တရုတ်က လုံခြုံရေးထိပ်သီးပွဲ - အမေရိကန် ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့ အစပြုမှုလား

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, အဲလက်စီ ကာမီကော့ဗ်
- ရာထူးတာဝန်, ဘီဘီစီသတင်း ရုရှားဘာသာစကားဌာန
ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ တစ်လဆိုတဲ့အချိန်က အတော်လေးကို ကြာတဲ့ကာလလို့ ဆိုနိုင်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ တရုတ်ကို နောက်တစ်ကြိမ်ပြန်ရောက်ပါပြီ။ ဒီတစ်ခေါက်ကတော့ တမူထူးခြားပါတယ်။ ယူကရိန်းကို ကျူးကျော်ပြီးကတည်းက သမ္မတ ပူတင် တစ်ယောက် တရုတ်ကို သွားတာဟာ သူ့ရဲ့အဓိက မဟာမိတ်ဖြစ်တယ်ဆိုတဲ့အချက်တင် မကပါဘူး။ တရုတ်ရဲ့အဓိကပြိုင်ဘက်လည်းဖြစ်၊ ကမ္ဘာ့စစ်ဖက်နဲ့ စီးပွားရေးအင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ အမေရိကန်နိုင်ငံလိုပဲ သူလည်းပဲ ကမ္ဘာ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို ပြသလိုတဲ့ပုံ ပေါ်ပါတယ်။
အခုတစ်ခေါက် တရုတ်ခရီးစဉ်ကတော့ ပူတင်အတွက် အမေရိကန်မြေကို လိုလိုလားလားကြိုဆိုခဲ့တဲ့ သမ္မတထရမ့်နဲ့တွေ့ဆုံတဲ့ အလာစကာခရီးအပြီး အောင်မြင်မှုဖြစ်ပါတယ်။ ပူတင်ဟာ ယူကရိန်းကို ဗုံးမကြဲဖို့နဲ့ ရုရှားကို အရေးယူပိတ်ဆို့မှုအသစ်တွေ လုပ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ထရမ့် တောင်းဆိုချက်တွေ ထပ်မထွက်လာအောင် ဆွေးနွေးပွဲမှာ ဆွဲဆောင်ခဲ့နိုင်သူဖြစ်ပါတယ်။
ပြီးတော့ တရုတ်မှာ ပူတင်ဟာ တကယ့်ကို လိုလိုလားလားကြိုဆိုခံထားရပါတယ်။ သူ အပြင် တခြား ဒေသတွင်းခေါင်းဆောင်တစ်ဒါဇင်ချီကျော်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အတွက် တရုတ်မြို့ တီယန်ကျင်းကို ရောက်နေကြပါတယ်။
အဲဒီထဲမှာ အနောက်ကမ္ဘာဆန့်ကျင်ရေးကို လေသံခပ်ကျယ်ကျယ်ပြောတတ်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၊ နောက် ဘေကျင်းနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေး နှစ်ဖက်ရှိတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့လည်း တက်ရောက်မှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ အစပျိုးပဲ ရှိပါသေးတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ ခေါင်းဆောင်အများစုဟာ ဘေကျင်းမြို့မှာပြုလုပ်မယ့် ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု နှစ် ၈၀ ပြည့် အခမ်းအနားနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ ဂျပန့်ကျူးကျော်မှုတွန်းလှန်စစ်မှာ တရုတ်လူထုပါဝင်ခဲ့မှုအောင်ပွဲ စစ်ရေးချီတက်ပွဲကို တက်ရောက်ကြမှာဖြစ်ပါတယ်။
ဒီတော့ အခုတစ်ပတ်အတွင်း တရုတ်က ပွဲတွေဟာ အမေရိကန်ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ပြုမှုကို ခိုင်မာအောင်လုပ်မယ့်အချက်ပြမှုပါလား။
ပြီးတော့ ရုရှား - အိန္ဒိယ - တရုတ်(RIC) အဖွဲ့ဟာ ကမ္ဘာ့ရေးရာမှာ အနောက်ရဲ့ခြေလက်ဆန့်နိုင်မှုကို တန်ပြန်ဖို့ ရည်ရွယ်တဲ့အင်ပြည့်အားပြည့်အဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ငုပ်လျှိုးကွယ်လျှိုး ဖြစ်နေခဲ့တဲ့ ဒီအဖွဲ့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကုန်သွယ်ခွန်တိုးကောက်လို့ဖြစ်တဲ့ ကုန်သွယ်စစ် ပူနေချိန်မှာ တစ်ကျော့ပြန် ထင်ပေါ်လာနိုင်ခြေရှိပါသလား။
ထရမ့်ဟာ ပူတင်နဲ့ ရှီတို့ အားကို မီနိုင်မလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တရုတ်ကို သွားတဲ့ ပူတင်ရဲ့ခရီးဟာ ပုံမှန်အားဖြင့် တရုတ်နဲ့ ရုရှားကြားက ''ဘောင်ကန့်သတ်မှု မရှိတဲ့ချစ်ကြည်ရေး''ဟာ ခိုင်ကြည်သထက် ခိုင်လာတယ်ဆိုတာကို အနောက်ကမ္ဘာကို ပြသဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒါကို ကြားလေသွေးဖို့ ကြိုးပမ်းတဲ့အမေရိကန်ရဲ့ အားထုတ်မှုတွေဟာ အရာမထင်ဖြစ်နေတယ်လို့ အကဲခတ်တချို့က ရှုမြင်ပါတယ်။
ထရမ့်ဟာ ယူကရိန်းကို ပူတင့်ဆီ လက်နက်ချခိုင်းတာနဲ့ ရုရှားအပေါ် အရေးယူ ပိတ်ဆို့ထားတာတွေကို ပြန်ရုတ်သိမ်းခဲ့ရင်တောင် ရုရှားဟာ တရုတ်နဲ့ဆက်ဆံရေးကို ခပ်ခွာခွာလုပ်မှာမဟုတ်ဘူးလို့ မြင်ကြတဲ့အကဲခတ်တွေလည်းရှိပါတယ်။
အကဲခတ်အချို့ကတော့ ၁၉၇၀ ပြည့်နှစ်တွေမှာ အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင်လက်ထက် နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့သူ ဟင်နရီ ကစ်ဆင်ဂျာက တရုတ်ကို အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုရဲ့လွှမ်းမိုးမှုအောက်ကနေ ဆွဲထုတ်ခဲ့တာကို ပြန်ညွှန်းကြပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘေကျင်းနဲ့ မော်စကိုတို့ရဲ့ဆက်ဆံရေးဟာ တင်းခဲ့ကြပါတယ်။ အခုတော့ အရာအားလုံး မတူတော့ပါဘူး။
''ထရမ့်အစိုးရက တရုတ်ကို ကုန်သွယ်ရေးဖိအား တိုးမြှင့်လိုက်တာက ရုရှား- တရုတ် ဝင်ရိုးကို ပိုခိုင်မာသွားစေတာပဲရှိတယ်။ ကစ်ဆင်ဂျာ လုပ်ခဲ့တာမျိုးလို ပြောင်းပြန် ပြန်လုပ်ပြီး ဒီနှစ်နိုင်ငံကို ခွဲဖို့ လုပ်တဲ့အားထုတ်မှုတွေဟာ လက်ဆုပ်လက်ကိုင်ပြစရာ ရလဒ် မထွက်လာစေပါဘူး'' လို့ Asia Society Policy အင်စတီကျူက ဖြဲ အန်းဒရေက ပြောပါတယ်။ သူက ရုရှား၊ တာဂျစ်ကစ္စတန်နဲ့ မော်လ်ဒိုဗာတို့မှာ တာဝန်ထမ်းခဲ့တဲ့ပြင်သစ်သံအမတ်တစ်ဦးဖြစ်ပြီး ရုရှား- တရုတ်ဆက်ဆံရေးကို ကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။
''အမေရိကန်ရဲ့ဗျူဟာက ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေပြီး မော်စကိုနဲ့ ဘေကျင်းကြား သပ်လျှိုဖို့ လုပ်တာဆိုရင်တော့ အဲဒီနှစ်နိုင်ငံကြားက ဆက်ဆံရေး ထွေထွေပြားပြားဖြစ်မှုကို ဝါရှင်တန်ဘက်က လျှော့တွက်ထားလို့ပါပဲ'' လို့ ဥရောပ မူဝါဒရေးရာအကဲခတ်စင်တာမှာ တရုတ် - ရုရှားဆက်ဆံရေး ဆောင်းပါးကို အမည်မဖော်ဘဲရေးသားတဲ့အကဲခတ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ်ဟာ ရုရှားစွမ်းအင်ရင်းမြစ်တွေကို အဓိက ဝယ်ယူသူဖြစ်ပါတယ်။ ပြီးတော့ အနောက်ကုမ္ပဏီတွေ ရုရှားကနေ ထွက်သွားပြီးတဲ့နောက်မှာ ရုရှားကို ကားတွေနဲ့ တခြားကုန်ပစ္စည်းတွေကို ထောက်ပို့နေပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ ရုရှား - တရုတ် ဆက်ဆံရေး ခိုင်မှာမှု သဘောတရားကို ခိုင်မာအောင်လာစေပါတယ်။
''နှစ်နိုင်ငံစလုံးဟာ အနောက်ကမ္ဘာရဲ့လစ်ဘရယ်ဝါဒနဲ့ အမေရိကန်ရဲ့ 'လွှမ်းမိုးမှု' ကို စိန်ခေါ် ပါတယ်။ နှစ်နိုင်ငံစလုံးဟာ နျူကလီးယားစွမ်းလက်နက်ပိုင်နိုင်ငံတွေဖြစ်ကြသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒီဗျူဟာမြောက်အကျိုးစီးပွားက နှစ်ဖက်စလုံးအတွက် အညမညဖြစ်စေတယ်'' လို့ အန်းဒရေက ပြောပါတယ်။
''စီးပွားရေးအရ သူတို့ဟာ တစ်ဖက်နဲ့တစ်ဖက် မီတည်ကြတယ်။ ရုရှားဟာ ကုန်ကြမ်းပစ္စည်းပိုင်းမှာ အင်အားကြီး နိုင်ငံဖြစ်တယ်။ တရုတ်ဟာ စက်မှုနဲ့ နည်းပညာဆိုင်ရာမှာ အားသာတယ်'' လို့ သူက ရေးပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေကြားက ပုဂ္ဂိုလ်ရေးဆိုင်ရာနွေးထွေးတဲ့ဆက်ဆံရေးက အဓိက အချက်လို့ သူက ယုံကြည်ပါတယ်။
ပူတင်နဲ့ ရှီတို့ကြားမှာ တူညီတဲ့အချက်တွေ ခပ်များများရှိပါတယ်။ သူတို့ နှစ်ဦးဟာ သက်တူ ရွယ်တူတွေပါ။ ၇၂ နှစ် ရှိကြပါပြီ။ နှစ်ယောက်စလုံးဟာ ဆိုဗီယက်ခတ် ကွန်မြူနစ်ဝါဒအောက် ကြီးပြင်းလာကြသူတွေပါ။ အာဏာရတာလည်း ကြာပါပြီ။ နှစ်နိုင်ငံစလုံးဟာ အာဏာကို အာဏာရှင်ဆန်ဆန် ချုပ်ကိုင်ထားတယ်လို့ ရှုမြင်ခံရပြီး အမြင်မတူသူတွေအပေါ် သည်းညည်း မခံနိုင်စွမ်းလည်း တူကြပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို မကျူးကျော်ခင်လေးမှာပဲ ပူတင်ဟာ ''နယ်စည်းမခြားတဲ့ချစ်ကြည်မှုနဲ့ အကန့်အသတ်မရှိ ပူးပေါင်းဆောင်ရွက်မှု'' ဆိုတဲ့ကြေညာချက်တစ်ရပ်ကို ရှီနဲ့အတူ လက်မှတ်ထိုးပါတယ်။ ရှီက ပူတင်ကို ''ချစ်ဆွေ'' လို့ ခေါ်လေ့ရှိပါတယ်။ ရှီဟာ ပူတင်ကို တခြား ခေါင်းဆောင်တွေနဲ့မတူ အကြိမ်ကြိမ်တွေ့ဆုံထားပြီး အကြိမ်ရေ ၄၀ ကျော်အထိရှိပါတယ်။
ဒါပေမဲ့ အခုတစ်ခေါက် ခရီးကတော့ တမူထူးပါတယ်။
''တရုတ်ဟာ ပူတင်ကို ''ကြိုးရှည်ရှည်နဲ့ မလှန်ထားတော့ဘဲ'' အနောက်နဲ့ နီးစပ်သွားတာကို ဟန့်တားလိုက်ရုံနဲ့ အကျိုးတွေ အများကြီးရနိုင်ပါတယ်။ တရုတ်ဟာ ရုရှား အင်အားခိုင်ခံ့လာမှာကို လည်း မဖြစ်စေချင်ပါဘူး'' လို့ ဝါရှင်တန်မှာရှိတဲ့ ဘရွတ်ကင်းစ် အင်စတီကျူက တရုတ် - အမေရိကန် ဆက်ဆံရေးဆိုင်ရာ တရုတ်နိုင်ငံခြားရေးမူ ကျွမ်းကျင်သူ ပတ်ထရစ်ရှင် ကင်က ပြောပါတယ်။
''ဘေကျင်းရသွားနိုင်တာက ရုရှားဟာ အနောက်ကို ကြံ့ကြံ့ခံ တုနိုင်စွမ်းရှိပြီး တရုတ်စက်ဝန်းအောက်မှာတော့ မာန်မထောင်နိုင်တဲ့အခြေအနေတစ်ရပ်ဖြစ်လာစေမယ့် ရလဒ်မျိုးပါ'' လို့ ကင်က ပြောပါတယ်။
''ရုရှားဟာ တရုတ်အတွက် အကျိုးရှိတဲ့မိတ်ဖက်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရှီအနေနဲ့ ပြည်တွင်းမှာရော ဗဟိုအာရှဒေသကြီးတစ်ခုလုံးမှာပါ တည်ငြိမ်မှုကို ထိန်းနိုင်အောင် ထောက်ကူပေးတယ်'' လို့ အန်ဒရေးက ရှင်းပြပါတယ်။ ''ပြီးတော့ ဘေကျင်းအတွက် တောင်ကမ္ဘာခြမ်းကနေ ထောက်ခံမှုရစေတာမျိုးဖြစ်စေသလို အနောက်ကမ္ဘာကြောင့်ဖြစ်တဲ့ ကမ္ဘာ့စီစဥ်ကျနမှုပုံစံအစား ရွေးချယ်စရာဖြစ်ခု ဖြစ်လာစေတယ်''
မိုဒီ ဝင်လာမှု

ဓာတ်ပုံ ရင်းမြစ်, Pablo Porciuncula/AFP via Getty Images
ရုရှား - အိန္ဒိယ -တရုတ်(RIC) သုံးနိုင်ငံရဲ့ တတိယအဖွဲ့ဝင်က အိန္ဒိယပါ။ အိန္ဒိယဟာ ဘေကျင်းနဲ့ရော၊ ဝါရှင်တန်နဲ့ပါ ခယောင်းလမ်း ဆက်ဆံရေး ရှိခဲ့ဖူးတဲ့နိုင်ငံပါ။ ဒါကြောင့် အိန္ဒိယကပဲ သုံးနိုင်ငံအဖွဲ့ကို ပြန်အသက်သွင်းနိုင်ခြေမျှော်လင့်ချက်တွေကို ပြောင်းပြန်လန်သွားအောင် လုပ်နိုင်ခြေရှိနေပါတယ်။
တီယန်ကျင်းမြို့မှာပြုလုပ်တဲ့ SCO ထိပ်သီးဆွေးနွေးပွဲမှာ ရှီနဲ့ မိုဒီတို့ သီးခြားတွေ့ဆုံမှုဟာ ၇ နှစ်အတွင်း တရုတ်ကို မိုဒီရဲ့ ပထမဆုံးခရီးစဥ်ဖြစ်လာစေပါတယ်။ အရေးလည်း ပါပါတယ်။ နှစ်နိုင်ငံကြားက ဂယ်ဝမ်တောင်ကြားမှာ မကြာမကြာထိတွေ့မှုဖြစ်ခဲ့ကြတာတွေကြောင့် ဒီနှစ်နိုင်ငံဟာ စကားပြောတောင့်ပြောခဲဖြစ်တာ ၂၀၂၀ ခုနှစ်ကတည်းကပါ။
ဒါပေမဲ့ အိန္ဒိယ ကောင်းကင်ယံမှာ စီးပွားရေး တိမ်မည်းတွေ ဖုံးလာနေတာကပဲ မြေပြင်က အခြေအနေတွေကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ရုရှားက ရေနံတွေကို ဆက်ဝယ်နေတဲ့ ဒေလီကို အပြစ်ပေးတဲ့အနေနဲ့ ထရမ့်ဟာ အိန္ဒိယကုန်စည်တွေကို အခွန်တွေ အတော်များများ တိုးကောက်ထားပါတယ်။ ဒီအခြေအနေကြောင့်ပဲ တစ်ချိန်က မတည့်ကြတဲ့နိုင်ငံတွေဟာ ကျောချင်းကပ်ဖို့ ဖြစ်လာစေတယ်လို့ ဆိုနိုင်ပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာ ပြိုင်ဘက်တွေထက် မိတ်ဖက်တွေ ဖြစ်သင့်တယ်လို့ ရှီက မိုဒီကို ပြောပါတယ်။ မိုဒီကတော့ လက်ရှိအချိန်ဟာ တရုတ်နဲ့ အိန္ဒိယကြား ''တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုအခင်းအကျင်း'' ရှိနေပြီလို့ ပြောပါတယ်။
နှစ်နိုင်ငံစလုံးဟာ လူဦးရေ အထူထပ်ဆုံးဖြစ်ရုံမက ကမ္ဘာမှာ အကြီးဆုံးစီးပွားရေးရှိတဲ့နိုင်ငံကြီဂတွေလည်းဖြစ်ပါတယ်။
မိုဒီက အိန္ဒိယနဲ့ တရုတ်ကြား နယ်စပ်အငြင်းပွားမှုတွေကြောင့် လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ဆိုင်းငံ့ခဲ့တဲ့ နှစ်နိုင်ငံလေကြောင်းခရီးစဥ် ပြေးဆွဲမှုတွေကို ပြန်စမယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ ဘယ်တော့ စတင်မယ်ဆိုတာတော့ သူ တိတိကျကျ မပြောသေးပါဘူး။
ရှီကတော့ '' နှစ်ဖက်စလုံးဟာ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ကာလရှည်အမြင်နဲ့ ဗျူဟာကျတဲ့အမြင်ကနေ ကိုင်တွယ် ချဥ်းကပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ မိတ်ဆွေရင်းချာ နှစ်နိုင်ငံအတွက် ဒီလိုချဥ်းကပ်မှုဟာ မှန်ကန်တဲ့ရွေးချယ်မှုလည်းဖြစ်ပါတယ်'' လို့ ပြောပါတယ်။
အနာဂတ် မဟာမိတ်ဖြစ်မှုကို ဘယ်လောက်အထိ တာသွားစေမလဲ
အကဲခတ်တွေကတော့ ရုရှား -အိန္ဒိယ- တရုတ် (RIC) သုံးနိုင်ငံ မိတ်ဖက်ဖြစ်မှု ထိထိရောက်ရောက်နဲ့ ပြန်လည် နိုးထလာမယ်ဆိုရင်၊ နောက်ထပ် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံကြီးတွေလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာမယ်ဆိုရင် (၂၀၀၆ ခုနှစ်တုန်းက စတင်ဖွဲ့စည်းတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့) BRICS အဖွဲ့လို စုဖွဲ့မှုနဲ့အတူ ဝါရှင်တန်ရဲ့ လွှမ်းမိုးမှု မြင့်လာတာကို တန်ပြန်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။
ဒါပေမဲ့ အိန္ဒိယဟာ အနည်းဆုံးတော့ ထရမ့်ရဲ့အခွန်တိုးကောက်လို့ လက်ရှိကြုံနေရတဲ့စီးပွားရေး အခြေအနေတွေကြားမှာ အတိမ်းအစောင်းနည်းနည်းနဲ့ ချိန်ဆလုပ်ကိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြီးတော့ တရုတ်နဲ့ရှိတဲ့ယုံကြည်မှုဆိုင်ရာပြဿနာအချို့အတွက်လည်း သဘောတူညီချက် တစ်စုံတရာ ရရှိဖို့ အရင်လုပ်ရမှာဖြစ်ပါတယ်။
အကဲခတ်တွေကတော့ အိန္ဒိယဟာ လွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းလိုတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ နယ်စပ်မှာ လူသေတဲ့အထိဖြစ်တဲ့အတိတ်ရဲ့အရိပ်တွေက မိုး နေတုန်းပါ။ ပြီးတော့ အိန္ဒိယဟာ တရုတ်နဲ့ သူ့ရန်သူဟောင်း ပါကစ္စတန်တို့ နီးစပ်သွားတာကိုလည်း စိုးရိမ်ပါတယ်။
ပြီးတော့ အမေရိကန်နဲ့ နီးကပ်သွားစေတဲ့အိန္ဒိယရဲ့ ဆယ်စုနှစ်ချီကြာ သံခင်းတမန်ခင်းဟာလည်း ဆက်ပြီး ထားရှိမယ့်သွားမယ့် အခြေအနေပါ။ ဒါဟာ အိန္ဒိယအတွက်တော့ ဝါရှင်တန်ကိုဆန့်ကျင်တဲ့မဟာမိတ် တစ်ဖွဲ့ လုံးကြီးကို ပစ်ပေါင်းလိုက်ဖို့ရာမှာ ကြီးမားတဲ့တန်ဖိုးဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အခုသီတင်းပတ်မှာ မြင်လာရနိုင်တဲ့ပကတိ အခြေအနေတွေကိုတော့ လျစ်လျူရှုဖို့ရာ ခက်ပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ ဘေကျင်းမြို့မှာ တခြားနိုင်ငံတွေက ခေါင်းဆောင် ၂၀ ကျော်နဲ့အတူ စစ်ရေးပြပွဲ တက်ရောက်ဖို့ရှိပါတယ်။ အဲဒီမှာ အီရန်သမ္မတ မတ်ဆု ပဇက်ရှီယန် လည်း ပါဝင်ပါတယ်။
ကြိုတင်ဇာတ်တိုက်မှုအကြိမ်ကြိမ်လုပ်ထားတဲ့ ဒီစစ်ရေးပြပွဲမှာ ထောင်နဲ့ချီတဲ့ စစ်သားတွေပါဝင်မှာဖြစ်ပြီး တီရန်နန်မန်ရင်ပြင်မှာ ပြုလုပ်မှာပါ။
''သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ တရုတ်၊ ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေဟာ တစ်နေရာတည်းမှာ တစုတစည်းတည်းတွေ့ဆုံကြမှာဖြစ်ပါတယ်''
''ဒါဟာ အာဏာမှန်သမျှကို တစ်ဦးတည်းကပဲ ယူထားတဲ့ခေါင်းဆောင်တွေ ပထမဆုံး တွေ့ကြတဲ့ ထိပ်သီးတွေ့ဆုံပွဲလို့ ပြောနိုင်မလား'' ဆိုပြီး Asia Society ပေါ်လစီ အင်စတီကျူက တရုတ်ရေးရာ ကျွမ်းကျင်သူ နေးလ်သောမတ်စ်က မေးခွန်းထုတ်ပါတယ်။
ဒီပေါင်းစည်းမှုဟာ ကြာကြာခံနိုင်ခြေမရှိဘူးလို့ သူက သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပါဝင်တဲ့သူတွေဟာ သူ့တို့ရဲ့ရည်မှန်းချက် ကိုယ်စီကိုယ်စီ ရှိကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း မယုံကြည်ကြဘူးလို့ သူက ပြောပါတယ်။
''ဒါပေမဲ့ ပူတင်၊ ပဇက်ရှီယန်နဲ့ ကင် တို့ လူကိုယ်တိုင် တက်ရောက်တာကိုကြည့်ရင်ရုံနဲ့ ကမ္ဘာမှာ အာဏာအရပ်ရပ်ကို ခေါင်းဆောင်တစ်ယောက်တည်းက စုပြီးယူထားတဲ့ရပ်ဝန်းမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို အလေးသာသွားစေပါလိမ့်မယ်'' လို့ သူက ပြောပါတယ်။
ဒါကြောင့် အခုတစ်ပတ် တရုတ်က အခမ်းအနားတွေဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ RIC နဲ့ BRICS တို့လိုမျိုး ဝါရှင်တန်ကို တန်ပြန်ဖို့ အင်အားပြမှုလို့ မမှတ်ယူနိုင်ပေမဲ့ အနာဂတ်မှာ မဟာမိတ်ဖြစ်တည်မှုတွေကြားထဲ တရုတ်ဟာ ဗဟိုအချက်အခြာနေရာမှာရှိနေတယ်ဆိုတာကို သက်သေထူတဲ့ပွဲတွေ ဖြစ်လာမှာဖြစ်ပါတယ်။
BBC Global Journalism နဲ့ BBC News တို့လည်း ပူးပေါင်းရေးသားပါတယ်။











