Brics ဆိုတာ ဘယ်လို အဖွဲ့လဲ၊ သူတို့ ရည်ရွယ်ချက်က ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
Brics လို့ခေါ်ကြတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ ပါဝင်တဲ့ အဖွဲ့က ခေါင်းဆောင်တွေဟာ သြဂုတ်လ ၂၂ ရက်နေ့မှာ ဂျိုဟန်းနက်စ်ဘတ်ဂ်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။ သူတို့ အဓိက ဆွေးနွေးကြမယ့် အထဲမှာ အဖွဲ့ဝင်သစ် လက်ခံရေး ကိစ္စ ပါဝင်ပါတယ်။
နိုင်ငံပေါင်း ၄၀ နဲ့ အထက်လောက်က အဖွဲ့ဝင် ဖြစ်လိုကြတယ်လို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် တောင်အာဖရိကကပြောပါတယ်။
Brics အဖွဲ့ကို ဘယ်လို တည်ထောင်ခဲ့ကြသလဲ
၂၀၀၁ ခုနှစ်က ရင်းနှီးမြှုပ်နှံမှုဘဏ် Goldman Sachs က စီးပွားရေး ပညာရှင် ဂျင်မ် အိုနီးလ်က ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ တရုတ်တို့ကို Bric ဆိုပြီး အတိုကောက် နာမည်ပေးခဲ့ပါတယ်။
ဒီနိုင်ငံတွေဟာ အလယ်အလတ် ဝင်ငွေရှိကြတဲ့ နိုင်ငံကြီးတွေ ဖြစ်သလို သူတို့ ရဲ့ စီးပွားရေးတွေဟာလည်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတိုးတက်နေကြတာ ဖြစ်ပါတယ်။ ဂျင်မ် အိုနီးလ်က ဒီနိုင်ငံတွေဟာ လာမယ့် ၂၀၅၀ ရောက်ရင် ကမ္ဘာ့ ထိပ်တန်းစီးပွားရေးတွေ ဖြစ်လာကြနိုင်တယ်လို့ ဟောကိန်း ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က အဲဒီ ၄ နိုင်ငံ ပူးပေါင်းပြီး Bric အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၀ မှာ တောင်အာဖရိကနိုင်ငံပါ ပါဝင်လာခဲ့တာကြောင့် Brics ဆိုပြီး ဖြစ်လာပါတယ်။
Brics အဖွဲ့ ဘယ်လောက် အရေးပါသလဲ
Brics အဖွဲ့ဝင် နိုင်ငံတွေမှာ လူဦးရေ သန်းပေါင်း ၃ .၂၄ ဘီလျံ နေထိုင်ကြပြီး သူတို့ နိုင်ငံအလိုက် ဝင်ငွေအားလုံးပေါင်းရင် ဒေါ်လာ ၂၆ ထရီလျံ ရှိပါတယ်။ ဒါဟာ ကမ္ဘာ့စီးပွားရေးရဲ့ ၂၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်က အကြံပေး အဖွဲ့ Atlantic Council ရဲ့ အဆိုအရ Brics နိုင်ငံတွေဟာ ကုလသမဂ္ဂရဲ့ အဓိက ဘဏ္ဍာရေး အဖွဲ့၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)မှာ မဲပေးပိုင်ခွင့် ၁၅ ရာခိုင်နှုန်းသာ ရှိပါတယ်။
Brics အဖွဲ့ ဘာတွေ ရည်ရွယ်ထားသလဲ
Brics ကို (IMF) နဲ့ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံစုံ ပါဝင်တဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေမှာ ဖွံ့ဖြိုးဆဲ စီးပွားရေး နိုင်ငံတွေ ပိုမို ပြောဆိုပိုင်ခွင့်နဲ့ ကိုယ်စားပြုနိုင်ခွင့်တွေ ရလာစေအောင် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး အတွက် ရည်ရွယ်တည်ထောင် ခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ အတွင်းမှာ Brics နိုင်ငံတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ပိုမို ခေတ်မီ တိုးတက်ရေးတွေ အတွက် လိုအပ်ရင် ချေးငွေ ပေးနိုင်ဖို့ ဒေါ်လာ ၂၅၀ ဘီလျံ မတည်ပြီး New Development Bank (NBD) ကို တည်ထောင် ခဲ့ကြပါတယ်။
Brics အဖွဲ့ထဲ မပါဝင်တဲ့ အီဂျစ် နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့လို နိုင်ငံတွေကလည်း New Development Bank (NBD) ထဲ ၀င်ခဲ့ကြပါတယ်။
Brics နိုင်ငံတွေမှာ ဘုံသုံး ငွေကြေးစနစ် ဖြစ်လာမလား
မကြာသေးခင်က စပြီး ဘရာဇီးနဲ့ ရုရှားက နိုင်ငံရေး ခေါင်းဆောင်တချို့က သူတို့ Brics အဖွဲ့ထဲမှာ သုံးစွဲဖို့ နဲ့ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍတွေမှာ အမေရိကန် ဒေါ်လာရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်နိုင်ဖို့ ငွေကြေးစနစ်တခု တည်ထောင်ဖို့ အတွက် အကြံပြုနေကြပါတယ်။
ဒါပေမယ့် Brics နဲ့ အာရှအတွက် တောင်အာဖရိက သံတမန် အနီးလ် ဆုခ်လာလ်ကတော့ အခု ဂျိုဟန်းနက်စ်ဘတ်ဂ် အစည်းအဝေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ အဲဒီ ကိစ္စတွေ မပါဝင်ကြောင်း ပြောပါတယ်။
Bric နိုင်ငံတွေ ဆိုပြီး စတင် အကြံရခဲ့သူ Goldman Sachs က ဂျင်မ် အိုနီးလ်ကလည်း ဒီလို အဖွဲ့သုံး ဘုံငွေကြေး ထူထောင်ရေး ကိစ္စက အဓိပ္ပါယ် မရှိဘူးလို့ ယူကေက Financial Times သတင်းစာကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
Brics နိုင်ငံတွေကြားက တူညီမှုနဲ့ ကွာခြားမှု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
Brics နိုင်ငံတိုင်းဟာ သူတို့ ဒေသတွင်းမှာတော့ အဓိက နိုင်ငံကြီးတွေ ဖြစ်ကြတယ်လို့ ဒပ်ဘလင်မြို့က Trinity College ရဲ့ development geographer ဖြစ်သူ ပါမောက္ခ Padraig Carmody က ပြောပါတယ်။
Brics အဖွဲ့ဝင်တွေက ကမ္ဘာ့တောင်ပိုင်းရဲ့ ဦးဆောင် နိုင်ငံတွေအဖြစ် ကမ္ဘာ့ အနေအထားတွေမှာ အပြောင်းအလဲတွေလုပ်ဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ ကြားမှာပဲ တရုတ်ကတော့ တော်တော်ကို အင်အားကြီးသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း အိန္ဒိယက တရုတ်နဲ့ အာရှ ပစိဖိတ် ဒေသထဲမှာ အားပြိုင်နေသလို ကာလရှည် နယ်စပ်ပြဿနာလည်း ရှိနေပါတယ်။ နောက်ပြီး ဒေသတွင်း တရုတ်ရဲ့ ချဲ့ထွင်မှုတွေနဲ့ ပတ်သက်လို့လည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ အတူပူးပေါင်း တုံ့ပြန်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Brics နိုင်ငံတွေအကြားမှာ အနောက်နိုင်ငံတွေနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြမလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း အမြင်မတူကြပါဘူး။
ရုရှားက Brics ဟာ သူတို့ရဲ့ အနောက်တိုင်း ဆန့်ကျင်ရေးရဲ့ တစိတ်တပိုင်းအဖြစ်ရော သူတို့ ယူကရိန်းကို ကျူးကျော်လို့ ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ကျော်လွှားနိုင်ရေးမှာ အထောက်အကူ အဖြစ် ရှုမြင်ထားတာ ဖြစ်တယ်လို့ လန်ဒန် အခြေစိုက် Chatham House အကြံပေး အဖွဲ့ရဲ့ ကမ္ဘာ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး Creon Butler က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အနောက်နိုင်ငံတွေက ရုရှားက ရေနံတင်ပို့မှုတွေကို ပိတ်လိုက်တဲ့ နောက်မှာ အိန္ဒိယနဲ့ တရုတ်တို့ဟာ အကြီးဆုံး ဝယ်လက်တွေ ဖြစ်လာပါတယ်။
၂၀၂၃ ဖေဖော်ဝါရီလအတွင်းကလည်း ရုရှားဟာ တရုတ်၊ တောင်အာဖရိကတို့နဲ့ အတူ ရေတပ် စစ်ရေးလေ့ကျင့်မှုကြီး တခုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် တခြား Brics အဖွဲ့ဝင်တွေက သူတို့ဟာ အနောက်အုပ်စု ဆန့်ကျင်တဲ့ အဖွဲ့ကြီး ဖြစ်လာမှာကိုတော့ မလိုလားကြပါဘူး။
တောင်အာဖရိက၊ ဘရာဇီးနဲ့ အိန္ဒိယတို့က ကွဲပြားနေတဲ့ ကမ္ဘာကြီးကို မမြင်ချင်ကြဘူးလို့ Mr Butler က ပြောပါတယ်။ အနောက်တိုင်းကို ဆန့်ကျင်ရင် သူတို့ရဲ့ လုံခြုံရေးနဲ့ ကြီးပွားကိုပါ ထိခိုက်သွားနိုင်တယ်လို့ ဆိုပါတယ်။
Brics ထဲကို ဘယ်နိုင်ငံတွေ ဝင်ချင်နေကြသလဲ
Brics နဲ့ အာရှ ဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီး အနီးလ် ဆုခဲလ်ကတော့ မကြာသေးခင်ကပဲ အဖွဲ့ဝင် ဖြစ်လိုကြောင်း တရားဝင် ပြောကြားလာတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံ ရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ် ၂၂ နိုင်ငံလောက်ကလည်း အဖွဲ့ထဲ ဝင်ရောက်ဖို့ စိတ်ဝင်စားနေကြတဲ့ အကြောင်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီနိုင်ငံတွေထဲမှာ အီရန်၊ အာဂျင်တီးနား၊ ကျူးဘား၊ ကာဇက်စတန်၊ အီသီယိုးပီးယား၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ ဗင်နီဇွဲလားတို့လည်း ပါဝင်ပါတယ်။
ကမ္ဘာ့ချိန်ခွင်လျှာဟာ အနောက်အုပ်စုကနေ စပြီး ရွေ့လာနေပြီ၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက သြဇာကြီးလာတဲ့ Brics အဖွဲ့က နိုင်ငံတွေကို အားကိုးချင်လာကြတယ်လို့ ပါမောက္ခ Padraig Carmody က ပြောပါတယ်။
ဒါပေမယ့် Brics က သီးသန့် ဆန်တယ်၊ အဖွဲ့ဝင်သစ်တွေကို လက်ခံခြင်းအားဖြင့် သူတို့ရဲ့ လွှမ်းမိုးမှုတွေ လျော့ကျသွားနိုင်မလားလို့ သူက ဆိုပါတယ်။
Mr Butler ကတော့ သူ့အထင်အရဆို နိုင်ငံအနည်းငယ်လောက်တော့ ပေးဝင်လိမ့်မယ်၊ အီရန်လို ရှုတ်ထွေးမှုတွေ ရှိတဲ့ နိုင်ငံထက် စာရင် အာဂျင်တီးနားလို နိုင်ငံမျိုး ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Brics ထိပ်သီး ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးကြမလဲ
၂၀၂၃ Brics ထိပ်သီး ဆွေးနွေးပွဲကို ဂျိုဟန်းနက်စ်ဘတ်ဂ်မှာ သြဂုတ် ၂၂ ကနေ ၂၄ အတွင်း ကျင်းပမှာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံတွေကို အဖွဲ့ထဲဝင်ခွင့်ပြုကြမလဲ ဆိုတာက အဓိက ဆွေးနွေးကြမယ့် အကြောင်းအရာ ဖြစ်ပါတယ်။
တခြားဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာတော့ ရာသီဥတု ပြောင်းလဲမှု၊ ကုန်သွယ်မှု တိုးချဲ့ရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဆန်းသစ်ပြောင်းလဲမှုတွေ လုပ်ဖို့တွေလည်း ပါဝင်သလို ကမ္ဘာ့စင်မြင့်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေပိုပြီး နေရာရလာစေရေး အတွက် အပြောင်းအလဲတွေ ဖော်ဆောင်ဖို့လည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အစည်းအဝေးကို လက်ခံကျင်းပတဲ့ အိမ်ရှင် တောင်အာဖရိကကလည်း အာဖရိက၊ လက်တင်အမေရိက၊ အာရှနဲ့ ကာရစ်ဘီယန် ဒေသတွေက နိုင်ငံပေါင်း ၆၀ ကျော်က ခေါင်းဆောင်တွေကိုပါ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။
ဒါပေမယ့် ရုရှား သမ္မတ ပူတင်ကတော့ လာရောက်မှာ မဟုတ်ပါဘူး။ သူ့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက စစ်ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သူကတော့ ဒါတွေကို ငြင်းဆိုထားပါတယ်။
အိမ်ရှင် တောင်အာဖရိကဟာ အဲဒီရာဇဝတ် ခုံရုံးမှာ သဘောတူ လက်မှတ် ရေးထိုးထားတဲ့ အတွက် တကယ်လို့ သူတို့ နယ်နိမိတ်ထဲကို ရောက်လာပြီ ဆိုတာနဲ့ ဖမ်းဆီးပေးရမှာ ဖြစ်ပါတယ်။
သမ္မတ ပူတင်ကတော့ ဒီအစည်းအဝေးကို သူက အွန်လိုင်းက တက်မယ်လို့ ပြောထားပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်ကတော့ လူကိုယ်တိုင် တက်ရောက်မယ်လို့ သိရပါတယ်။








