အိန္ဒိယနဲ့ တရုတ်နယ်စပ် တင်းမာမှု လျှော့ချဖို့ သဘောတူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဗစ်ကပ်စ် ပန်ဒေး
- ရာထူးတာဝန်, ဘီဘီစီသတင်း
ဟိမဝန္တာတောင်တန်းပေါ်က အငြင်းပွားနေတဲ့ နယ်ခြားဒေသမှာ တင်းမာမှုတွေ လျော့ကျစေရေးအတွက် ကင်းလှည့်စောင့်ကြည့်ရေး အစီအစဉ်တွေ လုပ်ဖို့ အိန္ဒိယနဲ့ တရုတ် အစိုးရတွေ သဘောတူညီခဲ့ကြကြောင်း အိန္ဒိယ ထိပ်တန်း သံတမန်က ပြောကြားပါတယ်။
အရင် လေးနှစ်ကျော်ကတည်းက ဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ နှစ်ဘက် သဘောတူခဲ့ကြတယ် ဆိုပြီး အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဗစ်ကရမ် မစ္စရီက ပြောပါတယ်။
၁၉၇၅ နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်ဘက်စစ်တပ်တွေ သေကြေ ဒဏ်ရာရခဲ့ကြတဲ့ ဂါလ်ဝမ် လွင်ပြင်က ပဋိပက္ခကို ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း အိမ်နီးချင်း နှစ်နိုင်ငံကြား ဆက်ဆံရေးက အေးစက်နေခဲ့ပါတယ်။
ဒီ ပြေလည်ရေးဖြစ်စဉ်မှာ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်က ပဋိပက္ခဖြစ်တဲ့ နေရာတိုင်းနဲ့ အကျုံးဝင်မှာလား ဆိုတာကိုတော့ မစ္စတာ မစ္စရီက အသေးစိတ် ပြောမသွားခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ရုရှားကို ဘရစ် ထိပ်သီးဆွေးနွေးပွဲ တက်ဖို့ မသွားခင် တရက်အလိုမှာ ဒီကြေညာချက် ပေါ်ထွက်ခဲ့တာပါ။
ဒီဆွေးနွေးပွဲ တရုတ်သမ္မတ ရှီကျင့်ဖျင်လည်း တက်ရောက်နေပြီး ဘရာဇီး၊ ရုရှား၊ တောင်အာဖရိက ခေါင်းဆောင်တွေလည်း ပါပါတယ်။
မစ္စတာ မိုဒီနဲ့ တရုတ်သမ္မတ ရှီတို့ နှစ်ဘက် တွေ့ဆုံပွဲ လုပ်မလား ဆိုတာကိုလည်း မစ္စတာ မစ္စရီက အတည်မပြုခဲ့ပါဘူး။
ဂါလ်ဝမ် အချင်းများမှုတွေနောက်ပိုင်း အဏုမြူ လက်နက် တပ်ဆင်ထားတဲ့ နှစ်နိုင်ငံကြား ဒီထုတ်ပြန်ချက်က တိုးတက်မှုကြီး ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၀ တုန်းက ဂါလ်ဝမ် လွင်ပြင်မှာ စစ်သားတွေ တင်းပုတ်တွေ၊ တုတ်တွေနဲ့ တိုက်ခိုက်ကြပြီး အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား လေးယောက် သေဆုံးခဲ့ကြပါတယ်။ ၁၉၉၆ သဘောတူညီမှုအရ နယ်စပ်နားမှာ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ မသုံးဖို့ တားမြစ်ထားလို့ပါ။
ပြီးခဲ့တဲ့ လေးနှစ်အတွင်း နှစ်ဖက်သံတမန်တွေနဲ့ စစ်ခေါင်းဆောင်တွေကြား တွေ့ဆုံပွဲတွေ အကြိမ်များစွာ လုပ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။
ဆစ်ကင်မြောက်ပိုင်းမှာ ၂၀၂၁ က နှစ်ဘက်စစ်သားတွေ အချင်းများခဲ့ကြပြီး ၂၀၂၂ မှာတော့ ထာဝမ်နယ်စပ်အပိုင်းမှာ ထပ်ဖြစ်ပါတယ်။
၂၀၂၀ က စဖြစ်နေတဲ့ ဒီရန်စောင်မှု အေးငြိမ်းရေးနဲ့ ပတ်သက်ပြီး တရုတ်ဘက်က ဘာမှတ်ချက်မှ မပေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ-တရုတ် ဆက်ဆံရေးမှာ နယ်စပ် တင်းမာမှုတွေက ဆယ်စုနှစ်တွေနဲ့ချီပြီး အရိပ်ထိုးနေခဲ့ပါတယ်။ ၁၉၆၂ က ဖြစ်တဲ့စစ်ကြောင့် အိန္ဒိယဘက်မှာ အကြီးအကျယ် အထိနာခဲ့ပါတယ်။
အာရှ အင်အားကြီး နှစ်နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှုမှာလည်း ဒီတင်းမာမှုတွေကြောင့် ထိခိုက်ခဲ့ပါတယ်။
မိုင် ၂၁၀၀ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်မျဉ်းကို သေချာ မရေးဆွဲထားလို့ ဒီလို ပဋိပက္ခ ဖြစ်ခဲ့ကြတာပါ။
နယ်ခြားတလျှောက်မှာ ရှိတဲ့ မြစ်ချောင်း ရေကန်တွေနဲ့ နှင်းဖုံးတောင်တွေကြောင့်လည်း နယ်စပ်မျဉ်းက ရွေ့လျား ပြောင်းလဲတတ်သလို နှစ်ဖက် စစ်သားတွေကြား ရင်ဆိုင်မှုတွေ ဖြစ်ပွားစေခဲ့ပါတယ်။
ဒီနယ်စပ်မှာ နှစ်နိုင်ငံလုံးက အခြေခံလမ်းတံတား အဆောက်အအုံတွေ တည်ဆောက်ဖို့ ပြိုင်ဆိုင်နေကြပြီး ဒီကနေ နောက်ထပ် တင်းမာမှုတွေ ရှိခဲ့ပါတယ်။








