်အောင် မဆွပေးဖို့ဆိုပြီး အမေရိကန်က တရုတ်ကို သတိပေးလိုက်တဲ့အပေါ် တရုတ်ကလည်း အမေရိကန်ရဲ့ “အရှက်မဲ့ ပြောဆိုမှုတွေ” ဆိုပြီး ဝေဖန်လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရသူအပေါ်မူတည်ပြီး ထိုင်ဝမ်ဟာ တရုတ်နဲ့‌ ပိုဝေးကွာသွားတာနဲ့ ပိုနီးစပ်လာတာ တစ်ခုခုတော့ ဖြစ်လာမှာပါ။

ထိုင်ဝမ်ဟာ တရုတ်နဲ့ အမေရိကန်ကြား အာရှမှာ ဩဇာအာဏာလွှမ်းမိုးနိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းမှုတွေကြားက အဓိကသော့ချက် နေရာတစ်ခုဖြစ်နေပါတယ်။

တရုတ်ရဲ့ ထိုင်ဝမ်ရေးရာရုံးကတော့ မစ္စတာလိုင် ရွေးကောက်တင်မြှောက်ခံရရင် ခွဲထွက်ရေးလှုပ်ရှားမှုတွေကို ပိုပြီးအရှိန်မြှင့်လုပ်လာလိမ့်မယ်လို့ ထုတ်ပြန်ပါတယ်။

“လွတ်လပ်ရေးဆိုပြီး လှုံ့ဆော်ချက်တွေနဲ့ ဆိုးညစ်တဲ့လမ်းစဉ်အတိုင်း ဆက်လျှောက်မယ်ဆိုရင် ထိုင်ဝမ်ကို ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုကနေ ဝေးကွာစေမှာဖြစ်သလို စစ်ပွဲနဲ့ ဆုတ်ယုတ်တဲ့ဘက်ကိုပဲ နီးကပ်သွားစေနိုင်တယ်”လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ - (DPP) က မစ္စတာလိုင်ကတော့ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ အတွက် မဲဆန္ဒရှင်တွေအနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကိုသာ ရွေးချယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

လိုင်ရဲ့ အဓိကပြိုင်ဘက် ကူမင်တန် - KMT ပါတီ က ဟူးယုယီကတော့ မစ္စတာလိုင်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအတွက် အန္တရာယ်တစ်ခုလို့ ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်လူမျိုးတော်တော်များများက သူတို့ကိုယ်သူတို့ သီးခြား နိုင်ငံတစ်ခုမှာ နေသူတွေအဖြစ် ယူဆနေကြပေမဲ့ အများစုကတော့ ထိုင်ဝမ်က တရုတ်ဆီကနေ လွတ်လပ်ရေးကြေညာထားတဲ့ အနေအထားလည်းမဟုတ် ပေါင်းစည်းနေတဲ့ အနေအထားလည်း မဟုတ်တဲ့ လက်ရှိလို အခြေအနေတစ်ခုကို ဆက်ထိန်းထားဖို့ ထောက်ခံနေကြပါတယ်။

မဲဆွယ်စည်းရုံးပွဲက ထောက်ခံသူတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မဲဆွယ်စည်းရုံးပွဲက ထောက်ခံသူတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထိုင်ဝမ်ကျွန်းက တရုတ်ပြည်မကြီးနဲ့ ကွဲပြားခြားနားတယ်လို့ သုံးသပ်ကြပေမဲ့ တရုတ်အစိုးရအနေနဲ့ကတော့ နောက်ဆုံးမှာ ထိုင်ဝမ်ကို ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပြီး အဲဒီလိုဖြစ်လာအောင် လုပ်ဆောင်ဖို့အတွက် အင်အားသုံးဖို့လိုရင် သုံးမယ်ဆိုတာမျိုး တရုတ်က ထုတ်ပြောထားပါတယ်။

လူထုစစ်တမ်းတွေ နောက်ဆုံး လုပ်ခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ မတိုင်ခင်လေးအထိ မစ္စတာလိုင်က သိုကာသီကာ ရှေ့က ပြေးနေခဲ့ပါတယ်။ အခု သမ္မတရွေးကောက်ပွဲနဲ့အတူ ပါလီမန်ရွေးကောက်တွေကိုလည်း ပြုလုပ်မှာပါ။

တရုတ်က အမေရိကန်ကို ထိုင်ဝမ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာတွေမလုပ်ဖို့ ပြောဆိုတာနဲ့ တစ်ချိန်တည်း ထိုင်ဝမ်က မဲဆန္ဒရှင်တွေဆီကိုလည်း တိုက်ရိုက်သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်က ထိုင်ဝမ်မှာ ရွေးကောက်ပွဲတွေပြီးသွားတဲ့အချိန် ထိုင်ဝမ်ကို အလွတ်သဘောကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်လို့ ပြောကြားလိုက်တဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးကို ဆိုးဆိုးရွားရွားထိခိုက်မှု မဖြစ်စေဖို့အတွက်အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်တာတွေကို ရှောင်ကြဥ်ရမယ်လို့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က အရှက်မဲ့ ပြောင်ပြောင်တင်းတင်းပြောဆိုနေတာတွေကို တရုတ်က ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်းလည်း ဆိုပါတယ်။

တရုတ်ကတော့ ထိုင်ဝမ်မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲနှစ်ခုကြားက ရွေးချယ်မှုတစ်ခု လုပ်ရမယ်လို့ ပြောပါတယ်။

ကြာသပတေးနေ့မှာ ထိုင်ဝမ်နိုင်ငံခြားဝန်ကြီး ဂျိုးဆက်ဝူကတော့ စနေနေ့မှာပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲ အပေါ် တရုတ်ဘက်ကအကြိမ်ကြိမ် ဝင်ရောက်စွက်ဖက်တာကို ဝေဖန်ခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်က တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို လာရှုပ်နေတာတွေ ရပ်တန့်သင့်တယ်လို့ မစ္စတာဝူက အရင် တွစ်တာလို့ လူသိများတဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ ရေးတင်ခဲ့ပါတယ်။