တရုတ်ဟာ အမေရိကန်အတွက် လုံခြုံရေးအရ ထိပ်တန်းဦးစားပေးမဟုတ်တော့

 ပင်တဂွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမိမြေနဲ့ အနောက်တိုင်းတို့သာ ပင်တဂွန်ရဲ့ အဓိကပူပန်မှုဖြစ်

တရုတ်ဟာ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အတွက် လုံခြုံရေးအရ ထိပ်တန်းဦးစားပေးမဟုတ်တော့ဘူး လို့ ပင်တဂွန်ရဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာသစ်အရ သိရပါတယ်။

အမိမြေနဲ့ အနောက်တိုင်းတို့သာ ပင်တဂွန်ရဲ့ အဓိက ပူပန်မှုဖြစ်ပြီး အမေရိကန်အစိုးရဟာ အမေရိကန်နိုင်ငံသားတွေရဲ့ တကယ့်ထင်သာမြင်သာတဲ့ အကျိုးစီးပွားကို လျစ်လျူရှုခဲ့တာကြာပြီဖြစ်တဲ့အကြောင်း လေးနှစ်တစ်ကြိမ်ထုတ်ဝေနေတဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့မဟာမိတ်တွေကိုလည်း အကန့်အသတ်နဲ့သာ အကူအညီပေးတော့မယ်လို့ ပင်တဂွန်ရဲ့စာတမ်းမှာ ဖော်ပြထားပါတယ်။

အရင်တကြိမ် ထုတ်ပြန်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ ဥရောပဟာ ယဉ်ကျေးမှုအရ ပြိုလဲမှုနဲ့ ရင်ဆိုင်နေရပြီး ရုရှားဟာ အမေရိကန်အတွက် အန္တရာယ်တစ်ခုမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ အဲဒီစာတမ်းဟာ ရုရှားရဲ့အမြင်နဲ့လည်း လုံးဝကို ကိုက်ညီနေတယ်လို့လည်း ရုရှားက အဲဒီအချိန်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာမှာတော့ တရုတ်ကို ထိပ်တန်းလုံခြုံရေး ဦးစားပေးအဖြစ် ဖော်ပြထားပြီး တရုတ်က နယ်ပယ်ပေါင်းစုံကနေ ခြိမ်းခြောက်မှုပေးနိုင်တယ်လို့ ဆိုထားပါတယ်။

၂၀၁၈ ခုနှစ်ထုတ်စာတမ်းမှာတော့ တရုတ်နဲ့ ရုရှားလို ခေါင်းထောင်လာတဲ့ အင်အားကြီးနိုင်ငံတွေဟာ အမေရိကန်လုံခြုံရေးအတွက် အဓိကစိန်ခေါ်မှုတွေလို့ ဖော်ပြခဲ့ပါတယ်။

စစ်ရေးပြနေတဲ့ တရုတ်စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးမဟာဗျူဟာမှာတော့ တရုတ်ကို ထိပ်တန်းလုံခြုံရေး ဦးစားပေးအဖြစ်ဖော်ပြ

သောကြာနေ့က ထုတ်ပြန်တဲ့ စာမျက်နှာ ၃၄ မျက်နှာပါ စာတမ်းမှာတော့ အာဏာရယူတာ တစ်နှစ်ပဲရှိသေးတဲ့ ထရမ့်အစိုးရက ထုတ်ပြန်ထားတဲ့မူဝါဒတွေကိုပဲ သံယောင်လိုက်ထားပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အစိုးရဟာ ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုကို အတင်းအကျပ်ဖမ်းဆီးခဲ့ပြီး အရှေ့ပစိဖိတ်နဲ့ ကာရေဘီယံတို့မှာ မူးယစ်ဆေးဝါး တင်ဆောင်ထားတဲ့သင်္ဘောတွေကို တိုက်ခိုက်ခဲ့ကာ မကြာသေးမီမှာတော့ ဂရင်းလန်းကျွန်းကို ရယူလိုတဲ့အတွက် မဟာမိတ်တွေကို ဖိအားပေးခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပနားမားတူးမြောင်း၊ အမေရိက ပင်လယ်ကွေ့နဲ့ ဂရင်းလန်းတို့အပါအဝင် အဓိကနယ်မြေတွေမှာရှိတဲ့ အမေရိကန်ရဲ့ စစ်ရေးနဲ့ စီးပွားရေးအကျိုးစီးပွားတွေ မထိခိုက်အောင် အာမခံတယ်လို့လည်း မဟာဗျူဟာထုတ်ပြန်ချက်မှာ ထပ်မံဖော်ပြထားပါတယ်။

ထရမ့်အစိုးရဲ့ချဉ်းကပ်မှုဟာ လွန်ခဲ့တဲ့ စစ်အေးလွန်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ လေသာကြီးပြီး လက်တွေ့မပါတဲ့ မဟာဗျူဟာတွေနဲ့ အခြေခံကျကျကွဲပြားလိမ့်မယ်လို့လည်း စာတမ်းမှာဖော်ပြထားပါတယ်။

"စိတ်ကူးယဉ်စံနှုန်းတွေကို ရပ်ပြီး လက်တွေ့ကျတဲ့ အရှိတရားနဲ့ရင်ဆိုင်မယ်" လို့ ဆက်လက်ဖော်ပြထားပါတယ်။

တရုတ်နဲ့ဆက်ဆံရေးကို ထိပ်တိုက်ရင်ဆိုင်မှုနဲ့မဟုတ်ဘဲ အင်အားပြမှုနဲ့သာ ချဉ်းကပ်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ ရည်ရွယ်ချက်ကတော့ "တရုတ်ကို လွှမ်းမိုးထိန်းချုပ်ဖို့ မဟုတ်သလို တရုတ်ကို အကျပ်ကိုင်၊ အရှက်ခွဲဖို့လည်း မဟုတ်ဘူး" လို့ ဆိုထားပြန်ပါတယ်။

အရင်ကထုတ်ပြန်ခဲ့တဲ့ မဟာဗျူဟာ စာတမ်းတွေနဲ့မတူတာက တရုတ်က သူပိုင်တယ်လို့ ကြွေးကြော်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းနဲ့ပတ်သက်လို့ တစ်စုံတရာ မဖော်ပြထားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန် သို့မဟုတ် မဟာမိတ်တွေကို တရုတ်အပါအဝင် ဘယ်သူပဲကျူးကျော်ကျူးကျော် အမေရိကန်က တားဆီးမယ်လို့ ဖော်ပြထားပါတယ်။

အလေးပြုနေတဲ့ သမ္မတထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပင်တဂွန်အစီရင်ခံစာက ထရမ့် မူဝါဒတွေကိုပဲ သံယောင်လိုက်ထား

အရင်နှစ်ကုန်ပိုင်းမှာ ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလျံ တန်ဖိုးရှိ လက်နက်တွေ ရောင်းချမယ်လို့ အမေရိကန်က ကြေညာခဲ့ပြီးနောက် တရုတ်ဟာ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါတယ်။

မဟာဗျူဟာထုတ်ပြန်ချက်မှာတော့ ကာကွယ်ရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကို ပိုမိုခွဲဝေယူဖို့ တောင်းဆိုထားပြီး မဟာမိတ်တွေဟာ သူတို့ရဲ့ကာကွယ်ရေးကို အမေရိကန်က ဝင်ရောက်ထောက်ပံ့ပေးနေတာကို ကျေနပ်အားရနေကြတယ်လို့လည်း ဆိုထားပါတယ်။

ဒါပေမဲ့ အမေရိကန်သီးခြားဝါဒကို ကျင့်သုံးမှာ မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။

"ဆန့်ကျင်ဘက်အားဖြင့် ဆိုရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေကို တကယ်အာရုံစိုက်ပြီး စစ်မှန်တဲ့ မဟာဗျူဟာ ချဉ်းကပ်မှုနဲ့လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်အကျိုးစီးပွားကို တခြားနိုင်ငံတွေရဲ့အကျိုးစီးပွားနဲ့ ရောထွေးမှာ မဟုတ်ဘူးလို့ ဆိုပြန်ပါတယ်။

ဒါပေမဲ့ မဟာမိတ်တွေ အထူးသဖြင့် ဥရောပနိုင်ငံတွေဟာ အမေရိကန်ထက် သူတို့ကို ပိုပြီး ပြင်းထန်စေမယ့် အန္တရာယ်တွေနဲ့ပတ်သက်ရင် ပိုဦးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့လေးနှစ်က ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားကိုတော့ နေတိုးရဲ့အရှေ့ဘက်အဖွဲ့ဝင်တွေအတွက် ခြိမ်းခြောက်မှုအဖြစ်ဆက်ရှိနေမှာဖြစ်ပေမဲ့ ကိုင်တွယ်လို့ရတဲ့အခြေအနေလို့ ဖော်ပြထားပါတယ်။

ဂရင်းလန်းအနီးမှာတွေ့ရတဲ့ ဒိန်းမတ်ရေတပ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂရင်းလန်းအနီးမှာတွေ့ရတဲ့ ဒိန်းမတ်ရေတပ်သားတွေ

မြောက်ကိုရီးယားကို ဟန့်တားရေးမှာ ပိုမိုကန့်သတ်တဲ့ အခန်းကဏ္ဍကနေ အမေရိကန်က ပါဝင်မယ်လို့ မဟာဗျူဟာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီအတွက် တောင်ကိုရီးယားဟာ အဓိကကျတဲ့ တာဝန်ကို ယူနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အစီအစဉ်ဟောင်းဟာ ပြန်လာမှာမဟုတ်တော့တဲ့အတွက် တောင်ကိုရီးယား၊ ကနေဒါနဲ့ ဩစတြေးလျလို အလယ်အလတ်အင်အားကြီးနိုင်ငံတွေ ညီညွတ်ဖို့ လိုအပ်မယ်လို့ ကနေဒါဝန်ကြီးချုပ် မာ့ကာနေးက အခုအပတ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဆိုရင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"အလယ်အလတ်အင်အားကြီးနိုင်ငံတွေ ညီညွတ်ကြရမယ်။ ဧည့်သည်စာရင်းမှာပါရင်ပါ၊ မပါရင် မီနူးစာရင်းထဲ ပါသွားလိမ့်မယ်" လို့ ကာနေးက ဒါဗို့စ်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

"စည်းမျဉ်းမရှိတဲ့ ကမ္ဘာဆီကို ဦးတည်နေပြီ" လို့ ပြင်သစ်သမ္မတ မက်ခရွန်က သတိပေးခဲ့ပြီးဖြစ်ပါတယ်။