ပေါ့ပါးစျေးချိုတဲ့ တရုတ် လျှပ်စစ်ကားတွေအတွက် ကိုယ်ပေးရတဲ့တန်ကြေးတွေက ဘာတွေ ဖြစ်မလဲ

 ထုတ် U9 ကားကို သရုပ်ဖော်ထားတဲ့ ဓာတ်ပုံ
    • ရေးသားသူ, သီယို လက်ဂတ်
    • ရာထူးတာဝန်, နိုင်ငံတကာစီးပွားရေးသတင်းထောက်

တရုတ်မှာတော့ ဒီကားကို စင်ရော်( Seagull) လို့ ခေါ်ကြပါတယ်။ ပုံစံက နာမည်နဲ့လည်း ကိုက်ပါတယ်််။ ချွန်းချွန်းနဲ့ ပြောင်ပြောင်လက်လက်သွင်ပြင်ရယ်၊ အောက်စိုက်နေတဲ့ပုံစံနဲ့ ခပ်စောင်းစောင်းရှေ့ မီးတွေရယ်ကြောင့်လည်း မြင်ရသူကို လိုချင်အောင် ဆွယ်သယောင်ပေါ်နေပါတယ်။

စျေးချိုပြီး မြို့တွင်း သွားသွားလာလာအတွက် ထုတ်ထားတဲ့ ကားသေးလေး တစ်စီး ဖြစ်ပါတယ်််။ ဒါပေမဲ့ ထူးခြားချက်ကတော့ ကြီးပါတယ်။ ဒီကားတွေကို တရုတ်မှာ ၂၀၂၃ ခုနှစ်ကတည်းက ဝယ်လို့ ရနေပြီဖြစ်ပြီး အတော်လေးကို နာမည်ကျော် လူကြိုက်များပါတယ်။ ဥရောပမှာတော့ လင်းပိုင် (Dolphin) လို့ နာမည်ရတဲ့ ဆာ့ဖ် Surf ကား ထုတ်ပါတယ်။ (ကြည့်ရတာ ဥရောပသားတွေဟာ တရုတ်တွေလို စင်ရော်ကို အာရုံမရကြဘူးထင်ပါတယ်)

ဗြိတိန်မှာ အဲဒီကားကို ဇွန်လဆန်းပိုင်းမှာ စတင်ရောင်းချမယ်လို့ ဆိုတုန်းကတော့ စျေးနှုန်းက ပေါင် ၁၈,၀၀၀ ပတ်ချာလည်သာရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ တကယ်တော့ ဒီပမာဏဟာ အနောက်နိုင်ငံတွေရဲ့ လျှပ်စစ်ကားစျေးကွက်တွေထဲမှာ အရမ်းစျေးချိုတာကတော့ အမှန်ပါ။

ဒါပေမဲ့ ဒီကားဟာ စျေးကွက်ထဲမှာ သူသာလျင် စျေးအနည်းဆုံးဆိုတာမျိုးတော့ မဟုတ်ပါဘူး။ ရီနော့ နဲ့ ဒွန်ဖန်တို့ ဝူဟန်မြို့မှာ ပေါင်းထုတ်တဲ့ Dacia Spring၊ တရုတ်တက်သစ်က ကားထုတ်လုပ်ငန်း လိ(ပ်)မော်တာနဲ့ စတယ်လန်းတစ်တို့ အကျိုးတူပူးပေါင်းထုတ်တဲ့ Leapmotor T03 တို့ ဆိုရင်လည်း နှစ်မျိုးစလုံးက စျေးပိုနည်းပါတယ်။

ဒါပေမဲ့ Dolphin Surf ကားဟာ နယ်ကျော်ပယ်ကျော် ကျက်စားလာမယ့် သတ္တဝါ မျိုးစိတ်သစ်လို ကားစျေးကွက်ကို ဝါးမြိုသွားမှာ နာမည်ကြီး ကာလကြာ ကားတံဆိပ်တွေ စိုးရိမ်ကြပါတယ်။ စိုးရိမ်ဖို့လည်း ကောင်းစရာပါ။ ဘာကြောင့်လဲဆိုရင် ဒီကားထုတ် လုပ်ငန်းဟာ နိုင်ငံတကာ စျေးကွက်ထဲကို တစ်လှိုင်းပြီး တစ်လှိုင်း ထိုးဖောက်ဖို့ လုပ်နေတာကြောင့်ပါ။

 BYD ထုတ် လင်းပိုင် ဆာ့ဖ်

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty

ဓာတ်ပုံ ပုံစာ, BYD ထုတ် လင်းပိုင် ဆာ့ဖ်ကားဟာ ဗြိတိန်မှာ ပေါင်ငွေတစ်သောင်းရှစ်ထောင်နီးပါးပဲ ရှိတာကြောင့် အင်မတန်မှ စျေးချိုတဲ့ လျှပ်စစ်ကားတစ်စီးဖြစ်နေပါတယ်

BYD ဟာ တရုတ် လျှပ်စစ်ကား (EV) ထုတ်လုပ်ငန်းမှာတော့ အကြီးမားဆုံးဖြစ်နေပြီးသားပါ။ ၂၀၂၄ ခုနှစ်မှာတော့ Tesla ကိုကျော် တက်ပြီးတော့ လျှပ်စစ်ကားလောကထဲ ကမ္ဘာ့ရောင်းအားအကောင်းဆုံးကုမ္ပဏီဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းကစလို့ ဥရောပစျေးကွက်တွေထဲ ဝင်ရောက်လာကာ အားနဲ့မာန်နဲ့ ချဲ့ထွင် လာခဲ့တာပါ။

"၁၀ နှစ်အတွင်းမှာ ဗြိတိန်စျေးကွက်မှာ နံပတ် ၁ ဖြစ်ချင်ပါတယ်" လို့ BYD UK ရဲ့ အရောင်းနဲ့ အရောင်းမြှင့်တင်ရေးဒါရိုက်တာ စတိဗ် ဘိဒ်တီကပြောပါတယ်။

BYD ဟာ တရုတ်ကုမ္ပဏီတွေနဲ့ အမှတ်တံဆိပ်တွေထဲ ကမ္ဘာ့ ကားလောကကို ပြောင်းလဲဖြစ်နိုင်မယ်လို့ အများက ယူဆနေကြသလိုပဲ စျေးကွက်ကို ချဲ့ထွင်နေတဲ့ ကားတံဆိပ်တစ်ခုဖြစ်ပါတယ်။ တဖက်မှာလည်း ဒါနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ခပ်မြန်မြန် တုံ့ပြန်တာတွေ ထွက်ပေါ်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အကြောင်းရင်းကတော့ တစ်ချိန်တုန်းက လူသိနည်းခဲ့တဲ့ Nio၊ Xpeng ၊ Zeekr နဲ့ Omoda ကားတံဆိပ်တွေဟာ အိမ်စီးကားဆိုရင် ဖော့ဒ်(Ford) နဲ့ ဗောက်စ်ဝက်ဂွန် (Volkswagen) တို့ကိုတန်းမြင်ကြတတ်ကြတာမျိုးလို အခြေအနေကို ရောက်လာတာကြောင့်ပါ။ ဒီတံဆိပ်တွေဟာ အခုတော့ တရုတ် ပိုင်လုပ်ငန်းဖြစ်တာ နှစ်ချို့နေပြီဖြစ်တဲ့ MG၊ Volvo နဲ့ Lotus တံဆိပ်တို့နဲ့ တစ်တန်းထဲ ရောက်လာပြီဖြစ်ပါတယ်။

ဒီ ကားကုမ္ပဏီတွေဟာ စျေးကွက်မှာ သုံးစွဲသူအကြိုက် လိုချင်တာရအောင် ထုတ်ထားတာကလည်း များလှပါတယ်။ Dolphin ဆာ့ဖ် ကားလို မြို့တွင်းသုံး ကြွကြွရွရွကားအစ ကျင်းတွေ ချိုင့်တွေကို ကျော်မောင်းနိုင်တဲဲ့ U9 လို ကားအဆုံး အမျိုးအစားစုံပါတယ်။ U9 ဟာ BYD ပိုင်တဲ့ စျေးကောင်း ကားထုတ်တဲ့တံဆိပ် Yangwang စက်ရုံထုတ်ဖြစ်ပါတယ်။

"တရုတ်အမှတ်တံဆိပ်တွေဟာ ရောပစျေးကွက်ကို အကြီးအကျယ် ထိုးဖောက်နေပါတယ်" လို့ ဘာမင်ဂမ် စီးပွားရေးကျောင်း၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးပါမောက္ခ ဒေးဗစ် ဘေလီက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ဘတ္ထရီရော ဆီနဲ့ပါမောင်းလို့ရတဲ့ကားပေါင်း ၁၇ သန်းအထိကို ရောင်းထွက်ခဲ့ပါတယ်။ အဲဒီထဲက ၁၁ သန်းဟာ တရုတ်မှာတင်ရောင်းချရတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ကားတံဆိပ်တွေဟာ သူတို့ ထုတ်လုပ်တဲ့ လျှပ်စစ်ကားနဲ့ ဆီရော ဘတ္ထရီနဲ့ပါ မောင်းလို့ရတဲ့ကား ၁၀ ရာခိုင်နှုန်းကို ပြည်ပမှာ ရောင်းနိုင်ခဲ့တယ်လို့ အတိုင်ပင်ခံကုမ္ပဏီ ရို မိုးရှင်းရဲ့ အချက်အလက်အရ သိရပါတယ်။ ဒီကိန်းဂဏန်းဟာ ထပ်တိုးလာမယ်လို့ ခန့်မှန်းကြပါတယ်။

သုံးစွဲသူတွေအတွက်တော့ သတင်းကောင်းပါ။ ပိုပြီးအရည်အသွေးမြင့် လက်လှမ်းမီတဲ့ လျှပ်စစ် ကားတွေကို ရရှိလာနိုင်စေတာမျိုးပါ။ ဒါပေမယ့်လည်း ဘေဂျင်းနဲ့ အနောက်နိုင်ငံတွေရဲ့အကြား အပြိုင်အဆိုင် ဖြစ်မှုက လျော့မသွားသလို တရုတ်ကားတွေဟာ ဟတ်ကာတွေနဲ့ တတိယအဖွဲ့အစည်းတွေကြောင့် ဖြစ်တဲ့ လုံခြုံရေး စိုးရိမ်စရာရှိတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။

ဥရောပမှာရှိနှင့်ပြီးသား အမှတ်တံဆိပ်တွေအတွက်တော့ အခုလို အခြေအနေဟာ သမိုင်းအစဥ်အလာရ ကြီးစိုးမှုရှိခဲ့တဲ့သူတွေအတွက် ရှိန်လောက်စေတဲ့ စိန်ခေါ်မှုလည်းဖြစ်ပါတယ်။

"စီးပွားရေးအတိုင်းအတာနဲ့ ဘတ္ထရီနည်းပညာပိုင်းမှာ တရုတ်ကုမ္ပဏီတွေက အတော်လေး သာသွားပြီ။ ဥရောပ ကားထုတ်လုပ်ငန်းတွေ အတော်လေး ပြတ်ကျန်ခဲ့ပြီ'' လို့ မစ္စတာဘေလီက ပြောပါတယ်။

'ဒါကို စောစောအမြင်ရပြီး အမီမလိုက်ဘူးဆိုရင်တော့ သူတို့ စျေးကွက်ကနေ ပထုတ်ခံရမှာပဲ''

တရုတ်နိုင်ငံအတွင်း အဆုံးအစွန်အထိ ပြိုင်ဆိုင်ခြင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)ကို စတင်ဝင်ရောက်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းကစလို့ တရုတ်ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ကို တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီလုပ်ငန်းတွေကို ကွန်မြူနစ်ပါတီက သူရဲ့ "Made in China 2025" အစပျိုးမှုနဲ့ စတင်မိတ်ဆက်ပြီး ၂၀၁၅ ခုနှစ်မှာ အလျင်အမြန် အရှိန်မြှင့်တင်ပေးခဲ့ပါတယ်။ လျှပ်စစ်ကားအပါအဝင်များပြားလှတဲ့ အဆင့်မြင့်နည်းပညာ ဦးဆောင်နိုင်ငံအဖြစ် ၁၀ နှစ်စီမံကိန်းကို ချမှတ်လုပ်ဆောင်ခဲ့တာပါ။

ဒီရည်မှန်းချက်က ပြည်ပမှာတော့ အတော်လေး ဝေဖန်သံ ညံခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာဖြစ်ပါတယ်။ စိုးရိမ်ကြတဲ့အချက်က နည်းပညာ အတင်းအကျပ် လွှဲပြောင်းခိုင်းတာလို၊ ဉာဏပစ္စည်းဆိုင်ရာပိုင်ဆိုင်မှု ခိုးယူတာခံရတာလို အခြေအနေကို ထောက်ပြကြတာပါ။ အဲဒီလို စွပ်စွဲမှုတွေကိုတော့ တရုတ်အစိုးရဘက်က ငြင်းပါတယ်။

ဒီစီမံကိန်းကို နိုင်ငံတော်က ရက်ရက်ရောရောထောက်ပံ့ အားပေးမှုလည်း ရှိတာကြောင့် BYD လို ကုမ္ပဏီတွေအတွက် အခြေခိုင်ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ တကယ်တော့ BYD က အစောပိုင်းတုန်းက ဖုန်း ဘတ္ထရီထုတ်တဲ့ကုမ္ပဏီပါ။ နောက်ပြီး ဒီစီမံကိန်းကြောင့်ပဲ MG Volvo SAIC နဲ့ Geely တွေရဲ့ တရုတ်ပိုင်လုပ်ငန်းတွေဟာလည်း လျှပ်စစ်ကားစျေးကွက်မှာ နေရာရဖို့ ဖြစ်စေခဲ့ပါတယ်။

"တရုတ်ကားတွေရဲ့ ယေဘုယျစံချိန်စံနှုန်းဟာ အလွန်အလွန်ကိုမြင့်တာအမှန်ပါ" လို့ ယူ ဗြိတိန်််လျှပ်စစ်မော်တော်ယာဥ်များရဲ့ အမှုဆောင်ချုပ် ဒန် ဆီဇာက ပြောပါတယ်။

"တရုတ်ဟာ ကားဘယ်လိုထုတ်ရမလဲဆိုတာကို ခပ်မြန်မြန်ပဲ နောကြေခဲ့တယ်"

ထုတ်အားက ဝယ်အားထက် ပိုသာသာနေတယ်လို့ ယူဆခံရတဲ့ တရုတ်ကားထုတ်လုပ်ငန်း စျေးကွက်မှာ ကားတံဆိပ်တွေဟာ သူတင် ကိုယ်တင်အပြိုင်ကြဲနေရတာပါ။ ဒါကြောင့်လည်း ဒီကားတံဆိပ်တွေဟာ ရောင်းဖို့ ချဖို့ ပြည်ပကို မျှော်ကြည့်ရပါတယ်။

တရုတ်လုပ်ငန်းတွေဟာ အရှေ့အာရှနဲ့ တောင်အမေရိကတို့အထဲထိ ချဲ့ထွင်နေတုန်းမှာ ဥရောပစျေးကွက်ကို ဝင်ရောက်ဖို့ နှစ်ပေါင်းများစွာကြာခဲ့ပါတယ်။ ပြောရရင် ဥရောပ အစိုးရတွေက ဓါတ်ဆီနဲ့ ဒီဇယ်ကားသစ်တွေကို ရောင်းချတာ တစ်စတစ်စ ရုပ်သိမ်းဖို့ အဆုံးဖြတ်ခင်အထိလို့ ဆိုနိုင်ပါတယ်။

လျှပ်စစ်ကားတွေ ပြောင်းလဲအသုံးပြုဖို့ အကူးအပြောင်းဟာ တခြားကားကုမ္ပဏီတွေအတွက် တံခါးဖွင့်ပေးခဲ့ပါတယ်။

"တရုတ်အမှတ်တံဆိပ်ကားတွေဟာ ခြေကုပ်အနည်းငယ်ရတဲ့ အခွင့်အရေးလို့မြင်မိပါတယ်" လို့ တရုတ်ချယ်ရီအမှတ်တံဆိပ်ရဲ့ လက်ခွဲ ၂ ခုဖြစ်တဲ့ Omoda နဲ့ Jaecoo တို့ရဲ့ ကုန်ပစ္စည်းမန်နေဂျာ အိုလီဗာလိုဝီကပြောပါတယ်။

BYD ကွန်တိန်နာ သင်္ဘောကြီးနံဘေး တန်းစီနေတဲ့ ကားတွေ

ဓာတ်ပုံ ရင်းမြစ်, STR via Getty

ဓာတ်ပုံ ပုံစာ, BYD ဟာ ၂၀၂၄ ခုနှစ်မှာ တက်စလာကို ကျော်ပြီး ကမ္ဘာမှာ လျှပ်စစ်ကားအရောင်းရဆုံး ကုမ္ပဏီဖြစ်လာ

တရုတ်နိုင်ငံမှာ လုပ်အားခနည်းပါးမှု၊ အစိုးရထောက်ပံ့ငွေနဲ့ အလွန်ကောင်းတဲ့ ကုန်ကြမ်းထောက်ပံ့ မှုစနစ် စတာတွေက တရုတ်ကုမ္ပဏီအတွေအတွက် တစ်ပန်းသာ စေခဲ့တာလို့ ပြိုင်ဘက် ကားကုမ္ပဏီတွေက ပြောပါတယ်။

BYD တစ်ခုတည်းနဲ့တင်ကို အနောက်နိုင်ငံတွေက ယှဥ်ပြိုင်ဘက် ကားလုပ်ငန်းတွေထက် ၂၅ ရာခိုင်နှုန်းသက်သာတဲ့စျေးနဲ့ ကားတွေကို ထုတ်လုပ်နိုင်တယ်လို့ ဆွစ်ဇလန်ဘဏ်ဖြစ်တဲ့ UBS ရဲ့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းက ထုတ်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စျေးကွက်ကို တစ်ဖက်စောင်းနင်းနဲ့ လုပ်ဆောင်နေတယ်ဆိုတဲ့ပြောဆိုချက်အပေါ် တရုတ်လုပ်ငန်း‌တွေကတော့ ငြင်းဆိုထားပါတယ်။

Xpeng ရဲ့ ဒုတိယဥက္ကဋ္ဌ ဘရိုင်ယန် ဂူက ''သူ့ ကုမ္ပဏီဟာ ကမ္ဘာမှာ ယှဥ်ပြိုင်မှု အပြင်းထန်ဆုံးစျေးကွက်ကို ဝင်ဖို့ အသည်းအသန်ကြိုးပမ်းခဲ့ရတယ်'' လို့ ၂၀၂၄ ခုနှစ်အတွင်းပြုလုပ်တဲ့ ပါရီမော်တာပြပွဲမှာ ဘီဘီစီကို ပြောပါတယ်။

အမေရိကန်ကားလုပ်ငန်းတွေကို မျက်စိစုံမှိတ် ကာကွယ်ပေးနေလား

တရုတ်ရဲ့လျှပ်စစ်ကားတွေ ပြည်ပပို့နှုန်းကြောင့် နိုင်ငံတကာစျေးကွက်တွေထဲ နာမည်ရှိပြီးသား ကားတံဆိပ်တွေကို ကျော်ပြီး တရုတ်ကားတွေ လှိုင်လှိုင်ရောက်လာမယ့်အရေး စိုးရိမ်ချက်ဟာ ၂၀၂၄ ခုနှစ်အတွင်း အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။

အမေရိကန်မှာတော့ တရုတ်ကားတွေကြောင့် အမေရိကန် ကားထုတ်လုပ်ငန်းနယ်ပယ်ဟာ "တိမ်ကောကွယ်ပျောက်တော့မယ့်အဆင့်မျိုး" ဖြစ်လာနိုင်တယ်လို့ အမေရိကန်ကုန်ထုတ်လုပ်ငန်းများဆိုင်ရာမဟာမိတ်အဖွဲ့က သတိပေးပါတယ်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ကတော့ တရုတ်ကုမ္ပဏီအတွက် နိုင်ငံတော်က ထောက်ပံ့မှုကြီးကြီးမားမားပေးနေတာဟာ ဥရောပစျေးကွက်ကို ဖျက်ရာဖျက်ကြောင်း ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဘိုင်ဒင်အစိုးရကတော့ ဒီအရေး ချက်ချင်းကို ကိုင်တွယ်ခဲ့ပါတယ်။ တရုတ်ထုတ် လျှပ်စစ်ကား တွေကို ၂၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ သွင်းကုန်အခွန်တိုးကောက်ပြီး အမေရိကန် ထဲ ဒီကားတွေ လာရောင်းလည်း မထူးဘူး ဆိုတာမျိုးဖြစ်အောင် လုပ်ခဲ့တာပါ။

ဘေကျင်းဘက်ကတော့ ဒါကို " မျက်စိစုံမှိတ်ပြီး ကိုယ်ကျိုးစီးပွားကာကွယ်တာ'' လို့ ဝေဖန်ခဲ့ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ထရမ့်တို့ လက်ဆွဲ နှုတ်ဆက်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, REUTERS/Leah Millis

ဓာတ်ပုံ ပုံစာ, ဘိုင်ဒန်အစိုးရဟာ ၂၀၂၄ ခုနှစ်မှာ တရုတ်ထုတ် လျှပ်စစ်ကားတွေကို အခွန် ၁၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ပါတယ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာတော့ တရုတ်လုပ် လျှပ်စစ်ကားတွေကို အခွန် ၃၅.၃ ရာခိုင်နှုန်းအထိ ဥရောပသမဂ္ဂက သတ်မှတ်ခဲ့ပါတယ်။

"တရုတ်လုပ်ငန်းတွေ စျေးကွက်ဝေစုရဖို့အတွက် ပိုပြီးခက်ခဲအောင် အီးယူရဲ့ အခွန်စည်းကြပ်မှုက လုပ်ထားလိုက်နိုင်တယ်" လို့ ရှာမစ်ဒ်မော်တော်ယာဥ်ဆိုင်ရာ သုတေသနအဖွဲ့တည်ထောင်သူ မက်သီးရပ်စ် ရှာမစ်ဒ်က ပြောပါတယ်။

"၂၀၂၄ ခုနှစ်မှာ အခွင့်အလမ်းတွေက အကျယ်ကြီးကို ဖွင့်ထားပေမယ့် တရုတ်တွေကတော့ သူတို့ရဲ့ အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ခဲ့ဘူး။ အခု အခွန်တိုးကောက်လိုက်လိုက်ပြီဆိုတော့ တရုတ်လုပ်ငန်းတွေလည်း ကုန်ကျစရိတ်ကြောင့် တစ်ပန်းသာနေတဲ့ သူတို့ ကားတွေကို ဥရောပက ဝယ်မယ့်သူတွေဆီ မရောက်ရောက်အောင် တွန်းလုပ်ဖို့ အခွင့်နည်းသွားပြီ''

ခေတ်မီလွန်နေတဲ့ ရနော့ဒ်ရဲ့လျှပ်စစ်ကား

ဥရောပက ကားထုတ်လုပ်ငန်းတွေအနေနဲ့လည်း စျေးနည်း လက်လှမ်းမီနိုင်မယ့်လျှပ်စစ်ကားတွေထုတ်နိုင်ရေး အပြိုင်ကြိုးပမ်းနေကြပါတယ်။ အဲဒီထဲမှာပြင်သစ်ကားထုတ်လုပ်ငန်း ရနော့ဒ် လည်း ပါဝင်ပါတယ်။

ရနော့ဟာ ပြင်သစ်နိုင်ငံ၊ အရှေ့မြောက်ပိုင်းက Douai မှာရှိတဲ့သူရဲ့စက်ရုံမှာ ကားကိုယ်ထည်ပိုင်းကို ဂဟေဆက်တာကို စက်ရုပ်တွေကို လုပ်ခိုင်းပါတယ်။ ကားကိုယ်ထည်အခွံတွေ၊ တံခါး၊ ဘတ္ထရီ၊ မော်တာနဲ့ အခြား အစိတ်အပိုင်းတွေကို အလိုလျှောက် လုပ်ဆောင်တဲ့စနစ်နဲ့ တပ်ဆင်ပြီး နောက်ဆုံး အချောကိုင်တဲ့အဆင့်ရောက်မှ လူ အလုပ်သမားကို သုံးပါတယ်။

ရနော့ဒ်က အဲဒီစက်ရုံကနေ ၁၉၇၄ ခုနှစ်ကတည်းက ကားတွေထုတ်လုပ်ခဲ့ပေမယ့် ထုတ်လုပ်ရေးလိုင်းကို အလိုလျှောက်တပ်ဆင်တဲ့ စက်သစ်တွေနဲ့ အဆင့်မြှင့် အစားထိုးခဲ့တာကတော့ မကြာသေးပါဘူး။ အားလုံးဟာ ဒီဂျစ်တယ် စနစ်နဲ့ထိန်းချုပ်ထားတာပါ။

စက်ရုံဝန်းရဲ့ တစ်စိတ်တစ်ပိုင်းကိုတော့ တရုတ်ပိုင် ဘတ္ထရီကုမ္ပဏီလုပ်ငန်း AESC က လက်လွှဲယူထားပြီး ဘေးချင်းကပ်လျက်မှာ သူ့ကိုယ်ပိုင် စက်ရုံကြီးကြီးမားမားကြီးကို ဆောက်ထားပါတယ်။

အလိုအလျောက်တပ်ဆင်လိုင်းပေါ်မှာ မြင်တွေ့ရတဲ့ ရနော့ဒ့် ကားတစ်စီး

ဓာတ်ပုံ ရင်းမြစ်, Renault

ဓာတ်ပုံ ပုံစာ, ဒီ ရနော့ဒ် စက်ရုံမှာဆိုရင် ထုတ်လုပ်ရေးပိုင်းနည်းပညာဟာ တချို့ တရုတ်ကုန်ထုတ်လုပ်ငန်းတေနဲ့ နည်းပညာကို မှီးထားပါတယ်

ဒါဟာ ပြင်သစ်မြောက်ပိုင်းမှာ အလွန်ခေတ်မီတဲ့ လျှပ်စစ်ကားတွေကို တပ်ဆင်ထုတ်လုပ်ဖို့ ရနော့ဒ် မှန်းထားတဲ့ ရည်မှန်းချက် အစီအစဥ်အစိတ်အပိုင်းဖြစ်ပါတယ်။ တရုတ် ကားထုတ်လုပ်ငန်းတွေရဲ့ ထုတ်လုပ်ရေး နည်းပညာကို မှီးပြီး အနီးဆုံးမှာ စက်ရုံတည် ထုတ်ကာ ကုန်ကျစရိတ်ကို ချုံ့နိုင်သမျှ ချုံ့ဖို့လည်း ရည်ရွယ်တာပါ။

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အများလက်လှမ်းမီတဲ့လျှပ်စစ်ကားတွေကိုထုတ်လုပ်နိုင်ဖို့နဲ့ ဥရောပမှာ ရောင်းဖို့အတွက်ပါ" လို့ Douai စက်ရုံရဲ့ ဒါရိုက်တာ ပြဲရ် အန်ဒရီဇ်က ရှင်းပြပါတယ်။ ကားတွေကို အလိုအလျောက်တပ်ဆင်စက်တွေသုံးပြီး ထုတ်လုပ်တာကလည်း "ကျွန်တော်တို့ကို အမြတ်အစွန်းရရှိစေအောင်လုပ်ပေး နိုင်ပါလိမ့်မယ်" လို့ သူကပြောပါတယ်။

ဒါပေမယ့်လည်း ကုမ္ပဏီအနေနဲ့ တရုတ်အမှတ်တံဆိပ်တွေမှာ မရှိတဲ့အရာ ရှိနေပါတယ်။ အဲဒါက အစဥ်အလာကြီးမားမှုပါ။ ရနော့ဒ်က အခုနောက်ဆုံးထုတ်ထားတဲ့ Renault 5 E-tech ဆိုရင် ကုမ္ပဏီက ထုတ်ဖူးတဲ့ကားတွေထဲ နာမည်အကြီးဆုံး ကားမော်ဒယ်တစ်ခုကို နာမည် ပြန်ယူထားတာဖြစ်ပါတယ်။

မူလ Renault 5 ကား(ဝဲ) နဲ့ အဲဒီဒီဇိုင်းကို ခတ်နဲ့အညီ ပုံစံသစ် ထုတ်လာတဲ့ Renault 5 E-Tech ကို ပူးတွဲ ပြထားတဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images and Renault

ဓာတ်ပုံ ပုံစာ, မူလ Renault 5 ကား(ဝဲ) နဲ့ အဲဒီဒီဇိုင်းကို ခတ်နဲ့အညီ ပုံစံသစ် ထုတ်လာတဲ့ Renault 5 E-Tech

မူရင်း ကားမော်ဒယ် Renault 5 ကို ၁၉၇၂ ခုနှစ်မှာ ထုတ်ခဲ့တာပါ။ နောက်ဖုံးမရှည်ဘဲ ပုံနည်းနည်းဆန်းဆန်းနဲ့ ခပ်သေးသေးထုတ်ပုံစံ ထုတ်ခဲ့တဲ့ အဲဒီကားဟာ တစ်ခတ်တစ်ခါက လူကြိုက်များခဲ့ပါတယ်။

ပုံစံအသစ်ဟာ အလွန်ခေတ်မှီတဲ့အနုပညာလက်ရာမျိုးနဲ့ လျှပ်စစ်ကားဖြစ်ပေမယ့်လည်း အရင် ရှိရင်းစွဲ လူကြိုက်များမှုကို ပြန်ခေါ်နိုင်ဖို့ မူရင်းကား မော်ဒယ်ရဲ့ နာမည်နဲ့ သွင်ပြင်ကို ပြန်ယူထားပါတယ်။

လုံခြုံရေး၊ စပိုင်ဆော့ဝဲလ်နဲ့ ဟတ်ကင် ပြုလုပ်ခံရနိုင်ခြေ စိုးရိမ်ချက်တွေ

ဒါပေမယ့် ဘယ်လိုလိုချင်စရာကောင်းတဲ့ တရုတ်ကားတွေမဆို ဥရောပပြိုင်ဘက်တွေနဲ့ နှိုင်းယှဥ်ရင်‌ တော့ လုံခြုံရေးအပိုင်းမှာ ကျွန်တော်တို့ သတိရှိသင့်တယ်လို့ အချို့ကျွမ်းကျင်သူ တွေက ယုံကြည်ကြပါတယ်။

ခေတ်မီကားအများစုဟာ ဂြိုဟ်တုလမ်းညွှန်စနစ် သုံးနိုင်ဖို့ အင်တာနက် ချိတ်ဆက်နိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ယာဥ်မောင်းသူရဲ့ဖုန်းဟာ ကားစနစ်တွေနဲ့ မကြာခဏဆိုသလိုချိတ်ဆက်ထားတာမျိုးပါ။ EV ရှေ့ဆောင်လမ်းပြဖြစ်တဲ့ Tesla ကစလို့ ကားထဲက ဆော့ဝဲလ်ကို အဝေးကနေတောင် အဆင့်မြှင့်ဖို့ လုပ်နိုင်ပါပြီ။

အချို့သောနေရာတွေထဲမှာတော့ အဲဒီအရာအားလုံးဟာ စိုးရိမ်ရတဲ့ကြောင်းရင်းဖြစ်လာစေပါတယ်။ ကားတွေကို ဟတ်(hack)နိုင်ပြီး အင်တာနက်ကနေ အချက်အလက်တွေကိုရယူနိုင်တဲ့ လျှို့ဝှက်ဆော့ဝဲလ်ထည့်တာ၊ လူတွေကို ထောက်လှမ်းစောင့်ကြည့်တာ၊ ကီးဘုတ်ကိုနှိပ်လိုက်ရုံနဲ့ ကား ဆက်မရွှေ့လျားနိုင်အောင်လို့တောင် လုပ်ဆောင်နိုင်တဲ့အထိဖြစ်နိုင်ပါတယ်။

အလင်းရောင်တွေ ပတ်လည်နဲ့မြင်တွေ့ရတဲ့ တက်စလာ ကားပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Tesla ကားကုမ္ပဏီဟာ ကားတွေကို အဝေးကနေ ဆော့ဝဲလ် အဆင့်မြှင့်တင်ခြင်းဆိုတဲ့ နည်းပညာပိုင်းကို စတင်မိတ်ဆက်ခဲ့ပါတယ်

လျှပ်စစ်ကားကိုစီးနင်းနေချိန်အတွင်းမှာ စစ်တပ်နဲ့ ထောက်လှမ်းရေးအကြီးအကဲတွေဟာ အလုပ်နဲ့ သက်ဆိုင်တဲ့ အရာတွေကို မပြောကြ၊ မဆွေးနွေးကြဖို့ အမိန့်ထုတ်ခံထားကြရတယ်လို့ ဗြိတိသျှသတင်းစာတစ်ခုက အခုနှစ်အစောပိုင်းက ရေးသားခဲ့ပါတယ်။ တရုတ်ပစ္စည်းအစိတ်အပိုင်းတွေပါတဲ့ ကားတွေကို စစ်ဘက်ဆိုင်ရာအရေးကြီးနေရာတွေကို ဝင်ရောက်ဖို့ကိုလည်း တားမြစ်ထားတယ်လို့ အခိုင်အမာပြောထားပါတယ်။

အဲဒီနောက် မေလအတွင်းမှာတော့ ကားအပါအဝင် တရုတ်လုပ်နည်းပညာသုံးထားတဲ့ ပစ္စည်းအမျိုးမျိုးဟာ ထိန်းချုပ်နိုင်ပြီး အဝေးကနေ ကွန်ပျူတာစနစ်နဲ့ညွှန်ကြားလုပ်ဆောင်နိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေး MI6 အဖွဲ့ခေါင်းဆောင်ဟောင်းက ပြောပါတယ်။

ဆာ ရစ်ချက် ဒီးယားလက်ဗ်ကတော့ 'လန်ဒန် လှုပ်မရတာမျိုးတောင်'' ဖြစ်သွားနိုင်တယ်လို့ ဗြိတိန် လွှတ်တော် အမတ်တွေကို သတိချပ်ဖို့ ပြောပါတယ်။

သူလျှိုလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စွပ်စွဲချက်အားလုံးကိုတော့ တရုတ်အစိုးရ ဘေဂျင်းဘက်က အမြဲတမ်းငြင်းဆိုထားပါတယ်။

လတ်တလော စွပ်စွဲချက်တွေဟာ "အလုံးစုံက အခြေအမြစ်မရှိတာအပြင် အဓိပ္ပါယ်မဲ့တာတွေ" ပါလို့ လန်ဒန်မြို့က တရုတ်သံရုံးရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

"တရုတ်ဟာ လုံခြုံမှုနဲ့ပတ်သက်ပြီး ပွင့်လင်းပြီး ကမ္ဘာလုံး ဆိုင်ရာထောက်ပံ့ဆက်သွယ်ရေးရဲ့ ဥပဒေ စည်းမျဥ်းတွေကို အခြေခံတဲ့ဖွံ့ဖြိုးမှုကို အပြောင်းအလဲမရှိထောက်ခံထားပါတယ်"လို့ ဘီဘီစီကို ပြောပါတယ်။ "ကမ္ဘာတစ်ဝန်းမှာလုပ်ကိုင်နေကြတဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ သူတို့လုပ်ကိုင် နေတဲ့ နိုင်ငံတွေရဲ့ ဥပဒေနဲ့ စည်းမျဥ်းတွေအတိုင်း လုပ်ဆောင်နေကြပါတယ်''

"တရုတ်လျှပ်စစ်ကားတွေဟာ ဗြိတိန်နဲ့ အခြားသောနိုင်ငံတွေရဲ့ လုံခြုံရေးခြိမ်းခြောက်မှုမျိုး ဖြစ်စေနိုင်တဲ့ အထောက်အထား ခိုင်မာတဲ့သက်သေမျိုး ယနေ့အထိ မရှိပါဘူး"

''တရုတ်အစိုးရဟာ စောင့်ကြည့်ထောက်လှမ်းရုံလောက်ကိစ္စကို ကျားကုတ်ကျားခဲ ကြိုးပမ်းမယ်လို့ မထင်ပါဘူး''

ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်ကို လျော့ပါးအောင် လုပ်နိုင်တယ်လို့ဆိုပြီး The Royal United Services Institute ကာကွယ်ရေးနဲ့ လုံခြုံရေးပညာရှင်အဖွဲ့ရဲ့ သုတေသန ပညာရှင် ဂျိုးဇက် ဂျာနက်ကီကပြောပါတယ်။

"တရုတ်ကားထုတ်လုပ်သူတွေဟာ အလွန်ပြိုင်ဆိုင်မှုပြင်းထန်တဲ့စျေးကွက်ထဲမှာ ရှိနေတာပါ။ တရုတ်ဥပဒေတွေနဲ့အညီ လိုက်နာလုပ်ဆောင်ရတာ၊ အမျိုးသားလုံခြုံရေးအေဂျင်စီ လမ်းညွှန်ချက်နဲ့အညီ လုပ်ရတာတွေ ရှိကောင်း ရှိနိုင်ပေမဲ့ လုံခြုံရေးပိုင်း လစ်ဟာအောင်လုပ်ပြီး နိုင်ငံတကာစျေးကွက်မှာ သူတို့ နာမည်ပျက်အောင် လုပ်မယ်လို့တော့ မထင်ပါဘူး''' လို့ သူက ပြောပါတယ်။

'စီးပွားရေး တိုးတက်ဖို့ လိုတယ်ဆိုတာကို တရုတ်အစိုးရက အမြဲနားလည်ထားတာ။ ထောက်လှမ်းရေးစောင့်ကြည့်ဖို့ လုပ်ရုံ သက်သက်နဲ့တော့ ဒီအနေအထားကို ပျက်ယွင်းအောင် လုပ်မှာမဟုတ်ဘူး''

တရုတ်ရဲ့နည်းပညာနဲ့ ကားထုတ်လုပ်ရေးအပိုင်းဟာ ဗြိတိန်ရဲ့စီးပွားရေးထဲမှာ တိုးလို့ကို ရုန်းမထွက်နိုင်တာမျိုးအထိ ရှိလာနေပါတယ်။ ဗြိတိသျှအစိုးရ ရည်မှန်းထားတဲ့ ရာသီတုဥပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ရည်မှန်းချက်တွေကို ရရှိနိုင်ဖို့ဆိုရင် ဥပမာအနေနဲ့ "တရုတ် ထောက်ပံ့တဲ့ နည်းပညာကို သုံးဖို့ လိုလာပါလိမ့်မယ်"" လို့ မစ္စတာ ဂျာနက်ကီက ပြောပါတယ််။

အခရာကျတဲ့စက်မှုလုပ်ငန်းနယ်ပယ်တွေက လုပ်ထုံးလုပ်နည်းဆိုင်ရာကြီးကြပ်သူတွေကို ဆိုက်ဘာလုံခြုံရေးပိုင်း စောင့်ကြည့်နိုင်စွမ်းရှိအောင် လုံလောက်တဲ့ ထောက်ပံ့မှုပေးသင့်ပြီး တရုတ်ထုတ်ကုန်သုံးစွဲလို့ ဖြစ်လာနိုင်ခြေရှိတဲ့ပြဿနာတွေကို သက်ဆိုင်ရာကုမ္ပဏီတွေကို အကြံပြုသင့်တယ်လို့ သူက ယုံကြည်ပါတယ်။

စက်မှုလုပ်ငန်းရဲ့ကြီးကြပ်သူတွေက တရုတ်ကုန်ပစ္စည်းတွေရဲ့ ပြဿနာ အလားအလာတွေကို ကုမ္ပဏီတွေကို အကြံပေးတာ၊ ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်သူတွေကို လုံလောက် တဲ့အရင်းအမြစ်ပေးတာတွေ လုပ်သင့်တယ်လို့ သူ ယုံကြည်ပါတယ်။

"ဂျာမနီမှာပဲ လုပ်တယ်လို့ ဆိုဆို၊ ဘယ်နေရာမှာပဲ ထုတ်တယ်ဆိုဆို တရုတ်ပစ္စည်းတွေ အနည်းငယ်တော့ ပါလာနိုင်တာပါပဲ'' လို့ ဒန် ဆီဇာက ပြောပါတယ်။

"တကယ်တော့ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဖုန်းတွေဆိုတာလည်း တရုတ်က လာတာ၊ အမေရိကန်က လာတာ၊ ကိုရီးယားက လာတာလေ။ တွေးကြည့်မယ်ဆိုရင်ပြောပါတယ်။ ဒီတော့ တရုတ်တွေ လုပ်နိုင်တာနဲ့ပတ်သက်ပြီး သီးခြား စိုးထိတ်သတိရှိစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်''

"အနာဂတ်မှာ တရုတ်ဟာ အခန်းကဏ္ဍကြီးကြီးမားမားတစ်ခုအနေနဲ့ ပါနေမယ်ဆိုတဲ့ အရှိတရားကိုတော့ ကျွန်တော်တို့ ရင်ဆိုင်ဖို့ လိုမယ်ထင်တယ်''