ဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်ခွန် ဘယ်နိုင်ငံတွေ အထိနာနိုင်လဲ

၂၀၁၉ ခုနှစ် အစိုးရအစည်းအဝေးအတွင်း စည်းကြပ်ခွန်လုပ်ဆောင်ထားမှုအခြေအနေ တွေကိုရှင်းပြနေတဲ့ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ကို အမြတ်ထုတ်နေတဲ့ နိုင်ငံတကာကုန်သွယ်ရေးလို့ ဒေါ်နယ်ထရမ့် ဝေဖန်
    • ရေးသားသူ, Jeremy Howell and Onur Erem
    • ရာထူးတာဝန်, BBC World Service

အမေရိကန်သမ္မ ဒေါ်နယ်ထရမ့်က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့က သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုက အဲဒီနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင်ဆုံးရှုံးမှုတွေကို သိသိသာသာ ဖြစ်သွားစေနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

အမေရိကန်ရဲ့ အိမ်နီးချင်း နှစ် နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကိုတို့က အမေရိကန်ကိုတင်သွင်းတဲ့ ကုန်ပစ္စည်းအများစုအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအတွက် ၁၀ ရာခိုင်နှုန်းအဖြစ် သမ္မတကသတ်မှတ် ထုတ်ပြန်ခဲ့ပါတယ်။

ဒါတွေကို အမေရိကန်က ဖြတ်တောက်ချင်နေတဲ့ မူးယစ်ဆေးဝါးဖြစ်တဲ့ မော်ဖင်းနဲ့ ဟီရိုးအင်း တို့ထက် အဆပေါင်းများစွာပြင်းတဲ့ ဖန်တနိုင်း မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေ ကျန်နေသေးတဲ့အထိ လုပ်ဆောင်မှာလို့ ပြောပါတယ်။ ဒ့ါအပြင် ဥရောပသမဂ္ဂအပေါ် ကိုလည်း သွင်းကုန်ခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါသေးတယ်။

ဒါပေမဲ့ အဲဒီနောက် မက္ကဆီကိုနဲ့ ကနေဒါအပေါ် သွင်းကုန်အခွန်စည်းကြပ်ခြင်းကို တစ်လခန့် ရွှေ့ဆိုင်းထားပါတယ်။ ကနေဒါကတော့ အမေရိကန်အပေါ် သွင်းကုန်အခွန် ပြန်လည်စည်းကြပ်မှုနဲ့ တုံ့ပြန်မယ်လို့ ပြောသလို တခြားနိုင်ငံတွေကလည်း အလားတူလုပ်ဆောင်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။

သွင်းကုန်စည်းကြပ်ခွန်ဆိုတာဘာလဲ

နိုင်ငံအတွင်း တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်စည်းကြပ်တာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေက အမေရိကန်က ကုန်ပစ္စည်းတွေကို ပြည်ပကို တင်ပို့တာထက် အမေရိကန် ပြည်တွင်းကို တင်ပို့တဲ့ ကုန်ပစ္စည်းတန်ဖိုးအပေါ် အချိုးကျသတ်မှတ်ပြီး ကောက်ခံရရှိတဲ့ အခွန် စည်းကြပ်ငွေတွေ ဖြစ်ပါတယ်။

တကယ်လို့ ကားတင်သွင်းတဲ့ လုပ်ငန်းတစ်ခုက အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန် ကားတစ်စီးကို တင်သွင်းတဲ့အပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်ဆိုရင် အဲဒီအတွက် သွင်းကုန်အခွန်စည်းကြပ်ငွေ အမေရိကန်ဒေါ်လာ ၁၂,၅၀၀ ကျသင့် မှာ ဖြစ်ပါတယ်။

ဒီအခွန်တွေကြောင့် နောက်ဆုံး ဘယ်သူ့မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမလဲဆိုတာက ကနဦး အခွန်ပေးရတာထက် ပိုရှုပ်ထွေးပါတယ်။

အဲဒီလို အခွန်စည်းကြပ်ခံထားရတဲ့ အမေရိကန် သွင်းကုန်ကုမ္ပဏီက အခွန်တိုးတဲ့ ကုန်ကျစရိတ်ကို အမေရိကန်ရဲ့ သုံးစွဲသူတွေကို စျေးအမြင့်နဲ့ ပြန်ရောင်းချသွားမယ်ဆိုရင် နောက်ဆုံးမှာ သုံးစွဲသူတွေကပဲ စျေးကြီးတဲ့ဒဏ်ကိုခံရမှာ ဖြစ်လာပါမယ်။

ထရမ့်ဘာကြောင့် သွင်းကုန်ခွန်ကို အားထားတာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သွင်းကုန်ခွန်က ပြည်တွင်း အလုပ်အကိုင်နေရာတွေကို အကာအကွယ်ပေးတာ၊ ဖန်တီးပေးတာတွေ ဖြစ်စေနိုင်တယ်လို့ ဒေါ်နယ်ထရမ့်က မကြာခဏ ပြောသလို ဒါတွေကနေ အမေရိကန် စီးပွားရေး တိုးတက်ဖို့နဲ့ ၀င်ငွေခွန်တွေ မြင့်မားစေဖို့ နည်းလမ်းတစ်ခုလို့လည်း သူက မြင်ပါတယ်။

"ကျွန်တော့် အစီအစဥ်အတိုင်းဆိုရင် နိုင်ငံခြားတိုင်းပြည်တွေကြောင့် အမေရိကန်အလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံးမှာမျိုးတွေအတွက် လုံးဝပူပန်စရာလိုမှာ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

"အဲဒီအစား သူတို့အလုပ်အကိုင်တွေကို အမေရိကန်ဆီမှာ ဆုံးရှုံးလိုက်ရမှာကို နိုင်ငံခြားတိုင်းပြည်တွေက စိုးရိမ်ရပါလိမ့်မယ်"လို့ သူက ပြောပါတယ်။

ထရမ့် က ၂၀၁၈ သမ္မတသက်တမ်းမှာ သံနဲ့ အလူမီနီယမ်တွေကို ကောက်ခံတဲ့ အခွန်တွေက အမေရိကန် အမျိုးသား လုံခြုံရေးအတွက်လို့ ပြောပြီး ဒါတွေက အမေရိကန် ကာကွယ်ရေးနဲ့စက်မှု လုပ်ငန်းရဲ့ အခြေခံကုန်တွေလို့ ဆိုပါတယ်။

ဥရောပသမဂ္ဂနဲ့ ကုန်သွယ်မှုမှာလည်း အမေရိကန်အနေနဲ့ ပို့ကုန်ထက် သွင်းကုန်ပိုများနေတဲ့ ပို့ကုန်လိုအပ်ချက် ရှိနေတာကြောင့် အမေရိကန်ရဲ့ ခြိမ်းခြောက်မှု ရှိနေပါတယ်။

"ကျွန်တော်တို့ ကားတွေ၊ လယ်ယာထွက်ကုန်တွေ ဘာဆိုဘာမှ သူတို့(ဥရောပ) မယူသလောက်ပဲ။ ကျွန်တော်တို့ကျတော့ သူတို့ဆီကနေ အားလုံးယူရတယ်"လို့ ထရမ့်က ပြောပါတယ်။

"သန်းပေါင်းများစွာသော ကားတွေ၊ အစားအစာ လယ်ယာထွက်ကုန် တစ်ပုံတစ်ခေါင်းပဲ" လို့လည်းသူက ပြောပါတယ်။

ထရမ့် ပထမ သမ္မတသက်တမ်းတုန်းက ဘယ်လိုအခွန်စည်းကြပ်ခဲ့လဲ

ကယ်လီဖိုးနီးယား၊ သံမဏိစက်ရုံအတွင်း သံမဏိဖြတ်နေတဲ့ အလုပ်သမား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ကိုတင်သွင်းတဲ့ သံမဏိတွေအပေါ် အခွန်စည်းကြပ်ပြီး ပြည်တွင်းထုတ်လုပ်သူတွေကို အကာအကွယ်ပေးခဲ့

ဆိုလာပြားတွေနဲ့ အဝတ်လျှော်စက်တွေတင်သွင်းမှုအပေါ်ကို အခွန် ၅၀ ရာခိုင်နှုန်း အထိ ၂၀၁၈ ခုနှစ်အတွင်း ထရမ့်က စည်းကြပ်ခဲ့တာပါ။ အမေရိကန်ရဲ့ အဲဒီပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ နိုင်ငံတကာရဲ့ မမျှတတဲ့ယှဥ်ပြိုင်မှုနဲ့ ရင်ဆိုင်နေခဲ့ရတာလို့ သူက ပြောခဲ့ပါတယ်။

သံမဏိ ကို ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ခဲ့ပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါက တင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံတွေ အပေါ်ကိုတော့ လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်အရ ချွင်းချက်အနေနဲ့ အခွန်စည်းကြပ်မှု မလုပ်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ မြောက်အမေရိကလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (NAFTA) ကိုလည်း အမေရိကန်-မက္ကဆီကို- ကနေဒါ (USMCA) သဘာတူညီချက်နဲ့ အစားထိုးခဲ့ပါတယ်။

အမေရိကို သံမဏိတင်သွင်းသူတွေထဲမှာ အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဥရောပသမဂ္ဂ အနေနဲ့လည်း အမေရိကန် ဒေါ်လာ သုံး ဘီလျံ ကျော်တန်ဖိုးရှိတဲ့ အမေရိကန်ရဲ့ ပို့ကုန်တွေဖြစ်တဲ့ ဂျင်းအဝတ်အထည်၊ အမေရိကထုတ် ဝီစကီနဲ့ ဟာလီဒေဗစ်ဆင် မော်တော်ဆိုင်ကယ်တွေကို အခွန်ပြန်ကောက်ခဲ့ပါတယ်။

ပြီးတော့ ထရမ့်ဟာ တရုတ်နဲ့ ကုန်သွယ်ရေးမှာလည်း အသားကနေ တူရိယာပစ္စည်းတွေအထိ တရုတ်သွင်းကုန်ပစ္စည်း တန်ဖိုး ၃၆၀ ဘီလျံကျော်အတွက် အခွန်တွေ ချမှတ်ခဲ့တယ်။ အဲဒီအတွက် တရုတ်ဘက်ကလည်း အမေရိကန်ထုတ်ကုန် တန်ဖိုး ၁၁၀ ဘီလျံကျော်အတွက် အခွန် ပြန်ချမှတ်ခဲ့တယ်။

သမ္မတဂျိုးဘိုင်ဒန်လက်ထက်အထိ တရုတ်သွင်းကုန်တွေအပေါ် အခွန်ဆက်လက်ကောက်ခံခဲ့သလို လျှပ်စစ်ကားတင်သွင်းမှုကိုပါ ထပ်မံစည်းကြပ်ခဲ့ပါသေးတယ်။

အခွန်စည်းကြပ်မှုက ဘယ်လိုသက်ရောက်ခဲ့လဲ

ထရမ့်ရဲ့ အခွန်တွေကြောင့် အမေရိကန်က တချို့နိုင်ငံတွေကနေ တင်သွင်းမှု လျော့ကျသွားပေမဲ့ တခြားနိုင်ငံတွေကနေ တင်သွင်းမှုကတော့ တိုးလာခဲ့တယ်။

၂၀၁၈ ခုနှစ်မတိုင်ခင်က အမေရိကန်ကတင်သွင်းတဲ့ ကုန်ပစ္စည်းစုစုပေါင်းထဲမှာ တရုတ်ကုန်ပစ္စည်းက ၂၂ ရာခိုင်နှုန်းပါဝင်သလို ၂၀၂၄ ခုနှစ်မှာတော့ ၁၃.၅ ရာခိုင်နှုန်းသာ ပါဝင်တော့တယ်လို့ အမေရိကန် စာရင်းအင်းဗျူရိုရဲ့ စာရင်းတွေအရ သိရပါတယ်။

မက္ကဆီကိုက တရုတ်နိုင်ငံကိုကျော်တက်ပြီး အမေရိကန်ကို အများဆုံး ပို့ကုန်တင်သွင်းတဲ့ နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်မှာ ရပ်တည်ခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်ဒေါ်လာ ၄၇၆ ဘီလျံတန်ဖိုးအထိ အမေရိကန်ကို ပို့ကုန်တွေ တင်သွင်းထားနိုင်ပါတယ်။ တရုတ်ကတော့ အမေရိကန်ဒေါ်လာ ၄၂၇ ဘီလျံ တန်ဖိုးအထိ ပို့ကုန်တွေ အမေရိကန်ကို တင်သွင်းထားပါတယ်။

ဒါလိုဖြစ်ရတာက အထူးသဖြင့် ကားထုတ်လုပ်သူတွေက အမေရိကန်နဲ့ မက္ကဆီကိုကြားက လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှုနဲ့ မက္ကဆီကိုမှာ ထုတ်လုပ်မှုကုန်ကျစရိတ်နည်းတဲ့ အားသာချက်တွေကို အသုံးချဖို့ ထုတ်လုပ်မှုကို မက်ဆီကိုဘက်ကို ရွှေ့လိုက်ကြလို့လည်း ဖြစ်ပါတယ်။

မက္ကဆီကို နိုင်ငံအတွင်း VW ကားထုတ်လုပ်ရေးစက်ရုံအတွင်းက အလုပ်သမားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်နဲ့ မက္ကဆီကိုကြားက လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ကမ္ဘာကားထုတ်လုပ်မှု အဓိကနေရာဖြစ်လာတဲ့ မက္ကဆီကိုနိုင်ငံ

တရုတ်အပေါ် တင်သွင်းကုန်အခွန်စည်းကြပ်မှုကြောင့် အရှေ့အာရှဘက်က နိုင်ငံတွေကနေ အမေရိကန်ကို ကုန်ပစ္စည်းတင်ပို့မှုတွေ များပြားလာခဲ့ပါတယ်။

ဒါကလည်း တစ်ခုက အဲဒီနိုင်ငံတွေက ကုန်ပစ္စည်းတွေဟာ အမေရိကန် သုံးစွဲသူတွေအတွက် တရုတ်ကုန်ပစ္စည်းတွေထက် ပိုမိုစျေးချိုသွားခဲ့လို့ ဖြစ်ပြီး နောက်တစ်ခုကတော့ တရုတ်ကုမ္ပဏီတွေက အမေရိကန်ရဲ့ သွင်းကုန်ခွန်တွေကို ရှောင်ရှားဖို့အတွက် ဒီနိုင်ငံတွေကို ထုတ်လုပ်မှု ပြောင်းရွှေ့ခဲ့လို့ပဲ ဖြစ်ပါတယ်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးအချက်အလက်တွေအရ ၂၀၁၆ ခုနှစ်အတွင်း အရှေ့တောင် အာရှ နိုင်ငံတွေထဲက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေကထုတ်ကုန်တွေ အမေရိကန်ကိုတင်ပို့တာ အမေရိကန်ဒေါ်လာ ၁၅၈ ဘီလျံတန်ဖိုးအထိရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၃၃၈ ဘီလျံအထိကို ရှိခဲ့ပါတယ်။

"၂၀၁၈ ခုနှစ်တုန်းက အမေရိကန်ရဲ့ တင်သွင်းကုန်စည်းကြပ်မှုကို တရုတ်ကအဆိုးဆုံးခံစားခဲ့ရတာ" လို့ ဗြိတိန် ဆက္ကဆက် တက္ကသိုလ်ရဲ့ စီးပွားရေးပညာရှင် ဒေါက်တာ နီကိုလို တန်ဘာရီက ပြောပါတယ်။

"ပထမသွင်းကုန်စည်းကြပ်တဲ့အချိန်မှာ ဗီယက်နမ်က အကြီးမားဆုံး အမြတ်ထွက်ခဲ့တဲ့ နိုင်ငံလို့ ထင်တယ်။"

သွင်းကုန်ခွန်တွေကြောင့် အမေရိကန် သံမဏိနဲ့ အလူမီနီယံ ထုတ်လုပ်မှု တိုးလာခဲ့ပေမဲ့ ဒီသတ္တုတွေရဲ့ ဈေးနှုန်းလည်း မြင့်တက်သွားခဲ့တယ်လို့ ပါတာဆန် နိုင်ငံတကာစီးပွားရေးအဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။ အဲဒါကြောင့် တခြားထုတ်လုပ်မှုစက်မှုလုပ်ငန်းတွေမှာ ထောင်ချီတဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ထရမ့်ရဲ့ အခွန်စည်းကြပ်ခဲ့မှုကို ဆန်းစစ်ကြည့်ရင် ရလဒ်အနေနဲ့ စျေးကွက်အတွင်း စျေးနှုန်းတွေမြင့် တက်သွားသလို အဲဒါကလည်း အမေရိကန်က စားသုံးသူတွေအတွက် ပိုဆိုးသွားစေခဲ့တယ်လို့ ပါတာဆန်အဖွဲ့ဆီက သိရပါတယ်။

လတ်တလော ဘယ်လိုအခွန်စည်းကြပ်မှုတွေ ရှိလဲ

မက္ကဆီကိုကနေ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Eagle Pass ကိုကျော်ဖြတ်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မူးယစ်ဆေးဝါးနဲ့ ရွှေ့ပြောင်းအခြေချမှုတွေ ကျန်နေသေးသရွှေ့ မက္ကဆီကိုနဲ့ ကနေဒါတို့အပေါ် အခွန်စည်းကြပ်မှုတွေ ဆက်ရှိနေဦးမယ်လို့ ထရမ့်ကပြော

မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က တင်သွင်းတဲ့ ကုန်ပစ္စည်းအားလုံးအပေါ် ၂၅ ရာခိုင်နှုန်းအခွန်စည်းကြပ်မှာ ဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ကနေဒါနိုင်ငံက တင်သွင်းတဲ့ ရေနံနဲ့အခြားစွမ်းအင်ဆိုင်ရာ ထုတ်ကုန်တွေကိုတော့ ၁၀ ရာခိုင်နှုန်းသာ စည်းကြပ်မယ်လို့ ထရမ့်က သတ်မှတ်ထားပါတယ်။ တရုတ်ရဲ့ ကုန်ပစ္စည်းတွေကိုတော့ ၁၀ ရာခိုင်နှုန်း ထပ်စည်းကြပ်မှာ ဖြစ်ပါတယ်။

ကနေဒါနဲ့ တရုတ်နိုင်ငံတို့အပေါ် အခွန်စည်းကြပ်မှုက ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စတင်မှာ ဖြစ်သလို မက္ကဆီကိုအပေါ်ကိုလည်း အဲဒီနေ့မှာပဲ သက်ရောက်မှုရှိမှာဖြစ်ပေမဲ့ ကနေဒါနဲ့မက္ကဆီကိုတို့ကို နောက်တစ်လကို ရွှေ့ဆိုင်း လိုက်ပါတယ်။

ကနေဒါဘက်ကတော့ အမေရိကန်ကို အလားတူတင်သွင်းကုန်စည်းကြပ်မှုအဖြစ် အမေရိကန်က တင်သွင်းတဲ့ ဘီယာ၊ အိမ်သုံးပစ္စည်းနဲ့ အားကစားပစ္စည်းတွေ အပါအဝင် အခြားသော ဝိုင်အမျိုးမျိုးအပေါ် ၂၅ ရာခိုင်နှုန်း ပြန်လည်စည်း ကြပ်မယ်လို့ ပြောထားပါတယ်။

မက္ကဆီကိုနဲ့ တရုတ်ကလည်း ထရမ့်ရဲ့ သတ်မှတ်မှုကို ပြန်လည်တုံ့ပြန်လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။ အီးယူနိုင်ငံတွေအပေါ်လည်း မကြာခင်မှာ အလားတူ အခွန်စည်းကြပ်မှုတွေ လုပ်ဆောင်မယ်လို့ ထရမ့်က ခြိမ်း‌ခြောက်ပြောဆိုထားပါတယ်။

အခွန်စည်းကြပ်မှုက ကနေဒါနဲ့ မက္ကဆီကိုအ‌ပေါ် ဘယ်လောက်အထိနာနိုင်လဲ

အလုပ်လက်မဲ့ ကုန်သည်များ မက္ကဆီကိုမြို့တော်မှာ ဆန္ဒထုတ်ဖော်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုက မက္ကဆီကိုမှာ အလုပ်လက်မဲ့နှုန်းတွေမြင့်လာနိုင်

ဗြိတိန်အခြေစိုက် အမျိုးသား စီးပွားရေးနဲ့ လူမှုသုတေသန ပညာရှင်အဖွဲ့က ပါမောက္ခ စတီဖန်မေးလ်လဒ် ကတော့ တကယ်လို့ အချိန်ကာလကြာရှည်မယ်ဆိုရင် ထရမ့်ရဲ့သွင်းကုန်စည်းကြပ်မှုက ကနေဒါနဲ့ မက္ကဆီကိုတို့ရဲ့ စီးပွားရေးကို အပျက်အစီးအများဆုံး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

နှစ်နိုင်ငံလုံးကအမေရိကန်အပေါ် အများအပြား မှီခိုနေရတာပါ။ မက္ကဆီကိုထုတ်ကုန်ရဲ့ ၈၃ ရာခိုင်နှုန်းနဲ့ ကနေဒါထုတ်ကုန်ရဲ့ ၇၆ ရာခိုင်နှုန်းအထိ အမေရိကန်ကို ရောင်းချနေရတာ ဖြစ်ပါတယ်။

"စက်သုံးဆီနဲ့ စက်ယန္တရားပစ္စည်းအများအပြားကို အမေရိကန်ကို ကနေဒါက ရောင်းချနေရတာပါ" လို့ မေးလ်လဒ်က ပြောပါတယ်။ ထရမ့်ရဲ့ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကြောင့် ငါးနှစ်တာကာလအတွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးက ၇.၅ ရာခိုင်နှုန်း ကျုံ့သွားနိုင်တယ်လို့လည်း ထောက်ပြပါတယ်။

"ငါးနှစ်တာကာလအတွင်း မက္ကဆီကိုရဲ့အသားတင်ထုတ်လုပ်မှုတန်ဖိုးကိုလည်း ၁၂.၅ ရာခိုင်နှုန်းအထိ လျော့သွားစေနိုင်ပါတယ်။ ဒါက အတော်လေးသက်ရောက်မှု ပြင်းထန်တဲ့အရာပါ"

အမေရိကန်ရဲ့ သွင်းကုန်စည်းကြပ်ခွန်သတ်မှတ်ချက်ဟာ မက္ကဆီကို အလုပ်သမားတွေအတွက်အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်လို့ မက္ကဆီကိုအင်စတီကျု ဝီဆမ်စင်တာက ပညာရှင် လီလာအဘဲထ် ကပြောပါတယ်။

"လတ်တလောလေ့လာထားချက်တွေအရ အလုပ်အကိုင်ပေါင်း ၁၄.၆ သန်းလောက်ဟာ မက္ကဆီကို နိုင်ငံအတွင်းက မြောက်အမေရိကားပူးပေါင်းဆောင်ရွက်သူများကုန်သွယ်မှုအပေါ် အားထားနေရသလို၊ ခန့်မှန်းခြေ အလုပ်အကိုင် ၅ သန်းလောက်ဟာ အမေရိကန်နဲ့ မက္ကဆီကိုကုန်သွယ်မှုအပေါ်မှာ တည်မှီ နေတယ်လို့" သူက ပြောပါတယ်။