ယူကရိန်းကိုပေးတဲ့ စစ်ရေးအကူအညီ ထရမ့် ရပ်ဆိုင်းခြင်းရဲ့ နောက်ဆက်တွဲ အဓိပ္ပာယ်များ

ဂျော်နသန် ဘီးလ်

ကာကွယ်ရေးဆိုင်ရာ ဘီဘီစီသတင်းထောက်

အဆင့်မြင့် စစ်လက်နက် ပစ္စည်း အစုလိုက် အပုံလိုက် ယူကရိန်းကို ပေးထားခဲ့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အဆင့်မြင့် စစ်လက်နက် ပစ္စည်း အစုလိုက် အပုံလိုက် ယူကရိန်းကို ပေးထားခဲ့

ယူကရိန်းကို ပေးတဲ့ အကူအညီအားလုံး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဆိုင်းငံ့ လိုက်တာဟာ ကိယက်ဗ်ကိုတင်မက ဥရောပ မဟာမိတ် အားလုံးအတွက် ခါးသည်း ပြင်းထန်စေတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။

ဥရောပ မဟာမိတ်တွေ ဖျောင်းဖျနေတဲ့ ကြားကပဲ ထရမ့်က ရှေ့တိုး ဆုံးဖြတ်လိုက်ပါတယ်။ တကယ်တော့ ယူကရိန်းဆီသွားတဲ့ စစ်ရေး အကူအညီတွေကို အမေရိကန်က ရုပ်သိမ်းတာ အခုမှ ပထမဆုံးအကြိမ် ဖြစ်လာတာ မဟုတ်ပါဘူး။

သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တုန်းကလည်း ကွန်ဂရက် လွှတ်တော်ထဲ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် သဘောထားတွေ ကွဲလွဲပြီး အဲဒီ အချိန်က အတိုက်အခံတွေဖြစ်တဲ့ ရီပတ်ဘလီကန်တွေဘက်က လွှတ်တော်ထဲမှာ ပိတ်ဆို့ ခဲ့ဖူးပါတယ်။

၂၀၂၃ နွေရာသီမှာ ယူကရိန်းကို အမေရိကန်က အကြီးမားဆုံး ပေးအပ်တဲ့ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစီအစဉ် စစ်ရေး အထောက်အပံ့တွေကို အတိုက်အခံတွေ ပိတ်ဆို့ ခဲ့ကြပါတယ်။

အဲဒီကာလမှာ ယူကရိန်းဟာ သူတို့လက်ထဲ ရှိနေတဲ့ ခဲယမ်း မီးကျောက်တွေကို အတော်လေး သတိကြီးကြီးထား စေ့စေ့စပ်စပ်နဲ့ ချွေတာ သုံးစွဲ နေခဲ့ရပါတယ်။ ဥရောပဆီကရတဲ့ အထောက်အပံ့တွေပေါ်မှာပဲ မှီခိုပြီး အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ တောင့်ခံ ခဲ့ကြရပါတယ်။

ခဲယမ်းမီးကျောက် အရန်အင်အား နည်းတာမျိုးတော့ ချက်ခြင်း ကြုံရမှာ မဟုတ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ခဲယမ်းမီးကျောက် အရန်အင်အား နည်းတာမျိုးတော့ ချက်ခြင်း ကြုံရမှာ မဟုတ်

အမေရိကန် ကွန်ဂရက် လွှတ်တော်က အဆုံးမှာတော့ ဒေါ်လာ ဘီလျံ ၆၀ ဖိုး အထိ တန်ဖိုး ရှိတဲ့ အထောက်အပံ့တွေ အားလုံးကို ခွင့်ပြုခဲ့ပါတယ်။ ခွင့်ပြုချိန်ဟာ နောက်နှစ် ၂၀၂၄ နွေဦးပေါက်မှပဲ ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် ဆီက လာတဲ့ စစ်ရေး အထောက်အပံ့တွေ ပြန်ပွင့်လာတာ အချိန်မီ လက်မတင်လေးလို့ ပြောနိုင်ပါတယ်။ အဲဒီ အချိန်မှာ ယူကရိန်းဟာ အတော်လေး အခြေအနေ ဆိုးနေပြီး ကျဉ်းထဲကျပ်ထဲ ရောက်နေပါပြီ။ ဟားကိဗ် မှာ ရုရှားက ထိုးစစ် အသစ်တွေ ပြန်စနေပြီး၊ ယူကရိန်း အနေနဲ့ ခုခံ ကာကွယ်နိုင်စွမ်း အတော်လေး ကျဆင်းနေပြီ ဖြစ်ပါတယ်။ အမေရိကန် လက်နက်တွေ ပြန်ရလာတဲ့ အခါ ဒီရေ အလှည့်အပြောင်း ဖြစ်သွားစေပါတယ်။

ဒါပေမယ့် အဲဒီ အချိန်က ဖြစ်ပျက် ခဲ့တာတွေကို ကြည့်ရင် အမေရိကန်ဆီက စစ်ရေး အကူအညီတွေ ရောက်မလာတော့တာ လတချို့ ကြာမှပဲ တကယ်တမ်း မြေပြင်မှာ စပြီး ရိုက်ခတ် သက်ရောက်တာ ဖြစ်ပါတယ်။ ချက်ခြင်း လက်ငင်း အမေရိကန်ရဲ့ ဖြတ်တောက်တဲ့ ဒဏ်ကို ခံရတာမျိုး မဟုတ်ပါဘူး။ အထူးသဖြင့် ခဲယမ်း မီးကျောက် နဲ့ စစ်အသုံးဆောင် ပစ္စည်းတွေ ဖြည့်ဆည်းနိုင်ရေး ကဏ္ဍမှာ ဖြစ်ပါတယ်။

ဒီကာလတွေမှာ ဥရောပ နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို ထောက်ပံ့နိုင်ဖို့ရာ လက်နက်ကြီး ကျည်တွေကို ဖြည်းဖြည်းချင်း တိုးပြီး ထုတ်လုပ် လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ယူကရိန်းရနေတဲ့ အထောက်အပံ့တွေရဲ့ ၆၀% ဟာ ဥရောပ နိုင်ငံတွေဆီက လာတာ ဖြစ်ပါတယ်။ ဒီအချိုးအစားကို ကြည့်ရင် ယူကရိန်းဟာ အမေရိကန်ဆီကထက် ဥရောပဆီက ပိုပြီး ရနေတာ ဖြစ်ပါတယ်။

ဒီလို ပြောပေမယ့်လည်း အမေရိကန် ဆီက အထောက်အပံ့တွေ ဆက်ရနေဖို့ ဆိုတာ အခု တွေ့ကြုံနေရတဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံကာကွယ်နိုင်ဖို့ရာ ယူကရိန်း အတွက် သေရေး ရှင်ရေး တမျှ အရေးကြီးလှပါတယ်။

လေကြောင်းရန်ကာ ဒုံးခွင်းဒုံးတွေ၊ တာဝေးပစ်ဒုံးတွေပါ အမေရိကန်က ပေးထား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လေကြောင်းရန်ကာ ဒုံးခွင်းဒုံးတွေ၊ တာဝေးပစ်ဒုံးတွေပါ အမေရိကန်က ပေးထား

အမေရိကန် ဆီက ရနေတာတွေဟာ စစ်လက်နက် ပစ္စည်းပိုင်းမှာ တကယ့် အကောင်းစားတွေ ဆိုပြီး အနောက်အုပ်စုဝင် မဟာမိတ် နိုင်ငံတွေ အဝိုင်းအဝန်းထဲက အရာရှိတစ်ဦးက ပြောပါတယ်။ အထူးသဖြင့်အမေရိကန်ရဲ့ လေကြောင်းရန်ကာ ဒုံးစနစ်တွေ ဖြစ်ပါတယ်။ ယူကရိန်း အစိုးရ အနေနဲ့ သူတို့ရဲ့ ပြည်သူတွေ၊ မြို့ပြတွေကို ရုရှားရဲ့ တိုက်ခိုက်မှုကနေ အကာအကွယ်ပြု ပေးနိုင်ဖို့ အမေရိကန်ရဲ့ အဆင့်မြင့် ကာကွယ်ရေး စနစ်တွေ အပေါ် အဓိက မှီခို အားထားနေရပါတယ်။

အထူးသဖြင့် ပက်ထရီရော့ ဒုံးခွင်းဒုံး စနစ်နဲ့ နော်ဝေးနဲ့ ပေါင်းပြီး ထုတ်ထားတဲ့ NASAMS လို့ ခေါ်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် အဆင့်မြင့် ဒုံးစနစ်တွေ အပေါ် ယူကရိန်းက မှီခိုနေရပါတယ်။ အမေရိကန်ဆီကနေ ယူကရိန်း ရတာတွေထဲ HIMARS နဲ့ ATACM တို့လို တာဝေးထိ ပစ် နိုင်တဲ့ အဆင့်မြင့် ဒုံးစနစ်တွေလည်း ပါပါတယ်။ ရုရှားနိုင်ငံထဲက ပစ်မှတ်တွေကို မတိုက်ခိုက်ရဘူး ဆိုပြီး အမေရိကန်က ကန့်သတ်ထားပေမယ့်၊ အခု စစ်ပွဲမှာ ရုရှားက သိမ်းလိုက်တဲ့ နယ်မြေတွေထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာတော့ အမေရိကန်က ပေးတဲ့ ဒုံးလက်နက်တွေ အပေါ် မှီခိုရတာ ဖြစ်ပါတယ်။

အမေရိကန်ဆီက ရတာဟာ စစ်လက်နက် ပစ္စည်းတွေရဲ့ အရည်အသွေး သက်သက်တင် မကပါဘူး။ အရေအတွက် အရပါ အစုလိုက် အပုံလိုက် ရတာမျိုး ဖြစ်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စစ်ရေး စွမ်းအား အတောင့်တင့်ဆုံး၊ ပါဝါ အကြီးဆုံး နိုင်ငံ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဟမ်းဗီး Humvee တွေ အပါအဝင် စစ်သုံး မော်တော်ယာဉ်တွေ၊ သံချပ်ကာ ယာဉ်တွေကို အစင်းရေ ရာပေါင်းများစွာအထိ ယူကရိန်းကို ပေးထားပါတယ်။ တော်ရုံတန်ရုံ ဥရောပ နိုင်ငံငယ်တွေရဲ့ စစ်တပ်တွေ အနေနဲ့ ဘယ်လိုမှ လိုက်မမီနိုင်တဲ့ အရေအတွက်မျိုးကို အမေရိကန်က အလွယ်တကူ ပေးနိုင်၊ ထောက်ပံ့နိုင်တာ ဖြစ်ပါတယ်။

အမေရိကန် ဆီက စစ်ရေး အထောက်အပံ့တွေ နောက်ထပ် ရောက်မလာတော့ဘူး ဆိုတဲ့ အချက်ဟာ စစ်မြေပြင်ပေါ် လက်တွေ့ လာပြီး သက်ရောက်နိုင်ဖို့ ဆိုရင် ပြောခဲ့သလို လ အတန်ငယ် အချိန်ယူနိုင်ပါတယ်။ ဒါပေမယ့် ချက်ခြင်းလက်ငင်း ဆိုသလို လာပြီး သက်ရောက်နိုင်တဲ့ စိုးရိမ်ရဖွယ် အချက်တွေလည်း ရှိနေပါတယ်။ အဲဒီ အထဲက အထင်ရှားဆုံးက ထောက်လှမ်းရေး ဆိုင်ရာ သတင်း အချက်အလက်တွေ မျှဝေမှု ကဏ္ဍမှာ ဖြစ်ပါတယ်။

ရှေ့တန်းမှာ စတားလင့် အပေါ် အားထားနေရ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရှေ့တန်းမှာ စတားလင့် အပေါ် အားထားနေရ

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ အာကာသ အခြေစိုက် သတင်းထောက်လှမ်း ရယူမှု အပါအဝင် ထောက်လှမ်းရေး လုပ်ငန်းတွေ၊ နည်းပညာသုံး ဆက်သွယ်ရေး လုပ်ငန်းတွေကို အမေရိကန်လောက် တတ်နိုင်စွမ်းတဲ့ နိုင်ငံ မရှိပါဘူး။ အမေရိကန်ရဲ့ တတ်နိုင်စွမ်း အကြောင်း ပြောရင် အမေရိကန် စစ်တပ် တစ်ခုတည်းက လုပ်ဆောင်နေတာ မဟုတ်ပဲ၊ ကမ္ဘာလုံး ဆိုင်ရာ လွှမ်းမိုး ချုပ်ကိုင်ထားတဲ့ အမေရိကန် ကုမ္ပဏီကြီးတွေရဲ့ တတ်နိုင်စွမ်းကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

ဥပမာ- အခု ထရမ့်ရဲ့ လက်စွဲ အီလွန်မာ့စ် ရဲ့ စတားလင့် ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ရက်ကိုပဲ ကြည့်ပါ။ ရှေ့တန်း စစ်မျက်နှာပြင်တလွှား ရောက်ဖူးသမျှ ယူကရိန်း စခန်းမှန်သမျှမှာ စတားလင့် ဂြိုဟ်တုစလောင်းတွေ တပ်ထားတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

စစ်မြေပြင်ကနေ လာတဲ့ နောက်ဆုံးရ သတင်း အချက်အလက်တွေကို အချိန်နဲ့ တပြေးညီ သိရဖို့၊ ဖြန့်ဝေဖို့ အဲဒီ ဂြိုဟ်တု ဆက်သွယ်ရေး ကွန်ရက်တွေ အပေါ် မှီခို နေရတာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်မှ ရုရှားက ပစ်လွှတ်လာတဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှု ဒဏ်တွေကို ထိရောက်အောင် ခုခံနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန် ဂြိုဟ်တုတွေ ကနေ ပို့ဆောင်တဲ့ သတင်း အချက်တွေကို ရယူ ဖြန့်ဝေတာတွေကို ယူကရိန်း လုပ်နိုင်ဖို့ အမေရိကန် စစ်တပ်ဘက်က ငွေကြေး အကုန်အကျခံ စိုက်ထုတ်ပေးထားတယ် ဆိုပြီး အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ဘက်က ထုတ်ပြောထားဖူးပါတယ်။

အခု ထရမ့် အစိုးရသစ်ထဲမှာ အီလွန်မာ့စ်ဟာ အဓိက နေရာမှာ ရှိနေတဲ့ အတွက် အခု ဆိုရင် ယူကရိန်း အနေနဲ့ အခမဲ့ သုံးစွဲနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ယူဆ ရပါတယ်။ အီလွန်မာ့စ်ရဲ့ စတားလင့်ကနေ ယူကရိန်းဆီကို ငွေတောင်း ပြေစာတွေ ပို့လာဖွယ် ရှိပါတယ်။ သမ္မတ ဇလန်းစကီး အပေါ် အပြင်းထန်ဆုံး ဝေဖန်နေတဲ့ အမေရိကန်တွေထဲ အီလွန်မာ့စ်က ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

အမေရိကန် အကူအညီ မပါရင် F-16 ရှိလက်စတွေတောင် ဆက်ပြီးပျံနေနိုင်ဖို့ ခက်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကန် အကူအညီ မပါရင် F-16 ရှိလက်စတွေတောင် ဆက်ပြီးပျံနေနိုင်ဖို့ ခက်

နောက်တစ်ချက်ကတော့ အမေရိကန်ဆီကနေ တိုက်ရိုက်ပေးတာမျိုး မလုပ်တဲ့ အပြင် အမေရိကန်ထုတ် ပစ္စည်းမှန်သမျှ၊ အမေရိကန် နည်းပညာနဲ့ လုပ်ထားတာတွေ မှန်သမျှ ဥရောပ နိုင်ငံတွေ အနေနဲ့လည်း ယူကရိန်းကို မပေးရ ဆိုပြီး အမေရိကန်ဘက် ကန့်သတ် ပိတ်ပင်လာနိုင်ပါတယ်။

အဲဒါဆိုရင် ချက်ခြင်း သက်ရောက်စေမှာက F-16 တိုက်လေယာဉ်တွေ ယူကရိန်းကို ထပ်ပြီး ပေးနေရေး ကိစ္စ ဖြစ်ပါတယ်။ ဥရောပ အနေနဲ့ F-16 တွေကို ယူကရိန်းကို ဆက်ပေးဖို့ ဆန္ဒ ရှိနေပါတယ်။ တကယ် အထမြောက်ချင်ရင် ဝါရှင်တန်ရဲ့ သဘောတူမှုကို မဖြစ်မနေ ရယူရမှာ ဖြစ်ပြီး၊ အခု အခြေအနေမှာ အိမ်ဖြူတော်ဘက်က မီးစိမ်း ပြလိမ့်မယ်လို့ မျှော်လင့်လို့ မရနိုင်တော့ပါဘူး။

တခါ၊ အမေရိကန်ဆီက ရထားနှင့်ပြီးတဲ့ ပစ္စည်းတွေကို ထိန်းသိမ်းရေးနဲ့ လဲလှယ်ဖို့ လိုအပ်လာတဲ့ ပစ္စည်း အစိတ်အပိုင်းတွေ ရရှိနိုင်ရေးမှာလည်း လာပြီး သက်ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ကနေ ယူကရိန်း စစ်တပ်ကို ပေးနေတဲ့ သင်တန်းတွေလည်း ရှိပါတယ်။ အဲဒီ သင်တန်းတွေလည်း ချက်ခြင်း ရပ်တံ့သွားမှာ ဖြစ်ပါတယ်။

လုံခြုံရေး ဆိုင်ရာနဲ့ စစ်ရေး နည်းပညာ ဆိုင်ရာ အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီတွေက သူတွေ ယူကရိန်းထဲ သွားပြီး အလုပ်မလုပ်ရဆိုတဲ့ ကန့်သတ်ချက်ကို ဂျိုးဘိုင်ဒင်ဟာ သူ့ သမ္မတ သက်တမ်း မကုန်ခင်မှာပဲ ပယ်ဖျက် ပေးခဲ့ပါတယ်။ အခု အဲဒီလို ကန့်သတ်ချက် ပြန်လည် ရှိလာတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒီတော့ F-16 လို အဆင့်မြင့် နည်းပညာသုံးထားတဲ့ အရာတွေဟာ အထူး ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ၊ အပို စက်ပစ္စည်းတွေ အသင့်မရှိပဲ ဘယ်လိုမှ အသုံးချနိုင်မှာ မဟုတ်ပါဘူး။

ဒေါသထွက်လို့ ဆိုင်းငံ့တာလား၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါသထွက်လို့ ဆိုင်းငံ့တာလား၊ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလား

ထရမ့်ရဲ့ အခု ဆိုင်းငံ့မိန့်ဟာ အိမ်ဖြူတော်မှာ ဇလန်စကီးနဲ့ စကားပြော အဆင်မပြေပဲ အတော်လေး ပုံပျက်ပန်းပျက် စကား အချေအတင်နဲ့ အချင်းများခဲ့တာကနေ ဒေါသထွက်ပြီး ချမှတ်လာတာလို့ တော်တော်များများက မှတ်ယူကောင်း မှတ်ယူ နေနိုင်ပါတယ်။

ဒါပေမယ့် ဒီ ဆိုင်းငံ့မိန့်ဟာ နိုင်ငံရေး ရည်ရွယ်ချက် ပါဝင်တယ် ဆိုတာလည်း မေ့မထားဖို့ လိုပါတယ်။ အဓိက နိုင်ငံရေး ရည်ရွယ်ချက်ကတော့ ယူကရိန်းကို ရုရှားနဲ့ အပစ်ရပ် သဘောတူမှု ရယူဖို့ရာ စားပွဲဝိုင်းဆီ အမြန်ဆုံးလာဖို့ ဖိအားပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဥရောပ မဟာမိတ်တွေကတော့ ဆိုင်းငံ့မှုဟာ ယာယီပဲ ဖြစ်ဖို့ မျှော်လင့် နေကြပါတယ်။ အမေရိကန်ရဲ့ ထောက်ပံ့ ပါဝင်မှု မရှိပဲနဲ့တော့၊ ရုရှားလို နိုင်ငံမျိုးရဲ့ တိုက်ခိုက်မှု နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ ယူကရိန်း အနေနဲ့ သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။