၂၀၂၄ ထိုင်ဝမ်ရွေးကောက်ပွဲ - အနိုင်ရသူက ကမ္ဘာကြီးအတွက် ဘယ်လောက်အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်ဝမ်ရဲ့ မဲဆန္ဒရှင်တွေကတော့ လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့မှာ သမ္မတသစ်ကို မဲပေးရွေးချယ်ကြတော့မှာ ဖြစ်ပါတယ်။
ထိုင်ဝမ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဟာ ဝါရှင်တန်နဲ့ ဘေဂျင်း နှစ်ခုလုံးအတွက် အရေးပါတဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကို ပိုင်ဆိုင်ထားတာကြောင့် တရုတ်နဲ့ အမေရိကန်နှစ်နိုင်ငံစလုံးက ဒီရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဒီရလဒ်ပေါ်မူတည်ပြီး တရုတ်နဲ့ ထိုင်ဝမ်ကျွန်းရဲ့ ဆက်ဆံရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်ပြီး ဒေသတွင်း တင်းမာမှုတွေမြင့်တက်လာနိုင်သလို ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို သက်ရောက်နိုင်တယ်လို့ ပြောဆိုနေကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ခွဲထွက်ရေးသမားလို့ ရှုမြင်တဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က လက်ရှိသမ္မတဆိုင်အင်ဝမ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကန့်သတ်ချက်တွေကြောင့် သမ္မတသက်တမ်း ၂ ဆက် တာဝန်ထမ်းဆောင်ပြီးပြီဖြစ်လို့ ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။
ဆိုင်အင်ဝမ်နေရာကို ဆက်ခံမယ့် သမ္မတလောင်း ၃ ဦး အခုရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ဖို့ရှိပါတယ်။
DPP ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဥပဒေပြုဖို့၊ ဘတ်ဂျက်အတည်ပြုဖို့ စစ်ကြေညာဖို့နဲ့ ကျွန်းတစ်ခုလုံးအဆင့်ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ အခွင့်အာဏာရှိမယ့် ၁၁၃ ဦးပါ ဥပဒေပြုပါလီမန်အမတ်အများစုနေရာကို ဆက်လက်ထိန်းထားဖို့ မျှော်လင့်နေပါတယ်။
ဘယ်သူတွေက သမ္မတလောင်းတွေလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
လိုင်ချင်ဒါ(ဒီမိုကရက်တစ်တိုးတက်ရေးပါတီ - DPP)
ဆရာဝန်ဟောင်းတစ်ဦးဖြစ်တဲ့ လိုင် ဟာ ထိုင်ဝမ်ရဲ့ ထိပ်ပိုင်းနိုင်ငံရေးရာထူးတွေကို ဆုပ်ကိုင်ထားနိုင်တဲ့ နိုင်ငံရေသမားတစ်ဦးဖြစ်ပါတယ်။ သူက ၂၀၂၀ ခုနှစ်က ဒုတိယသမ္မတဖြစ်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူဟာ Pan-Green ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းရေးကို ဆန့်ကျင်ပြီး ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကို ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံသူဖြစ်ပါတယ်။
သူဟာ တရုတ်ထက်စာရင် အမေရိကန်နဲ့ဆက်ဆံရေးကို နီးနီးကပ်ကပ်ရှိဖို့ ပိုပြီးလိုလားသူဖြစ်ပါတယ်။
သဘောထားတင်းမာတဲ့ သူဟာ “ခွဲထွက်ရေးသမား”၊ “ဆိုင်အင်ဝမ်ထက်ပိုဆိုးတဲ့သူ’’ အဖြစ်တရုတ်ရဲ့ ရှုမြင်ခြင်းကိုခံထားရတာပါ။
ရွေးကောက်ပွဲနေ့ နီးလာတာနဲ့အမျှ လိုင်က သမ္မတ ဆိုင် ပြောပြောနေကျစကားဖြစ်တဲ့ ‘’ထိုင်ဝမ်က လွတ်လပ်ပြီးသားဖြစ်တယ်။ အဲဒီအတွက် ဘာကြေညာချက်တွေမှ လုပ်စရာမလိုဘူး’’ ဆိုတဲ့စကားကို ထပ်တလဲလဲပြောနေပါတယ်။
ဟူးယုယီ (ကူမင်တန် - KMT)
ဟူးဟာ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် နယူးတိုင်ပေစီးတီး(မြို့တော်တိုင်ပေရဲ့ ဆင်ခြေဖုံးအရပ်) ရွေးကောက်ပွဲမှာ မြို့တော်ဝန်အဖြစ်ပြန်လည်ရွေးကောက်ခံရပြီး စွမ်းဆောင်ရည်အတွက် နာမည်ကောင်းရှိသူဖြစ်ပါတယ်။
သူဟာ Pan-Blue ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ခိုင်မာတဲ့ဆက်ဆံရေး ဒါမှမဟုတ် တရုတ်နိုင်ငံနဲ့ ပေါင်းစည်းနိုင်ခြေရှိတဲ့ အခြေအနေကို ထောက်ခံအားပေးပါတယ်။
မကြာသေးခင်ကပဲ သူဟာ ရှိရင်းစွဲ လက်ရှိ အနေအထားကို ထိန်းသိမ်းဖို့ ဦးစားပေးလုပ်ဆောင်နေတယ်လို့ သူကပြောပါတယ်။ သူဆိုလိုတာက လွတ်မြောက်ရေးမကြေညာဘဲ တရုတ်နဲ့ပေါင်းစည်းရေးမကြိုးစားဘူးလို့ပြောတာဖြစ်ပါတယ်။
ကူဝမ်ကျား (ထိုင်ဝမ်ပြည်သူ့ပါတီ- TPP)
‘‘ကူ’’ဟာ ၂၀၁၄ ခုနှစ်မှာ တစ်သီးပုဂ္ဂလအဖြစ် တိုင်ပေမြို့တော်ဝန်ရာထူးကို မထမ်းဆောင်ခင်အထိ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်မှာ ထိုင်ဝမ်ပြည်သူ့ပါတီရဲ့ တည်ထောင်သူဖြစ်ခဲ့ပြီး DPP ပါတီနဲ့ KMT ကိုမကြိုက်နှစ်သက်သူတွေကြားမှာ တတိယရွေးချယ်ခံရတဲ့ ပါတီဖြစ်ခဲ့ပါတယ်။
TPP ရဲ့ ရပ်တည်မှုကတော့ ထိုင်ဝမ်နဲ့ တရုတ်ကြားမှာ ရေရေရာရာမရှိပါဘူး။
နိုဝင်ဘာလက KMT နဲ့ TPP ကြား ပူးပေါင်းရေးနဲ့ ပတ်သက်တဲ့ စေ့စပ်ညှိနှိုင်းရေးကလည်း ပျက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်ဝမ်ပြည်သူတွေ လိုချင်တာဘာလဲ
တရုတ်နဲ့ ထိုင်ဝမ်ကြားမှာ တင်းမာမှုအရှိန်တွေရှိနေတဲ့ကြားကပဲ ထိုင်ဝမ်လူထုအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့က ပိုအရေးကြီးနေတဲ့ကိစ္စလို့ အမြင်ရှိနေတာကို သုတေသနတချို့က ဖော်ပြပါတယ်။
အမျိုးသားသိပ္ပံနဲ့ နည်းပညာကောင်စီရဲ့ထောက်ပံ့မှုနဲ့ပြုလုပ်တဲ့ ၂၀၂၃ သုတေသနအရဆိုရင် စစ်တမ်းဖြေဆိုတဲ့ ၃၄ ရာခိုင်နှုန်းသော လူဦးရေက စီးပွားရေးနဲ့ပတ်သက်ပြီး အရေးတကြီးစိုးရိမ်မှုအဖြစ် ပြောထားပြီး နောက်လာမယ့်သမ္မတအနေနဲ့ ဒါကို အလေးထားပြောဖို့ မျှော်လင့်ကြပါတယ်။
တရုတ်-တိုင်ပေ ဆက်ဆံရေးအပေါ်ရှုမြင်ချက်တွေက ၁၈ ဒသမ ၁ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာပဲရှိနေပါတယ်။
ထိုင်ဝမ်ပြည်သူတွေ အထူးသဖြင့် လူငယ်တွေနဲ့ အလုပ်သမားတွေဟာ လုပ်ခလစာနည်းပါးတာ၊ လူနေမှုစရိတ်တွေမြင့်တက်နေတာနဲ့ အိမ်ဈေးနှုန်းတွေ မြင့်မားလာတဲ့ပြဿနာတွေကို စိတ်ပျက်နေကြတယ်လို့ဆိုပါတယ်။
လက်ရှိသမ္မတဆိုင်အင်ဝမ်က သူ့ရဲ့ ၂၀၁၅ မဲဆွယ်ပွဲမှာ “မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့နိုင်ငံ” ဖြစ်ရမယ်လို့ ကတိပြုမဲဆွယ်ခဲ့ပေမဲ့ မဲဆန္ဒရှင်တွေကတော့ ဆိုင် အဲဒါကိုမယူလာနိုင်ခဲ့ဘူးလို့ ပြောနေတာပါ။
DPP ဟာ ၂၀၂၂ ဒေသန္တရ ရွေးကောက်ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့ပြီး ဆိုင်အင်ဝမ်လည်း ပါတီဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။
လူအများကတော့ လူထုရဲ့ နေ့စဉ်ဘဝတိုးတက်ကောင်းမွန်ရေးလုပ်ဆောင်ဖို့ရာမှာ DPP ရဲ့ စွမ်းဆောင်ရည်အားနည်းမှုအပေါ် အပြစ်တင်နေကြတာပါ။
ထိုင်ဝမ်ကျွန်းပေါ်မှာ ခြောက်လနဲ့အထက်နေထိုင်ရင်းစွဲရှိတဲ့ အသက် ၂၀ နဲ့ အထက် ထိုင်ဝမ်နိုင်ငံသားတွေဟာ မဲပေးဖို့ အလိုအလျောက် အရည်အချင်းပြည့်မီပါတယ်။
ဒီအချက်အရ ဖြစ်နိုင်ခြေရှိတဲ့ မဲဆန္ဒရှင် ၁၉ သန်းလောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ ၇၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်ဝမ်ရဲ့ သမ္မတသစ်အနေနဲ့ တရုတ်နဲ့ အမေရိကန်တို့ လိုလားတာ ဘယ်သူဖြစ်မလဲ
ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းရဲ့ ၁၆၁ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။
ကူမင်တန် (KMT၊ မျိုးချစ်ပါတီ) အစိုးရဟာ ကွန်မြူနစ်ပါတီနဲ့ တရုတ်ပြည်တွင်းစစ်ရှုံးပြီးနောက်မှာ ၁၉၄၉ ခုနှစ် ပြည်မကြီးကနေ ဆုတ်ခွာသွားချိန်မှစပြီး သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိခဲ့ပါတယ်။
ဆယ်စုနှစ်များစွာကြာတဲ့အချိန်မှာတော့ ထိုင်ဝမ်ဟာ အာဏာရှင်စနစ်ကနေ ကိုယ်ပိုင်အခြေခံဥပဒေနဲ့ ဒီမိုကရေစီနိုင်ငံကို အသွင်ကူးပြောင်းခဲ့ပါတယ်။ လူဦးရေအများစုကတော့ ထိုင်ဝမ်ကျွန်းကို တရုတ်ပြည်မကြီးနဲ့ အလှမ်းကွာနေတဲ့ကျွန်းအဖြစ် ရှုမြင်ကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီကတော့ ထိုင်ဝမ်ကို တဖြည်းဖြည်းနဲ့ပြန်လည်ထိန်းချုပ်ရေးဟာ အမျိုးသားလုံခြုံရေး ကိစ္စရပ်တစ်ရပ်အဖြစ် ယူဆထားပါတယ်။
သမ္မတရှီကျင့်ဖျင်ကတော့ ‘‘ပြန်လည်ပေါင်းစည်းရေး’’ကို အောင်မြင်အောင်လုပ်ဆောင်ရမယ်လို့ တစ်ကြိမ် ထက်မနည်း ပြောကြားခဲ့ပြီး အဲဒီအတွက် အင်အားသုံးနိုင်ခြေရှိမလားဆိုတာတော့ မပြောထားပါဘူး။
အမေရိကန်ကလည်း တရုတ်ဘက်က အဲဒီလို လှုပ်ရှားလာတာနဲ့ ရပ်တန့်နိုင်ရေး အသင့်အနေအထားရှိနေပါတယ်။
ထိုင်ဝမ်ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒအတွက် အရေးပါတဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့လို အမေရိကန်မဟာမိတ်တွေကို ရည်ညွှန်းတဲ့ ‘‘ဆက်စပ်နေတဲ့ကျွန်းစုတွေထဲက ပထမဆုံးကျွန်းစု’’ ပေါ်မှာ တည်ရှိပါတယ်။
တကယ်လို့သာ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ခဲ့တယ်ဆိုရင် အနောက်ပစိဖိတ်ဒေသမှာ သူ့ရဲ့ အင်အားကို စီမံဖို့အတွက် ပိုမိုလွတ်လပ်နိုင်ပြီး ဂူအမ်နဲ့ ဟာဝိုင်အီတို့အထိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ခြိမ်းခြောက်နိုင်တဲ့အခြေအနေလို့ အနောက်နိုင်ငံအရေး ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုထားတာပါ။
ဒါပေမဲ့ တရုတ်ကတော့ ငြိမ်းချမ်းရေးသက်သက်သာရည်ရွယ်ရင်းရှိတယ်လို့ ပြောနေတာပါ။
တချိန်တည်းမှာပဲ သမ္မတလောင်း သဘောထားစစ်တမ်းကောက်ယူမှုတွေမှာ DPP သမ္မတလောင်း လိုင်ချင်ဒါဟာ ကူမင်တန်(KMT)က ဟူးယုယီ ထက် တစ်ပြေးနေပြီး ထိုင်ဝမ်ပြည်သူ့ပါတီ(TPP)က သမ္မတလောင်း ကူဝမ်ကျား ကတော့ တတိယနေရာမှာရှိနေပါတယ်။
တရုတ်ကတော့ သူ့ရဲ့ နိုင်ငံရေးဖိအားကို အရှိန်မြှင့်ပြီး သူတို့ရဲ့ ရေလက်ကြားကို ပိုင်းခြားထားတဲ့ မျဥ်းကိုကျော်ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ထိုင်ဝမ်ကို စစ်သင်္ဘောတွေ၊ လေယာဉ်တွေ မကြာခဏ စေလွှတ်ဖြတ်သန်းစေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်ဝမ်က သူ့ကိုယ်သူ ကာကွယ်နိုင်သလား
တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာ အင်အားအများစုဟာ အခြားနေရာတွေမှာ အာရုံစိုက်ထားပေမဲ့
ဥပမာအားဖြင့် ခြုံငုံကြည့်မယ်ဆိုရင် နှစ်ဖက်ကြားမှာ ကြီးမားတဲ့ မညီမျှမှုတွေရှိနေပါတယ်။
စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုတိုင်းမှာ တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ရဲ့ အင်အားကို နည်းပါးစေမှာဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်ဝမ်မှာလည်း စစ်လက်နက်ကောင်းကောင်းမရှိဘဲ တစ်ယောက်တည်းရပ်တည်နေတယ်လို့ပြောလို့မရပါဘူး။
အမေရိကန်ဟာ ၁၉၇၉ ခုနှစ်မှာ တရုတ်ကနေ ထိုင်ဝမ်ကိုပြောင်းပြီး သံတမန်ရေးအရအသိအမှတ်ပြုမှုလိုက်ချိန်ကစလို့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေနဲ့ အညီ ထိုင်ဝမ်ကျွန်းကို လက်နက်တွေ ရောင်းချခဲ့ပါတယ်။
၂၀၂၃ ဇူလိုင်မှာတော့ အမေရိကန်ဟာ ထိုင်ဝမ်ကို ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိတဲ့ စစ်လက်နက်အကူအညီပေးရေး အစီအစဉ်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းမတိုင်ခင်ကပဲ ထိုင်ဝမ်ရဲ့ နည်းဗျူဟာဆိုင်ရာ အချက်အလက်စနစ်တွေကို ထိန်းသိမ်းရာမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ စက်ပစ္စည်းရောင်းချမှုကို အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုပေးခဲ့ပါတယ်။
၂၀၂၂ မေလတုန်းကလည်း အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအရ အကာအကွယ်ပေးမလားဆိုတဲ့မေးခွန်းတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က '' Yes'' လို့ဖြေခဲ့ပြီး အကူအညီပေးမယ်လို့ နားလည်ရတဲ့ အဖြေပေးခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ အိမ်ဖြူတော်က ‘’တရုတ် တစ်နိုင်ငံတည်းမူဝါဒ’’ ကို ပြောင်းလဲဖို့မရှိကြောင်း အခိုင်အမာပြောပြန်ပါတယ်။
ဒါပေမဲ့လည်း တရုတ်အနေနဲ့ အမေရိကန်ကလွဲပြီး တခြားနိုင်ငံတွေအပေါ် ကြီးမားတဲ့ကာကွယ်နိုင်စွမ်းရှိပြီး ရေတပ်စွမ်းအားသာမက ဒုံးကျည်နည်းပညာ၊ လေကြောင်းနဲ့ ဆိုက်ဘာတိုက်ခိုက်မှုအထိ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပါတယ်။
ဘာကြောင့် ထိုင်ဝမ်က ကမ္ဘာကြီးတစ်ခုလုံးအတွက်အရေးကြီးတာလဲ
ကုလသမဂ္ဂကလည်း ထိုင်ဝမ်ကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်မပြုဘဲ ကမ္ဘာတဝန်းက နိုင်ငံ ၁၂ နိုင်ငံကပဲ အသိအမှတ်ပြုထားပြီး အဓိကအားဖြင့် တောင်အမေရိက၊ ကာရေဘီယံနဲ့ အိုရှန်းနီးယားနိုင်ငံတွေ တို့ ပါဝင်ပါတယ်။
ဖုန်းတွေ လက်ပ်တော့တွေ၊ နာရီတွေနဲ့ ဂိမ်းစက်တွေအထိ ကမ္ဘာ့တဝန်းသုံး အီလက်ထရွန်နစ် ပစ္စည်း အများစုဟာ ထိုင်ဝမ်မှာ ထုတ်လုပ်တဲ့ ကွန်ပျူတာ ချစ်ပ်ပြားတွေနဲ့ ထုတ်လုပ်ပါတယ်။
တိုင်းတာချက်တစ်ခုအရဆိုရင် ထိုင်ဝမ်ရဲ့ လျှပ်ကူးပစ္စည်းတွေထုတ်လုပ်တဲ့ ကုမ္ပဏီ TSMC ဟာ ကမ္ဘာ့စျေးကွက်ရဲ့ တဝက်ကိုယူထားတာဖြစ်ပါတယ်။
TSMC ဟာ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာဖောက်သည်တွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ချစ်ပ်တွေကို ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီလုပ်ငန်းနယ်ပယ်ဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးတန်ဖိုးရှိတဲ့ ကြီးမားတဲ့စက်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဝါရှင်တန်ဟာ ထိုင်ဝမ်အပါအဝင် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေအတွက် တရုတ်ရဲ့ နည်းပညာအသုံးပြုခွင့်၊ ပို့ကုန်ထိန်းချုပ်မှုတွေနဲ့ မိုက်ခရိုချစ်ပ် ထုတ်လုပ်မှုတွေအပေါ် ကန့်သတ်ချက်တွေကိုလုပ်ခဲ့ပါတယ်။
ထိုင်ဝမ်ကို တရုတ်က လက်လွှဲယူမယ်ဆိုရင် ဘေကျင်းဟာ ကမ္ဘာ့အရေးအကြီးဆုံးစက်မှု လုပ်ငန်းတစ်ခုအပေါ် တရုတ်က အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။












