နယ်စပ်ကျော်လာတဲ့ တရုတ်စစ်သားကို အိန္ဒိယ ပြန်ပို့ပေး

နယ်စပ်က အိန္ဒိယစစ်သား တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်စပ်က အိန္ဒိယစစ်သား တစ်ဦး

ဟိမ၀န္ကာဒေသက အိန္ဒိယ နဲ့ တရုတ်နယ်စပ်မှာ အိန္ဒိယဘက်ကို လမ်းမှားရောက်လာတဲ့ တရုတ်စစ်သားကို ပြန်လွှဲပေးခဲ့တယ်လို့ အိန္ဒိယ စစ်အာဏာပိုင်တွေက ပြောပါတယ်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် PLAက စစ်သားတဦးကို လာဒါ့ခ် ဒေသက ဒမ်ချောက်မှာ ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယက တနင်္လာနေ့မှာ ပြောပါတယ်။

ဒီစစ်သားကို ကြည့်ရတာလည်း မျက်စိလည် လမ်းမှားတဲ့ အသွင်ပေါက်နေလို့ ဆေးဘက်ဆိုင်ရာ အကူအညီ နဲ့ အောက်စီဂျင်ပေးခဲ့ရတယ်လို့ စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီ နှစ်နိုင်ငံဟာ အငြင်းပွားနေတဲ့ နယ်စပ်မှာ ပြီးခဲ့တဲ့ ဇွန်လက လူသေတဲ့အထိ တိုက်ပွဲ ဖြစ်ခဲ့တဲ့အရှိန် နဲ့ အခြေအနေ တင်းမာနေကြတာပါ။

ဒီ အခြေအနေကို ဖြေလျှော့တဲ့အနေနဲ့ နှစ်ဖက်စလုံးဟာ စစ်ဘက်ဆိုင်ရာ အဆင့် မှာ မကြာခဏ တွေ့ဆုံ ဆွေးနွေးကြ အပြီးမှာ တရုတ်စစ်သား နယ်ကျွံမှု ဖြစ်တာပါ။ ဒါကြောင့်မို့ အိန္ဒိယဘက်က သဘောတူထားပြီးတဲ့ အချက်တွေအရ တရုတ်စစ်သားကို ပြန်အပ်တဲ့ အကြောင်း ပြောပါတယ်။

နှစ်ဖက် နိုင်ငံက စစ်သားတွေဟာ မကြာခဏ ဆိုသလို နယ်စပ်မျဉ်းကြောင်း မပီပြင်တဲ့ နေရာမှာ တပ်ဖွဲ့ အချင်းချင်း ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

တဖက် နဲ့ တဖက် လည်း သူနယ်ကျွံတာ၊ ကိုယ်နယ်ကျွံတာလို့ အငြင်းပွားရာက တခါတလေကျရင် ထိပ်တိုက်တွေ့ဆုံတဲ့ အဆင့် ရောက်သွားကြပါတယ်။

ဒါ့အပြင် နယ်ကျွံလာတဲ့ သူတွေ ကို ပြန်အပ်ကြတာလည်း ဒါဟာ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလကပဲ တရုတ် က သူတို့နယ်ထဲ ရောက်လာတဲ့ အိန္ဒိယ လူမျိုး ငါးဦး ကို လွှတ်ပေးခဲ့ပါတယ်။ ဒီလူငယ်တွေဟာလည်း တရုတ်နယ်စပ် နဲ့ ကပ်နေတဲ့ ပြည်နယ်က တောပစ်မုဆိုး တွေ ဖြစ်ပြီး တရုတ်ပိုင်နက် ထဲ နယ်ကျွံမှန်း မသိ ကျွံသွားကြတာပါ။

နောက်ကြောင်းသမိုင်း

ဇွန်လ ၁၆ ရက်က လာဒါ့ခ်ကို သွားမယ့် အိန္ဒိယ စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဇွန်လ ၁၆ ရက်က လာဒါ့ခ်ကို သွားမယ့် အိန္ဒိယ စစ်သားတွေ

နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်း ခဲ့တာ ပြီးခဲ့တဲ့ ဇွန်လ ကတည်းကပါ။ အငြင်းပွားနေတဲ့ လာဒါ့ခ် နယ်စပ်မှာ ထိပ်တိုက်တွေ့ တိုက်ခိုက်ရိုက်နှက်ရာက အနည်းဆုံး အိန္ဒိယ စစ်သား ၂၀ သေဆုံးခဲ့ပါတယ်။ တရုတ်ဘက်မှာလည်း ထိခိုက်မှုတွေရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ တရုတ်ဘက်တော့ ထုတ်မပြောပါဘူး။

သြဂုတ်လကလည်း သီတင်းတပတ် အတွင်းမှာ နယ်စပ်မှာ စစ်ရေး တင်းမာမှု ဖြစ်အောင် တရုတ်က နှစ်ကြိမ် ရန်စ တယ်လို့ အိန္ဒိယက စွပ်စွဲတာကို တရုတ်က ငြင်းတဲ့အပြင် အခြေအနေတွေ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေရတာလည်း အိန္ဒိယကြောင့်လို့ တုံ့ပြန် လိုက်ပါတယ်။

စက်တင်ဘာ လဆန်းပိုင်းကလည်း အိန္ဒိယဘက်က တရုတ်တပ်ဖွဲ့တွေကို သတိပေး ပစ်ခတ်မှုတွေလုပ်တယ်လို့ တရုတ်ဘက်က စွပ်စွဲပါတယ်။ ဒါပေမဲ့ တရုတ်ဘက်က လေထဲကို သေနတ်နဲ့ ပစ်ဖေါက်တဲ့ အကြောင်း အိန္ဒိယဘက်က ပြန်စွပ်စွဲ ပြန်ပါတယ်။

ဒီစွပ်စွဲချက်တွေသာ မှန်ကန်ခဲ့ရင် ၄၅ နှစ် အတွင်း ပထမဆုံး အကြိမ် နယ်စပ် မှာ အပြန်အလှန် ပစ်ခတ်သံ တွေ ညံခဲ့တာပါ။

၁၉၉၆ ခုနှစ်က သဘောတူညီချက်အရ နှစ်နိုင်ငံ နယ်စပ်မှာ သေနတ်နဲ့ ပစ်ခတ်တာတွေ၊ ဖောက်ခွဲမှု ပြုတာတွေ တားမြစ် ပိတ်ပင်ထားပါတယ်။

နောက်ရက်ပိုင်း မကြာမြင့်ချိန်မှာတော့ အိန္ဒိယနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးတွေ ရုရှားမှာ တွေ့ဆုံကြခဲ့ပြီး နှစ်နိုင်ငံ ထိစပ်နေတဲ့ နေရာတွေမှာ စစ်ရေး တင်းမာမှုတွေ လျှော့ချဖို့ သဘောတူညီချက် ရခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ စစ်ဘက် အဆင့် ဆွေးနွေးပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ အတော်အသင့် လုပ်အပြီးမှာ နျူလက်နက်ပိုင်ရှင် နှစ်နိုင်ငံဟာ စစ်ရှိန် လျှော့ချရေး မအောင်မြင်တာ တွေ့ရပြန်ပါတယ်။

အခုတကျော့ စစ်ရှိန် မြင့်တက်လာရတဲ့အကြောင်းတွေထဲမှာ စစ်ဗျူဟာ မျှော်မှန်းချက် ပြိုင်ဆိုင်ကြခြင်းက အဓိကအကြောင်းအရင်း ဖြစ်ပြီး တင်းမာတွေအတွက် တဖက်နဲ့ တဖက် အပြစ်တင်နေကြပါတယ်။

တင်းမာတွေရှိနေပေမဲ့ နှစ်နိုင်ငံက ၁၉၆၂ ခု နှစ် မှာ တစ်ကြိမ်ပဲ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီအခါမှာ အိန္ဒိယဟာ မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။