ထရမ့်အခွန်တိုးလို့ အမေရိကန်မှာ စျေးပိုကြီးမယ့် အရာ ခြောက်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထိပ်တန်း ကုန်သွယ်ဖက် နိုင်ငံတချို့က လာတဲ့ ဒေါ်လာဘီလျံချီတန်တဲ့ ကုန်စည်တွေအပေါ် သွင်းကုန်ခွန်အမျိုးမျိုး ချမှတ်လိုက်ပါတယ်။
အမေရိကန်နိုင်ငံထဲ သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံတွေအပေါ် အခွန်တိုးကောက်မှာဖြစ်ပြီး မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်ကလာတဲ့ ကုန်စည်တချို့အပေါ်မှာလည်း အခွန်တိုးမှာပါ။ ဒီအတွက် ကနေဒါ၊ တရုတ်နဲ့ ဥရောပသမဂ္ဂဘက်ကလည်း တန်ပြန် အခွန်တိုးတာတွေ ရှိလာပါတယ်။
အမေရိကန် သွင်းကုန်ခွန်နဲ့ ဒါကို တုံ့ပြန်တဲ့ အခွန်ကောက်မှုတွေကြောင့် အမေရိကန်စားသုံးသူတွေအတွက် စျေးတွေတက်လာနိုင်ကြောင်း ဘောဂဗေဒ ပညာရှင်တွေက သတိပေးပါတယ်။
ပြည်တွင်းကုမ္ပဏီတွေ ပေးရတဲ့ သွင်းကုန်ခွန်တွေကြောင့် စားသုံးသူတွေအပေါ် ကုန်ကျစရိတ် ပိုလာတာ ဖြစ်ပါတယ်။ နောက်ပြီး သွင်းကုန်ကို လျှော့ချလိုက်ရင် ကုန်အ၀င်နည်းပြီး စျေးပိုကြီးလာနိုင်ပါတယ်။
ဒါကြောင့် ဘယ်ကုန်စည်တွေ ပိုစျေးကြီးလာနိုင်သလဲ။
ကားစျေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်လက်ထက်မှာ ကနေဒါနဲ့ မက္ကဆီကိုကို သွင်းကုန်ခွန်သစ် ၂၅ ရာခိုင်နှုန်း ကောက်ပေမယ့် တချို့ကားတွေကို ယာယီကင်းလွတ်ခွင့် ပေးထားပါတယ်။
ဒါကို ရပ်လိုက်ရင်တော့ ကားစျေး ဒေါ်လာ သုံးထောင်လောက် တက်လာနိုင်တယ်လို့ TD Economics က ခန့်မှန်းပါတယ်။
ကားတစီး မဆင်ခင်မှာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်တွေကို ကားအစိတ်အပိုင်းတွေ အကြိမ်များစွာ ဖြတ်သန်းနေလို့ ဖြစ်ပါတယ်။
အော်ဒီ၊ ဘီအမ်ဒဗလျူ၊ ဖို့ဒ်၊ ဂျီအမ်နဲ့ ဟွန်ဒါ စတဲ့ နာမည်ကြီး ကားကုမ္ပဏီတွေက ဒီသုံးနိုင်ငံကို ဖြန့်ပြီး ကားအစိတ်အပိုင်းတွေနဲ့ ကားတွေ ကုန်သွယ်ကြပါတယ်။
ဘီယာ၊ ၀ီစကီနဲ့ တကီလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ကုမ္ပဏီတွေ သွင်းကုန်ခွန် ပိုပေးလာရလို့၊ လျှော့သွင်းလို့ မက္ကဆီကိုက မော်ဒဲလိုနဲ့ ကိုရိုနာလို နာမည်ကြီး ဘီယာတွေ အမေရိကန်မှာ စျေးပိုကြီးလာနိုင်ပါတယ်။
မော်ဒဲလို ဘီယာက အမေရိကန်မှာ ၂၀၂၃ အတွက် နံပါတ်တစ် ဘီယာ ဖြစ်ခဲ့ပြီး ခုထိ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး အကောက်ခွန် အများကြီး လွှတ်ပေးထားတဲ့ အရက်တွေအတွက်တော့ အနေအထားက ပိုပြီး ရှုပ်ထွေးပါတယ်။
ဒီလို သွင်းကုန်ခွန်တွေ မတိုးခင်မှာ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အရက်လုပ်ငန်းရှင်တွေ စုပြီး အလွန်အမင်း စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ထားပါတယ်။
ဘာဘွန်း၊ တင်နက်ဆီ ဝီစကီ၊ တကီလာနဲ့ ကနေဒါ ၀ီစကီလို ထင်ရှားတဲ့ အရက်တွေကို ဆိုင်ရာ နိုင်ငံမှာပဲ ထုတ်နိုင်ကြောင်း လုပ်ငန်းရှင်တွေက စောဒကတက်ပါတယ်။
ဒီအရက်ချက်လုပ်ငန်းတွေကို အလွယ်တကူ ရွှေ့လို့မရလို့ အရက်စျေးတက်မှာ ဖြစ်ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေက အရက်မျိုးစုံကို ကုမ္ပဏီအများကြီးက ပိုင်တယ်လို့လည်း လုပ်ငန်းရှင်တွေက ဆိုပါတယ်။
အိမ်စျေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်မှာ သုံးတဲ့ သစ်ပျော့ အချောထည် သုံးပုံတပုံလောက်ကို ကနေဒါကနေ နှစ်စဉ် တင်သွင်းပြီး ထရမ့်ရဲ့ အခွန်တိုးကောက်မှုကြောင့် ဒီ အရေးကြီးတဲ့ အိမ်ဆောက်ပစ္စည်းစျေးကို ထိခိုက်နိုင်ပါတယ်။
အမေရိကန်မှာ သုံးနိုင်တာထက်ပိုပြီး သစ်ချောထည် ပေါတယ်လို့ ထရမ့်က ပြောဖူးပါတယ်။
ဒါပေမဲ့လည်း အိမ်ရာ၀ယ်ယူနိုင်မှုအပေါ် ဆိုးကျိုး ဖြစ်စေနိုင်တဲ့အတွက် အိမ်ဆောက်ပစ္စည်းတွေကို ကင်းလွတ်ခွင့်ပေးဖို့ အမေရိကန် အိမ်ဆောက်လုပ်ငန်းရှင်အသင်းက သမ္မတကို တောင်းဆိုထားပါတယ်။
သစ်ချောထည်ကို သွင်းကုန်ခွန် တိုးကောက်ရင် အိမ်ဆောက်စရိတ်တွေ တက်လာမှာကို အိမ်ဆောက်လုပ်ငန်းရှင်အုပ်စုက စိုးရိမ်ပါတယ်။ အမေရိကန်အိမ်အများစုက သစ်သားနဲ့ ဆောက်တာဖြစ်လို့ အိမ်ရာလုပ်ငန်းရှင်တွေ အိမ်သစ်တွေ ဆောက်ဖို့ လက်တွန့်စေပါတယ်။
ကမ္ဘာတလွှားက သွင်းကုန်တွေအပေါ်မှာလည်း သက်ရောက်နိုင်ပါတယ်။
ပြည်တွင်းဖြစ်ကို ပိုအားပေးလာအောင် ဖန်တီးတဲ့အနေနဲ့ ကမ္ဘာအနှံ့က လာတဲ့ သစ်သား အကြမ်းထည်နဲ့ သစ်ချောထည်အများစုကို ထပ်တိုးအခွန်ကောက်သင့်သလား စုံစမ်းဖို့လည်း ထရမ့်က အမိန့်ထုတ်ထားပြီး ဒီနှစ်ကုန်ပိုင်းမှာ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။
မေပယ်ရည်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကနေဒါနဲ့ ကုန်သွယ်ရေးစစ်မှာ အိမ်တိုင်းကို ထိမယ့် ကိစ္စက ကနေဒါကလာတဲ့ မေပယ်ရည် စျေးနှုန်းဖြစ်ကြောင်း လန်ဒန်တက္ကသိုလ် ဘောဂဗေဒနဲ့ နိုင်ငံရေးသိပ္ပံကျောင်းက သောမတ် ဆမ်ဆန်က ပြောပါတယ်။
ကနေဒါက ဒေါ်လာဘီလျံချီတန်တဲ့ မေပယ်ရည်လုပ်ငန်းကနေ ကမ္ဘာ့မေပယ်ရည်စျေးကွက်ရဲ့ ၇၅ ရာခိုင်နှုန်းအတွက် ထုတ်လုပ်ပေးပါတယ်။
ဒီအချိုရည်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ကွီဘက်ပြည်နယ်က ထုတ်ပါတယ်။
အမေရိကန်မှာ ထုတ်ပေမယ့် ကနေဒါက လာတဲ့ သွင်းကုန်ကို သုံးတဲ့ ပစ္စည်းကို၀ယ်ရင်လည်း စျေးတက်တာနဲ့ ကြုံမှာပဲ ဆိုပြီး မစ္စတာ ဆမ်ဆန်က ပြောပါတယ်။
ဓာတ်ဆီစျေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကနေဒါက အမေရိကန်ရဲ့ အကြီးဆုံး ရေနံစိမ်း တင်သွင်းတဲ့ နိုင်ငံဖြစ်တယ်။
၂၀၂၄ ဇန်န၀ါရီကနေ နို၀င်ဘာကြားမှာ အမေရိကန်ကို သွင်းတဲ့ ရေနံ ၆၁ ရာခိုင်နှုန်းက ကနေဒါက လာကြောင်း အစိုးရ ကုန်သွယ်မှု စာရင်းဇယားတွေအရ သိရပါတယ်။
ကနေဒါက သွင်းကုန်အများစုကို အမေရိကန်က အကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်တဲ့အချိန်မှာ ကနေဒါက သွင်းတဲ့ စွမ်းအင်လောင်စာကိုတော့ ၁၀ ရာခိုင်နှုန်းပဲ ကောက်ပါတယ်။
အမေရိကန်မှာ ရေနံပြတ်မသွားပေမယ့် ကနေဒါက အဓိက လာပြီး မက္ကဆီက တချို့ရတဲ့ ပိုပျစ်တဲ့ ရေနံစိမ်းကို သန့်စင်ဖို့ အမေရိကန် ရေနံချက်စက်ရုံတွေကို တည်ဆောက်ထားပါတယ်။
သဘာ၀ ဓာတ်ငွေ့ရည်၊ ဒီဇယ်နဲ့ လေယာဉ်ဆီ အများဆုံး ထုတ်နိုင်ဖို့အတွက် ရေနံချက်စက်ရုံအများစုမှာ ပိုပျစ်တဲ့ ရေနံစိမ်း ရဖို့လိုကြောင်း အမေရိကန် လောင်စာနဲ့ ရေနံဓာတု လုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။
အမေရိကန်ရဲ့ သွင်းကုန်ခွန်သစ်ကို လက်တုံ့ပြန်ဖို့ ကနေဒါကနေ ရေနံစိမ်းတင်ပို့မှု လျှော့ချလိုက်ရင် ဓာတ်ဆီစျေးတွေ တက်သွားနိုင်ပါတယ်။
ထောပတ်သီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
မက္ကဆီကို ရာသီဥတုမှာ ထောပတ်သီးတွေ လှိုင်လှိုင်သီးပါတယ်။
အမေရိကန်တွေ စားသုံးတဲ့ ထောပတ်သီး ၉၀ ရာခိုင်နှုန်းနီးပါးကို မက္ကဆီကိုက တင်သွင်းပါတယ်။
မက္ကဆီကို သစ်သီး၀လံနဲ့ ဟင်းသီးဟင်းရွက်တွေကို အခွန်တိုးရင် ထောပတ်သီးစျေးတက်လာနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေး ဌာနက သတိပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








