အမေရိကန် ဦးဆောင်တဲ့ ကမ္ဘာကို အံတုလိုက်တဲ့ တရုတ်ခေါင်းဆောင် ရှီ

ဒဏ်ခတ်ပိတ်ဆို့မှု အခံရဆုံး ခေါင်းဆောင် နှစ်ယောက်ဖြစ်တဲ့ ပူတင်နဲ့ ကင်တို့နဲ့ ယှဉ်တွဲပြီး ရှီကျင့်ဖျင်တို့ ၃ ဦးပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒဏ်ခတ်ပိတ်ဆို့မှု အခံရဆုံး ခေါင်းဆောင် နှစ်ယောက်နဲ့ ယှဉ်တွဲပြီး ရှီကျင့်ဖျင် ထွက်လာခဲ့
    • ရေးသားသူ, လော်ရာ ဘစ်ကာ
    • ရာထူးတာဝန်, တရုတ်ရေးရာ ဘီဘီစီသတင်းထောက်

ဘေဂျင်း စစ်ရေးပြပွဲကြီးမှာ ကမ္ဘာမှာ ဒဏ်ခတ်ပိတ်ဆို့မှု အခံရဆုံး ခေါင်းဆောင် နှစ်ယောက်နဲ့ ယှဉ်တွဲပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် ထွက်လာခဲ့ပါတယ်။

လက်နက်ပြပွဲထက် ဒီလို နိုင်ငံရေး တွေ့ဆုံမှုတွေကြောင့်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပုံရပါတယ်။

စစ်ရေးပြပွဲ စနေချိန်မှာပဲ ထရမ့်က Truth Social လူမှုကွန်ရက်ကနေ ဒီသုံးယောက်ပေါင်းပြီး အမေရိကန်ကို မကောင်းကြံစည်နေတယ်ဆိုပြီး စွပ်စွဲတဲ့ စကားတွေ တင်ခဲ့ပါတယ်။

ဒီလို ရုရှားနဲ့ မြောက်ကိုရီးယားကို ဝဲယာ ခြံရံပြီး တရုတ်သမ္မတရဲ့ ပွဲထွက်မှုကြောင့် ကမ္ဘာ့အာရုံစိုက်မှုရဲ့ ဗဟိုပဲ ဖြစ်စေချင်တဲ့ အမေရိကန် သမ္မတကို စိတ်ဆိုးဒေါသ ထွက်သွားစေနိုင်ပါတယ်။

တရုတ်ခေါင်းဆောင်က ဒီစစ်ရေးပြပွဲနဲ့ ကမ္ဘာ့အရေးစိုက်မှုကို သုံးပြီး အရှေ့က ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့အပေါ်မှာ သူ့သြဇာနဲ့ အာဏာကို ပြပါတယ်။ ဒီအုပ်စုက အမေရိကန်ရဲ့ ကမ္ဘာ့အခင်းအကျင်းကို ပြန်တွန်းလှန်ဖို့ ဆုံးဖြတ်ထားတာပါ။

ထရမ့်အစိုးရရဲ့ မရေရာမှုတွေကို ကမ္ဘာက ကြုံနေချိန်မှာ ရှီဆီက လာတဲ့ ပြင်းထန်တဲ့ သတင်းစကားလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အပြင် နိုင်ငံ ၂၀ ကျော်က တခြား ခေါင်းဆောင်တွေလည်း ဒီပွဲ တက်ကြပါတယ်။ ဒီသီတင်းပတ် အစောပိုင်းကပဲ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနဲ့ မပြေလည်ခဲ့တဲ့ ဆက်ဆံရေးကို ရှီ ပြန်ပြင်ခဲ့ပုံ ရပါတယ်။ အိန္ဒိယပို့ကုန်တွေအပေါ် ထရမ့်က ၅၀ ရာခိုင်နှုန်း အခွန်ကောက်ဖို့ ပြင်လို့ တရုတ်နဲ့ အိန္ဒိယ ပြိုင်ဘက် နှစ်နိုင်ငံ ပြန် အဆင်ပြေလာပါတယ်။

ဂျပန်ကို စစ်အောင်နိုင်တာ နှစ် ၈၀ ပြည့်ကို ဂုဏ်ပြုတဲ့ စစ်ရေးပြပွဲ ဆိုပေမယ့် ဒီပွဲက တရုတ်ပြည် ဘယ်သွားနေတယ်ဆိုတာကို ပြနေပါတယ်။ အဲဒါအပြင် ရှီက ကမ္ဘာ့ခေါင်းဆောင်နေရာကို ယူနေတာပါ။

နောက်ပြီး အနောက်အုပ်စုကို ပြိုင်ဖို့ တည်ဆောက်ထားတဲ့ စစ်ရေးအင်အားကိုလည်း သူအားပြု ရပ်ထားပါတယ်။

ဇက်ကြိုးကို ကိုင်လာတဲ့ တရုတ်ပြည်

ဒါ ပထမဆုံးအကြိမ် ရှီ၊ ပူတင်နဲ့ ကင်ကို အတူတကွ တွေ့ရတာ ဖြစ်ပြီး တီယန်နန်မင်က စစ်ရေးပြပွဲကို ကြည့်ဖို့ ငြိမ်းချမ်းရေး ကောင်းကင် တံခါးထိပ်က မုခ်ဦးကို သူတို့ အတူတက်ခဲ့ကြပါတယ်။

ကွန်မြူနစ်တရုတ်ပြည်ကို ထူထောင်သူ မော်စီတုန်းက ဒီနေရာမှာပဲ တရုတ်ပြည်သစ်ကို တည်ထောင်ကြောင်း ၁၉၄၉ က ကြေညာခဲ့ပြီး နောက် ၁၀ နှစ် အကြာမှာတော့ ကင်ဂျုံအွန်းရဲ့ အဘိုး ကင်အီဆွန်းနဲ့ အဲဒီတုန်းက ဆိုဗီယက် ခေါင်းဆောင် ကရူးရှက်တို့နဲ့အတူ ဒီနေရာမှာပဲ စစ်ရေးပြပွဲကို ကြည့်ခဲ့ကြပါတယ်။

စစ်အေးခေတ် အရှေ့အုပ်စု ခေါင်းဆောင်တွေနဲ့ တရုတ်ခေါင်းဆောင်တွေ တီယန်နန်မင်မှာ စုဝေးခဲ့တဲ့ အဖြူအမည်းပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်အေးခေတ် အရှေ့အုပ်စု ခေါင်းဆောင်တွေနဲ့ တရုတ်ခေါင်းဆောင်တွေ တီယန်နန်မင်မှာ စုဝေးခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီသုံးနိုင်ငံ ခေါင်းဆောင်တွေကြား အဲဒီအကြိမ် နောက်ဆုံးတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲ အရှိန်မြင့်နေချိန်မှာ တရုတ်နဲ့ မြောက်ကိုရီးယားက ကမ္ဘာနဲ့ အဆက်ပြတ်သလို ဖြစ်နေပြီး ဆိုဗီယက်ပြည်ထောင်စုကပဲ ဒီထဲမှာ အာဏာအရှိဆုံးနဲ့ အချမ်းသာဆုံး ဖြစ်ခဲ့ပါတယ်။

ဒီတခါတော့ ဒီဆက်ဆံရေးကို ချုပ်ကိုင်ထားသူက တရုတ်ပြည်ပါ။ အဏုမြူလက်နက်ပိုင်ပေမဲ့ ဆင်းရဲနေဆဲ ဖြစ်တဲ့ မြောက်ကိုရီးယားက တရုတ်ရဲ့ ထောက်ပံ့မှု လိုပါတယ်။ နောက်ပြီး ပူတင်မှာလည်း ရှီပေးတဲ့ တရားဝင် ဖြစ်မှု လိုပါတယ်။

အရင်က ရှီဟာ ပူတင်နဲ့ ကင်ဂျုံအွန်းတို့နဲ့ ခပ်ခွာခွာ နေခဲ့ပုံပေါ်ပြီး ယူကရိန်းစစ်မှာ ကြားနေပုံစံကို ထိန်းထားခဲ့ပါတယ်။ ရုရှားကို မရှုတ်ချပေမဲ့ ရုရှားကို တရုတ်က မကူဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။

သိပ် မကြာခင်က ရုရှားနဲ့ မြောက်ကိုရီးယားတို့ ပိုနီးစပ်လာချိန်မှာ ရှီက ဘေးထွက်နေပုံ ရပါတယ်။ ယူကရိန်းကို ရုရှား ကျူးကျော်စစ်မှာ ကင်က တပ်သားတွေ ပို့ပေးပြီး ငွေနဲ့ နည်းပညာ ဖလှယ်ပါတယ်။

အခုတော့ ယူကရိန်းကို ဆက်တိုက်ခိုက်နေချိန်မှာပဲ ဒီအိမ်နီးချင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ သူ ယှဉ်တွဲ ရပ်နေပါပြီ။

တရုတ်ဟာ ဘယ်တော့မှ ခြိမ်းခြောက်လို့မရတဲ့ နိုင်ငံကြီး ဖြစ်တယ်ဆိုပြီး ရှီက ကြေညာပါတယ်။

စစ်ရေးပြပွဲကလည်း အာဏာ၊ တိကျမှုနဲ့ မျိုးချစ်စိတ်ကို ပြတဲ့ ပြပွဲကြီး ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ထုတ်ပြတဲ့ လက်နက်သစ်တွေထဲ အဏုမြူ ထိပ်ဖူးတပ် ဒုံးကျည်သစ်တမျိုးကို ပင်လယ်၊ ကုန်းပေါ်နဲ့ လေထဲကနေ ပစ်လွှတ်လို့ ရသလို အသံထက်မြန်တဲ့ သင်္ဘောဖျက် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်တဲ့ လေဆာရောင်ခြည်သုံး လက်နက်တွေလည်း ပါပါတယ်။ နောက်ပြီး ပစ်မှတ်တွေကို ထောက်လှမ်းနိုင်တဲ့ ရေအောက်နဲ့ ဝေဟင်သုံး ဒရုန်းသစ်တွေလည်း ပါပါတယ်။

တီယန်နန်မင် ရင်ပြင်ရှေ့က စစ်ကား။ အာဏာ၊ တိကျမှုနဲ့ မျိုးချစ်စိတ်ကို ပြတဲ့ ပြပွဲကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဏာ၊ တိကျမှုနဲ့ မျိုးချစ်စိတ်ကို ပြတဲ့ ပြပွဲကြီး

အမေရိကန်ဟာ ကမ္ဘာတလွှားက ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ပြီး စစ်အတွေ့အကြုံတွေ ပိုကြွယ်ဝပေမဲ့ တရုတ်ကလည်း ဒါကို ပြိုင်ဖို့ အင်အားစုနေတာက သေချာပါတယ်။

ဒီစစ်အင်အားပြပွဲက အမေရိကန်နဲ့ မဟာမိတ်တွေအပြင် တကမ္ဘာလုံးကို ရည်ရွယ်ကြေညာလိုက်တာ ဖြစ်သလို ဒီပွဲကို လာတက်တဲ့ ပူတင်နဲ့ ကင်အတွက်လည်း ဖြစ်ပါတယ်။ တရုတ်ပြည် ပြန်လည်နုပျိုလာတာကို တားမရနိုင်ဘူး ဆိုပြီး ရှီက ဂုဏ်ယူစွာနဲ့ ပြောကြားခဲ့ပါတယ်။

စိတ်ပူနေတဲ့ အနောက်အုပ်စု

တချိန်ကျရင် တရုတ်လာသိမ်းမှာကို ထိုင်ဝမ်ကျွန်းမှာ နေသူအများအပြားက စိတ်ပူကြပါတယ်။ တရုတ်ကလည်း ထိုင်ဝမ်ဟာ အမိမြေနဲ့ ကွဲကွာနေပြီး တချိန်မှာ ပြန်ပေါင်းစည်းမယ့် ပြည်နယ်လို့ပဲ မြင်ထားတာပါ။ ဒါအောင်မြင်ဖို့ အင်အားမသုံးဘူးလို့လည်း ရှီက ပြောမထားပါဘူး။ နောက်ပြီး ဗုဒ္ဓဟူးနေ့က ခင်းကျင်းပြခဲ့တဲ့ လက်နက်တွေမှာလည်း တရုတ်ရေတပ်ရဲ့ အစွမ်းကို ပြတဲ့ ပစ္စည်းအများအပြား ပါဝင်လို့ ထိုင်ဝမ် ခေါင်းဆောင်တွေအတွက် ပူပန်စရာ ဖြစ်ပါတယ်။

ဒီလက်နက်တွေက အနောက်နိုင်ငံ အများအပြားကိုလည်း ပူပန်စေပြီး ယူကရိန်းစစ် အဆုံးသတ်ရေးအတွက် ရုန်းကန်နေရတဲ့ ဥရောပနိုင်ငံတွေအတွက် ပိုဆိုးပါတယ်။ ဒီနိုင်ငံအများစုကလည်း ဒီစစ်ရေးပြပွဲကို မတက်ကြပါဘူး။

စီးပွားရေး နှေးကွေးမှု၊ အိမ်ခြံမြေ အကျပ်အတည်း၊ သက်ကြီးဦးရေ တိုးပွားလာမှု၊ လူငယ် အလုပ်လက်မဲ့ဦးရေ တိုးပွားမှုနဲ့ အကြွေးနွံနစ်နေတဲ့ ဒေသန္တရ အစိုးရတွေ ပြဿနာ စတဲ့ ပြည်တွင်း စိန်ခေါ်မှုကြီးတွေ ရှိတဲ့ကြားက ဒီစစ်ရေးပြပွဲကတော့ တရုတ် မျိုးချစ်စိတ်လှိုင်းကို နှိုးဆွပေးခဲ့ပါတယ်။

စစ်ကားပေါ်က တရုတ်စစ်သားများ။ တရုတ်က ကမ္ဘာ့စင်မြင့်မှာ ယုံကြည်မှုနဲ့ ထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်က ကမ္ဘာ့စင်မြင့်မှာ ယုံကြည်မှုနဲ့ ထွက်လာ

တရုတ်က ကမ္ဘာ့စင်မြင့်မှာ ယုံကြည်မှုနဲ့ ထွက်လာချိန်မှာ ကြီးထွားလာတဲ့ လူလတ်တန်းစားအနာဂတ်ကို မပူပန်ရအောင် ထာနိုင်မယ့်နည်းလမ်းကို သမ္မတရှီ ရှာဖွေရမှာ ဖြစ်ပါတယ်။ တရုတ်စီးပွားရေး တိုးတက်မှုကို ရပ်လို့မရဘူးလို့ တချိန်က ယူဆခဲ့ကြပေမယ့် အခု မဟုတ်တော့ပါဘူး။

ဒါကြောင့် ရန်သူဟောင်း ဂျပန်အကြောင်းပဲ ပြောတဲ့ ဒီစစ်ရေးပြပွဲမျိုးက ဒီစီးပွားရေး စိန်ခေါ်မှုကနေ မျက်စိလှည့်စရာ ဖြစ်နိုင်ပါတယ်။

ဒီပွဲက သီချင်းသံတွေ၊ စစ်ရေးပြတာတွေ၊ မစ်ဆိုင်းတွေ၊ ဒရုန်းတွေ၊ နောက်ဆုံး ဒီပွဲမှာ ပြတဲ့ ဝံပုလွေစက်ရုပ်လို လက်နက်ဆန်းတွေက တရုတ်ရဲ့ ရုန်းကန်နေရမှုနဲ့ မဆိုင်လှပါဘူး။

အမေရိကန်နဲ့ စိန်ခေါ် အင်အားပြိုင်ရာမှာ တရုတ် ဘယ်လောက် ရောက်နေပြီဆိုတာကို ပြဖို့သက်သက်ပဲ ဖြစ်ပါတယ်။