စစ်ကောင်စီပြောတဲ့ ပြည်သူ့လုံခြုံရေးဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ပြည့်သူ့လုံခြုံရေးစနစ်ဆိုတဲ့ စကားလုံးကို အခုသီတင်းပတ်တွေအတွင်းမှာ မြန်မာစစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီဘက်က ခပ်စိပ်စိပ်ပြောဆိုလာပါတယ်။
အခုသီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ဒေသအများစုမှာ စစ်တပ်စခန်းတွေဆုံးရှုံးချိန် ပြည့်သူ့လုံခြုံရေးစနစ်ဆိုတဲ့ စကားလုံးကို စစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီဘက်က ခပ်စိပ်စိပ်ပြောဆိုလာပါတယ်။
ပြည်သူ့လုံခြုံရေးစနစ် ဆိုတဲ့စကားလုံးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပါတီ ၄၀ နီးပါးနဲ့ နေပြည်တော်မှာ ဇန်နဝါရီလ ၆ ရက်တုန်းက တွေ့ဆုံချိန် အကျယ်တဝင့် ပြောဆိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ပြည်သူ့လုံခြုံရေးစနစ်ဆိုတာကို စစ်တပ်ကပြောဆိုခဲ့တာ ၂၀၂၂ ခုနှစ်ဧပြီကတည်းကဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည့်သူ့လုံခြုံရေးစနစ်မှာ စစ်တပ်၊ ရဲ၊ လုံခြုံရေးအထောက်အကူပြုသူတွေသာမက ပြည်သူတွေပါ ပါဝင်မှာဖြစ်သလို အဲဒီစနစ်အတွက် လိုအပ်တဲ့ပစ္စည်း အပြည့်အစုံကို ထောက်ပံ့သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာတရားဝင်ထုတ်ပြောခဲ့တယ်
အခု ၂ နှစ်အကြာမှာ စစ်ခေါင်းဆောင်ကိုယ်တိုင်က ဒီစနစ်ကိုဖော်ဆောင်ဖို့ ဆွေးနွေးပြောဆိုလာတာပါ။
ပြည်သူ့လုံခြုံရေးစနစ်ဆိုတာ ဘာလဲ၊ စစ်ခေါင်းဆောင် ဘာပြောလဲ
စစ်ခေါင်းဆောင်က ပြည်သူ့လုံခြုံရေးစနစ်အရေးကြီးတဲ့အကြောင်း သူတိုင်းမှူးတာဝန်ထမ်းဆောင်ချိန်တုန်းက အတွေ့အကြုံနဲ့ ခိုင်းနှိုင်းပြောဆိုသွားတယ်လို့ အစည်းအဝေးပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေး ပါတီခေါင်းဆောင် အချို့က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီပြောခွင့်ရသူကလည်း ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့ကာကွယ်ရေးစနစ်တွေကို ထိုးမြှင့်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ ထပ်ပြောလာပါတယ်။
‘‘တိုင်းမှူးလား၊ ဒကစမှူးလား မသိဘူး။ သူတာဝန်ယူတုန်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး နှိမ်နင်းရေး အောင်မြင်တဲ့အကြောင်း ပြောလာတယ်။ အလွန်နာမည်ဆိုးတဲ့ဒေသတစ်ခုမှာ ပြည်သူတွေကပဲ နာမည်ကျော်စောသူတွေကို စောင့်ကြည့်တာပေါ့။ ပထမတုန်းက ဘာမှ မပြောကြဘူးတဲ့။ နောက်ပိုင်းမှာရောက်မှ ဘယ်သူက ဘယ်လိုလှုပ်ရှားတယ်ဆိုတာမျိုး ပြောလာကြတယ်တဲ့’’
‘‘အကြမ်းဖက်တဲ့လုပ်ငန်းတွေဟာလည်း ကိုယ့်ပတ်ဝန်းကျင်မှာ ထိခိုက်နိုင်တယ် ဆိုတာမျိုး။ ကိုယ့်ပြည်သူ ကိုယ့်အိုးအိမ် မလုံခြုံအောင်လုပ်တဲ့ အခြေအနေကို ဖော်ထုတ်နိုင်ဖို့ ပါဝင်ဆောင် ဆောင်ရွက်နိုင်အောင်လုပ်ရင် အောင်မြင်မယ်ဆိုတာမျိုး’’ ပြောသွားတယ်လို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီက ပြဋ္ဌာန်းအတည်ပြုလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင် ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားတဲ့ပါတီ ၃၉ ပါတီခေါင်းဆောင်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ ပထမဆုံး တွေ့ဆုံတာဖြစ်ပါတယ်။
စစ်ကောင်စီရွေကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲဝင်မယ့်ပါတီတွေဟာ ပါတီဝင်အင်အား တစ်သိန်းရှိရမှာဖြစ်ပါတယ်။
ပြည်သူ့လုံခြုံရေးစနစ်မှာ ပါတီတွေက ပူးပေါင်းရမယ်ဆိုရင် ပါတီဝင်တိုင်းက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်အဖြစ် စာရင်းဝင်သွားနိုင်တဲ့အခြေအနေကို ဦးတည်သွားမှာဖြစ်ပါတယ်။

ပြည်သူ့လုံခြုံရေး စနစ်မှာ ပါတီတွေ ပူးပေါင်းမှာလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီဘက်ကတော့ ပြည်သူ့လုံခြုံရေးစနစ်မှာ ပါတီတွေဘက်က ပါဝင်အားဖြည့် ဆောင်ရွက်နိုင်မယ့်အခြေအနေတွေနဲ့ အဲဒီစနစ် ခိုင်ခိုင်မာမာပေါ်လာရေး နိုင်ငံရေးပါတီတွေကို အခွင့်အလမ်းတွေ ဖော်ဆောင် ခွင့်ပြုပေးစေချင်တဲ့အကြောင်း ပါတီတွေက ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းမှုအောက် စစ်ကောင်စီဖန်တီးတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ မှတ်ပုံတင်ကြတဲ့နိုင်ငံရေးပါတီတွေ ဝေဖန်ခံနေချိန်မှာပဲ ပါတီတွေရဲ့ ပါတီဝင်တွေပါ ဒီစနစ်ထဲမှာပါဝင်ကြဖို့ စစ်ခေါင်းဆောင်က ပြောလာတာဖြစ်ပါတယ်။
‘‘နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှု ရှိရန်လိုပါတယ်။ တည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် အားလုံးပါဝင်တဲ့ပြည်သူ့ လုံခြုံရေးစနစ်နဲ့ဆောင်ရွက်သွားဖို့လိုတယ်’’ လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့ကတော့ သူတို့ ပါတီဝင်တွေကြားမှာ လုံခြုံရေးစိုးရိမ်ချက်ရှိနေကြတဲ့အကြောင်း ဘီဘီစီကို ပြောပြကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ပူးပေါင်းတယ်ဆိုတဲ့အခြေအနေအထိ စွပ်စွဲမခံရဖို့ သတိရှိနေကြတယ်လို့လည်း ဆိုကြပါတယ်။
‘‘ပါတီတွေ ပူးပေါင်းကြမလား မပူးပေါင်းကြဘူးဆိုတာ ပြောဖို့ စောပါသေးတယ်။ ပါတီတွေမှာ ကိုယ်ပိုင် ဟန်လေးတွေရှိနေကြတယ်။ ၃၉ ပါတီစလုံးကတော့ ဆွေးနွေးသွားကြတာရှိတယ်။ တချို့ကလည်း သူ့ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) အကြိုက် အလိုက်အထိုက်ပြောသွားကြတယ်။ အရောင်အစုံပါပဲ။ ပါတီ အခက်အခဲကို ပြောကြတာများပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေကို သုံးသပ်ကြတာ’’ လို့ ဆွေးနွေးပွဲ တက် တိုင်းရင်းသားပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။
‘‘ပြည်သူ့လုံခြုံရေးစနစ်ဆိုတာက ဒီနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ ပါတီဝင်တွေဘက်ကလည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိဖို့ဆိုတဲ့သဘောပါပဲ။ ကျွန်တော်တို့ကတော့ လက်ရှိ ရှိနေတဲ့အနေ အထားအရ ပါတီဝင် စည်းရုံးနေတဲ့အနေအထားဆိုတော့ ဆွေးနွေးတာမျိုး မရှိသေးပါဘူး'' လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြင့်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ပြည်သူ့လုံခြုံရေးစနစ် အားကောင်းလာမှာလား

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
စစ်တပ်ကနေ ဆင်းသက်လာပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လက်ရှိ ဥက္ကဋ္ဌ ဦးခင်ရီလည်း စစ်ခေါင်းဆောင်နဲ့ပါတီတွေ တွေ့ဆုံပွဲကို တက်ရောက်တာတွေ့ရပါတယ်။
လက်ရှိ ပြည်တွင်းမှာ ပါတီဝင်အင်အားအများဆုံးလို့ မှတ်ယူခံထားရတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်ဟာ အဲဒီဆွေးနွေးပွဲမှာ ပြည်သူ့လုံခြုံရေးစနစ်အကြောင်းကို အကျယ်တဝင့် ဆွေးနွေးသွားတာမရှိဘူးလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပါတီခေါင်းဆောင်တွေက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်သူ့လုံခြုံရေးစနစ်ဟာ အိမ်နီးချင်း တရုတ်၊ ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကျင့်သုံးနေတယ်လို့ ပြောထားသလို အဲဒီစနစ်ကိုလည်း တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။
‘‘တရုတ်ကွန်မြုနစ်ပါတီလို တစ်ပါတီ စနစ်ဆိုရင်တော့ အဆင်ပြေမှာပေါ့။ ပါတီတစ်ခုတည်းရဲ့စည်းနှောင်အားနဲ့ အိုင်ဒီယိုလော်ဂျီ ရှိနေတယ်လေ။ ပြည်သူ့လုံခြုံရေးစနစ်မှာ ပါဝင်ကြတယ်။ အခုက လက်ညှိုး၊ လက်မလိုဖြစ်နေတယ်။ အဖွဲ့စုံ၊ ပါတီစုံနေတယ်’’ လို့ နိုင်ငံရေးပါတီ ဥက္ကဋ္ဌတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း ပါတီတွေနဲ့ တွေ့ဆုံချိန် ပြည်သူ့လုံခြုံရေးကိစ္စခေါင်းစဥ်နဲ့ပြောကြားတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ဟာ ပါတီဝင်အင်အားကို စစ်တပ်ရဲ့အင်အားအဖြစ် ပြောင်းလဲအသုံးပြုဖို့ ရည်ရွယ်တယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ပြည်သူ့လုံခြုံရေးစနစ်နဲ့ ပြည်သူ့စစ်ချိတ်ဆက်နေလား

ဓာတ်ပုံ ရင်းမြစ်, ပေါင်းတည်ကင်းထောက်ကွန်ရက်
ဒီလိုပြည်သူ့လုံခြုံရေးစနစ်အကြောင်း စစ်ခေါင်းဆောင်ပြောပြီးနောက်မှာတော့ ပဲခူးတိုင်းအနောက်ဘက်ခြမ်းမြို့တွေမှာ ရပ်ရွာထဲက အသက် ၁၈ နှစ်နဲ့ ၅၀ နှစ်ကြား အမျိုးသားတွေကို မဲစနစ်နဲ့ ပြည်သူ့စစ်အဖွဲ့ထဲဝင်ဖို့ ဆော်သြခေါ်ဆောင်နေပါတယ်။
“ကျွန်တော်တို့ ရွာကို လူ အယောက် ၂၀ တောင်းတယ်။ ကျွန်တော်တို့အိမ်က မဲပေါက်တဲ့အထဲပါတယ်။ ထွက်ပြေးရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ မိသားစုကို ဒုက္ခပေးမယ်လို့ ရွာလူကြီးက ပြောတယ်” လို့ လက်ပံတန်းမြို့အနီးက ရွာခံတစ်ဦးက ပြောပါတယ်။
မဲမပေါက်တဲ့အိမ်တွေအနေနဲ့ မဲပေါက်ပြီးပြည်သူ့စစ်သင်တန်းသွားရတဲ့အိမ်တွေကို ငွေကြေးပမာဏတစ်ခု လစဉ်ထောက်ပံ့ရမယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့လို မဲပေါက်ထားလို့ သွားရမယ့်လူတွေက အိမ်ကို ဘယ်အချိန်မှပြန်လာရမယ်မှန်းမသိလို့ ကျန်ခဲ့တဲ့မိသားစုတွေကို ရွာကိုဝိုင်းကြည့်ခိုင်းတဲ့သဘော”လို့ ဒေသခံကပြောပါတယ်။
ဒါအပြင် စစ်တပ်က လူစုဆောင်းတဲ့နေရာမှာ ရွာအကြီးအသေးပေါ်မူတည်ပြီး ၁၀ ဦးကနေ ၅၀ အထိ မဲနှိုက်ပြီး လူကိုစုဆောင်းနေတယ်လို့ ဖဒိုမြို့အနီးမှာနေထိုင်တဲ့ နောက်ထပ် ဒေသခံတစ်ဦးရဲ့ အပြောအရသိရပါတယ်။
“ကျွန်တော်တို့တစ်ရွာလုံးကတော့ ဘယ်သူမှသင်တန်းမတက်ဘူးလို့ ငြင်းထားတယ်။ ရွာလူကြီးကတော့ ဘယ်သူမှ မဲမနှိုက်ရင် ပေါ်တာဆွဲတာတွေလုပ်မယ်လို့ ခြိမ်းခြောက်တယ်”လို့ သူကဆိုပါတယ်။
ပဲခူးရိုးမ တစ်ဖက်ခြမ်းမှာရှိတဲ့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA/PDF) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်ရေးတွေ ဆင်နွှဲနေချိန်မှာ စစ်ကောင်စီ ထိန်းချုပ်မှုအားကောင်းတယ်လို့ မှတ်ယူရတဲ့ ပဲခူးအနောက်ခြမ်းမှာ အခုလို ပြည်သူ့စစ်စုဆောင်းမှုသတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါဟာ ပြည်သူ့လုံခြုံရေးစနစ်နဲ့ ဆက်စပ်သလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရသူကတော့ ပြည်သူ့စစ်အဖွဲ့အတွက် လုံခြုံရေးအရသင်တန်းပေးဖို့ အကူအညီတောင်းခံလာတဲ့အခါမှသာ သင်တန်းပေးတာ၊ လက်နက်တပ်ဆင်ပေးတာတွေ ရှိတယ်လို့ မနှစ်တုန်းက ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။








