ပနားမားတူးမြောင်းမှာ တရုတ်လွှမ်းမိုးမှု လျှော့ချဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတောင်းဆို

ပနားမားနိုင်ငံက တူးမြောင်းကိုပိုင်ဆိုင်မှုထားမှုအပေါ် ပနားမားဒေသခံတွေက အပြတ်အသတ်ထောက်ခံကြပေမဲ့လည်း တူးမြောင်းရဲ့ ရေလမ်းကြောင်းအသုံးပြုမှုဆိုင်ရာ အကျိုးအမြတ် ရလာဒ်တွေက ပနားမားဒေသခံတွေဆီကို အမှန်တကယ်မရရှိဘူးလို့ ပြောဆိုမှုတွေရှိသလို ပိုင်ဆိုင်မှုအပေါ်ကိုလည်း အချို့က သံသယ ရှိနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပနားမားတူးမြောင်း ဆိုင်းဘုတ်ရှေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ ပနားမားသမ္မတ တွေ့ဆုံစဥ်။

ပနားမားတူးမြောင်းမှာ တရုတ်ရဲ့ ချုပ်ကိုင်လွှမ်းမိုးမှုတွေကို ချက်ချင်းပြောင်းလဲဖို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး မာကို ရူဘီယိုက ပနားမားကို တောင်းဆိုလိုက်ပါတယ်။

ပနားမားအနေနဲ့ လုပ်သင့်တာတွေကို လုပ်ဆောင်ဖို့နဲ့ မဟုတ်ရင် အမေရိကန်အနေနဲ့ နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်တွေအတိုင်း အခွင့်အရေးတွေ ကာကွယ်ဖို့ လိုအပ်တာတွေကို လုပ်ဆောင် သွားမယ်လို့ အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး သံတမန်ဖြစ်သူ ရူဘီယိုက ပြောဆိုခဲ့တာပါ။

ပနားမားတူးမြောင်းကို ပြန်ယူမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း၊ မာကိုရူဘီယိုက ပနားမားရဲ့ ကွန်ဆာဗေးတစ်သမ္မတ ဂျိုးရာဟူး မူလီနိုနဲ့ ပနားမားမြို့မှာ တနင်္ဂနွေနေ့က တွေ့ဆုံပြောဆိုတဲ့ အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။

၂ နာရီကြာတဲ့ အစည်းအဝေးအပြီးမှာတော့ နှစ်ဖက် မတူညီတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန်အနေနဲ့ စစ်အင်အားသုံးပြီး တူးမြောင်းကို သိမ်းယူမယ့် ပြင်းပြင်းထန်ထန် ခြိမ်းခြောက် မှုမျိုးတော့ သူ့အနေနဲ့ မတွေ့မိဘူးလို့ သမ္မတ မူလီနိုကပြောပါတယ်။ ဒေါ်နယ်ထရမ့် စိုးရိမ်နေတဲ့ တူးမြောင်း အပေါ် တရုတ်ရဲ့ လွှမ်းမိုးမှု ကိစ္စကိုလည်း နှစ်ဦး နှစ်ဖက် လုပ်ငန်း အဆင့် ဆွေးနွေးမှုတွေလုပ်ကြဖို့ သမ္မ မူလီနိုက အကြံပြုခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ပနားမားတူး‌မြောင်းကို ပြန်ယူမယ်လို့ ထရမ့်ရဲ့ပြောဆိုမှုက ပနားမားမှာတော့ မနှစ်မြို့မှုတွေ တော်တော် ဖြစ်သွားစေပါတယ်။ ထရမ့်နဲ့ ရူဘီယိုတို့ရဲ့ ပုံတွေကို ဆန္ဒပြသူတွေက ပြီးခဲ့တဲ့ သောကြာနေ့က ပနားမားမြို့ မှာ မီးရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့ကတော့ တခြား ဆန္ဒပြလူအုပ်တွေကို မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွဲတဲ့အပြင် လူအုပ်စုကွဲစေဖို့ လုပ်ဆောင်လုပ်ခဲ့ပါတယ်။ ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်တွေ့မှုတွေက အနည်းအကျဥ်းလို့ ဆိုနိုင်ပေမဲ့ အမေရိကန် သမ္မတရဲ့ သဘောထားကို မနှစ်မြို့မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

တူးမြောင်းပိုင်ဆိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ မသင့်ဘူးလို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မူလီနိုက ပြောထားပါတယ်။

"တူး‌မြောင်းနဲ့ပတ်သက်ပြီး မညှိနှိုင်းဘူး၊ ညှိနှိုင်းဖို့တောင် လမ်းမဖွင့်နိုင်ဘူး။ တူးမြောင်းက ပနားမားရဲ့ ပိုင်ဆိုင်မှု ဆိုတာ အတည်ပြုထားပြီးသားပါ" လို့ သူက ပြောပါတယ်။

ပနားမားတူးမြောင်းမှာ တရုတ်စစ်သားတွေ ရှိနေတယ်လို့ အထောက်အထားမဲ့ ပြောဆိုမှုတွေ သမ္မတထရမ့်က လုပ်ခဲ့တာပါ။ ဘဘောတူစာချုပ်တွေအောက်က ဥပဒေအရမဟုတ်ဘဲ အမေရိကန်ရဲ့ သင်္ဘောတွေကို မမျှတတဲ့ငွေကြေးတွေ တခြားသူတွေထက် ပိုမိုကောက်ခံနေတယ်လို့လည်း သူက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တူးမြောင်းကို ပနားမားအစိုးရက ပိုင်ဆိုင် လုပ်ပိုင်ခွင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတတည်းက အမေရိကန်နဲ့ ပနားမားတို့အကြား နှစ်ဖက် ဆန္ဒသဘောထားအရ လက်မှတ်ထိုးသဘောတူညီထားခဲ့ကြတာပါ။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေကတော့ တူးမြောင်းအနီးမှာ ဆိပ်ခံတံတားတွေ၊ ဆိပ်ကမ်းတွေကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်လုပ်ဆောင်နေတာပါ။ တူးမြောင်းအဝင်နား ဆိပ်ကမ်း ၅ ခုထဲက ၂ ခုကို ဟောင်ကောင်အခြေစိုက် ကုမ္ပဏီက လည်ပတ်လုပ် ကိုင်နေတာပါ။

ဒါပေမဲ့ တူးမြောင်းကို ရယူဖို့ စစ်အင်အားသုံးမယ်ဆိုတဲ့နည်းကိုတောင် မငြင်းထားတဲ့ သမ္မတ ထရမ့်ရဲ့ တင်းမာတဲ့နည်းလမ်းက ချဥ်းကပ်မှုဟာ သေးငယ်ပြီး မဟာဗျူဟာကျတဲ့နိုင်ငံအတွက် ပြင်းထန်တဲ့ နိုင်ငံချစ်စိတ်၊ အမျိုးသားရေး လက္ခဏာတွေကို လှုံဆော်ပေးရာ ရောက်ခဲ့ပါတယ်။

"အဲဒါ ဟာသပဲ" လို့ ပနားမားမြို့ဒေသခံ မာရီ (မျိုးရိုးနာမည် မဖော်ပြလိုသူ)က ပြောပါတယ်။

"သဘောတူထားတဲ့ စာချုပ်တွေအတိုင်း လေးစားမှုရှိရမယ်။ ပြီးတော့ တရုတ်ရဲ့ ဆိပ်ကမ်းတွေ မရှိရဘူးလို့လည်း စာချုပ်မှာ ဘာတစ်ခုမှ မပါထားဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

ပြီးတော့ အမေရိကန် ဆိပ်ကမ်းတွေနဲ့ မြို့တွေမှာလည်း တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

အမေရိကန်က ထိန်းချုပ်ခဲ့တဲ့ တူးမြောင်းကို ပနားမားပြည်သူတွေက သေချာ အမှတ်ရနေခဲ့ကြတာပါ။ အဲဒီအခြေအနေကို ပြန်မရောက်ချင်ပါဘူးလို့ ခရီးသွားတွေနဲ့ ပနားမား ဦးထုပ်တွေနဲ့ အမှတ်တရလက်ဆောင် တွေရောင်းချနေတဲ့ လမ်းဘေးစျေးတန်းမှာ မာရီက ရှင်းပြပါတယ်။

အမေရိကန်နဲ့ ပနားမားတို့က ၁၉၇၉ ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ပြီး တူး‌မြောင်းကိုအဆင့်လိုက်လွှဲပြောင်းပေးခဲ့တာပါ။ ၁၉၉၉ ခုနှစ်မှာတော့ ပနားမားက အလုံးစုံ ထိန်းချုပ်ခွင့်ရခဲ့ပါတယ်။

"အဖမ်းမခံရဘဲ တူးမြောင်းဇုန်ကို မဖြတ်သန်းနိုင်ကြဘူး၊ အမေရိကန်တွေရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်ခဲ့ကြရင်ပေါ့။ အဲဒီမိနစ်တွေတိုင်းက မင်းက နယ်ခြားကို ဖြတ်နေသလို။ အမေရိကားထဲကိုရောက်နေသလိုပဲ" လို့ မာရီက ပြောပါတယ်။

"ကိုယ်နိုင်ငံထဲမှာကို ကိုယ့်အတွက် အခွင့်အရေး မရှိခဲ့ဘူး။ အဲဒီလိုမျိုးနောက်ထပ်ထပ်မလုပ်နိုင်ဘူး...ထရမ့်က စကားလုံးနဲ့ကို အရမ်းစော်ကားတာပါ"။

လက်နက်ကိုင်အင်အားသုံးမယ့်နည်းကို ငြင်းမထားတဲ့ ထရမ့်ရဲ့ ပြောဆိုမှုအပေါ် တချို့အတွက်တော့ အတိတ်ကဆိုးရွားတဲ့ ဖြစ်ပျက်ခံစားရခဲ့မှုတွေကို ခံစားရစေသလို ကြောက်ရွံ့စေခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် အမေရိကန်က ပနားမားကို ကျူးကျော်ဝင်ရောက်ပြီး နိုင်ငံအာဏာရယူထားတဲ့ ဗိုလ်ချုပ် မန်နျူရယ် နိုရီကာကို ဖယ်ရှားချိန် နှစ်ဖက် အကြားပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ အချိန်ကာလတွေနဲ့ ပနားမားစစ်တပ်ကို လျင်လျင်မြန်မြန် စီးနင်းခဲ့တဲ့ အချိန်တွေ ကို သတိရစေပါတယ်။

"အမေရိကန်ဝင်လာရင် တခြားအတိုက်အခံခေါင်းဆောင်အားလုံးကို သတ်ပစ်မယ်လို့ နိုရီကာ ပြောခဲ့တဲ့ အချိန်က ကျွန်တော်က အတိုက်အခံခေါင်းဆောင် ဖြစ်ခဲ့သူပါ" လို့ တူးမြောင်းရဲ့ ပစိဖိတ်ဝင်ပေါက်နားမှာ ပနားမားလွှတ်တော်အမတ်ဟောင်း အက်ဝင်း ကာဘာရာက ပြန်ပြောပြတာပါ။

"ဗုံးချတာနဲ့ လူတွေသေကျေတာကို စပြီး မြင်ခဲ့ကြားခဲ့တယ်... သမ္မတထရမ့်နဲ့ ရူဘီယိုတို့က ကျွန်တော်တို့ကို ကျူးကျော်မယ်ဆိုတာပဲ ပြောဖို့ ကျန်တော့တယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"၂၁ ရာစုနှစ်မှာ နယ်ချဲ့ခံရတဲ့အတွေ့အကြုံကို ပြန်ခံစားရတဲ့ အဲဒီလိုဘဝမျိုးနဲ့ ပြန်မနေချင်တော့ဘူး။ ကျွန်တော်တို့ ကတော့ ကိုယ့်နိုင်ငံရဲ့ ကောင်းကင်ကိုပဲ ကြည့်နေရင်းမှာ နိုင်ငံက အင်အားကြီး နှစ်နိုင်ငံကြား စစ်ပွဲထဲမှာ ရောက်နေသလို ဖြစ်နေပြီ။"

မာကိုရူဘီယိုဟာ ပထမဆုံး လက်တင်အမေရိကန်နွယ်ဖွား အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သလို ဒေသတွင်းခေါင်းဆောင်အချို့နဲ့ တရုတ်နိုင်ငံအပေါ် တင်းမာတဲ့သဘောထားရှိသူလို့ အများသိကြပါတယ်။

ပနားမားအနေနဲ့ အမေရိကန်နဲ့အတူ ကိစ္စအများအပြားမှာ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်နေချိန်မှာကို ရူဘီယိုရဲ့ ပနားမားကို ‌ရောက်လာတာဟာ အမေရိကန်အတွက် ကိုယ်ပိုင်နယ်မြေလို ရှုမြင်ထားတဲ့ နေရာမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုကို လက်မခံနိုင်ကြောင်း ပြသဖို့ ဖြစ်ပါတယ်။

ပနားမားမှာ ကုန်သွယ်ရေးစစ်ပွဲ ဒါမှမဟုတ် ပဋိပက္ခပုံစံမျိုးတွေ ဖြစ်လာရင် တရုတ်က သူရဲ့ဆိပ်ကမ်းတွေကနေ အမေရိကန်ရဲ့ ကုန်သင်္ဘောတွေ၊ စစ်သင်္ဘောတွေကို ပိတ်ဆို့ဖို့ မှာ အသုံးချတာမျိုးအထိ လုပ်လာနိုင်တယ်လို့ ရူဘီယိုက ပြစ်တင်ဝေဖန်ပါတယ်။

"တရုတ်က ပနားမားတူးမြောင်းက ရေလမ်းကြောင်းအသုံးပြုမှုကို ဟန့်တားတာမျိုးလုပ်ချင်ရင် လုပ်လို့ရနိုင်နေတယ်။ ...ဒါကြောင့်လည်း သမ္မတထရမ့်က မီးမောင်းထိုးပြပြီး ကျွန်တော်တို့က အဲဒီအတွက် ပြင်ဆင်လုပ်ဆောင်နေရတာပါ...အဲဒီလိုဖြစ်နိုင်တဲ့အရာမျိုး ဆက်မဖြစ်နိုင်အောင်ပေါ့" လို့ ပြီးခဲ့ တဲ့ ရက်သတ္တပတ်က ပြုလုပ်ခဲ့တဲ့ The Megyn Kelly Show မှာ ရူဘီယိုက ပြောခဲ့ပါတယ်။

ပနားမားနိုင်ငံက တူးမြောင်းကို ပိုင်ဆိုင်မှုထားမှုအပေါ် ပနားမားဒေသခံတွေက ကြီးကြီးမားမားထောက်ခံကြပေမဲ့လည်း အာဏာပိုင်တွေ အပေါ် မယုံကြည်မှုတွေ ရှိနေပြီး တူးမြောင်းရဲ့ ရေလမ်းကြောင်းအသုံးပြုမှုဆိုင်ရာ အကျိုးအမြတ် ရလဒ်တွေက ပနားမားဒေသခံတွေဆီကို အမှန်တကယ်မရရှိဘူးလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

"အခု မင်းမြင်နေရတာပဲ၊ အမေရိကန်နဲ့ ဒေါ်နယ်ထရမ့်တို့ တူးမြောင်းကို ပြန်လိုချင်တယ်ဆိုတာ အကြောင်းရှိလို့ အကျိုးသက်ရောက်မှု ဖြစ်လာတာလို့ ခေါ်တယ်" လို့ သမိုင်းဝင် ပနားမားမြို့ လယ်က ဟိုတယ်အလုပ် သမားတစ်ဦးက ပြောပါတယ်။

"သူတို့တွေ တူးမြောင်းကို နည်းမှန်လမ်းမှန် စီမံခန့်ခွဲနေတာမဟုတ်ဘူး...ဘယ်ပနားမားဒေသခံတစ်ဦးမှ အကျိုးအမြတ်မခံစားရဘူး" လို့ သူက ပြောပါတယ်။