အမေရိကန်သွင်းကုန်ခွန်တိုးမှု- တရုတ် တန်ပြန်နည်း ငါးနည်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မိုက်ကယ်ရေ့စ်
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်၊ ဘီဘီစီသတင်း
အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုကို တရုတ်က တုံ့ပြန်ကောက်ခံဖို့ ကြေညာလိုက်ပြီးနောက် ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး စစ်ပွဲ အရှိန်တက်လာခဲ့ပါတယ်။
အမေရိကန်ကို တရုတ်ကနေ တင်သွင်းတဲ့ ကုန်စည်တွေအားလုံးအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်မယ်ဆိုပြီး အမေရိကန် သမ္မတ ထရမ့်က ကြေညာလိုက်ပြီးနောက် တရုတ်ဘက်ကလည်း အမေရိကန် ကုန်စည်တချို့အပေါ် တန်ပြန်အခွန်ကောက်ဖို့ စိုင်းပြင်းခဲ့ပါတယ်။
တကယ်တမ်းမှာတော့ ၂၀၁၈ ကတည်းက ဒီနှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေး အငြင်းပွားမှုတွေ ရှိနေခဲ့ပြီး အပြန်အလှန် သွင်းကုန်ခွန် တိုးကောက်တာတွေ၊ အခွန်တိုးဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့ဖူးပါတယ်။
သဘောတူညီမှု ရဖို့အတွက် တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ စကားပြောဖို့ ရှိကြောင်း ထရမ့်က ပြောပါတယ်။ တကယ်ပဲ ဖေဖော်ဝါရီလ ၁၀ ရက်မှာ တရုတ်က ပြောထားသလို အခွန်တိုးကောက်ခဲ့ရင် ဘယ်လို သက်ရောက်လာနိုင်သလဲ။
ကျောက်မီးသွေး၊ ရေနံနဲ့ ဓာတ်ငွေ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထရမ့်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကျောက်မီးသွေးနဲ့ သဘာဝ ဓာတ်ငွေ့ရည်တွေအပေါ် အခွန် ဆယ်ရာခိုင်နှုန်း ကောက်ဖို့နဲ့ ရေနံစိမ်းကို ၁၅ ရာခိုင်နှုန်း ကောက်မယ်ဆိုပြီး တရုတ်ဘက်က ကြေညာခဲ့ပါတယ်။
တရုတ်က ကမ္ဘာပေါ်မှာ ကျောက်မီးသွေး အများဆုံး တင်သွင်းတဲ့ နိုင်ငံကြီးဖြစ်ပေမယ့် အင်ဒိုနီးရှားက အများဆုံး ယူပါတယ်။ ရုရှား၊ သြစတြေးလျနဲ့ မွန်ဂိုးလီးယားကလည်း တရုတ်ကို ကျောက်မီးသွေး ပို့ကြပါတယ်။
အမေရိကန်က လာတဲ့ သဘာဝ ဓာတ်ငွေ့ရည်ကိုလည်း တရုတ်ဘက်က တိုးယူနေပြီး ၂၀၁၈ ကထက် နှစ်ဆ များလာခဲ့ကြောင်း တရုတ် အကောက်ခွန်စာရင်းဇယားတွေအရ သိရပါတယ်။
ဒါပေမဲ့ ရုပ်ကြွင်းလောင်စာ ရောင်းဝယ်မှုမှာတော့ ၂၀၂၃ မှာ အမေရိကန်ဘက်ကနေ သွင်းတဲ့ပမာဏက တရုတ်ရဲ့ ပြည်ပ ရေနံစိမ်း ဝယ်ယူမှုရဲ့ ၁.၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တရုတ်က အမေရိကန်ကို အားထားနေရတာ မဟုတ်လို့ သွင်းကုန်ခွန်တိုးကောက်မှုမှာ သက်ရောက်မှုက နည်းပါလိမ့်မယ်။
တရုတ်ဟာ စစ်စရိတ်လိုနေတဲ့ ရုရှားဆီကနေ ရေနံကို စျေးချိုချိုနဲ့ အလွယ်တကူ ဝယ်နေကြောင်းလည်း ရီဘက်ကာ ဟာဒင်းလို ကုန်သွယ်ရေး ဘောဂေဗဒပညာရှင်တွေက ပြောပါတယ်။
တခြားဘက်မှာတော့ အမေရိကန်ဟာ ကမ္ဘာမှာ သဘာဝ ဓာတ်ငွေ့ရည် အများဆုံး တင်ပို့တဲ့ တိုင်းပြည်ဖြစ်ပြီး ဗြိတိန်နဲ့ ဥရောပသမဂ္ဂလို တခြား ဖောက်သည်တွေ အများကြီး ရှိပါတယ်။
စိုက်ပျိုးရေး စက်ပစ္စည်း၊ ကုန်ကားအသေးနဲ့ ကားကြီးများ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လောင်စာဆီလိုပဲ စိုက်ပျိုးရေး စက်ပစ္စည်း၊ ကုန်ကားအသေးနဲ့ ကားကြီးတွေအပေါ်မှာလည်း တရုတ်က သွင်းကုန် ဆယ်ရာခိုင်နှုန်း ကောက်ဖို့ ရှိပါတယ်။
ဒါပေမဲ့ တရုတ်က အမေရိကန်က ကုန်ကားသေးတွေကို အများကြီး တင်သွင်းတဲ့ နိုင်ငံမဟုတ်ဘဲ ဥရောပနဲ့ ဂျပန်ကပဲ အများဆုံး တင်သွင်းပါတယ်။
ဒီနှစ်ပိုင်းအတွင်း ကုန်ထုတ်တိုးဖို့အတွက် စက်မှုလယ်ယာသုံး စက်ပစ္စည်းတွေဘက်မှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ခဲ့ပါတယ်။ သွင်းကုန် စက်ပစ္စည်းတွေအပေါ် အားထားနေရတာကို လျှော့ချချင်လို့နဲ့ စားနပ်ရိက္ခာ ဖူလုံမှုတွေအတွက်လည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီလို စက်မှုလယ်ယာ စက်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်တိုးတာဟာ ပြည်တွင်း စက်ပစ္စည်းထုတ်လုပ်မှုကို တွန်းအားပေးချင်လို့ ဖြစ်ပါတယ်။
ဒီအခွန်တိုးကောက်မှုတွေဟာ အမေရိကန်လုပ်ရပ်နဲ့ ယှဉ်ရင် မပြင်းထန်လွန်းပါဘူးလို့လည်း တရုတ်စီးပွားရေး ကျွမ်းကျင်သူ ဂျူလီယံ အီဗန်းစ်-ပရစ်ချတ်က ပြောပါတယ်။
တရုတ်က အခွန်တိုးကောက်တဲ့ အမေရိကန်ကုန်စည်က ဒေါ်လာ ဘီလျံ ၂၀ ဖိုးလောက်ပဲ ရှိပြီး အမေရိကန်က ပစ်မှတ်ထားတဲ့ တရုတ်ကုန်စည်တွေက ဒေါ်လာ ဘီလျံ ၄၅၀ ဖိုးကျော်တယ်လို့ သူက ပြောပါတယ်။
ဂူဂဲလ် စုံစမ်းမှု
သွင်းကုန်ခွန်တွေ တိုးကောက်တာအပြင် အမေရိကန်က ဂူဂဲလ် နည်းပညာ ကုမ္ပဏီကြီးကို လက်ဝါးကြီးအုပ်မှုနဲ့ တရုတ်ဘက်က စစ်ဆေးခဲ့ပါတယ်။
ဘာတွေ စစ်ဆေးမလဲ မသိရပေမယ့် တရုတ်ပြည်မှာ ၂၀၁၀ ကတည်းက ဂူဂဲလ် ရှာဖွေမှုကို သုံးလို့မရအောင် ပိတ်ထားခဲ့ပါတယ်။
တရုတ်ပြည်ထဲမှာ ဂူဂဲလ်လုပ်ငန်းတချို့ ကျန်သေးပြီး တရုတ်စျေးကွက်အတွက် အက်ပလီကေးရှင်းတွေနဲ့ ဂိမ်းတွေထုတ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်နေပါတယ်။
ဂူဂဲလ်ရဲ့ ကမ္ဘာ့ရောင်းအားမှာတော့ တရုတ်က တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့် တရုတ်က အဆက်အသွယ်ဖြတ်ရင်လည်း ဒီထက် ပိုဆိုးစရာ မရှိပါဘူး။
ကယ်လ်ဗင် ကလိုင်းကို မယုံကြည်ရတဲ့ စာရင်းသွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်က နာမည်ကြီး ကယ်လ်ဗင်ကလိုင်းနဲ့ တော်မီ ဟီးလ်ဖစ်ဂါ တံဆိပ် အဝတ်အထည်တွေကို ထုတ်တဲ့ အမေရိကန် PVH ကုမ္ပဏီကို တရုတ်က မယုံကြည်ရတဲ့ ကုမ္ပဏီစာရင်းထဲ ထည့်ထားပြီး တရုတ်လုပ်ငန်းတွေအပေါ် ခွဲခြားဆက်ဆံတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
၂၀၂၀ ကုန်သွယ်ရေး တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်မှာ တရုတ်က ပြုစုတဲ့ စာရင်းမှာ တခြား အမေရိကန်လုပ်ငန်းတွေလည်း ပါပါတယ်။
ကယ်လ်ဗင်ကလိုင်းနဲ့ တော်မီ ဟီးလ်ဖစ်ဂါလို စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေအတွက် တရုတ်ပြည်မှာ စီးပွားလုပ်ရတာ ခက်ခဲမှာပါ။ ဒဏ်တပ် ပိတ်ဆို့ခံရမှုတွေနဲ့ နိုင်ငံခြား အလုပ်သမားတွေအတွက် ပြည်ဝင်ခွင့် ပြန်ရုပ်သိမ်းခံရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီအမေရိကန်ကုမ္ပဏီတွေရဲ့ တရုတ်ပြည်က စက်ရုံတွေကိုလည်း တရုတ်ဘက်က သွားပြီး စစ်ဆေးတာတွေ ဖြစ်လာလိမ့်မယ်လို့ ကနေဒါ အနောက်ပိုင်း တက္ကသိုလ်က နိုင်ငံတကာ စီးပွားရေး ပါမောက္ခ အန်ဒရေးယပ်စ် ရှော့တာက ပြောပါတယ်။
အမေရိကန်မှာလည်း သူ့စာရင်းနဲ့သူ ရှိပြီး အမေရိကန်အစိုးရခွင့်ပြုချက်မရဘဲ အမေရိကန်ကုမ္ပဏီတွေဆီကနေ တချို့တရုတ်ကုမ္ပဏီတွေ ဝယ်လို့မရပါဘူး။
အမေရိကန်သမ္မတ ထရမ့်က တရုတ်ကုမ္ပဏီတွေကို စွပ်စွဲသလို တရုတ်ဘက်က ပြန်လုပ်တာလို့လည်း ပါမောက္ခ ရှော့တာက ပြောပါတယ်။
ရှားပါးသတ္တု တင်ပို့မှု ထိန်းချုပ်
ပြည်ပသွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်လိုက်ချိန်မှာပဲ ရှားပါး သတ္တု ၂၅ မျိုး တင်ပို့မှုကိုလည်း တရုတ်က ထိန်းချုပ်လိုက်ပါတယ်။
ဒီလို ထိန်းချုပ်လိုက်တဲ့အထဲ လျှပ်စစ်ပစ္စည်းအများအပြားနဲ့ စစ်ဘက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အရေးကြီးတဲ့ သတ္တုတွေ ပါပါတယ်။
ဒီလိုသတ္တုတွေကို သန့်စင်ရာမှာ တရုတ်က ကျွမ်းကျင်ပြီး ကမ္ဘာ့ သန့်စင်ပြီး သတ္တုပမာဏရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တရုတ်က ထွက်တာပါ။
ဒီလိုကန့်သတ်ထားတဲ့အထဲ လေကြောင်းနဲ့ အာကာသသုံးစက်ပစ္စည်းတွေအတွက် အရေးကြီးတဲ့၊ ရှာရလည်းခက်တဲ့ တန်စတင်သတ္တုလည်း ပါပါတယ်။
ဒီလို တရုတ်ပို့ကုန်ကန့်သတ်မှုတွေ ရှိနေချိန်မှာ အမေရိကန်ကနေ တရုတ်ကို သွင်းတဲ့ အရေးကြီး သတ္တု တင်ပို့မှုတွေကို ကန့်သတ်တာ မတွေ့ရကြောင်း Capital Economics က အီဗန်းစ်-ပရစ်ချတ်က ပြောပါတယ်။ ကွန်ပျူတာ ချစ်ပ်ပြားတွေ၊ တပိုင်းလျှပ်ကူးစက်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ လေကြောင်းနဲ့ အာကာသသုံး ပစ္စည်းတွေ ထုတ်ရာမှာ ဒီသတ္တုတွေကို သုံးပါတယ်။
အရင်ကန့်သတ်မှု အတွေ့အကြုံတွေအရ ဒီလို ကန့်သတ်မှုတွေ လုပ်ရင် ပို့ကုန်ပမာဏက သိသိသာသာ ကျသွားတတ်ပါတယ်။ ကုမ္ပဏီတွေ လိုင်စင်ရဖို့ ခက်ခဲပြီး ရက်သတ္တပတ်တွေနဲ့ချီ ကြာတတ်ပါတယ်။
သတ္တုတင်သွင်းမှုနဲ့ ပတ်သက်ပြီး အမေရိကန်မှာလည်း အကြံရှိပုံ ပေါ်ပါတယ်။ ယူကရိန်းကို ပေးမယ့် ဒေါ်လာ ဘီလျံ သုံးရာဖိုးနဲ့ လဲတဲ့အနေနဲ့ ယူကရိန်းဆီကနေ မြေရှားသတ္တုတွေ ပိုတင်သွင်းဖို့ ကတိကဝတ် ရချင်ကြောင်း တနင်္လာနေ့ကပဲ မစ္စတာ ထရမ့်က ပြောကြားလိုက်ပါတယ်။












