ထိုင်ဝမ်ရဲ့အဓိကပစ်မှတ်တွေကို တိုက်ခိုက်မှုပုံစံ တရုတ်စစ်ရေးလေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်နိုင်ငံဟာ ဒုတိယမြောက်နေ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ထိုင်ဝမ်နဲ့ ထိုင်ဝမ်ရေပိုင်နက်အတွင်းက အဓိကပစ်မှတ်တွေကို တိတိကျကျပစ်ခတ်မှုပုံစံ လေ့ကျင့်မှုထည့်သွင်းလာပါတယ်။
ဘေကျင်းအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ခပ်မာမာသတိပေးမှုလို့ ပြောထားတဲ့ ဒီလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်သမ္မတရဲ့ အမေရိကန်ပြည်ထောင်စုဆီ အလည်အပတ်ခရီးစဥ်အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းကို ဝိုင်းတဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ချိန်မှာပဲ တရုတ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်ဘက်က တောင်းဆိုထားပါတယ်။
ထိုင်ဝမ်ဘက်ကတော့ တရုတ်ဂျက်လေယာဥ် ၇၁ စီးထက်မနည်းဟာ စနေနေ့တုန်းက ထိုင်ဝမ်ကျွန်းအနီးကို ပျံသန်းခဲ့တယ်လို့ ပြောပါတယ်။
တရုတ် စစ်လေယာဥ် ၄၅ စီးဟာ ထိုင်ဝမ်နဲ့တရုတ်နယ်မြေကြား နယ်မြေပိုင်းခြားထားတယ်လို့ဆိုနိုင်တဲ့ ထိုင်ဝမ်ရေလက်ကြားက အလယ်ပိုင်းခြားမျဥ်းကို ဖြတ်သန်းကျော်ဖြတ်တာ ဒါမှမဟုတ် ထိုင်ဝမ်အရှေ့တောင်ပိုင်းက လေကြောင်းကာကွယ်ရေးဇုန်ထဲကို ဖြတ်ကျော် ပျံသန်းခဲ့တယ်လို့ ထိုင်ဝမ်ဘက်ကပြောပါတယ်။
တရုတ်ရေတပ်သင်္ဘော ၉ စီးလည်း လေ့ကျင့်မှုမှာပါဝင်တာတွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အဲဒီစစ်ရေးလေ့ကျင့်မှုကို ဘေကျင်းအစိုးရဘက်က ''Joint Sword'' လို့ နာမည်ပေးထားပြီး မနက်ဖြန် တနင်္လာနေ့မတိုင်ခင် အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ထိုင်ဝမ်အာဏာပိုင်တွေကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို ဒေါသထွက်နေကြပါတယ်။
စနေနေ့တုန်းကဆိုရင် ထိုင်ပေမှာရှိတဲ့ကာကွယ်ရေးအရာရှိတွေက ဘေကျင်းဟာ ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ရဲ့ အမေရိကန် ခရီးစဥ်ကို ''ဒေသတွင်းမှာ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန်လျော့ကျစေနိုင်တဲ့စစ်ရေးလေ့ကျင့်ဖို့ ဆင်ခြေ''အဖြစ် အသုံးချနေတယ်လို့ စွပ်စွဲပြောဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ရေးလေ့ကျင့်တဲ့ပထမနေ့မှာ တရုတ်စစ်သင်္ဘောတစ်စင်းဟာ ထိုင်ဝမ်နဲ့တရုတ်ကြား အနီးကပ်ဆုံးနေရာဖြစ်တဲ့ ပင်တန်ကျွန်း အနီးကို ခုတ်မောင်းခဲ့ပြီး လက်နက်ပစ်ခတ်မှုပြုလုပ်ခဲ့ပါတယ်။
ထိုင်ဝမ် ကမ်းခြေစောင့်တပ်ကို ကွပ်ကဲတဲ့ ထိုင်ဝမ်ရဲ့ သမုဒ္ဒရာရေးရာကောင်စီကတော့ တရုတ်စစ်သင်္ဘောတစ်စင်းကို ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်းက နောက်ယောင်လိုက်နေတဲ့ရုပ်သံတစ်ခုကို ထုတ်ပြန်ခဲ့ပေမဲ့ နေရာအတိအကျကိုတော့ မပြောထားပါဘူး။
အဲဒီရုပ်သံထဲမှာ ထိုင်ဝမ်ရေတပ်သားတစ်ဦးက ''ခင်ဗျားတို့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အတော်လေး ထိခိုက်အောင် လုပ်နေတယ်။ ကျေးဇူးပြုပြီး ခပ်မြန်မြန် နောက်ပြန်လှည့်ပါ။ ဆက်ပြီးသွားနေမယ်ဆိုရင် ကျွန်တော်တို့ဘက်က နှင်ထုတ်တဲ့လုပ်ငန်းစဥ်ကို စရပါလိမ့်မယ်'' လို့ ရေဒီယိုကနေ ပြောကြားတာတွေ့ရပါတယ်။
နောက်ထပ် ရုပ်သံတစ်ခုမှာလည်း ထိုင်ဝမ်စစ်သင်္ဘော Di Hua ဟာ ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်းနဲ့အတူ လိုက်ပါလာပြီး တရုတ်သင်္ဘောတစ်စင်းကို ရပ်တန့်ဖို့ ပြောနေတာကိုလည်းတွေ့ရပါတယ်။
စနေ့နေ့ ညနေခင်း နေဝင်ချိန်မှာ တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေရပ်နားသွားပေမဲ့ ထိုင်ပေမှာရှိတဲ့ ကာကွယ်ရေးအာဏာပိုင်တွေကတော့ တိုက်ခိုက်ရေးလေယာဥ်တွေဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြန်လည်ပျံသန်းနေတယ်လို့ ပြောကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့'' အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံရဲ့လုပ်ဆောင်ချက်တွေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်'' လို့ ပြောသလို အမေရိကန်ရဲ့အမျိုးသားအကျိုးစီးပွားဆိုင်ရာ သန္နိဌာန်နဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိအောင် စွမ်းဆောင်နိုင်သလို ဒီလိုလုပ်ဆောင်နိုင်ဖို့လည်း ပြည့်စုံမှုရှိတယ်''လို့ ပြောထားပါတယ်။
တရုတ်နိုင်ငံပိုင်မီဒီယာကတော့ စစ်ရေးလေ့ကျင့်မှုတွေဟာ ''ထိုင်ဝမ်ကျွန်းတဝိုက်မှာ ကင်းလှည့်တာနဲ့ စောင့်ကြည့်မှုတိုးလုပ်တာတွေ ဟန်ချက်ညီညီလုပ်နိုင်မှာဖြစ်သလို ဝိုင်းပတ်မှုနဲ့ ဟန့်တားမှုကိုလည်း ပုံပေါ်နိုင်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်''လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
''တရုတ်စစ်တပ်ရဲ့ တာဝေးပစ်ပဲ့ဒုံကျည်၊ ရေတပ်ဖျက်သင်္ဘော၊ ဒုံးကျည်သင်္ဘောတွေ၊ လေတပ်တိုက်လေယာဥ်တွေ၊ ဗုံးကြဲလေယာဥ်၊ ဖျက်သင်္ဘောတွေနဲ့ ဆီဖြည့်ယာဥ်တွေကို ဖြန့်ကြက်ချထားတယ်''လို့လည်း ထည့်သွင်းပြောဆိုပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်မြို့တော် ထိုင်ပေမှာတော့ ဒေသခံတွေဟာ တရုတ်ရဲ့ အခုလို လေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီး ရတက်မအေး မဖြစ်ကြပုံတော့ပေါ်နေပါတယ်။
''ထိုင်ဝမ်အများစုကတော့ အခုဆို အသားကျနေပြီလို့ ထင်တယ်။ လာပြန်ပြီ နောက်တစ်ခေါက် ဆိုတာမျိုးပေါ့'' လို့ Jim Sai ဆိုသူ ဒေသခံက ပြောပါတယ်။
Michael Chuang ကတော့'' သူတို့(တရုတ်)က ဒီလိုလုပ်ရတာကြိုက်ပုံရတယ်။ ထိုင်ဝမ်ကို သူတို့အပိုင်ဆိုပြီး ဝိုင်းတာမျိုးပေါ့။ ကျွန်တော်တို့ကတော့ အသားကျနေပါပြီ'' လို့ ပြောပါတယ်။
''သူတို့ ကျူးကျော်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ လွတ်စရာအကြောင်းမှ မရှိတာ။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာပဲ စောင့်ကြည့်ရမှာပေါ့။ အဲဒီကမှ ဘယ်လမ်းကြောင်းပေါ်ရောက်မယ်ဆိုတာမျိုးပေါ့''လို့ သူက ဆက်ပြောပါတယ်။
တရုတ်ပြည်တွင်းစစ်မှာ တရုတ်ကွန်မြူနစ်ပါတီ အသာစီးရပြီး နိုင်ငံ့အာဏာရအစိုးရဟောင်းဟာ ထိုင်ဝမ်ကျွန်းကို ဆုတ်ခဲ့တဲ့ ၁၉၄၉ ခုနှစ်ကတည်းက ထိုင်ဝမ်ဟာ နိုင်ငံလား၊ ကျွန်းလားဆိုတာ မရေမရာအခြေအနေဖြစ်နေခဲ့တာပါ။
ထိုင်ဝမ်ဘက်ကတော့ သူ့တို့ဟာ ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ ခေါင်းဆောင်တွေနဲ့ အချုပ်အခြာပိုင်နိုင်ငံအဖြစ်ရှုမြင်ထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးနဲ့ကင်းကွာနေတဲ့ပြည်နယ်တစ်ခုဖြစ်သလို တဖြည်းဖြည်းနဲ့ ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းမှာလို့ မှတ်ယူထားပြီး လိုအပ်ရင် အင်အားသုံးမယ်လို့ ရှုမြင်ထားတာပါ။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ထိုင်ဝမ်နဲ့''ပြန်လည်ပေါင်းစည်းရေး''ကို ''ပြည့်ပြည့်ဝဝ လုပ်ဆောင်ရမယ်''လို့ ပြောထားပါတယ်။








