တရုတ်ရဲ့ ၅ နှစ်စီမံကိန်းနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း (၇၆) နှစ်ပြည့်အခမ်းအနားကျင်းပတဲ့ ထျန်းအန်းမင် ရင်ပြင်မှာ တရုတ်နိုင်ငံအလံ ကိုင်စွဲထားတဲ့ ကလေးငယ်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    • ရေးသားသူ, နစ် မာ့ရှ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အဓိက ရည်မှန်းချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီအပတ်ထဲ ဘေကျင်းမှာ တွေ့ ဆုံဖို့ ရှိပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီက အမျိုးသားညီလာခံလို့ ခေါ်တဲ့ရက်သတ္တပတ် ရှည်ကြာတဲ့ ဆွေးနွေးပွဲတွေကို နှစ်စဉ်ကျင်းပပါတယ်။

ဒီညီလာခံမှာတော့ စီးပွားရေးအရ ကမ္ဘာမှာ ဒုတိယအင်အားအကြီးဆုံးတရုတ်နိုင်ငံရဲ့ ၂၀၂၆ ခုနှစ်ကနေ ၂၀၃၀ ခုနှစ် အသေးစိတ်ရှေ့လုပ်ငန်းစဉ်တွေကို တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေ ချမှတ်ကြမှာဖြစ်ပါတယ်။

နောက်နှစ်မရောက်ခင်အထိ ဒီငါးနှစ်တာ စီမံကိန်းတစ်ခုလုံး ရုပ်လုံးပေါ်လာဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်အာဏာပိုင်တွေကတော့ ဗုဒ္ဓဟူးနေ့မှာ အရိပ်အမြွက် ထုတ်ပြောလာနိုင်ပါတယ်။ အရင်ကလည်း တစ်ပတ်အလိုမှာ အသေးစိတ်တွေကို ထုတ်ပြောလေ့ရှိပါတယ်။

"အနောက်နိုင်ငံတွေမှာတော့ မူဝါဒတွေကို ရွေးကောက်ပွဲတွေမှာ မြင်နိုင်တာပေါ့။ တရုတ်ကတော့ ဒီလိုမဟုတ်ဘူး။ စီမံကိန်းချပြီး မူဝါဒ ဖော်ဆောင်တယ်'' လို့ Asia Society Policy Institute မှာ တရုတ်နိုင်ငံရေး လေ့လာနေသူ နေးလ် သောမတ်စ်က ပြောပါတယ်။

"တရုတ်နိုင်ငံက ဘယ်လိုရည်မှန်းချက်ကို ရအောင်ကြိုးပမ်းလဲဆိုတာကို ငါးနှစ်စီမံကိန်းတွေမှာ မြင်နိုင်ပါတယ်။ နောက်ပြီး ခေါင်းဆောင်ပိုင်းက ဒီကြိုတင်သတ်မှတ်ထားတဲ့ပန်းတိုင်တွေ ဆီ ရောက်ဖို့ နိုင်ငံရဲ့အရင်းအမြစ်တွေကို ဘယ်လို အသုံးချမလဲဆိုတဲ့ လားရာကိုလည်း တွေ့နိုင်မှာပါ" လို့ သူက ပြောပါတယ်။

ရာနဲ့ချီတဲ့ ဗျူရိုကယက်တွေ လက်ဆွဲနှုတ်ဆက်တာ၊ အစီအစဉ်တွေရေးဆွဲနေတာတွေကို အပေါ်ယံ ကြည့်ရင် ယေဘုယျဆန်ပေမဲ့ အတိတ်ကို ပြန်ကြည့်တဲ့အခါ သူတို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ကမ္ဘာကြီးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိတာကို မြင်နိုင်ပါတယ်။

တရုတ်နိုင်ငံရဲ့ ငါးနှစ်တာစီမံကိန်းက ကမ္ဘာ့စီးပွားရေးကို ၃ ကြိမ်တိုင်တိုင် ပုံဖော်ပေးခဲ့တာတွေကို အခုဆောင်းပါးမှာဖတ်နိုင်ပါတယ်။

၁၉၈၁- ၈၄ "ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ "

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဘယ်အချိန်က စဖြစ်ခဲ့လဲဆိုတာ နောက်ကြောင်းလိုက် တိတိကျကျပြောဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ပါတီအတွင်း လူအများစုကတော့ အပြောင်းအလဲဖြစ်စေခဲ့တဲ့ကာလဟာ ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံရဲ့စီးပွားရေးကို အစိုးရက ဆယ်စုနှစ် သုံးခုလောက် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စုပုံစံ ဗဟိုချုပ်ကိုင်စီမံမှုဟာ နိုင်ငံချမ်းသာကြွယ်ဝ မဖြစ်လာစေခဲ့တဲ့အပြင် လူအများအပြား ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ မစွမ်းသာခဲ့ပါဘူး။

အဲဒီအချိန်တုန်းက နိုင်ငံဟာ ကွန်မြူနစ်ပါတီ ခေါင်းကိုင်ဖခင် မော်စီတုန်းရဲ့ဆိုးရွားလှတဲ့ အုပ်ချုပ်မှုကနေပြန်ပြီး ရုန်းထနေရတဲ့အချိန်ပါ။

နိုင်ငံ့စီးပွားရေး ပြုပြင်မွမ်းမံဖို့ စတင်ခဲ့တဲ့ မော်စီတုန်း ရဲ့ မဟာခုန်ပျံကျော်လွှားရေး အစီအစဉ် (Great Leap Forward)နဲ့ သူ့ ယှဉ်ပြိုင်ဖက်တွေကို ဖယ်ချရှင်းလင်းတဲ့ ယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution)ကြောင့် လူပေါင်း သန်းနဲ့ချီ သေဆုံးခဲ့ရပါတယ်။

ဒီလိုနဲ့ နိုင်ငံရဲ့ခေါင်းဆောင်အသစ် ဖြစ်လာတဲ့ တိန့်ရှောင်ဖိန်က လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အတိုင်းအတာတစ်ခုအထိ စတင်ဖို့ အချိန်ရောက်ပြီလို့ ဘေကျင်းမှာ ပြုလုပ်တဲ့ ၁၁ ကြိမ်မြောက် ပါတီညီလာခံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

တိန့်ရှောင်ဖိန်ရဲ့ "ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ" ဟာ ၁၉၈၁ ခုနှစ်မှာ စတင်တဲ့ ရှေ့ငါးနှစ်စီမံကိန်းအတွက် အရေးပါတဲ့သော့ချက် ဖြစ်လာခဲ့ပါတယ်။

လွတ်လွတ်လပ်လပ် ကုန်သွယ်နိုင်တဲ့ အထူးစီးပွားရေးဇုန်တွေဖန်တီးမှုဟာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး တရုတ်ပြည်သူတွေရဲ့ဘဝတွေကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် နဲ့ အမေရိကန် သမ္မတ ဂျင်မီ ကာတာတို့ နှစ်ဦး တရုတ်-အမေရိကန် နှစ်နိုင်ငံ သိပ္ပံ နဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ကို ၁၉၇၉ ခုနှစ် ဇန်နဝါရီက ဝါရှင်တန် ဒီစီ မှာ ရေးထိုးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိန့်ရှောင်ဖိန်ရဲ့ တံခါးဖွင့်မူဝါဒအစိတ်အပိုင်းဖြစ်တဲ့ ၁၉၇၉ ခုနှစ်၊ အမေရိကန်သမ္မတ ဂျင်မီ ကာတာနဲ့ သမိုင်းဝင် လက်မှတ်ရေးထိုးမှု

ငါးနှစ်တာ စီမံကိန်းရဲ့ ရည်မှန်းချက်တွေ အောင်မြင်မှုဟာ သံသယဖြစ်စရာမရှိဘူးလို့ မစ္စတာ သောမတ်က ပြောပါတယ်။

"ဒီကနေ့ တရုတ်နိုင်ငံဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်က လူတွေ ဘယ်လိုမှ မထင်မှတ်ထားခဲ့တဲ့ အခြေအနေတွေထက်တောင် ကျော်လွန်ရောက်ရှိနေပြီ" လို့ သူက ပြောပါတယ်။

"တိုင်းပြည်ရဲ့ဂုဏ်သိက္ခာမြင့်တက်လာမှု၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်မှုတွေကို ကြည့်ရင် သိနိုင်တယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးကိုပါ ပုံဖော်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၁ ရာစုအရောက်မှာ အနောက်နိုင်ငံတွေက သန်းနဲ့ ချီတဲ့ကုန်ထုတ်လုပ်ရေး အလုပ်တွေဟာ တရုတ်ကမ်းရိုးတန်းဒေသတွေက စက်ရုံတွေကို ပြင်ပကုမ္ပဏီအဖြစ် ငှားရမ်းလုပ်ကိုင်လာကြပါတယ်။

ဒါကို စီးပွားရေးပညာရှင်တွေက "တရုတ် ရိုက်ခတ်မှုလှိုင်း" လို့ သုံးနှုန်းပါတယ်။ ပြီးတော့ ဒါဟာ ဥရောပနဲ့ အမေရိကမှာ "အများကြိုက်ဝါဒီ (Populist) " တွေ ပေါ်ပေါက် လာရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်လာပါတယ်။

ဥပမာပြောရရင် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေပါ။ ကုန်သွယ်ရေးစစ်ပွဲတွေ၊ ကုန်သွယ်ခွန်တွေလို သူ့ရဲ့စီးပွားရေးမူဝါဒတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်ဆီ ဆုံးရှုံးခဲ့ရတဲ့ကုန်ထုတ်လုပ်ရေးအလုပ်တွေ ပြန်အရယူဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဗျူဟာမြောက် လုပ်ငန်းကဏ္ဍတွေ ပူးပေါင်းမှု (၂၀၁၁-၂၀၁၅ )

ကမ္ဘာကြီးရဲ့အလုပ်ရုံဆိုတဲ့ဂုဏ်ပုဒ်ကို တရုတ်က ၂၀၀၁ ခုနှစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာချိန်မှာ အစပြုခဲ့ပါတယ်။ တဖက်မှာလည်း ရာစုနှစ်အပြောင်းအလဲမှာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းကလည်း နောက်ထပ်ခြေလှမ်းတွေကို ပြင်ဆင်နေပါပြီ။

တရုတ်ဟာ "အလယ်အလတ်လူတန်းစားထောင်ချက်" လို့ခေါ်တဲ့ အခြေအနေကို ဝင်လာတာ စစိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံမှာ လုပ်ခလစာစာ နည်းနည်းပဲ ပေးပြီး အလုပ်စေခိုင်းလို့မရတော့တဲ့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အလွန်နည်းပါးတဲ့လုပ်ခလစာကို မပေးနိုင်တော့တာပါ။ နောက်ပြီး တချိန်တည်းမှာပဲ အရည်အသွေးမှီတဲ့ ကုန်ပစ္စည်းတွေ၊ တိုးတက်လာတဲ့စီးပွားရေးရဲ့ဝန်ဆောင်မှုတွေကို ဖန်တီးမပေးနိုင်တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ဟာ စျေးပေါပေါ ထုတ်တာထက် "ဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်း နယ်ပယ်တွေ'' လို့ဆိုတဲ့စကားရပ်ကို ၂၀၁၀ ခုနှစ်မှာ တရုတ်က ပထမဆုံး တရားဝင်သုံးစွဲခဲ့ပါတယ်။

တရုတ်ခေါင်းဆောင်တွေ အတွက်တော့ "ဗျူဟာမြောက် လုပ်ငန်းကဏ္ဍတွေ" ဆိုတာ လျှပ်စစ်ကား(EV)တွေနဲ့ ဆိုလာအချပ်ပြားတွေလို အစိမ်းရောင်နည်းပညာတွေလို့ အဓိပ္ပာယ်ရပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးမှာ အရေးတကြီးကိစ္စရပ် ဖြစ်လာချိန်မှာ တရုတ်ဟာ သူ့ရဲ့မြောက်မြားစွာသော အရင်းအမြစ်တွေကို ဒီလုပ်ငန်းနယ်ပယ်တွေဘက်ဆီ ရွေ့ပြောင်းလိုက်ပါတယ်။

ဒီကနေ့ခေတ်မှာ တရုတ်က လျှပ်စစ်မော်တော်ယာဉ်တွေနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ ပြိုင်ဘက်ကင်း ကမ္ဘာ့ချန်ပီယံနိုင်ငံ တစ်နိုင်ငံဖြစ်ရုံတင်မက ဒီကဏ္ဍတွေအတွက် လိုအပ်တဲ့ မြေရှားဓာတ်သတ္တု တင်ပို့မှုမှာပါ လက်ဝါးကြီးအုပ် လုနီးပါးအခြေအနေရောက်ရှိနေပါတယ်။

ချစ်ပ်ပြားထုတ်လုပ်မှုတွေ၊ ဉာဏ်ရည်တု(AI) အတွက် မရှိမဖြစ်လိုအပ်တဲ့ဒီအရင်းအမြစ်တွေကို တရုတ်က ခပ်ကျစ်ကျစ်ဆုတ်ကိုင်ထားမှုဟာ ဒီကနေ့ခေတ် ကမ္ဘာမှာ အရှိန်အဝါကြီးတဲ့ အခြေအနေကို ရောက်ရှိစေပါတယ်။

ဒါကြောင့် မကြာသေးခင် ဘေကျင်းရဲ့ မြေရှားတင်ပို့မှုကို တင်းကျပ်မှုဟာ "ကမ္ဘာကို ချုပ်ကိုင်နိုင်ဖို့" ကြိုပမ်းမှုဖြစ်တယ်လို့ ထရမ့်က ခေါင်းစဉ်တပ်ပါတယ်။

"ဗျူဟာမြောက်စုပေါင်းတွန်းအားတွေ" ဟာ ၂၀၁၁ ခုနှစ်မှာ ချမှတ်တဲ့ ရှေ့ငါးနှစ်စီမံကိန်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့စိမ်းလမ်းနည်းပညာဟာ ဖွံ့ဖြိုးတိုးတက်မှု နဲ့ ပထဝီနိုင်ငံရေး ရဲ့ အာဏာချိန်ခွင် လျှာကို ချိန်ညှိမယ့် အလားအလာရှိတဲ့ အင်ဂျင်တစ်ခုဖြစ်တယ်လို့ ၂၀၀၀ ခုနှစ်အစောပိုင်းကတည်းက တရုတ်ခေါင်းဆောင် ဟူကျင်းတောင်က ထည့်တွက်ခဲ့ပါတယ်။

"တရုတ်ဟာ သူ့ရဲ့ စီးပွားရေး၊ နည်းပညာနဲ့ သူ့နည်းသူ့ဟန် လွတ်လပ်မှုတွေမှာ တပါးသူကို မီခိုမှု ပိုနည်းပါးရေး စိတ်ဆန္ဒဟာ အခုမှ စပေါ်လာတာ မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီ အတွေးအခေါ်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်" လို့ နေးလ် သောမတ်က ပြောပါတယ်။

"အရည်အသွေးမြင့်တိုးတက်ပြောင်းလဲမှု" (၂၀၂၁-၂၀၂၅)

၂၀၁၇ ခုနှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင် စတင်မိတ်ဆက်ခဲ့တဲ့ "အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု" ဆိုတာဟာ တရုတ်နိုင်ငံ ရှေ့ငါးနှစ်တာ စီမံကိန်းရဲ့အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။

ဆိုလိုတာကတေ့ာ နည်းပညာကဏ္ဍမှာ အမေရိကန်ကြီးစိုးမှုကို စိန်ခေါ် ပြီး တရုတ်နိုင်ငံ ရှေ့ပြေးရေးဖြစ်ပါတယ်။

နိုင်ငံတွင်း အောင်မြင်ခဲ့တဲ့ တစ်တော့၊ ဆက်သွယ်ရေးလုပ်ငန်းကြီး ဟွာဝေးနဲ့ ဉာဏ်ရည်တု DeepSeek တို့ဟာ အခုရာစုနှစ်အတွင်း တရုတ်နည်းပညာတိုးတက်မှုရဲ့ သက်သေ သာဓကတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံတွေကတော့ ဒါကို အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်လို့ ရှုမြင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ တရုတ်နည်းပညာတွေကို ပိတ်ပင်မှုတွေ ဒါမှမဟုတ် ပိတ်ပင်ဖို့ ကြိုးစားမှုတွေဟာ ကမ္ဘာတစ်ဝန်း သုံးစွဲသန်းနဲ့ချီကို ထိခိုက်ခဲ့သလို ခါးသီးတဲ့ သံခင်းတမန်ခင်းတွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် က ရုရှားနိုင်ငံရဲ့ နှစ် (၈၀) ပြည့် မဟာမျိုးချစ်စစ်အောင်ပွဲနေ့ အခမ်းအနားအတွက် မော်စကိုမြို့ကို ရောက်ရှိလာစဉ်

ဓာတ်ပုံ ရင်းမြစ်, Grigory Sysoev/RIA Novosti/Pool/Anadolu via Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ရှီ အုပ်ချုပ်မှုအောက်မှာ တရုတ်ရဲ့ငါးနှစ်တာစီမံကိန်းတွေဟာ "အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး"ကို ရှေ့တန်းတင်ခဲ့ပါတယ်

အခုချိန်အထိ တရုတ်က သူ့ရဲ့နည်းပညာတွေ အောင်မြင်ဖို့ အမေရိကန်တီထွင်မှုတွေကို အသုံးပြုနေရပါတယ်။ ဥပမာ အန်ဗီဒီယာကုမ္ပဏီရဲ့အဆင့်မြင့် ဆမီ ကွန်ဒက်တာတွေပါ။

လက်ရှိမှာတေ့ာ တရုတ်နိုင်ငံထံ ရောင်းချမှုတွေကို ဝါရှင်တန်က ပိတ်ဆို့လိုက်တာကြောင့် " အရည်အသွေးမြင့်တိုးတက်မှု" ကနေ " အရည်အသွေးအသစ် ထုတ်လုပ်မှု အားကောင်းတဲ့ အင်အားစုတွေ" ဆိုတဲ့ ၂၀၂၃ ခုနှစ်က သမ္မတရှီ မိတ်ဆက်ခဲ့တဲ့ဆောင်ပုဒ်ကို ပြောင်းလဲနိုင်ခြေ ရှိပါတယ်။

ဒါဟာ ပိုပြီး ပြည်တွင်းဖြစ်ဆိုတဲ့ဂုဏ်ပုဒ်နဲ့ အမျိုးသားလုံခြုံရေးကို ပိုပြီး အလေးပေးရာလည်း ရောက်ပါတယ်။

အဓိကကတော့ တရုတ်အနေနဲ့ ချစ်ပ်ပြားတွေ ထုတ်လုပ်မှု၊ ကွန်ပျူတာနဲ့ ဉာဏ်ရည်တုနည်းပညာတို့မှာ အနောက်နိုင်ငံတွေရဲ့နည်းပညာကို မှီခိုမှုမရှိဘဲ အရည်အသွေးမြင့်ထုတ်နိုင်ဖို့နဲ့ ပိတ်ဆို့မှုတွေကိုလည်း ခံနိုင်ရည်ရှိသွားစေဖို့ဖြစ်ပါတယ်။

ကဏ္ဍတွေအားလုံး အထူးသဖြင့် ထိပ်တန်းအဆင့်တီထွင်မှုတွေမှာ ကိုယ့်ခြေထောက်ပေါ် ရပ်တည်မှုဟာ လာမယ့် ငါးနှစ်တာစီမံကိန်းအတွက် အဓိကကျတဲ့အချက်တွေထဲက တစ်ခု ဖြစ်လာနိုင်ပါတယ်။

"အမျိုးသားလုံခြုံရေးနဲ့ နည်းပညာအမှီအခိုကင်းမှုတွေဟာ အခုတရုတ်နိုင်ငံ စီးပွားရေးမူဝါဒရဲ့ အဓိကရည်မှန်းချက်တွေဖြစ်လာပြီ" လို့ သောမတ်က ရှင်းပြပါတယ်။

"ထပ်ပြီးပြောရရင် ဒါတွေအားလုံးဟာ တရုတ်ကွန်မြူနစ် စနစ်အောက်က အမျိုးသားရေး စီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ နောက်နောင် ပြင်ပနိုင်ငံတွေရဲ့ကြီးစိုးမိုးမှု မခံရအောင် ရည်ရွယ်ပါတယ်"