ဘေဂျင်း မရောက်တဲ့ စစ်ခေါင်းဆောင် နဲ့ တရုတ်ကို ခပ်စိပ်စိပ်ရောက်တဲ့ ဝန်ကြီးတွေ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံကို တစ်ခေါက်မှ မရောက်သေး

ဓာတ်ပုံ ရင်းမြစ်, bbc

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံကို တစ်ခေါက်မှ မရောက်သေးတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီရဲ့ ဝန်ကြီးတွေ ဒီနှစ်ထဲမှာ တရုတ်နိုင်ငံကို သုံးလအတွင်း အခေါက် ၃၀ ကျော် ခရီးထွက်ခဲ့ပြီးပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံကို တစ်ခေါက်မှ မရောက်သေးပါဘူး။

တရုတ်နိုင်ငံ၊ ဘေဂျင်းမှာ လုပ်တဲ့ တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပေမဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ပဲ တက်‌ရောက်ဖြစ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်က မဖိတ်ခဲ့တာလား၊ တရုတ်နိုင်ငံအနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် မူဝါဒတစ်မျိုး၊ သူ့ရဲ့ စစ်အစိုးရအပေါ် မူဝါဒတစ်မျိုး ထားနေသလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ မဟာဗျူဟာစီမံကိန်းတွေကြောင့် စစ်ကောင်စီနဲ့ မဖြစ်မနေ ဆက်ဆံနေရပေမဲ့ အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြသတဲ့ သံခင်းတမန်ခင်းမျိုးကို သတိထား ရှောင်ရှားနေတယ် လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

စစ်ခေါင်းဆောင်သွားချင်ခဲ့တဲ့ တရုတ်ခရီးစဉ်

၂၀၁၉ ခုနှစ် တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတ နဲ့ တွေ့ဆုံခဲ့

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၁၉ ခုနှစ် တရုတ်ခရီးစဉ်မှာ တရုတ်သမ္မတ နဲ့ တွေ့ဆုံခဲ့စဉ်

ကမ္ဘာ့သံခင်းတမန်ခင်းမှာ အတိုင်းအတာတစ်ခုအထိ ဖယ်ကျဥ်မှု ကြုံနေရတဲ့ မြန်မာ၊ ရုရှားနဲ့ အာဖဂန် တာလီဘန်တို့ကိုပါ ဖိတ်ကြားထားတဲ့ ဘေဂျင်းက ပိုးလမ်းမဖိုရမ်ကို တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အားခဲထားခဲ့တာကြာပြီ ဖြစ်ပါတယ်။

တရုတ်ကို အကြိမ်ရေဆယ်ချီသွားနေတဲ့ စစ်ကောင်စီကိုယ်စားလှယ်ခရီးစဉ်တွေကနေတဆင့် စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ် ဖြစ်ပေါ်လာဖို့ ဘေဂျင်းကို သတင်းစကားပါးမှုတွေရှိသလို နှစ်နိုင်ငံတပ်မတော်ဆက်ဆံရေး လမ်းကြောင်းကနေလည်း အားထုတ်ခဲ့တဲ့အကြောင်း ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အဲဒီကြိုးစားမှုတွေရဲ့ ဆုံချက်အဖြစ် ပိုးလမ်းမဖိုရမ် မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မြန်မာပြည်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံး လက်ဆွဲနှုတ်ဆက်မယ့် ပုံရိပ်ပေါ်ပေါက်လာဖို့ စစ်ကောင်စီဘက်က မျှော်လင့်ထားတဲ့အကြောင်း သံတမန်အသိုင်းအဝိုင်း နဲ့ အကဲခတ်တွေကပါ သုံးသပ်ကြပါတယ်။

ဒီအခမ်းအနားမှာ စစ်ကောင်စီရဲ့ မဟာမိတ် ရုရှားသမ္မတပူတင် လည်း ရှိနေမှာဖြစ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ပိုးလမ်းမ ဖိုရမ်ဟာ လက်မလွှတ်လိုတဲ့ အခွင့်အလမ်းဖြစ်နေခဲ့တာပါ။

ဒါပေမဲ့ ဘေဂျင်းဘက်ကတော့ နိုင်ငံ့ခေါင်းဆောင်တွေ စုံညီနေတဲ့ ပွဲမှာ မြန်မာပြည်ရဲ့ အာဏာသိမ်းမှုကို ထောက်ခံကြောင်း ပြသတဲ့ သံခင်းတမန်ခင်းမျိုးကို ရှောင်ရှားချင်တဲ့အတွက် စစ်ခေါင်းဆောင်ဟာ ဘေဂျင်းက ဖိုရမ်နဲ့ လွဲခဲ့ရတယ် လို့ တရုတ်-မြန်မာ ဆက်ဆံရေးကို လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

ဘေဂျင်းမှာ လုပ်တဲ့ တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ ဖိုရမ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘေဂျင်းမှာ လုပ်တဲ့ တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ ဖိုရမ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘’BRI ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာတက်ရင် တရုတ်အစိုးရအပေါ်မြင်တဲ့ အမြင်တွေလည်း ပြောင်းလဲသွားမှာဖြစ်လို့ တရုတ်က ဒီလိုအဖြစ်ခံချင်ပုံမရဘူး’’ လို့ တရုတ်-မြန်မာ ဆက်ဆံရေး ကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။

တရုတ် နဲ့ အာဆီယံအရေး ကျွမ်းကျင်သူတစ်ဦးကတော့ တရုတ်ဟာ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ထောက်ခံထားတဲ့အတွက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ နည်းတူ ပိုးလမ်းမဖိုရမ်မှာလည်း နိုင်ငံ့ခေါင်းဆောင်ရာထူးကို မဖိတ်ဘဲ ဝန်ကြီးအဆင့်ဖြစ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးကို ဖိတ်ခဲ့တာလို့ သုံးသပ်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူတို့ရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရွှီကျင်း ကိုပဲ နေပြည်တော် စေလွှတ်ပြီး ဆက်ဆံရေးထားရှိနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံခွင့်ရခဲ့တဲ့ တရုတ်ရဲ့အမြင့်ဆုံးခေါင်းဆောင်ဟာ နောက်ပိုင်းမှာ ရာထူးကအနားပေးခံခဲ့ရတဲ့ နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း ပဲ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကစလို့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေကို ဘေဂျင်းအစိုးရက သဘောမကျသလို လက်ရှိမတည်ငြိမ်တဲ့အခြေအနေတွေကြားမှာ စီမံကိန်းတွေ ပြန်စဖို့ ခက်မယ်ဆိုတာကို တရုတ်က နားလည်ထားတယ်လို့ တရုတ်အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

‘’ရွေးကောက်ပွဲ ဘယ်တော့လုပ်မလဲဆိုတဲ့ အချိန်ကာလ အတိအကျမထွက်သေးသရွေ့ တရုတ်က ခေါင်းဆောင်အဆင့် အလည်အပတ်ခရီးကို အမည်တပ်ဖိတ်မှာမဟုတ်ဘူး’’ လို့ တရုတ်အရေးကျွမ်းကျင်သူ တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း တရုတ်အနေနဲ့ ပြည်နယ်အဆင့် ဖိတ်ကြားမှုတွေ နဲ့ ဆွေးနွေးပွဲလမ်းကြောင်းတွေကနေတစ်ဆင့် စစ်ကောင်စီ နဲ့ ဆက်ဆံရေးလမ်းကြောင်း ဖွင့်ထားတယ်လို့ လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။

တရုတ်သို့ သုံးလအတွင်း အခေါက် ၃၀ ကျော်

တရုတ်ကို စီးပွားရေးကိစ္စနဲ့ မကြာခဏ သွားခဲ့ရတဲ့ စီးပွားကူးသန်းဝန်ကြီး(ဟောင်း)ဦးအောင်နိုင်ဦး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, တရုတ်ကို စီးပွားရေးကိစ္စနဲ့ မကြာခဏ သွားခဲ့ရတဲ့ စီးပွားကူးသန်းဝန်ကြီး(ဟောင်း)ဦးအောင်နိုင်ဦး

အာဏာသိမ်း စစ်ကောင်စီကို တရုတ်က အေးစက်တဲ့ ဆက်ဆံရေးလမ်းကြောင်းနဲ့ စောင့်ကြည့်နေရာကနေ မြန်ဆန်သွက်လက်တဲ့ ဆက်ဆံရေးအပြောင်းအလဲလုပ်လိုက်ချိန်မှာ စစ်ကောင်စီ ဝန်ကြီးတွေဟာ ကူမင်းကနေ ဘေဂျင်းအထိ ခရီးတွေသွားလာခဲ့ကြပါတယ်။

ဘီဘီစီကလေ့လာစောင့်ကြည့်ခဲ့တဲ့စာရင်းအရ ပျှမ်းမျှအားဖြင့် ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ၃ ရက်ကို တစ်ကြိမ်နှုန်း စစ်ကောင်စီဝန်ကြီးတွေရဲ့ တရုတ်ခရီးစဉ်ရှိနေခဲ့ပါတယ်။

အများစုကတော့ ဆွေးနွေးပွဲတွေကို ဖိတ်တာဖြစ်ပေမဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ ဖိုရမ်၊ နျူကလီးယားနည်းပညာ ဖိုရမ်၊ လုံခြုံရေးကဏ္ဍ နဲ့ စီးပွားရေးကဏ္ဍ လို အရေးကြီးတဲ့ ဖိုရမ်တွေလည်း ပါဝင်ပါတယ်။

အဲဒီဖိုရမ်တွေထဲမှာ (၇) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲက အရေးပါပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၊ သီရိလင်္ကာ ဝန်ကြီးချုပ်၊ နီပေါ ဒုတိယသမ္မတ၊ လာအို ဒုတိယသမ္မတ၊ ဗီယက်နမ် ဒုတိယဝန်ကြီးချုပ်၊ တရုတ် စီးပွားရေးရာဒုတိယဝန်ကြီး ၊ တရုတ် နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး၊ မော်လဒိုက် နိုင်ငံခြားရေးရာဝန်ကြီး တို့ အပါအဝင် တခြားအဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီဖိုရမ်ကို စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်ပြီး စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦး နဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း တို့တက်ရောက်ခဲ့ကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင် ရဲ့ ခရီးစဉ်ကလည်း အရေးကြီးပြီး အဲဒီခရီးစဉ်ဟာ တရုတ်ပြည်ရဲ့ e-ID စနစ် လုပ်ငန်းဆောင်ရွက်မှုနဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ် သွားရောက်တာ ဖြစ်ပါတယ်။

အဲဒီခရီးစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဟာ စက်တင်ဘာ ၁၈ ရက် က ဘေဂျင်းမြို့မှာရှိတဲ့ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) ကို သွားရောက်ခဲ့ပြီး လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် Biographic နဲ့ ဇီဝဆိုင်ရာအချက်အလက် Biometric တွေ ကောက်ယူနိုင်တဲ့ နည်းပညာဆိုင်ရာစက်ကိရိယာ တွေကို လေ့လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် နဲ့ ဇီဝဆိုင်ရာအချက်အလက် ကောက်ယူမှုကို တစ်စထက်တစ်စ တိုးမြှင့်လာနေတာ ဖြစ်ပါတယ်။

တရုတ်ဟာ စစ်ကောင်စီ နဲ့ သဘာဝပတ်ဝန်းကျင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး နဲ့ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အဓိက ချိတ်ဆက်ဆောင်ရွက်နေတာ ကို စစ်ကောင်စီဝန်ကြီးတွေရဲ့ ခရီးစဉ်တွေကတဆင့် တွေ့ရပါတယ်။

တရုတ် အနေနဲ့ BRI ဆယ်နှစ်ပြည့်ချိန်မှာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကို ပြန်လည်သုံးသပ်နေပြီး လန်ချန်း မဲခေါင် ဒေသမှာ တရုတ်က ဖွံ့ဖြိုးရေး မူဝါဒ နဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒတွေကို အားစိုက်လုပ်ဆောင်လာတာတွေ့ရတယ်လို့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Peace Research Institute Oslo (PRIO) က သုတေသီ ကိုအမရသီဟ က ပြောပါတယ်။

‘’တရုတ်က BRI အနေနဲ့ မြန်မာနိုင်ငံမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံဖို့ကတော့ ခက်ဦးမှာ။ မြန်မာအနေနဲ့ အလွယ်ဆုံး တရုတ်ရဲ့ capital inflow ရင်းနှီးမြှုပ်နှံမှုဝင်ငွေကိုရဖို့ဆိုတာ လန်ချန်း-မဲခေါင် ပလက်ဖောင်းကနေပဲရမှာ။ အခုခရီးစဉ်တွေကိုကြည့်ရင်လည်း အဓိကက တရုတ်က သူသွားမယ့် ပုံစံတွေကို ပြတယ်။ အဲဒီအပေါ် မြန်မာဘက်က ဘယ်လိုဝင်ပါလို့ရလဲဆိုတာကို ပြောတာပေါ့" လို့ ကိုအမရသီဟ က ပြောပါတယ်။

ဘီဘီစီက ပြုစုထားတဲ့ စာရင်းတွေထဲက အောက်တိုဘာလလယ် ကနေ ဇူလိုင်လလယ်အထိ စစ်ကောင်စီဝန်ကြီးတွေ သွားတက်ခဲ့တဲ့ ဖိုရမ် နဲ့ ခရီးစဉ်တချို့ကို အခုလိုတွေ့ရမှာပါ။

စစ်ကောင်စီဝန်ကြီးတွေ သွားတက်ခဲ့တဲ့ ဖိုရမ် နဲ့ ခရီးစဉ်တချို့

ဓာတ်ပုံ ရင်းမြစ်, moi

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဝန်ကြီးတွေ သွားတက်ခဲ့တဲ့ ဖိုရမ် နဲ့ ခရီးစဉ်တချို့

အောက်တိုဘာ

  • တတိယအကြိမ် ရပ်ဝန်း နဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်
  • ဟိမဝန္တာတောင်တန်းဒေသနိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်

စက်တင်ဘာ

  • အာရှအားကစားပြိုင်ပွဲ
  • ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်
  • ၂၀၂၃ ခုနှစ် ကမ္ဘာ့မြေဆီလွှာကျန်းမာရေးဆွေးနွေးပွဲ
  • ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ
  • ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်
  • BRI နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံ
  • (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီးဖိုရမ်
  • ဆောက်လုပ်ရေးဝန်ကြီးများအဆင့် အစည်းအဝေး
  • (၇) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ
  • ၂၀၂၃ ခုနှစ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်
  • (၇) ကြိမ်မြောက် တရုတ် -အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး
  • ဒုတိယအကြိမ် တရုတ် - အာဆီယံ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်
  • (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေညီလာခံ”
  • (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ ဝန်ကြီးအဆင့် အစည်းအဝေး
  • (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ
  • အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေး မဟာမိတ်အဖွဲ့ စတင် တည်ထောင်ခြင်းအခမ်းအနား
  • တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဖိတ်ကြားချက်အရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခရီးစဉ်

သြဂုတ်

  • တရုတ်-အာဆီယံပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်
  • စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် Audiovisual Week ဖွင့်ပွဲအခမ်းအနား

ဇူလိုင်

  • တရုတ်-အာဆီယံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာဖိုရမ်
  • တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဖိတ်ကြားချက်အရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခရီးစဉ်
တရုတ်-အာဆီယံငွေရေးကြေးရေး ထိပ်သီးဖိုရမ်တက်ခဲ့တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, တရုတ်-အာဆီယံငွေရေးကြေးရေး ထိပ်သီးဖိုရမ်တက်ခဲ့တဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ

တရုတ်နိုင်ငံက စစ်ကောင်စီ နဲ့ ကဏ္ဍစုံ ဆက်ဆံခဲ့တာကိုတွေ့ရပြီး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို အခြေခံတဲ့ ဖိုရမ်တွေက အများစုဖြစ်ပါတယ်။

တရုတ်- မြန်မာ ဆက်ဆံရေး ကို တောက်လျှောက်လေ့လာစောင့်ကြည့်နေတဲ့ မူဝါဒဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ China Studies အစီအစဉ်ကတော့ စစ်ကောင်စီ ဝန်ကြီးတွေရဲ့ခရီးစဉ်တွေဟာ တရုတ်အနောက်ခြမ်း ပြည်နယ် ရှစ်ခု ဖွံ့ဖြိုးရေးအတွက် မြန်မာကိုဗဟိုပြုလည်ပတ်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံ (ILSTC) ရဲ့ ပြည်နယ်တွေကို သွားတဲ့ ခရီးစဉ်တွေလို့ ဆိုပါတယ်။

တရုတ်အတွက် မြန်မာဟာ အရင်ကတည်းကအရေးပါခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်တင်မကဘဲ အရှေ့တောင်အာရှ၊ တောင်အာရှ ချိတ်ဆက်ရေးအတွက် မဟာဗျူဟာကျတဲ့အနေအထားကိုရောက်လာတာက အခုလို ခရီးစဥ်တွေဖြစ်ပေါ်လာတဲ့ အဓိက အကြောင်းအရင်းလို့ ISP က သုံးသပ်ပါတယ်။

‘’ဒီခရီးစဥ်တွေအားလုံးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ တရုတ်အကောင်အထည်ဖော်နေတဲ့ နယ်စပ်ဖြတ်ကျော် ကုန်းလမ်း၊ ရထားလမ်း အစီအမံတွေ အထူးသဖြင့် တရုတ်နဲ့ အရှေ့တောင်အာရှ၊ တောင်အာရှတို့နဲ့ ချိတ်ဆက်ပေးမယ့် ဒေသတွင်းပေါင်းစည်းရေးအစီအမံ (Regional Integration Plan) မှာ မြန်မာကဗဟိုချက် Land-Bridge အနေနဲ့ ရှိလာလို့ပဲ’’ လို့ ISP Myanmar ရဲ့ China Studies က Program Head မနန်းလွင်က ပြောပါတယ်။

တရုတ်ဟာ အိမ်နီးချင်းသံတမန်ရေး အားထုတ်မှုတွေ ဆက်တိုက်လုပ်နေပြီး တရုတ်ရဲ့ စစ်ကောင်စီ အပေါ်မူဝါဒ က သူ့ရဲ့မဟာဗျူဟာကျစီမံကိန်းတွေ အကောင်အထည်ဖော်ရေး နဲ့ အနောက်နိုင်ငံတွေကို ကန့်ထားရေးအတွက် လို့ ISP က သုံးသပ်ပါတယ်။

အပစ်ရပ်စာချုပ် NCA ၈ နှစ်ပြည့် နှစ်ပတ်လည်မှာ တရုတ်အထူးကိုယ်စားလှယ် ပြောခဲ့တဲ့မိန့်ခွန်းက ‘’မြန်မာကို အတူလက်တွဲလုပ်ဆောင်မယ့် ” reliable cooperative partner” (ယုံကြည်ရသော ပူးပေါင်းဆောက်ရွက်မှုမိတ်ဖက်) အဖြစ်မြင်ပြီး BRI စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ အကောင်ထည်ဖော်ရေးကို တိုက်တွန်းတဲ့ အဓိပ္ပာယ်ပဲ လို့ ISP Myanmar က ဖွင့်ဆိုပါတယ်။

စစ်ကောင်စီ ရဲ့ တရုတ်အစိုးရအပေါ် မူဝါဒကို ကြည့်ရင်လည်း နိုင်ငံရေးအရထောက်ခံချက်ရဖို့ ( အသိမှတ်ပြုမှုရရှိရေး) နဲ့ စီးပွားရေးကျဆင်းမှုကို ပြန်လည်ထောင်မတ်နိုင်မယ့် တရုတ်စီမံကိန်းတွေ အမြန်ပြန်စနိုင်ရေးကို အဓိကလိုလားနေတာ တွေ့ရတယ်လို့ ISP Myanmar က ဘီဘီစီရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

ဘီဘီစီရဲ့ စောင့်ကြည့်မှုအရ နှစ်နိုင်ငံအပြန်အလှန်ခရီးစဉ်တွေမှာ စစ်ကောင်စီ ဝန်ကြီးတွေကို တရုတ်နိုင်ငံဘက်ကို သွားတဲ့အကြိမ်ရေက တရုတ်ကိုယ်စားလှယ်တွေ နေပြည်တော်ကို လာတဲ့အကြိမ်ရေထက် ပိုများနေတာကို တွေ့ရပါတယ်။

တရုတ်အရေး ကျွမ်းကျင်သူတွေကတော့ ဒါဟာ တရုတ်က စစ်ကောင်စီကို ဆက်ဆံတဲ့ နည်းနာကိုထင်ဟပ်နေတာလို့ သုံးသပ်ကြပါတယ်။

‘’တရုတ်က စစ်ကောင်စီကို နိုင်ငံတော်အဆင့်ခရီးစဉ် ဖိတ်ကြားတာမျိုးမလုပ်ဘူး။ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေကို ဖိတ်တာ ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာတွေ့ရတယ်’’ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။