တရုတ်-ကန် ဆက်ဆံရေးကြောင့် စီးပွားရေးပုံပြောင်းလာတဲ့ အိုင်ဖုန်းထုတ်ပေးတဲ့ ကုမ္ပဏီ

ဖော့စ်ကွန်းဥက္ကဋ္ဌ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖော့စ်ကွန်းဥက္ကဋ္ဌ

အမေရိကန်နဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေး အေးတိအေးစက်ဖြစ်လာပြီး အခြေအနေသစ်တခုကို ဦးတည် လာတဲ့ ကာလမှာ အိုင်ဖုန်းတွေ ထုတ်လုပ်ပေးတဲ့ ဖော့စ်ကွန်း (Foxconn) နည်းပညာ ကုမ္ပဏီက လျှပ်စစ်ကားဘက်ကို ခြေဦးလှည့်လာပြီး သူ့လုပ်ငန်းတွေကိုလည်း ပြန်သုံးသပ်လာပါတယ်။

ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ် လည်း ဖြစ်တဲ့ ယန်လျှို က သူ့ထိုင်ဝမ်ကုမ္ပဏီရဲ့ အနာဂတ် အစီအစဥ်နဲ့ ပတ်သက်လို့ ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပြထားပါတယ်။

သူ့စက်ရုံတွေကို တရုတ်ကနေ တခြားနေရာကို ပြောင်းလဲသွားတာတောင် လာမယ့် ဆယ်စုနှစ်မှာ လျှပ်စစ်ကား (EVs)တွေက ကုမ္ပဏီကို ဖွံဖြိုးတိုးတက် လာစေမယ်လို့လည်း သူက ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်တင်းမာမှုတွေ ပိုမို ပြင်းထန်လာချိန်မှာ ဖော့စ်ကွန်း အနေနဲ့ အဆိုးဆုံးအတွက်ကို ပြင်ဆင်ထားရမယ်လို့ မစ္စတာ လျှိုက ပြောပါတယ်။

“ငြိမ်းချမ်းတည်ငြိမ်ရေးကို ဒီနှစ်နိုင်ငံ ခေါင်းဆောင်တွေ စိတ်ထဲမှာ ထည့်ထားမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ လျှိုက ပြောပါတယ်။

ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေမှာရှိတဲ့ သူ့ရုံးခန်းမှာ ဘီဘီစီကို သူက သီးသန့် အင်တာဗျူး ပေးခဲ့တာ ဖြစ်ပါတယ်။

“စီးပွားရေး လုပ်ငန်းတခုရဲ့ CEO တယောက်အနေနဲ့ အဆိုးဆုံး ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကို တွေးထားရတယ်” လို့ သူက ဆိုပါတယ်။

တရုတ်က သူပိုင်တယ်လို့ ပြောဆိုနေတဲ့ ထိုင်ဝမ်ကို ပိတ်လိုက်တာ ဒါမှမဟုတ် ဒီထက် ဆိုးလာရင် ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ဒီကျွန်းကို ကျူးကျော်တာမျိုးဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စီးပွားရေးနဲ့ပတ်သက်လို့ စဥ်ဆက်မပြတ် ချမှတ်ထားတဲ့ အစီအစဥ်တွေကို လုပ်ဆောင်နေပြီး တချို့ အမျိုးသား လုံခြုံရေးနဲ့ ဆက်နွှယ်နေတဲ့ ထုတ်ကုန်တွေကို မက္ကဆီကိုနဲ့ ဗီယက်နမ်ကို ရွှေ့ပြောင်းထားပါတယ်။

ဒါဟာ ထိရှလွယ်တဲ့ သတင်း အချက်အလက်တွေနဲ့ ဒေတာ စင်တာတွေ အဖြစ် အသုံးပြုနေတဲ့ ဖော့စ်ကွန်းရဲ့ ဆာဗာတွေကို ရည်ညွှန်းတာ ဖြစ်ဖို့ များပါတယ်။

ဖော့စ်ကွန်း ခေါ် ဟောင်ဟိုင်း နည်းပညာ ကုမ္ပဏီလို့ တရားဝင် လူသိများတဲ့ ဒီလုပ်ငန်းကို ၁၉၇၄ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ တယ်လီဗေးရှင်းမှာပါတဲ့ ခလုတ်တွေကို ဒီကုမ္ပဏီက စ ထုတ်လုပ်ပါတယ်။

အခုတော့ ကမ္ဘာ့ သြဇာအကြီးဆုံး နည်းပညာ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာပြီး တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၂၀၀ အထိ ဝင်ငွေရနေပါတယ်။

အိုင်ဖုန်းကနေ အိုင်မက်ခ် အထိ အဲပယ်လ်ထုတ်ကုန်တွေရဲ့ ထက်ဝက်နီးပါးကို ဒီကုမ္ပဏီက ပြုလုပ် ပေးတယ်လို့ လူသိများပြီး မိုက်ခရိုဆော့ဖ်၊ ဆိုနီ၊ ဒဲလ်နဲ့ အမေဇုန် ကုမ္ပဏီတွေကလည်း ဒီကုမ္ပဏီရဲ့ ဖောက်သည်တွေ ဖြစ်ကြပါတယ်။

ဆယ်စုနှစ်များစွာ ထုတ်ကုန်တွေကို အမေရိကန်မှာ ဒီဇိုင်းရေးဆွဲပြီး တရုတ်မှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာတစ်ဝန်းကို ရောင်းချပါတယ်။

ဒီလိုအစိတ်အပိုင်း အသေးလေးတွေ ထုတ်လုပ်တဲ့ စီးပွားရေး လုပ်ငန်းကနေ ဒီကနေ့မှာ သုံးစွဲသူတွေအတွက် လျှပ်စစ်ပစ္စည်းတွေနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝါရှင်တန်နဲ့ တရုတ်တို့အကြား ဆိုးရွားလာတဲ့ ဆက်ဆံရေးကြောင့် ကုန်ပစ္စည်း အဆင့်ဆင့် လက်လွှဲပို့ဆောင်တဲ့ ကွင်းဆက်ကိုလည်း ကုမ္ပဏီက လိုက်လံထိန်းညှိလာရပါတယ်။

ဒီကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်ငံအကြားမှာ ဖော့စ်ကွန်းအနေနဲ့ မလူးလွန့်သာ လုပ်ကိုင်ရခက်တဲ့ အခြေအနေကို ရင်ဆိုင်နေပြီး ကြားညပ်နေပါတယ်။

ယူကရိန်း စစ်ပွဲအပါအဝင် ကုန်သွယ်ရေးနဲ့ ကိစ္စ အတော်များများမှာ တရုတ်နဲ့ အမေရိကန် အကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ဒီအထဲမှာ အလားအလာအရှိဆုံး ထိပ်တိုက် ထိတွေ့ ပေါက်ကွဲ မှုကြီး ဖြစ်နိုင်တာက ဖော့စ်ကွန်းရဲ့ ဌာနချုပ် တည်ရှိရာ ထိုင်ဝမ်အရေးပဲ ဖြစ်ပါတယ်။

အလယ်မှာ ပိတ်မိခြင်း

ကိုဗစ်စည်းမျဥ်းတင်းကျပ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ဖော့စ်ကွန်းထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်စည်းမျဥ်းတင်းကျပ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ဖော့စ်ကွန်းထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု

ထိုင်ဝမ်က တရုတ်နဲ့ အမေရိကန် အကြား ကာလကြာရှည် ပြဿနာ ဖြစ်နိုင်တဲ့ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ဒါကို ပြန်လည် ပေါင်းစည်းဖို့ ထပ်ခါတလဲလဲ ပြောနေတာက လက်ရှိ အခြေအနေကို ကမောက်ကမတွေ ဖြစ်စေပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်ဝမ်ကို တရုတ်က တိုက်မယ်ဆိုရင် ထိုင်ဝမ်ကို ထောက်ခံတယ်ဆိုပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လေသံတွေ ပစ်လာပါတယ်။

အမေရိကန်ရဲ့ တချို့ ပြောဆိုချက်တွေက တရုတ်ကန့်သတ်ထားတဲ့စည်းဘောင်ကို ကျော်ပြီး ထိုင်ဝမ် လွတ်လပ်ရေး အထိ တောင်းဆိုမှုတွေ ရှိလာတာကြောင့် အိမ်ဖြူတော်အနေနဲ့ တိုင်ပေနဲ့ မဟုတ်ဘဲ ပေကျင်းနဲ့ သံတမန်ရေးကို ဆက်လက် ထိန်းသိမ်းထားတယ်ဆိုတဲ့ အထိ အတည်ပြုလာပါတယ်။

ဒီသတင်းပတ်အကုန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် ရဲ့တရုတ် ခရီးစဥ်က ဒီနှစ်နိုင်ငံအကြား ဆက်ဆံရေး ပြန်ကောင်းလာမလားဆိုတဲ့ မျှော်လင့်ချက် တွေလည်းရှိနေပါတယ်။ ဒါပေမဲ့ ဒီနှစ်နိုင်ငံအကြား ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အနည်းဆုံး အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်တဦးကလည်း သိပ်မကြာတဲ့ နှစ်တွေမှာ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိလာပါတယ်။

“အမေရိကန်နဲ့ တရုတ်တို့က ဗျူဟာကျ ပြိုင်ဆိုင်မှုတွေ လုပ်နေကြတယ်လို့ မြင်ပါတယ်”လို့ ဝါရှင်တန် ဒီစီ ဝေလ်ဆင် စင်တာက အာရှအစီအစဥ်ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ရှီဟိုကို ဂိုတိုက ပြောပါတယ်။

“ဖော့စ်ကွန်းက နှစ်နိုင်ငံလုံးနဲ့ စီးပွားရေးလုပ်ချင်ပေမဲ့ နိုင်ငံတစ်ခုကပဲ အနိုင်ရမှာပါ” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ မစ္စတာ လျှိုက ဒီကိစ္စက အဲလောက်ထိ မရိုးရှင်းဘူးလို့ ပြောပါတယ်။ အမေရိကန်မှာ ဒီဇိုင်းဆွဲပြီး တရုတ်မှာ ထုတ်လုပ်တဲ့ ဖော့စ်ကွန်းရဲ့ စီးပွားရေး ပုံစံက မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာဘူးလို့ သူက ပြောပါတယ်။

“ကျွန်တော်တို့က အလုပ်သမား အများကြီး အလုပ်ပေးထားတယ်၊ တရုတ်အပါအဝင် နိုင်ငံ အများစုက သူတို့ အလုပ်သမားတွေကို ငှားစေချင်ကြတယ်” လို့ မစ္စတာ လျှိုက ပြောပါတယ်။

အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးထားတဲ့ ဖော့စ်ကွန်းလိုကုမ္ပဏီတွေကို တရုတ်အစိုးရက နိုင်ငံတွင်းမှာ ဆက်လက် လည်ပတ်စေလိုတယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို တင်းမာလာတဲ့ ဆက်ဆံရေးကြောင့် ဖော့စ်ကွန်းရဲ့ စီးပွားရေး ပုံစံအပေါ် မထင်မှတ်တဲ့ ဖိအားတွေ ရှိနေပါသလား။

“အခုလက်ရှိအချိန်ထိတော့ ဒါကို မမြင်ရသေးဘူး”လို့ မစ္စတာ လျှိုက သုံးသပ်ပါတယ်။

ဒါပေမဲ့ G7 ထိပ်သီးစက်မှုနိုင်ငံတွေ၊ အနောက်အုပ်စုနဲ့ သူတို့ရဲ့မဟာမိတ်တွေက တရုတ်မှာ သိပ်ပြီး အရဲ မစွန့်ဖို့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေကို တောင်းဆိုထားပါတယ်။ တရုတ်အပေါ်မှာ ကမ္ဘာ့နိုင်ငံတွေက ကာလရှည်ကြာ မှီခိုလာတာကို ရှောင်လွှဲဖို့ ကြိုးစားပေမဲ့ ဒါက အခုထိ အလုပ်မဖြစ်သေးပါဘူး။

ဒါက စီးပွားရေးအပေါ် သက်ရောက်မှု ရှိလားလို့ ဘီဘီစီက မေးရာမှာ မစ္စတာ လျှိုက သတိနဲ့ တုံ့ပြန်ပါတယ်။

တချို့ဖောက်သည်တွေက တရုတ်နိုင်ငံ ပြင်ပမှာ ထုတ်လုပ်ဖို့ တွန်းအားပေးတာတွေ ရှိတယ် ဆိုတာကို သူက အသိအမှတ်ပြုပြီး ဒါက မက္ကဆီကိုနဲ့ ဗီယက်နမ်မှာ လုပ်ငန်းတွေ လည်ပတ်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။

ဒါက အနောက်နိုင်ငံက ဖောက်သည်အများစုရဲ့ သဘောထားဖြစ်ပြီး ဖော့စ်ကွန်းက ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။

“အရဲမစွန့်ဖို့ဆိုတာကို သူ့တို့ အစိုးရက တွန်းအားပေးရာကနေ ကုမ္ပဏီတွေက ရလာတာ ဖြစ်ပြီး သူတို့က ကျွန်တော်တို့ကို ပြန်အသိပေးတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

တရုတ်ရဲ့ စိန်ခေါ်မှု

ဖော့စ်ကွန်းထုတ် လျှပ်စစ်ကားတစ်စီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖော့စ်ကွန်းထုတ် လျှပ်စစ်ကားတစ်စီး

တရုတ်နိုင်ငံထဲမှာ ပစ္စည်းတွေ ထုတ်လုပ်တာက ဖော့စ်ကွန်းကို အကျိုးအမြတ် အများကြီး ရတယ်ဆိုတာက အငြင်းပွားစရာမရှိပါဘူး။

ပထဝီနိုင်ငံရေးကို ဘေးဖယ်ထားလိုက်ရင် ကိုဗစ် ၁၉ က တရုတ်မှာ ကုမ္ပဏီတွေကို အရဲမစွန့်ဖို့ စဥ်းစားရတဲ့ အကြောင်းတခု ဖြစ်လာပါတယ်။

တင်းကျပ်တဲ့ ကိုဗစ် မူဝါဒတွေ၊ ကွာရန်တင်းလုပ်ဖို့ နေရာမရှိတာနဲ့ ကူးစက်မြန်တဲ့ ကိုဗစ် အိုမီခရွန် မျိုးကွဲတွေကြောင့် ၂၀၂၂ ခုနှစ် နောက်ပိုင်း ကျန့်ကျိုး မြို့မှာရှိတဲ့ ဖော့စ်ကွန်းရဲ့ ကမ္ဘာအကြီးဆုံး အိုင်ဖုန်း စက်ရုံမှာ ဆန္ဒပြ ဆူပူမှုတွေ ဖြစ်ခဲ့ပါတယ်။

ကိုဗစ် ကူးစက်လာမှာကို ကြောက်တဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေက အလုပ်လုပ်တဲ့ စက်ရုံဝင်းထဲကနေ ခြေကျင် အိမ်ပြန်ခဲ့ကြပါတယ်။

တရုတ်ရဲ့ တင်းကျပ်တဲ့ ကိုဗစ် ကင်းစင်ရေး မူဝါဒကြောင့် သယ်ယူပို့ဆောင်ရေးတွေ ပြတ်တောက် ကုန်ပြီး ဒါက ကမ္ဘာတစ်ဝန်းက လူတွေ မြင်ခဲ့ရတဲ့ အခြေအနေ ဖြစ်တယ်လို့ မစ္စတာ လျှိုက ပြောပါတယ်။

သူကို စစ်စစ်ပေါက်ပေါက် ဆက်မေးမြန်းရာမှာတော့ အခြေအနေတွေကို တစ်မျိုး ကိုင်တွယ်ခဲ့သင့်တယ်လို့ သူက ဝန်ခံပါတယ်။

“အလားတူ အခြေအနေမျိုးထပ်ဖြစ်ရင် အားလုံးကို ထုတ်လုပ်တာ ကျွန်တော် ရပ်လိုက်မယ်” လို့ သူက ပြောပါတယ်။

အဲပယ်လ်လို ဖောက်သည်မျိုးတွေက ဒီလိုလုပ်ရင် စိတ်ဆိုးနိုင်ပေမဲ့လည်း ဒီဆုံးဖြတ်ချက်ကို ချသင့် တယ်ဆိုတာ သူက ထပ်လောင်းပြောဆိုပါတယ်။

ကုမ္ပဏီရဲ့ အောင်မြင်မှုက လူအထင်ကြီးလောက်တဲ့ စီမံခန့်ခွဲမှုပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ဖော့စ်ကွန်းကို သူ့ရဲ့ဖောက်သည်တွေနဲ့ သီးခြားခွဲခြားလို့ မရပါဘူး။

အဲပယ်လ်အတွက် ဘယ်လောက် လိုအပ်နေသလဲဆိုတာ နားလည်ဖို့ ဖော့စ်ကွန်းက အိုင်ဖုန်းတွေကို ဘယ်လောက်ထိ ထုတ်လုပ်ပေးလဲဆိုတာကို ကြည့်ဖို့လိုပါတယ်။ တချို့ ခန့်မှန်းတာက အိုင်ဖုန်း ၆၀ ရာခိုင်နှုန်း အထိ ထုတ်ပေးတယ်လို့ ခန့်မှန်းထားပါတယ်။

ကင်မရာ အစိတ်အပိုင်းတွေ၊ ဆက်သွယ်တဲ့ကြိုးတွေ၊ နောက် ဖုန်းနောက်ခံကာဗာလို ဖုန်းအတွက် အဓိက လိုအပ်တဲ့ ပစ္စည်းတွေကို တရုတ်မှာ ရှိတဲ့ စက်ရုံတွေက ထုတ်ပေးပါတယ်။

ဖော့စ်ကွန်းအကြောင်း သိလွန်းတာကြောင့် မစ္စတာ ဟောင်ဟိုင်းလို့တောင် သမုတ် ခေါ်ခံထားရတဲ့ ကပ်လန်း ကပ်ပီတယ်က နည်းပညာဆိုင်ရာ သုတေသန ကုမ္ပဏီ ဥက္ကဋ္ဌ ကပ်ယန်း က ဒီကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု သိလာတာ အချိန်အတော် ကြာပြီလို့ ပြောပါတယ်။

“စက်တင်ဘာလတိုင်း အဲပယ်လ်က အိုင်ဖုန်းသစ်ကို ကြေညာလိုက်တာနဲ့ တစ်လ နှစ်လအတွင်း ကုမ္ပဏီက သန်းနဲ့ချီထုတ်ပေးပါတယ်၊ ဒီလို အစွမ်းအစမျိုး ဟောင်ဟိုင်းမှာပဲ ရှိပြီး ဘယ်လိုလုပ်ရမလဲဆိုတာလည်း ဟောင်ဟိုင်းပဲ သိပါတယ်” လို့ သူက ပြောပါတယ်။

အိုင်ဖုန်း သံသရာ

Foxconn

ဓာတ်ပုံ ရင်းမြစ်, Getty Images

နောက်အကြီးဆုံး ခြေတလှမ်းအဖြစ် ဖော့စ်ကွန်းကစွန့်စားမယ့် လျှပ်စစ်ကားတွေနဲ့ ပတ်သက်ပြီး အဲဒီ ကျွမ်းကျင်မှုက အရေးပါတဲ့ တွန်းအားအဖြစ် မစ္စတာ လျှိုက မျှော်လင့်နေပါတယ်။

“ဒါကိုကြည့်လိုက်၊ အိုင်ဖုန်း အကြီးစားတလုံးပါ၊ ဒါမျိုးနဲ့ ကျွန်တော်တို့က သိပ်ကို ရင်းနှီးပြီးသားပါ” လို့ ကားကို ထိန်းချုပ်ထားတဲ့ မျက်နှာပြင်က အကွက်ကို လက်ညှိးထိုးပြပြီး သူက ပြောပါတယ်။

မိသားစုတွေနဲ့ အလယ်အလတ် လူတန်းစားတွေ သုံးနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ အဖြူရောင် SUVကားက ဖော့စ်ကွန်းက ထုတ်လုပ်တဲ့ မော်ဒယ်လ်တွေထဲက တစ်ခု ဖြစ်ပါ တယ်။

“ကျွန်တော်တို့ အတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလို့ထင်ရတဲ့ အကြောင်းတစ်ခုက အစဥ် အဆက် သုံးလာတဲ့ အင်ဂျင်တွေက စက်မှုလုပ်ငန်းနဲ့ ပတ်သက်ပေမဲ့ EV ကားတွေက ဘက်ထရီနဲ့ မော်တာတွေနဲ့ သက်ဆိုင်နေတာကြောင့်ပါ” လို့ သူက ရှင်းပြပါတယ်။

ဒါမျိုးက ဖော့စ်ကွန်းလို နည်းပညာ ကုမ္ပဏီအတွက် ရင်းနှီးပြီးသား ဖြစ်တယ်လို့ သူက ဆိုပါ တယ်။ တစ်နည်းပြောရရင် လျှပ်စစ်ကားကကြီးမားတဲ့ အိုင်ဖုန်းကို ဘီးတပ်ပေးထားတာလို့ ဆိုပါ တယ်။

လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့လျှပ်စစ်ကား စျေးကွက်မှာ ဖော့စ်ကွန်းက ၅ ရာခိုင်နှုန်း အထိ ရဖို့ ရည်မှန်းထားပါတယ်။ အခုထိတော့ လက်ချိုးရေတွက်လို့ရတဲ့ မော်ဒယ်တွေပဲ ထုတ်လုပ်ထားတဲ့ ကုမ္ပဏီအတွက် ဒါဟာ ကြီးမားတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။ ဒါကလည်း အောင်မြင်မှုရမယ်ဆိုပြီး မစ္စလျှို အရမ်း ယုံကြည်နေတဲ့ အလောင်းအစား ဖြစ်ပါတယ်။

“EVကားတွေကို နေရာတစ်နေရာတည်းကနေ ထုတ်မှာ မဟုတ်ဘဲ ဒေသအလိုက် ထုတ်လုပ်သွား တာက ပို သဘာဝကျပါတယ်” လို့လည်း သူက ထပ်လောင်း ဖြည့်စွက် ပြောဆိုပါတယ်။

အမေရိကန် အိုဟိုင်းယိုး၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ အိန္ဒိယတွေမှာ စက်ရုံတွေ အခြေစိုက်မယ်လို့လည်း ဆိုပါတယ်။

အခုတော့ ဖောက်သည်တွေအတွက် လျှပ်စစ်ပစ္စည်းတွေကို ကုမ္ပဏီက အကောင်းဆုံး ဆက်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ဖော့စ်ကွန်းက သူ့ကိုယ်ပိုင် ထုတ်တဲ့ ကားတွေကို စတင် ရောင်းချမှာ ဖြစ်ပါတယ်။

လျှပ်စစ်ကား စျေးကွက်ထဲကို ဝင်ပြီး ဒီလိုကားတွေကို ကိုယ်တိုင် ထုတ်လုပ်တာတင် မကဘဲ ဖြန့်ဖြူးပေးမယ်ဆိုတဲ့ နှစ်မျိုးစလုံးကို လုပ်ဖို့ ဖော့စ်ကွန်းက ကြိုးစားနေပြီး ဒါဟာ ကုမ္ပဏီရဲ့ အနာဂတ်အတွက် အဓိက ကျတယ်လို့လည်း မစ္စတာ လျှိုက ယုံကြည်နေပါတယ်။