ထရမ့်ရဲ့အခွန်စစ်ပွဲတွေဟာ တရုတ်ကိုပဲ ပစ်မှတ်ထားတာလား

ဇွန်လ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်၊ ဂျပန်နိုင်ငံ အိုဆာကာမှာပြုလုပ်ခဲ့တဲ့ G20 ခေါင်းဆောင်များအစည်းအဝေး အတွင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကုန်သွယ်ရေးအငြင်းပွားမှုတွေရှိနေတဲ့ကြားကပဲ သမ္မတရှီဟာ "လူတော်" လို့ထရမ့်က ပြောဆိုခဲ့ပါတယ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြီးမားလှတဲ့ကုန်သွယ်စည်းကြပ်ခွန်တိုးကောက်မှု အစီအစဥ်အရဆိုရင် နိုင်ငံပေါင်းဒါဇင်ချီကနေ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခွန်နှုန်းတွေကို ကနဦးတိုးကောက်ဖို့ပါ။ သူ အခွန်တိုးကောက်တဲ့ အဲဒီနိုင်ငံတွေထဲကအချို့ဆိုရင် အမေရိကန်နဲ့ လက်တွဲမြဲခဲ့တဲ့ကာလရှည် မဟာမိတ်တွေတောင်ပါဝင်ပါတယ်။

ဒါပေမယ့်လည်း ဧပြီလ ၉ ရက်မှာ ဒီအစီအစဥ် စတင်အသက်ဝင်ပြီး နာရီပိုင်းအတွင်းမှာပဲ ထရမ့်ဟာ တစ်နိုင်ငံတည်းနဲ့ဖြစ်တဲ့ ကုန်သွယ်စစ်ကို အာရုံစိုက်တဲ့အနေနဲ့ ကုန်သွယ်ခွန်တွေ တိုးကောက်တာကို ရက် ၉၀ ဆိုင်းငံ့ဖို့ ကြေညာခဲ့ပါတယ်​။ အဲဒီနိုင်ငံက တရုတ်ဖြစ်ပါတယ်။

ဒီကြေညာချက်ကြောင့်ပဲ ထရမ့်ဟာ တရုတ်ကိုပဲ အမြဲပစ်မှတ်ထားခဲ့တာလားဆိုပြီး အကဲခတ်တွေကြား တွေးစရာဖြစ်လာပါတယ်။

ထရမ့်ဟာ သူ တကျော့ပြန် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက ကုန်သွယ်ရေးကို အာရုံစိုက်ခဲ့ပြီး နိုင်ငံတွေအပေါ် မြင့်မားတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေ ကောက်မယ့်အကြောင်း လေသံပစ်နေခဲ့တာပါ။

ကုန်သွယ်ဖက်နိုင်ငံတွေဟာ အမေရိကန်ဆီကနေ အမြတ်ထုတ်နေတယ်လို့ သူက ပြောပြီး ဒါကြောင့်ပဲ ပြည်တွင်းက နယ်ပယ်အသီးသီးအပေါ် ရိုက်ခတ်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဧပြီ ၂ ရက်နေ့က သူ လက်မှတ်ထိုးလိုက်တဲ့ ကမ္ဘာပေါ်က နိုင်ငံအများအပြားအပေါ် ကုန်သွယ်စည်းကြပ်ခွန်တိုးမြှင့်သတ်မှတ်မယ့် သူ့ရဲ့ သမ္မတအမိန့်ကြောင့် စတော့ရှယ်ယာစျေးတွေ ရုတ်တရက်စျေးကျတာတွေဖြစ်ခဲ့သလို၊ ကမ္ဘာကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

ရက် ၉၀ ဆိုင်းငံ့တဲ့ ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာတော့ အဲဒီလိုလုပ်ဆောင်တာဟာ ထရမ့်ရဲ့ အစီအစဥ်တွေထဲက အစိတ်အပိုင်းဖြစ်ပြီး ကုန်သွယ်စည်းကြပ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖို့နဲ့ အဲဒါကို ပြန်ရပ်ဆိုင်းတာမျိုးကလည်း တစ်နိုင်ငံချင်းစီနဲ့ ညှိနှိုင်းနိုင်ဖို့ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆိုင်းငံ့တဲ့အထဲမှာတော့ တရုတ်နိုင်ငံအတွက် မပါပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ရှိမှာ အမေရိကန်မူအရ တရုတ်နိုင်ငံအပေါ်ကို ကုန်သွယ်စည်းကြပ်ခွန် ၁၄၅ ရာခိုင်နှုန်းအထိ မြှင့်တင် သတ်မှတ်ခဲ့ပါတယ်။ တကယ့်ရည်ရွယ်ချက်ကတော့ တရုတ်နိုင်ငံကို အပြစ်ပေးပြီး ညှိနှိုင်းလာဖို့ ဖိအားပေးတာလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

"သူတို့က အမေရိကန်ကုန်သွယ်ရေးပြဿနာအတွက် အကြီးမားဆုံးသောအရင်းအမြစ်ပါ" လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်က သတင်းထောက်တွေကို ပြောပါတယ်။ "ပြီးတော့ တကယ့်ကို သူတို့ဟာ ကျန်တဲ့ကမ္ဘာကြီးအတွက်လည်း ပြဿနာပါ"လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာမှာ ဒုတိယအကြီးဆုံးစီးပွားရေးရှိတဲ့နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ နွှဲဖို့ ရွေးလိုက်တာဟာ အန္တရာယ်များပါတယ်။ တရုတ်ကလည်း သူ့နိုင်ငံအတွင်းတင်သွင်းတဲ့ အမေရိကန်ကုန်ပစ္စည်းအားလုံးအပေါ်ကို ဧပြီ ၁၂ ရက်ကစလို့ အခွန် ၁၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်တယ်ဆိုပြီး ပြန်လည်တုံ့ပြန်ပါတယ်။

လက်ရှိ ထရမ့် လုပ်နေတာတွေဟာ သူ့ရှေ့က သမ္မတ ဘားရတ်အိုဘားမား လက်ထက်က လုပ်ခဲ့တဲ့ အရှေ့ဦးစားပေးမူဝါဒလို တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ သြဇာနဲ့ အင်အားကို ရင်ဆိုင်ဖို့ ကြိုးပမ်းချက်ကို ချဲ့ထွင်နိုင်ရေး လုပ်ဆောင်ချက်လို့လည်း မြင်နိုင်ပါတယ်။

"အခုအချိန်ဟာ ခေတ်သစ်ဖြစ်ပြီး စီပွားရေးဟာ အဲဒီခေတ်သစ်ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းလည်း ဖြစ်ပါတယ်" လို့ စာရေးဆရာ၊ နိုင်ငံရေးသုံးသပ်သူ တင်မ် မာရှယ်က ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ပြောခဲ့ပါတယ်။

"ကျွန်တော်ယုံကြည်ပါတယ်။ ဒါက တရုတ်ကိစ္စပါပဲ။ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေအတွက်တော့ ကုန်သွယ်စည်းကြပ်ခွန်ဟာ အားလျော့သွားမှာပါ။ ပြီးတော့ တရုတ်ကိုတော့ မီးထိုးပေးမှာပါ" လို့သူကပြောပါတယ်။

ဧပြီလ ၉ ရက်၊ ၂၀၂၅ ခုနှစ်၊ ရှန့်ဟိုင်းက ကျွဲပုံတူရုပ်ကြီးနာမှာ ဆော့ကစားနေတဲ့ မိန်းကလေးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နဲ့ ကုန်သွယ်စစ်ပွဲအရှိန့်မြင့်တက်နေခြင်းကနေ ရှောင်လွဲဖို့ဆိုရင် ပြည်တွင်းကထုတ်တဲ့ ပစ္စည်း တွေကိုသာ ဝယ်ယူကြလိမ့်မယ်လို့ တရုတ်စားသုံးသူအချို့ကပြော

တရုတ်ကလည်း မလျှော့ပါ

ထရမ့်က အိမ်ဖြူတော်ကိုပြန်ရောက်လာခဲ့တဲ့ အချိန်ကတည်းက တရုတ်နဲ့ အမေရိကန်တို့ဟာ တင်းမာတဲ့ကုန်သွယ်စစ်အသွင်ရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ အပြန်အလှန် ကုန်သွယ်ခွန် တိုးကောက်ကြတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ထရမ့်ရဲ့ ကုန်သွယ်စည်းကြပ်ခွန်သတ်မှတ်မှုတွေဟာ "ကိန်းဂဏန်း ကစားပွဲမျိုးပါပဲ။ တကယ်လက်တွေ့မှာ သိသာလှတာမျိုး မဟုတ်ပါဘူး" လို့ တရုတ်စီးပွားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

"အမေရိကန်က တရုတ်တင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်ခွန်းစည်းကြပ်မှုတွေဆက်သတ်မှတ်နေရင်လည်း တရုတ်ကတော့ ဥပေက္ခာပြုထားပါလိမ့်မယ်" လို့ ဖြည့်စွက်ပြောပါတယ်။

ထရမ့်အစိုးရအဖွဲ့က "အနိုင်ကျင့်ဗိုလ်ကျ" သူတွေလို့ တရုတ်အစိုးရခေါင်း‌ဆောင်တွေဘက်က ထပ်ခါတလဲလဲပြောနေပြီး လိုက်လျောပေးဖို့ကိုတော့ မလိုလားကြဘူးလို့ ဘီဘီစီရဲ့ တရုတ်သတင်းထောက် စတီဖင် မတ်ခ်ဒွန်နယ်က ပြောပါတယ်။

တရုတ်ပြည်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ မော်စီတုန်းက ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်ကိုပြောခဲ့တဲ့ "ဒီစစ်ပွဲဘယ်လောက်ကြာပါစေ အရေးမကြီးဘူး။ ဘယ်တော့မှ အလျှော့ပေးလိမ့်မှာမဟုတ်ဘူး" ဆိုတဲ့ပြောဆိုမှုနဲ့ သူရဲ့ပုံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သူရဲ့လူမှုကွန်ရက်မှာ တင်ခဲ့ ပါတယ်။

"ကျွန်မတို့ တရုတ်တွေပါ။ ရန်စမှုကိုကြောက်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ နောက်ဆုတ်တပ်ခေါက် မှာမဟုတ်ပါဘူး" လို့ သူရဲ့ ပိုစ့်မှာမှတ်ချက်ပြုရေးသားခဲ့ပါတယ်။

တရုတ်ဟာ ဒီလိုရပ်တည်ဖို့အတွက်ဆိုရင်လည်း အခြားသောနိုင်ငံတွေထက် ကြံ့ခိုင်နေတယ်လို့ မက်ခ် ဒွန်နယ်က မှတ်ချက်ပြုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
ဓာတ်ပုံ ပုံစာ, တရုတ်က ကမ္ဘာလုံးဆိုင်ရာအတွက် အကြီးမားဆုံးစိန်ခေါ်မှုလို့ အမေရိကန်အစိုးရက ယူဆထား တယ်လို့ ပညာရှင်တွေက ပြောပါတယ်

အမေရိကန်ဖိအား တရုတ်ဘယ်လောက် ခံနိုင်ရည်ရှိမလဲ

အခုနောက်ဆုံး သွင်းကုန်စည်းကြပ်မှု မသတ်မှတ်ခင်အထိတော့ တရုတ်ဟာ အမေရိကန်ကို ပို့တဲ့ ပို့ကုန်ပမာဏဟာ တရုတ်နိုင်ငံရဲ့ အသားတင်ထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းပမာဏပဲ ရှိခဲ့တာပါ။

တရုတ်ရဲ့ အမေရိကန်အပေါ် ကုန်သွယ်မှုအပိုင်း ထိတွေ့မှုက သမ္မတထရမ့်ရဲ့ ပထမသက်တမ်းတုန်းကထက်ကို သိသိသာသာ နည်းပါး တယ်လို့ ဗြိတိန်မှာရှိတဲ့ City Index က အကြီးတန်းစျေးကွက်သုတေသနပြုလုပ်သူ ဖီအိုနာ စင်ကော့တာက ဘီဘီစီကို ပြောပါတယ်။

"အမေရိကန် စျေးကွက်ကို မှီခိုနေရတာကို တရုတ်က လျှော့ချနေတာပါ။ ဒါကြောင့် ထရမ့် ပထမသက်တမ်းတုန်းက တရုတ်ပို့ကုန် ၂၆ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ အခုတော့ ၁၃ ရာခိုင်နှုန်းပတ်လည်ပဲ ရှိပါတော့တယ်" လို့ သူကပြောပါတယ်။

ဘေဂျင်းအနေနဲ့ ထရမ့်ရဲ့ စီးပွားရေးစီမံဆောင်ရွက်မှုတွေကို မျှော်လင့်ထားနိုင်ခြေရှိခဲ့တယ်လို့ အခြားပညာရှင်တွေက ထပ်ပေါင်းပြောကြပါတယ်။

"ဟိုးအရင်ကတည်းကကို ပြင်ဆင်ထားတာပါ" လို့ ဘေဂျင်းက ပညာတော်သင်တွေနဲ့ အာဏာပိုင်တွေနဲ့ ပူပူနွေးနွေး တွေ့ဆုံထားတဲ့ The Economist သတင်းစာ အယ်ဒီတာ ဒေးဗစ် ရန်နီက တရုတ်ရဲ့ ကြိုပြင်ဆင်ထားမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ ကို ပြောပါတယ်။

"ရေတို ကာကွယ်နိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေကိုလည်း သူတို့လုပ်ထားပါတယ်။ ဒါပေမယ့်လည်း ရေရှည်အတွက် ပြင်ဆင်ချက်တွေကိုလည်း ကြိုးစားနေပါတယ်။ သွင်းကုန်ပစ္စည်းတွေအပေါ် အလွန်အမင်း မှီခိုနေရတဲ့ စီးပွားရေးစနစ်ကြီးတစ်ခုလုံးကို ပြောင်းလဲဖို့နဲ့ ပြန်လည်ချိန်ညှိနိုင်ဖို့လည်း ကြိုးစားနေတာပါ"

အမေရိကန်နဲ့ အဲဒီကုန်သွယ်စစ်အလယ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကုန်သွယ်မှုမိတ်ဖက်အသစ်တွေနဲ့ အလုပ်လုပ်ရင်း ကျားကန်နေပုံရပါတယ်။

အမေရိကန်ရဲ့ ကုန်သွယ်ခွန်စည်းကြပ်တာ ခံရတဲ့နိုင်ငံတွေအချင်းချင်း ပူးပေါင်းကြဖို့ကိုလည်း တရုတ်က တိုက်တွန်းနေတာပါ။

ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံအနေနဲ့ ထရမ့်အစိုးရရဲ့ "တစ်ဖက်သက် ဗိုလ်ကျစိုးမိုးတဲ့လုပ်ရပ်တွေကို ပူးပေါင်းခုခံ" သင့်တယ်လို့ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်နဲ့ သမ္မတရှီတို့ရဲ့ ဧပြီ ၁၁ ရက်နေ့ အစည်းအဝေးအတွင်းမှာ သမ္မတရှီက ပြောခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ သွင်းကုန်စည်းကြပ်မှုကို ဆိုးဆိုးရွားရွားခံစားရတဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ ကမ္ဘောဒီယား တို့လို အာရှကနိုင်ငံတွေကို သမ္မတရှီက အလည်အပတ် သွားရောက်ဖို့အတွက်စီစဥ်ထားပါတယ်။

တရုတ်သမ္မတ ရှီကျင်ပင်းရဲ့ အရှေ့တောင်အာရှ ဒုတိယခရီးတထောက်အဖြစ် မလေးရှားကို ရောက်ခဲ့ ပါတယ်။

စွဲမက်ဖွယ် ထိုးစစ်ဆိုပြီး ပြောနေကြပေမယ့် အမေရိကန်ကို အကောက်ကြံဖို့ ကြိုးပမ်းမှုဆိုပြီး ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန် သွင်းကုန်ခွန် တိုးမှုနဲ့ ရင်ဆိုင်နေရချိန်မှာ ဒေသတွင်းမှာ တည်ငြိမ်တဲ့ ကုန်သွယ်ရေး မဟာမိတ် အဖြစ် ရပ်တည်ဖို့ တရုတ်က ကြိုးစားနေတာပါ။

တရုတ်သမ္မတနဲ့ မတွေ့ခင်မှာလည်း မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အေအိုင်နဲ့ နည်းပညာသစ်အပါအ၀င် နေရာပေါင်းစုံမှာ ပူးတွဲ လုပ်ကိုင်ကြမယ်ဆိုပြီး ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်ကြား စီးပွားရေး မဟာမိတ် ရွေးရမယ့်အလုပ်မျိုး လုပ်မှာ လုပ်နိုင်မှာ မဟုတ်ဘူးဆိုပြီး တနင်္လာနေ့က မလေးရှား ကုန်သွယ်ရေး ဝန်ကြီးက ဘီဘီစီကို ပြောကြားပါတယ်။

"ကုန်သွယ်ရေးစနစ်သန်မာတဲ့ပြုပြင်ပြောင်းလဲမှု၊ လွတ်လပ်၊ မျှတပြီး အဆင့်လိုက် လုပ်ဆောင်နိုင်တဲ့အခြေအနေမျိုး တည်ထောင်ခြင်း" စတာတွေကို မြှင့်တင်နိုင်ဖို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်စီးပွားရေးဝန်ကြီး ဝမ်ဝန်‌ထောင်ကလည်း ဥရောပသမဂ္ဂ၊ ဆော်ဒီအာရေဗျနဲ့ တောင်အာဖရိက တို့က စီးပွားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံပြောဆိုခဲ့ပါသေးတယ်။

တရုတ်နိုင်ငံ၊ ရှန့်ဟိုင်းမြို့ပြင်ဘက်နား၊ Yangshan ဆိပ်ကမ်းက တရုတ်အလံတင်ထားတဲ့ သင်္ဘောတင် ကွန်တိန်နာများ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ တရုတ်နဲ့ကမ္ဘာတစ်ဝန်းက အခြားသော နိုင်ငံတွေရဲ့ဆက်ဆံရေးကို စွန့်စားရမှုဖြစ်လာစေနိုင်

တရုတ်အတွက်ဖြစ်လာနိုင်တဲ့အန္တရာယ်

အခုလိုအချိန်မှာ တရုတ်ဟာ အခြားသောနိုင်ငံတွေကို ဆက်သွယ်ပြောဆိုနေရတဲ့ အကြောင်းပြချက်တစ်ခုကတော့ အဲဒီနိုင်ငံတွေကို အာမခံဖို့ ဖြစ်နိုင်ပါတယ်။

တရုတ်က သူ ရရှိထားတဲ့အမေရိကန်ရဲ့ စျေးကွက်နေရာမှာ အခြားစျေးကွက်ကို အစားထိုးဖို့ စဥ်းစားနိုင်ပေမယ့်လည်း အဲဒီနေရာသစ်တွေအတွက် လတ်တလောပြဿနာမျိုးဖြစ်လာနိုင်သလို ဘေဂျင်းအတွက်လည်း သံတမန်ရေးရာအပိုင်းမှာ ဦးနှောက်စားစရာဖြစ်လာနိုင်ပါတယ်။

"အမေရိကန်မှာ မရောင်းနိုင်တော့တဲ့ တရုတ်ထုတ်ကုန်တွေကို ကမ္ဘာတဝန်းက အဲဒီ စျေးကွက်တွေထဲ အလုံးအရင်းနဲ့ ဝင်ရောက်သွားစေမယ်ဆိုရင် အဲဒီနိုင်ငံတွေက အလုပ်အကိုင်နဲ့ အခွင့် အလမ်းတွေကို သွားထိမှာပဲ။ ဒါဆိုရင် ဒီဟာက တရုတ်ခေါင်းဆောင်ပိုင်းအတွက် ပထဝီ နိုင်ငံရေးရော ကြီးမားတဲ့သံတမန်ရေးရာအတွက်ပါ ခေါင်းခဲစရာဖြစ်လာမှာ" လို့ ရန်နီကပြောပါတယ်။

နောက်ထပ်ပြဿနာက ပြည်တွင်းစျေးကွက်ပါပါ။ အမေရိကန်ပစ္စည်းတွေစျေးကြီးလာရင် ပြည်တွင်းထုတ် တံဆိပ်တွေကို လွယ်လွယ်လေးပဲ ပြောင်းကိုင်လိုက်မှာပါလို့ တရုတ်ကစားသုံးသူတွေက ပြောကြပါတယ်။ လက်ရှိမှာတော့ တရုတ်စီးပွားရေးဟာ အားပျော့နေတဲ့အချိန်ပါ။

တရားဝင်စာရင်းတွေနဲ့ စားသုံးသူနှုန်းအညွှန်းကိန်းအရတော့ ငွေကြေးဖောင်းပွမှုကို တိုင်းတာရာမှာ မတ်လထဲမှာ ကျဆင်းခဲ့ပါတယ်။ ပြည်တွင်းမှာဝယ်လိုအားတွေများနေတာမျိုး တော့ မတွေ့ရပါဘူး။

"စီးပွားရေးစစ်ပွဲအတွင်း ပူပူဆူဆူဖြစ်နေတဲ့ အခြေအနေအတွက် ပြင်ဆင်နေရတာကြောင့် တရုတ်နဲ့ အမေရိကန်ဟာ အန္တရာယ်ရှိနိုင်တာကိုသတိပြုပြီး ပူပန်နေရနိုင်တယ်" လို့ တရုတ်နိုင်ငံကနေ ပြန်ရောက်လာတာမကြာသေးတဲ့ အမေရိကန် နိုင်ငံရေးသိပ္ပံ ပညာရှင် ပါမောက္ခ ဂရေဟမ် အဲလက်ဆမ် ကပြောပါတယ်။

"အနည်းဆုံး မြင်ခဲ့ရတာကို ပြန် ပြောပြရရင် အနည်းဆုံးတော့ (တရုတ်ဟာ) တစ်ခုခုကြုံလာရမယ်ဆိုရင် ကဏ္ဍစုံ၊ နယ်ပယ်စုံမှာ တောင့်ခံထားနိုင်အောင် ပြင်ထားတာတွေ့ခဲ့ရတယ်။ အထောက်အထားအားလုံးမှ အနည်းဆုံးကို မြင်ခဲ့ရပါတယ်။ ပြီးရင်တော့ ပြန်ရင်ဆိုင်မယ်ပေါ့'' လို့ ပါမောက္ခ ဂရေဟမ် အဲလက်ဆမ်ကပြောပါတယ်။

"ကုန်သွယ်ခွန်စစ်ပွဲဟာ နှစ်ဖက်စလုံးရှုံးမယ့် အခြေအနေဆိုတာကို တရုတ်ရဲ့ ခေါင်းဆောင်တွေကသိထားပါတယ်" "အမေရိကန်တွေထက် ပိုကောင်းတဲ့ အခက်အခဲတွေကို ခံနိုင်ရည်ရှိမယ်လို့ သူတို့ထင်တယ်"