ရှီကျင့်ဖျင် ကမ္ဘာမှာ အမေရိကန် ရှင်သန်နိုင်မလား

Xi graphic
ဓာတ်ပုံ ပုံစာ, မစ္စတာ ရှီရဲ့ တတိယသက်တမ်းက ကမ္ဘာ့အရေးအပါဆုံး ပထဝီနိုင်ငံရေး အပေါ် ဘယ်လို သက်ရောက်မလဲ
    • ရေးသားသူ, ဂျွန် ဆတ်ဝါ့သ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

လွန်ခဲ့တဲ့ ၁၀ ရက်က ရှီကျင့်ဖျင်ဟာ ကမ္ဘာ့ မီဒီယာတွေ ရှေ့ကို ထွက်လာခဲ့ပါတယ်။ ပြည်ပသတင်းထောက်တွေ အပေါ် အမြင်ပိုစောင်းလာနေချိန်ဖြစ်လို့ သိပ်များများစားစား မတက်ရောက်နိုင်ပေမယ့် သူကတော့ ဆယ်စုနှစ်များစွာ အတွင်းသြဇာအကြီးဆုံး ခေါင်းဆောင်တယောက် ဖြစ်လာနေပါတယ်။

သူ့ရှေ့က ခေါင်းဆောင်ဟောင်းတွေကို ကန့်သတ်ထားခဲ့တဲ့ အစဉ်အလာကို ချိုးဖျက်ပြီး တတိယသက်တမ်း ဆက်လက် တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ သူ့ သြဇာအာဏာ ထာဝရတည်တံ့နေဖို့ သံမှိုနှက်လိုက်ပြီ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာ သူ့အာဏာပိုကြီးလာတာ မှန်ပေမယ့် နိုင်ငံတကာစင်မြင့်မှာတော့ အခြေအနေတွေက သိပ်ပြီး မပြောင်းလဲလာပါဘူး။ တရုတ်ပြည်ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးပုံစံကို ပိုအားထည့်လာလေ ကမ္ဘာကြီးပိုမို ပေါင်းစည်းမှုကြောင့် တရုတ်ပြည် ပိုချမ်းသာလာတာနဲ့ အမျှ ပိုလွတ်လပ်လာမယ်ဆိုတဲ့ အမြင်တွေနဲ့ ဆန့်ကျင်လေ ဖြစ်လာပါတယ်။

အဲဒီ အမြင်ကြောင့်ပဲ ဝါရှင်တန်နဲ့ ဘေကျင်းအကြား ဆယ်စုနှစ်များစွာ ကုန်သွယ်ဖက် ဆက်ဆံရေးတွေ ဖြစ်တည်လာခဲ့ပါတယ်။ ဒီအမြင်ကြောင့်ပဲ ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပြီး နှစ်စဥ် ဘီလျံ ၅၀၀ လောက် တန်တဲ့ ကုန်သွယ်မှုတွေ ဖြစ်တည်လာခဲ့တာ ဖြစ်ပါတယ်။

အခု မစ္စတာရှီက သူ့တတိယသက်တမ်းကို စတင်လိုက်ချိန်မှာ အမေရိကန်နဲ့ ကုန်သွယ်စစ်ပွဲကလည်း ရပ်မသွားသေးပါဘူး။ နောက်ပြီး အမေရိကန်ရဲ့ အဆင့်မြင့် ချစ်ပ် ထုတ်လုပ်ရေး နည်းပညာတွေကိုလည်း တရုတ်တွေ ထိတွေ့ခွင့် မရနိုင်တော့ပါဘူး။ လေ့လာသူတွေကတော့ ဒါဟာ တရုတ်ရဲ့ နိုးထလာမှုကို ဖြစ်တဲ့နည်းနဲ့ နှောင့်နှေးဖို့ လုပ်ထားတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဘေကျင်းကတော့ မကြာသေးခင် ကာလတွေအတွင်း ဆက်ဆံရေးတွေ အေးစက်သွားရတာက အမေရိကန်ဘက်က ကမ္ဘာ့ထိပ်ဆုံး မဟာအင်အားကြီး နိုင်ငံအဖြစ်ကို ဆက်လက် ထိန်းထားလိုတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

သမ္မတ ဂျိုးဘိုင်ဒဲန်ကလည်း မကြာသေးခင်က ထုတ်ပြန်တဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ စာတမ်းထဲမှာ အမေရိကန်ရဲ့ ကမ္ဘာ့အလယ် ရပ်တည်မှုကို ခြိမ်းခြောက်ရာမှာ တရုတ်ကို ရုရှားထက်တောင် အန္တရာယ်ရှိတယ်လို့ ဆိုထားပါတယ်။ နောက်ပြီး တရုတ်က ဒီမိုကရက်တစ် ထိုင်ဝမ်ကို ကျူးကျော်နိုင်တဲ့ ကိစ္စကိုလည်း ဖြစ်နိုင်ခြေတခုဆိုတာထက် ဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုပြီး ဝါရှင်တန်က လေသံပြောင်းလာနေပါတယ်။

မဟာအင်အားကြီး ဖြစ်ပြီးသား အမေရိကန်နဲ့ ဖြစ်လာနိုင်တဲ့ တရုတ်အကြား အယူအဆ မတူမျှမှုတွေနဲ့ တင်းမာမှုတွေကို ဘေးချိတ်ပြီး နှစ်နိုင်ငံစလုံး အကျိုးဖြစ်စေမယ့် အရာတွေ လုပ်သွားဖို့ နှစ်ဖက်ခေါင်းဆောင်တွေက ပြောလာမယ့် နေ့ဟာ အတော်ကို အလှမ်းကွာနေဆဲ ဖြစ်ပါတယ်။

ဒါတွေ ဘာကြောင့် ဖြစ်လာခဲ့ရသလဲ။

လွတ်လပ်ခြင်းရဲ့ အရသာ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒဲန်က တစစနဲ့ တရုတ်ကို ပြိုင်ဘက် ရန်ဘက် အဖြစ် ပိုမို ဆက်ဆံလာနေတာဟာ တချိန်က သူ့ရပ်တည်မှုနဲ့ ဆန့်ကျင်သလို ဖြစ်နေပါတယ်။ သူက တရုတ်ကို အဆင့်မြင့် ဆီမီးကွန်ဒတ်တာ လုပ်တဲ့ နည်းပညာတွေ မရဖို့ တားမြစ်ထားတာဟာလည်း ကုန်သွယ်မှု ဆက်ဆံရေးဘက်မှာ နောက်ကြောင်းပြန်လှည့်တဲ့ ကိစ္စတခုလို့တောင် ဆိုနိုင်ပါတယ်။

တကယ်တော့ မစ္စတာ ဘိုင်ဒဲန်ဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း သူ ဆီးနိတ်လွှတ်တော် အမတ် ဘဝမှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း WTO ထဲမှာ တရုတ် ပါဝင်လာရေးအတွက် အဓိကနေရာက ဦးဆောင် ကြိုးပမ်းခဲ့သူ တဦးဖြစ်ပါတယ်။

တရုတ်က ကျွန်တော်တို့ ရန်သူ မဟုတ်ပါဘူး လို့ သက္ကရာဇ် ၂၀၀၀ ပြည့် မှာ ရှန်ဟိုင်းမြို့ကို ရောက်ရှိနေစဉ်အတွင်း ပြောခဲ့ပါသေးတယ်။ တရုတ်နဲ့ ပိုမို ကုန်သွယ်မှုတွေ လုပ်လာခြင်းအားဖြင့် အများလက်ခံတဲ့ စံနှုန်းတွေနဲ့ အစဉ်အလာတွေကို ပိုမို သိနားလည်လာပြီး တာဝန်ယူမှု ရှိတဲ့ အင်အားကြီး နိုင်ငံတခု ဖြစ်လာဖို့ အထောက်အကူ ဖြစ်လိမ့်မယ်ဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်ရဲ့ လက်ထက်မှာပဲ တရုတ်ဟာ WTO မှာ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ သမ္မတ နစ်ခ်ဆင် လက်ထက်ကတည်း ဆယ်စုနှစ်များစွာ အမေရိကန် သမ္မတ အစဉ်အဆက် အားပေးခဲ့ကြတဲ့ ဆက်ဆံမှု တိုးမြှင့်ရေး မူဝါဒဟောင်းရဲ့ ရွှေရောင်လွှမ်းတဲ့ နေရက်တွေ ဖြစ်ခဲ့ပါတယ်။

Pascal Lamy, then director-general of the World Trade Organisation, signed the agreement of China's accession to the group in 2000.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၀ ပြည့်နှစ်မှာ WTO အဖွဲ့ဝင် ဖြစ်လာတဲ့ တရုတ်ကို အနောက်နိုင်ငံတွေကလည်း ကြိုဆိုခဲ့ကြ

အမေရိကန်က Corporate America က တရုတ်ကို ပိုမို တံခါးဖွင့်ပေးဖို့ တိုက်တွန်းနေချိန်မှာ British American Tobacco လို ကုမ္ပဏီကြီးတွေကလည်း တရုတ်ဈေးကွက်မှာ ထိုးဖောက်ရောင်းချချင်သလို US-China Business Council လို အဖွဲ့အစည်းတွေကလည်း ဈေးနှုန်းသက်သာတဲ့ တရုတ်လုပ်သားတွေကို မျက်စိကျနေခဲ့ပါတယ်။

အမေရိကန်က အလုပ်သမား သမဂ္ဂတွေက သူတို့ဆီမှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေကို စိုးရိမ်လာကြရသလို တချို့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ရတက်မအေး ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ် WTO အဖွဲ့ဝင် ဖြစ်လာတာကို နိုင်ငံရေး သဘောတရားနဲ့ ကိုက်ညီမှု ရှိတယ် ဆိုတာနဲ့ အကြောင်းပြခဲ့ကြပါတယ်။

အဲဒီအချိန်က တက္ကဆက် ပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ မစ္စတာ ဘုရှ်က ၂၀၀၀ ပြည့်နှစ် မေလအတွင်း သူ့ရဲ့ သမ္မတမဲဆွယ်ပွဲ တခုမှာ Boeing စက်ရုံက လုပ်သားတွေကို ပြောကြားခဲ့ရာမှာ တရုတ်နဲ့ ပတ်သက်လို့ ကုန်သွယ်ရေး တခုတည်းကို ကြည့်လို့ မရကြောင်း ထင်သာမြင်သာတဲ့ အနှစ်သာရကိုပါ ပြသဖို့ လိုကြောင်း ပြောခဲ့ပါတယ်။

လွတ်လပ်စွာ စီးပွားရှာလာနိုင်တဲ့ အခါ လွတ်လပ်မှုဆိုတာရဲ့ အရသာကို သိလာမယ်၊ အဲဒီ အရသာကနေ ဒီမိုကရေစီ စနစ်အတွက် မျှော်လင့်ချက်တွေ နိုးထလာနိုင်မယ်လို့ သူက ပြောခဲ့ပါတယ်။

တကယ်လည်း ဒီလို စီးပွားတိုးတက်လာခြင်းကြောင့် တရုတ်ရဲ့ နိုင်ငံရေးလောကမှ အပြောင်းအလဲတွေ ဖြစ်လာမယ့် အရိပ်အယောင်တွေကို အချိန်အတိုင်းအတာ တခုအထိ မြင်ခဲ့ကြရပါတယ်။ WTO အဖွဲ့ဝင် ဖြစ်လာခြင်းရဲ့ နောက်မှာ ကမ္ဘာ့တခြားနိုင်ငံတွေလိုပဲ တရုတ်ပြည်သူတွေ အင်တာနက်ကို တွင်ကျယ်စွာ သုံးလာနိုင်ပြီး တချိန်က အိပ်မက်တောင် မမက်ခဲ့ကြတဲ့ မတူညီတဲ့ ဆန့်ကျင်တဲ့ အယူအဆ တွေကိုပါ ဆွေးနွေးငြင်းခုံလာနိုင်ကြပါတယ်။

သမ္မတဟောင်း ဘေလ် ကလင်တန်ကတောင် ကွန်မြူနစ်ပါတီက အင်တာနက်ကို ထိန်းဖို့လုပ်မယ် ဆိုရင် နံရံကိုဂျယ်လီ ကျောက်ကျောနဲ့ထိုးဖောက်သလို တော်တော်ခက်ခဲမှာပဲလို့ ပြောခဲ့ပါသေးတယ်။

မစ္စတာ ရှီ ပါတီ အထွေထွေ အတွင်းရေးမှူး စဖြစ်လာခဲ့တဲ့ ၂၀၁၂ အထိတောင်မှ ကမ္ဘာ့မီဒီယာတွေက တရုတ်ပြည်ဆိုရင် မိုးမျှော်တိုက်တွေ၊ ယဉ်ကျေးမှု ဖလှယ်တာတွေနဲ့ အလယ်အလတ်တန်းလွှာအသစ်ရယ်လို့ လူတန်းစားသစ် ဖြစ်တည်လာနေတာတွေကို ပြပြီး တရုတ်ပြည်မှာ ပိုကောင်းတဲ့ အနာဂတ်အတွက် အခြေခံကျကျ ပြောင်းလဲ လာနေပြီလို့ ပြသခဲ့ကြပါတယ်။

ဒါပေမယ့် မစ္စတာ ရှီက သူ့အာဏာ စတည်လာစမှာကတည်းက ဒီ လွတ်လပ်မှုရဲ့ အရသာ ဆိုတာဟာ ကမ္ဘာကြီး ပိုမိုပေါင်းစည်းလာခြင်းရဲ့ မလိုလားအပ်တဲ့ အကျိုးဆက်ဖြစ်တယ်၊ တတ်စွမ်းသမျှ တားဆီးတွန်းလှန်ပစ်ရမယ်လို့ ပြောခဲ့ပါတယ်။

မစ္စတာ ရှီရဲ့ ပထမသက်တမ်းစကာစ လပိုင်းတွေအတွင်း တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဝေခဲ့တယ်ဆိုတဲ့ စာတမ်း ၉ မှာ ခုခံကာကွယ်ရမယ့် အန္တရာယ် ၇ မျိုးကို ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ နိုင်ငံတကာ စံနှုန်း၊ ပါတီထိန်းချုပ်မှုအောက်မှာ မရှိသော လူမှုအသိုက်အမြုံ အတွေးအခေါ်နဲ့ သတင်းလွတ်လပ်ခွင့်တွေ ပါဝင်နေပါတယ်။

မစ္စတာရှီက ဒီအချက်တွေဟာ ဆိုရှယ်လစ်ဝါဒကို ယိုင်လဲစေပြီး အဆုံးမှာ ဆိုဗီယက် ပြည်ထောင်စုပါ ပြိုလဲသွားခဲ့ရတဲ့ ဝါဒရေးရာ အားနည်းချက်တွေ ဖြစ်တယ်လို့ ယူဆပါတယ်။

နိုင်ငံတကာ စံနှုန်းဆိုတဲ့ အရာတွေကလည်း တရုတ်ကွန်မြူနစ်ပါတီကို ဒီလိုပဲ ပြိုလဲကျသွားစေမယ့် ထရိုဂျန် မြင်းလို အယူအဆ ဖြစ်တယ်လို့ သူက ခံယူပါတယ်။ အဲဒါကြောင့်လည်း ဘာအပေးအယူမှ လုပ်မနေဘဲ ရဲရဲတင်းတင်း အာဏာရှင်ဆန်တဲ့ တပါတီ စနစ်နဲ့ပဲ အုပ်ချုပ်ဖို့ဆက်လုပ်သွားခဲ့ပါတယ်။

ခက်ခဲတဲ့လမ်း

သူ့ဒုတိယသက်တမ်း အတွင်းမှာတော့ တရုတ်ရဲ့ ကျောက်ကျောဟာ နံရံကို ဖောက်ဝင်သွားခဲ့ပါတယ်။ ရှေ့နေတွေကို ထောင်ချတာ၊ ဆန့်ကျင်သူတွေ အသံတိတ်သွားအောင် လုပ်တာ၊ ဟောင်ကောင်ရဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်လာတာအပြင် တရုတ် အနောက်ပိုင်းက ရှင်ကျန်းဒေသတွင်းမှာ ရှိကြတဲ့ ဝီဂါ တသန်းကျော်ကို ပညာပေး စခန်းတွေထဲမှာ ထိန်းသိမ်းထားဖို့တွေ လုပ်လာပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံတွေက အစိုးရတွေဆီကတော့ ဘေကျင်းက အခုပြောနေသလို တရုတ်ရဲ့ တိုးတက်မှုကို လျှော့ချဖို့ လုပ်နေတယ်ဆိုတဲ့ မူဝါဒမျိုးကို ပြောင်းလဲကျင့်သုံးဖို့ မဆိုထားနဲ့ သူတို့ရဲ့ ကုန်သွယ် ဆက်ဆံရေး အယူအဆကို စွန့်လွှတ်ဖို့ စိတ်ကူးရတဲ့ပုံမျိုး သိပ်မတွေ့ရခဲ့ပါဘူး။

တရုတ် WTO အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး နောက်မှာ တရုတ်ရဲ့ လုပ်သား အင်အားကို အသုံးချနိုင်တဲ့ စီးပွားရေး လုပ်ငန်းကြီး တွေဟာ အကျိုးအမြတ် အများကြီး ရခဲ့သလို တချို့ကလည်း တရုတ်ဈေးကွက်သစ် တွေကိုပါ ရရှိခဲ့ကြပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေက သံရုံးတွေမှာလည်း ကုန်သွယ်ရေး ဌာနရယ်လို့ သီးသန့်ထားပြီး ဝန်ထမ်း ရာနဲ့ချီ ခန့်ထားရတဲ့ အထိ ဖြစ်ပါတယ်။

Cars roll down a highway cutting through the rapidly developing city July 16, 2007 in Beijing, China.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ရဲ့ တဟုန်ထိုး တိုးတက်မှုကြောင့် အနောက်တိုင်း ကုမ္ပဏီတွေ များစွာအကျိုးဖြစ်ခဲ့

ယူကေကလည်း မစ္စတာ ရှီရဲ့ ပထမ သက်တမ်းက စပြီး ဒုတိယသက်တမ်းအထိ တရုတ်နဲ့ ကုန်သွယ်ရေး ရွှေခေတ်ဆိုပြီး ကုန်သွယ် ဆက်ဆံမှုတွေ လုပ်ခဲ့ပါတယ်။ ယူကေရဲ့ ဘဏ္ဍာရေး ဝန်ကြီးက ဒေသတွင်း ကုန်သွယ်မှု အခွင့်အလမ်းတွေ ဖော်ဆောင်ဖို့ အတွက်ဆိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ဖြစ်နေတယ်လို့ ဆိုကြတဲ့ ရှင်ကျန်းအထိ သွားတာမျိုးတွေရှိခဲ့ပါတယ်။

ထောင်ဒဏ်တသက် အပြစ်ပေးခံထားရသူ ထင်ရှားတဲ့ ဝီဂါပညာရှင် Ilham Tohti ကို အကျဉ်းချထားတဲ့ ထောင်အနီးမှာ အဲဒီ အချိန်က ဘဏ္ဍာရေး ဝန်ကြီးဖြစ်တဲ့ ဂျော့ချ် အော့်စဘောန်းက အရောင်တောက်တောက် အပေါ်ရုံအင်္ကျီကို ဝတ်ပြီး ကုန်တင်ကား တစ်စီပေါ်က ပစ္စည်းတွေ ချနေတာမျိုးတွေပါ မြင်ခဲ့ရပါတယ်။

ဒီမိုကရေစီ နိုင်ငံတွေက နိုင်ငံရေး သမားတွေ လာရောက်ကြတဲ့ အခါမှာ သူတို့ခရီးစဉ်ကြောင့် အကျိုးဖြစ်စေတယ်လို့သာ ပြောလေ့ရှိပြီး လူ့အခွင့်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့တော့ တံခါးပိတ် သဘောမျိုးပဲပြောဆို ဆွေးနွေးလေ့ ရှိကြပါတယ်။

အဲဒီ ကာလအတွင်းမှာပဲ သမ္မတ ဘိုင်ဒဲန်ရဲ့ သားအငယ်ဆုံး ဖြစ်တဲ့ ဟန်တာ ဘိုင်ဒဲန်ဟာ တရုတ် ကွန်မြူနစ် ပါတီနဲ့ ဆက်စပ်နေတဲ့ သူတွေနဲ့ စီးပွားရေး ဆက်ဆံမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီ ကိစ္စတွေကို နိုင်ငံရေး အရှုပ်တော်ပုံ တခုသဖွယ် ယနေ့ထက်တိုင် ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။

အဲဒီအချိန်က အမေရိကန်နဲ့ ဥရောပက နိုင်ငံရေးသြဇာကြီးသူတွေဟာ တရုတ်ရဲ့ ဆက်ဆံမှုတွေကို ပြန်လည် သုံးသပ်ဖို့ စဉ်းစားနေကြတဲ့ အရိပ်အယောင်လည်း သိပ်မတွေ့ရပါဘူး။

ဘီဘီစီသတင်းထောက် John Sudworth ကိုလည်း သူ ဘေကျင်းမြို့မှာ ရှိနေစဉ်အတွင်း တရုတ်ပြည်တွင်းက ဖိနှိပ်မှုတွေ တိုးလာတာနဲ့ပတ်သက်လို့ သတင်းတွေ ရေးသားရာမှာ တရုတ်ပြည်တွင်း တိုးတက်ကြီးပွားနေတဲ့ အချက်တွေကိုလည်း ပြောဖို့ လစ်ဟာမှုတွေ ရှိတယ်လို့ စီးပွားရေးလုပ်ငန်းတွေက အကြီးအကဲတွေက ပြောကြပါတယ်။

အစကပြောခဲ့ကြသလို တရုတ် ပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ တရုတ် အာဏာပိုင်တွေကို အတွေးအမြင်တွေ ပြောင်းလဲဖို့ ကုန်သွယ်မှုနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ကြတာကနေ တရုတ်ရဲ့ မိုးမျှော်တိုက်တွေ၊ မြန်နှုန်းမြင့် ရထားတွေကို ကြည့်ရင်း ပြင်ပကမ္ဘာက လူတွေရဲ့ အမြင်တွေပဲ ပြောင်းသွားခဲ့ပါတယ်။

စီးပွားရေး လွတ်လပ်မှုနဲ့ နိုင်ငံရေး လွတ်လပ်မှုဆိုတာ အမြဲဒွန်တွဲမနေတတ်ဘူးဆိုတာနဲ့ လူ့အခွင့်အရေးဆိုတာ ဘာမှမရှိလဲ အခုလို ချမ်းသာ ကြွယ်ဝလာနိုင်တယ်ဆိုတဲ့ သင်ခန်းစာကိုပဲ ရခဲ့ကြပါတယ်။

တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားတဲ့ အိမ်သုံးပစ္စည်းတွေ ထုတ်လုပ်တဲ့ အမေရိကန်က နိုင်ငံတကာ ကုမ္ပဏီကြီး တခုရဲ့အကြီးတန်း မန်နေဂျာတယောက်က အနောက်နိုင်ငံတွေက ပြောနေတဲ့ လွတ်လပ်မှုမျိုးကို တရုတ်ပြည်သူတွေက မလိုချင်ကြဘူလို့တောင် သတင်းထောက်ကို ပြောခဲ့ပါတယ်။

သူ့စက်ရုံတွေက အလုပ်သမားတွေနဲ့ သူပြောဆို ဆွေးနွေးခဲ့ကြောင်းနဲ့ ဒီလူတွေဟာ နိုင်ငံရေးကို ဘာမှ စိတ်မဝင်စားကြဘူး၊ ငွေရှာဖို့ပဲ ပိုစိတ်ပါကြတယ်လို့ သူက ဆိုပါတယ်။

ဒီလိုနဲ့ပဲ ကုန်သွယ်ရေး လုပ်ကြသူတွေ၊ စီးပွားရှာကြသူတွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ အစိုးရတွေ တော်တော်များများဟာ တရုတ်ပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာအောင် ဆောင်ကျဉ်းပေးမယ်ဆိုတဲ့ သူတို့ ကတိစကားတွေကို တစစနဲ့ ပစ်ချလာခဲ့ကြပါတယ်။

တိုးတက်ကြီးပွားမှု တခုတည်းသာ အရေးပါ ပါတော့တယ်။

ဒါဆို ဘာတွေ ပြောင်းလဲခဲ့နိုင်သလဲ

ပုံစံခွက်က ရုန်းထွက်ခြင်း

၂၀၁၈ နောက်ပိုင်းမှာ ပြည်ပမှာ ရောက်နေကြတဲ့ ဝီဂါလူမျိုးတွေက သူတို့ရဲ့မိသားစုဝင်တွေ ရှင်ကျန်းက အကျဉ်းစခန်းတွေ အတွင်းမှာ ပျောက်ဆုံးကုန်ကြတာနဲ့ ပတ်သက်လို့ ပြောကြားလာပါတယ်။ တရုတ်ပြည်မှာ ကျန်နေခဲ့တဲ့ ဆွေမျိုးတွေမှာ အန္တရာယ်ကြုံလာနိုင်တယ်ဆိုတာ သိရက်နဲ့ ထုတ်ဖော်ပြောကြား လာကြတာ ဖြစ်ပါတယ်။

ကနဦးမှာ နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေနဲ့ ပတ်သက်လို့ တရုတ်ဘက်က အံ့သြပုံရခဲ့ပါတယ်။

အနောက်နိုင်ငံတွေက အစိုးရတွေက ကုန်သွယ်ရေးနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ဆက်လုပ်သွားရင်း ဘေကျင်းရဲ့ ဖိနှိပ်မှုတွေကို သိပ်မဝေဖန်ဘဲ နေကြတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ ရှီ သမ္မတ မဖြစ်ခင်မှာ ကတည်းက ဘာသာရေးယုံကြည်မှုတွေကို ပစ်မှတ်ထားတာ၊ ဆန့်ကျင်သူတွေကို ထောင်သွင်း အကျဉ်းချတာနဲ့ တအိမ်ထောင်ကို ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ မူဝါဒတွေဟာ တရုတ် နိုင်ငံရေးစနစ်ရဲ့ အဓိက ကျတဲ့ အခန်းကဏ္ဍတွေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဝီဂါလူမျိုး အများအပြားကို ဖမ်းဆီးထိန်းသိမ်းတာ၊ လူမျိုး တမျိုးလုံးကို သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ သွင်ပြင်လက္ခဏာပေါ် မူတည်ပြီး အန္တရာယ်အဖြစ် သတ်မှတ်တာမျိုးတွေကြောင့် ဥရောပနဲ့ တခြား ကမ္ဘာ့ ဒေသတွေက လူထုရဲ့ အမြင်တွေ ပြောင်းလဲလာခဲ့ရပါတယ်။

ရှင်ကျန်းနဲ့ ပတ်သက်ဆက်စပ် လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေအပေါ်မှာလည်း ဝယ်ယူသုံးစွဲသူတွေရဲ့ အမြင်တွေ ပြောင်းလာသလို အစိုးရတွေဟာလည်း တခုခု တုံ့ပြန်ကြဖို့ နိုင်ငံရေးဖိအားတွေနဲ့ ရင်ဆိုင်လာကြရပါတယ်။

နောက်ပြီး ဟောင်ကောင်မှာ ဆန့်ကျင် ဆန္ဒပြမှုတွေကို ဘေကျင်းက ခပ်မြန်မြန် ဖြိုခွဲပစ်တာမျိုး၊ တောင်တရုတ်ပင်လယ် အတွင်း စစ်အင်အား တည်ဆောက်လာတာနဲ့ ထိုင်ဝမ်ကို ခြိမ်းခြောက်လာတာမျိုးတွေလို ပြဿနာတွေလည်း ရှိလာပါတယ်။

ဒါပေမယ့် ရှင်ကျန်း ကိစ္စတွေကတော့ တရုတ်အတွက် အလေးထား ဖြေရှင်းစရာ ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး ဒီရေ ပြောင်းလာနေပြီလို့ ခံစားလာရဟန်ရှိပြီး ဒီရှင်ကျန်းက ပြဿနာတွေကို တင်ပြဖို့ လုပ်တဲ့ ဘီဘီစီ သတင်းထောက် John Sudworth အပါအဝင် သတင်းသမား မှန်သမျှ တရုတ်ပြည်တွင်းက ထွက်သားရစေဖို့ လုပ်ခဲ့ကြပါတယ်။

မကြာသေးခင်က ကောက်ယူခဲ့တဲ့ သဘောထား စစ်တမ်းတွေအရဆိုရင် အမေရိကန်နိုင်ငံသားတွေထဲက ၈၀ ရာခိုင်နှုန်းက တရုတ်နဲ့ ပတ်သက်လို့ အမြင်မကြည်ကြတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်ဆို ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီလို အမြင်တွေ ပြောင်းလာစေခဲ့တဲ့ အကြောင်းရင်းတွေထဲက နောက်တခုကတော့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်ပဲ ဖြစ်ပါတယ်။

US President Donald Trump (R) and Chinese President Xi Jinping (L) shake hands during dinner at the Mar-a-Lago estate in West Palm Beach, Florida, on April 6, 2017

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာ ထရမ့်ဟာ မစ္စတာ ရှီရဲ့ သန်မာတဲ့ ခေါင်းဆောင်မှုပုံစံကို သဘောကျပေမယ့် တရုတ်ပြည်တိုးတက်လာတာကိုတော့ လက်မခံပါဘူး။

ဒေါ်နယ်ထရမ့်ရဲ့ တရုတ်ဆန်ကျင့်ရေး သတင်းစကားတွေက ခုတမျိုး တော်ကြာတမျိုးနဲ့ တသမတ်တည်း မဟုတ်ပါဘူး။ တဖက်မှာ ကုန်သွယ်ရေး မမျှတမှုတွေ ရှိနေတယ်လို့ စွပ်စွဲသလို မစ္စတာရှီရဲ့ ခပ်မာမာ ပုံစံကို သဘောကျတယ်လို့လည်း ဆိုနေပြန်ပါတယ်။ ဒါပေမယ့် မကျေနပ်မှုတွေရှိနေကြတဲ့ အမေရိကန် လုပ်ငန်းတွေက အလုပ်သမားတွေကို စည်းရုံးရာမှာတော့ တော်တော် တာသွားခဲ့ပါတယ်။

အတိုချုံးပြောရရင် သူက ဒီကုန်သွယ်ရေးနဲ့ ဆက်ဆံရေးတွေဟာ တကယ်တမ်း ပြည်ပက အလုပ်သမား အင်အားနဲ့ နည်းပညာတွေကို အသုံးချဖို့ ကလွဲပြီး ဘာမှ ရေရေရာရာ ချပြစရာ မရှိတဲ့ မူဝါဒတခု သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အတိုက်အခံတွေကတော့ မစ္စတာ ထရမ့်ရဲ့ ဆောင်ရွက်ချက်တွေက အကောင်းထက် အဆိုးကို ပိုဖြစ်စေတယ်။ သူ့စကားတွေက တိုင်းတပါးသားကို မနှစ်မြို့တဲ့ အသုံးအနှုန်းတွေ စသည်ဖြင့် ဝေဖန်ကြပါတယ်။ တဖက်မှာ ဒီလုပ်ရပ်တွေကြောင့်ပဲ ပုံစံခွက်ထဲကနေ ရုန်းထွက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ မစ္စတာ ဘိုင်ဒဲန် ကိုယ်တိုင်တောင် မစ္စတာ ထရမ့်ရဲ့ တရုတ်ပြည် ဆိုင်ရာ မူဝါဒတွေကို ပြန်စွဲကိုင်ထားတာမျိုး ရှိပါတယ်။ မစ္စတာ ထရမ့် စခဲ့တဲ့ ကုန်သွယ်စစ်ပွဲကလည်း ဆက်ဖြစ်နေဆဲ ဖြစ်ပြီး အခွန်နှုန်းထားတွေလည်း ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် အဖို့ တော်တော်နောက်ကျပြီးမှ သိလိုက်ရတာက သူတို့ရဲ့ ကုန်သွယ်ရေးနဲ့ နည်းပညာ ဖလှယ်မှုတွေဟာ တရုတ်ပြည်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရှိန်မြှင့်တင်ပေးတာမျိုး မဖြစ်ခဲ့ဘဲ ဘေကျင်းရဲ့ အာဏာရှင် ဆန်တဲ့ အုပ်ချုပ်မှုကိုသာ ပိုအားကောင်းသွားစေခဲ့တယ် ဆိုတာဖြစ်ပါတယ်။

ပုံစံသစ်

အမေရိကန်- တရုတ် ဆက်ဆံရေးတွေမှာ အပြောင်းအလဲတွေ ဘယ်လောက် ကြီးမားလာသလဲ ဆိုတာနဲ့ ပတ်သက်လို့ သိချင်ရင်တော့ သမ္မတ ဘိုင်ဒဲန်ရဲ့ ထိုင်ဝမ်အခြေအနေနဲ့ ပတ်သက်လို့ ပြောခဲ့တဲ့ စကားတွေကို ကြည့်ရင်သိနိုင်ပါတယ်။

ပြီးခဲ့တဲ့ လက CBS News သတင်းဌာနက တကယ်လို့ ထိုင်ဝမ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်လာရင် အမေရိကန် တပ်တွေကို စေလွှတ်မှာလားလို့ မေးခဲ့ရမှာ စေလွှတ်မယ်လို့ ပြောခဲ့ပါတယ်။ အရင်က မကြုံခဲ့ရပေမယ့် တကယ်လို့သာ တိုက်ခိုက်လာရင် စေလွှတ်မယ် ဆိုပြီး ပြောခဲ့ပါတယ်။

ဝါရှင်တန်ရဲ့ တရားဝင်မူဝါဒက တကယ်လို့ ထိုင်ဝမ် တိုက်ခိုက်ခံရရင် ကူညီမလားဆိုတာနဲ့ပတ်သက်လို့ မပြတ်မသား အဓိပ္ပာယ် နှစ်ခွ ဗျူဟာမြောက်စွာနဲ့ ပြောထားတာ ဖြစ်ပါတယ်။ အမေရိကန်က ဝင်ရောက် ဖြေရှင်းမယ်လို့ မဆိုပြန်ရင်လည်း ကျူးကျော်ဖို့ကို မီးစိမ်းပြသလို ဖြစ်သွားနိုင်ပါတယ်။ တကယ်လို့ ကာကွယ်မယ် ဆိုရင်လည်း ထိုင်ဝမ်ရဲ့ အစိုးရကို လွတ်လပ်ရေး ကြေညာတာမျိုး အထိ မြှောက်ပေးလိုက်သလို ဖြစ်လာနိုင်ပြန်ပါတယ်။

ဒီ မဟာဗျူဟာကျ ရှင်းလင်းစွာ ဖြေကြားချက်ကြောင့်ပဲ တရုတ်ကလည်း ဒေါသူပုန်ထခဲ့ပါတယ်။ အမေရိကန်ဟာ သူရဲ့ ရပ်တည်ချက်တွေကို သိသိသာသာ ပြောင်းလဲလာနေပြီလို့ ယူဆပါတယ်။

ဒါကြောင့်လည်း တချို့ အမေရိကန် အရာရှိတွေက ဒီမှတ်ချက်စကားနဲ့ပတ်သက်လို့ လေသံပြောင်းဖို့ ကြိုးစားခဲ့ကြတာ မဆန်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

တဖက်မှာတော့ လူနေမှု ပုံစံတွေနဲ့ စံနှုန်းတွေကို ဝေမျှတာထက် တရုတ်က သူတို့ရဲ့ အာဏာရှင် ဆန်တဲ့ အုပ်ချုပ်မှုက တိုးတက်ကြီးပွားဖို့ အတွက် ပိုကောင်းတဲ့ စနစ်တမျိုး ဖြစ်တယ်ဆိုပြီး ပြောလာနေပါပြီ။

တဖက်မှာ ဒီမိုကရေစီစနစ်တွေ ကျဆင်းလာနေပြီ ဆိုပြီး ပြောနေသလို တဖက်မှာလည်း သူတို့ရဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ထောက်လှမ်းရေး အဖွဲ့တွေ၊ ဝါဒဖြန့် ယန္တရားကြီးတွေကို အသုံးချပြီး တရုတ်ဟာ သူတို့ ပုံစံ သူတို့စနစ်ကို ပုံရိပ်မြှင့်တင်ပေးနေပါတယ်။ ဂျာမနီက စီးပွားရေး အသိုင်းအဝိုင်းလို တချို့ နေရာတွေမှာလည်း ကုန်သွယ်ရေးနဲ့ ဆက်ဆံရေး တွေကို တခြား ပုံစံနဲ့ သွားဖို့အထိ ဆွေးနွေးတာမျိုးတွေ ရှိနေပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ ကမ္ဘာ့ကုန်စည် စီးဆင်းမှုတွေမှာ တရုတ်ဟာ အင်မတန် အရေးပါနေပါတယ်။ ဘေကျင်းကို သွားစွပေးလို့ တခုခု တုံ့ပြန်လိုက်ရင် ကိုယ့် အကျိုးစီးပွားတွေပါ ထိခိုက်နစ်နာ လာနိုင်တာကြောင့် ဆက်ပြီး ကုန်သွယ်နေတာလွဲပြီး တခြားလမ်း ရွေးစရာမရှိဘူးလို့တောင် ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဝါရှင်တန်မှာတော့ တရုတ်ရဲ့ ခြိမ်းခြောက်မှုက စိုးရိမ်စရာ ဖြစ်လာနေပြီ ဆိုတာဟာ အစိုးရရော အတိုက်အခံရော နှစ်ဖက်စလုံး သဘောတူကြတဲ့ ရှားရှားပါးပါး အချက်တွေထဲက တချက် ဖြစ်ပါတယ်။

ကုန်စည်စီးဆင်းမှုတွေကို ပြန်လည် ပုံစံပြောင်း လည်ပတ်စေဖို့ ဆိုတာကလည်း နှစ်ပေါင်းများစွာ အချိန်ယူရနိုင်သလို ငွေကုန်ကြေးကျလည်း အင်မတန် များမှာ ဖြစ်ပြီး တခြားလွယ်ကူတဲ့ နည်းလမ်းမျိုး မရှိပါဘူး။

တရုတ်မှာလည်း သူတို့နဲ့ ဆက်လက် ကုန်သွယ်နေသူတွေကို ပြန်လည်ချီးမြှောက်တာမျိုးတွေ လုပ်နိုင်သလို မလုပ်သူတွေကိုလည်း ထိခိုက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါပြီ။

ဒါပေမယ့် မစ္စတာရှီရဲ့ တတိယသက်တမ်း အစပျိုးချိန်မှာပဲ ကမ္ဘာကြီးမှာလည်း ကြီးမားတဲ့ အပြောင်းအလဲကြီးတွေ ဖြစ်လာနေပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း တရုတ်နဲ့ ရုရှားတို့ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုနိင်ပေမယ့် ပြဿနာအများစုက သူတို့ မွှေးခဲ့တဲ့ မီးတွေ ဖြစ်နေပါတယ်။