ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ် ဥရောပထံမှာ ခိုင်ခိုင်မာမာ ရှိနေလား

လန်ဒန် ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ဥရောပ ခေါင်းဆောင်တွေပြသ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လန်ဒန် ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းကို ထောက်ခံကြောင်း ဥရောပ ခေါင်းဆောင်တွေပြသ

ယူကရိန်းထဲမှာ ဖြစ်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး အနောက်အုပ်စု အစိုးရတွေကြား သဘောထားတွေဟာ အစိတ်စိတ် အပိုင်းပိုင်း ကွဲနေကြပြီး၊ တစည်းတလုံးတည်း ရှိတဲ့ ဘယ်လို ငြိမ်းချမ်းရေး အစီအစဉ်မျိုးမှ အနောက်အုပ်စုထံမှာ ရှိမနေဘူးလို့ ရုရှား သမ္မတ ပူတင်ရဲ့ ပြောခွင့်ရ ဒီမက်ထရီ ပက်ရှ်ကော့ဗ်က ဆိုပါတယ်။

အမေရိကန် သမ္မတ ထရမ့်က တစ်ဘက်၊ ဥရောပ အင်အားကြီး နိုင်ငံတွေက တစ်ဘက် ယူကရိန်း အရေးအပေါ်မှာ သဘောထားတွေ ကွဲပြားနေတာကို ရည်ညွှန်းပြီး မစ္စတာ ပက်ရှ်ကော့ဗ်က ပြောတာ ဖြစ်ပါတယ်။ ရုရှားတပ်တွေရဲ့ ကျူးကျော်မှုကို ခုခံနိုင်အောင် စစ်ရေး အထောက်အပံ့တွေ ယူကရိန်းကို ဆက်ပြီး ပေးမယ်ဆိုတဲ့ ဥရောပ နိုင်ငံတွေရဲ့ အစီအစဉ်တွေ အပေါ်မှာလည်း သူက ဝေဖန်ပါတယ်။

"အနောက်အုပ်စုရဲ့ စုရုံးမှု၊ တစ်စည်းတစ်လုံးတည်ရှိမှု ဆိုတာ စတင် ပျက်ပြား နေပြီ ဆိုတာကို တွေ့နေရတယ်။ တိုင်းပြည် အမျိုးမျိုးကြားမှာ အုပ်စုဖွဲ့ မှုတွေ အဖုံဖုံနဲ့ မတူတဲ့ ရပ်တည်မှုတွေ ပြသနေတယ်။ ယူကရိန်းကို ဆက်ပြီး ထောက်ပံ့နေမယ်လို့ ပြောနေသူတွေကတော့ စစ်ကို ထောက်ခံ အားပေးနေသူတွေပဲ ဖြစ်တယ်" လို့ မစ္စတာ ပက်ရှ်ကော့ဗ် က ဆိုပါတယ်။

ယူကရိန်းနဲ့ ဥရောပ အင်အားကြီး နိုင်ငံတွကတော့ ငြိမ်းချမ်းရေး အစီအစဉ်မှန်သမျှ မျှတဖို့နဲ့ ရေရှည် တည်မြဲဖို့ လိုတယ်လို့ ဆိုပါတယ်။ ဥရောပ ဘက်က ငြိမ်းချမ်းရေး အကြံပြုချက်တွေ တစ်စုတစ်စည်းတည်း ပြုလုပ်ပြီး အမေရိကန် သမ္မတ ထရမ့် ဆီကို ပြသွားမယ်လို့လည်း ဆိုပါတယ်။ သမ္မတထရမ့် အစိုးရ ကတော့ ဥရောပ နိုင်ငံတွေကို ချန်လှပ်ပြီး ဆော်ဒီအာရေဗျမှာ ရုရှားနဲ့ တိုက်ရိုက်စကားပြောတာမျိုး လုပ်ထားပါတယ်။

ဇလန်စကီးရဲ့ ရိုလာကိုစတာ ၃ ရက်

သောကြာနေ့မှာ အိမ်ဖြူတော်ကနေ ထွက်သွားဖို့ အထိ အပြောခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သောကြာနေ့မှာ အိမ်ဖြူတော်ကနေ ထွက်သွားဖို့ အထိ အပြောခံရ
ယူကေဝန်ကြီးချုပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေဝန်ကြီးချုပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆို
ချားလ်စ် ဘုရင်ကလည်း နွေးနွေးထွေးထွေး ဧည့်ဝတ်ပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချားလ်စ် ဘုရင်ကလည်း နွေးနွေးထွေးထွေး ဧည့်ဝတ်ပြု

အခုဆိုရင် ဝါရှင်တန်-လန်ဒန် ခရီးစဉ်ထွက်ခဲ့တဲ့ ဗိုလိုဒီမီယာ ဇလန်စကီး ကိယက်ဗ်မြို့တော်ကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

သောကြာနေ့မှာ အိမ်ဖြူတော်ကနေ ထွက်သွားဖို့ ပြောခံရတဲ့ အထိ အမေရိကန် သမ္မတ၊ ဒုသမ္မတတို့နဲ့ကြား တင်းမာ ခဲ့ပြီးတဲ့နောက်၊ စနေ လန်ဒန်ကို ရောက်လာတဲ့ အခါမှာတော့ သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုတာ ခံခဲ့ရပါတယ်။ ဝန်ကြီးချုပ် ကီယာ စတာမာက အမှတ် ၁၀ ဒေါင်းနင်းလမ်း အိမ်ရှေ့ ထွက်ကြို ခဲ့သလို၊ ချားလ်စ်ဘုရင် ကိုယ်တိုင်ရဲ့ ဖိတ်ကြား ဧည့်ဝတ်ပြုမှုကိုလည်း ရခဲ့ပါတယ်။

တခါ တနင်္ဂနွေနေ့မှာပဲ ဥရောပ ခေါင်းဆောင်တွေ လန်ဒန်မှာ ထိပ်သီး အစည်းအဝေး လုပ်ပြီး ယူကရိန်းကို ထောက်ခံကြောင်း ခိုင်ခိုင်မာမာ ပြသကြတဲ့ မြင်ကွင်းဟာ အိမ်ဖြူတော် သမ္မတရုံးခန်းထဲ ဖြစ်ခဲ့တဲ့ ရုပ်ဆိုး အကျည်းတန်မှုတွေနဲ့ ကွာခြားလှပါတယ်။

လန်ဒန် ထိပ်သီး အစည်းအဝေး အပြီး အိမ်ရှင် ဝန်ကြီးချုပ် စတာမာက ယူကရိန်းကို အကာအကွယ် ပေးရေး ဥရောပ ခေါင်းဆောင်တွေ တစုတစည်းတည်း ပေါင်းစည်းကြမယ့် ဆန္ဒ သဘောထားမျိုး ပေါ်ပေါက်လာမယ်လို့ ဆိုပေမယ့်၊ လူတွေ သိချင်သလောက် အသေးစိတ် အချက်အလက်တွေ မပါဝင်ပဲ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ် အတိုချုပ် ၄ ချက်ဆိုတာကို ပြောပါတယ်။

ဒီတော့ ရုရှားက ဝေဖန်နေသလို ယူကရိန်း စစ်ရပ်ရေး အမေရိကန်နဲ့ ဥရောပကြား ကွဲလွဲနေတဲ့ အချက်၊ ဥရောပ အင်အားကြီးတွေကြားမှာပဲ အမျိုးမျိုး ပြောဆိုနေတဲ့ အချက်တွေက ဘာတွေပါလဲ …. ။

ဝန်ကြီးချုပ် စတာမာ ပြောတဲ့ အတိုချုပ် ၄ ချက် ဆိုတာတွေကို ကြည့်ရင် ၁) ယူကရိန်းကို စစ်ရေး အထောက်အပံ့တွေ ဆက်ပြီးပေးမယ် ၂) ငြိမ်းချမ်းရေး ပြောဆို ဆွေးနွေးပွဲတွေမှာ ကာယကံရှင် ယူကရိန်း ကိုယ်တိုင်ကိုယ်ကျ ရှိနေခွင့် ရရမယ် ၃) ရုရှားရဲ့ ရန်လိုမှုကို ခုခံကာကွယ်နိုင်စွမ်း ယူကရိန်းကို ဆက်လက် မြှင့်တင်မယ် ၄) ယူကရိန်းဆီ တပ်တွေ စေလွှတ်တာမျိုး အပါအဝင် ယူကရိန်းကို အကာအကွယ် ပြုပေးရေး စိတ်သဘောထား ဆန္ဒတစ်ခုတည်း ဖန်တီး တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဥရောပကပေးတဲ့ လုံခြုံရေး ဆိုင်ရာ ကတိကဝတ်များ

မြေပြင် ဝေဟင် တပ်တွေ စေလွှတ်မယ် ဆိုတဲ့ ယူကေ ဝန်ကြီးချုပ် အစီအစဥ်ထဲ ဘယ်သူတွေ ပါဝင်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြေပြင် ဝေဟင် တပ်တွေ စေလွှတ်မယ် ဆိုတဲ့ ယူကေ ဝန်ကြီးချုပ် အစီအစဥ်ထဲ ဘယ်သူတွေ ပါဝင်မလဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကေက ပြောနေတဲ့ မြေပြင် ဝေဟင်တပ်တွေ ယူကရိန်းကို စေလွှတ်ရေး ဆိုတဲ့ အပေါ် ထောက်ခံကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဝန်ကြီးချုပ် စတာမာကတော့ ဒီ အစီအစဉ်ထဲ ပူးပေါင်း ပါဝင်ကြမလား ဆိုတာ တစ်နိုင်ငံချင်းစီ လွတ်လွတ်လပ်လပ်ပဲ ဆုံးဖြတ်ပါလို့ ဆိုပါတယ်။

စကင်ဒီနေးဗီးယန်း နိုင်ငံတွေလို့ ခေါ်တဲ့ ဒိန်းမတ်၊ ဆွီဒင် စတဲ့ နိုင်ငံတွေက ယူကရိန်းကို တပ်တွေ စေလွှတ်ရေး ဆွေးနွေးသွားလိုတဲ့ ဆန္ဒ ကိုယ်စီ ရှိကြောင်း ပြောပါတယ်။

ဒါပေမယ့် ပိုလန်လိုမျိုး ယူကရိန်းကို ထောက်ခံကြောင်း အစဉ်တဆက် ပြောဆိုနေခဲ့တဲ့ နိုင်ငံကတော့ စစ်တပ်တွေ စေလွှတ်ရေး အထိတော့ လုပ်မှာ မဟုတ်ကြောင်း ပြောထားပြီး ဖြစ်ပါတယ်။

အီတလီ အမျိုးသမီး ဝန်ကြီးချုပ် ဂျီမိုဂီယာ မီလိုနီကတော့ ဒီလို ကိစ္စမျိုးတွေထိ ဆွေးနွေးဖို့ ဆိုရင် အမေရိကန်ပါ ပါဝင်မယ့် နောက်ထပ် ထိပ်သီးဆွေးနွေးပွဲ ထပ်ခေါ်ဖို့ ပြောပါတယ်။

အခုတော့ လာမယ့် ကြာသပတေး မတ်လ ၆ ရက် နေ့ ကျရင်၊ ဘရပ်ဆဲလ်စ်မြို့မှာ ဥရောပ ခေါင်းဆောင်တွေ ထပ်ပြီးတွေ့ဖို့ စီစဉ်ထားပါတယ်။

အဲဒီ အခါကျရင် ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါ လီယန်က ဥရောပ တခွင်လုံး ဘယ်လို ပြန်ပြီး လက်နက် တပ်ဆင် သွားမလဲ ဆိုတာကို အတိတကျ အပြည့်အစုံ ပြောထားတဲ့ စီမံကိန်းတစ်ခု တင်ပြသွားမယ်လို့ ဆိုပါတယ်။

ယူကေနဲ့ ပြင်သစ် ပူးတွဲပြီး တစ်လ အပစ်ရပ် အကြံပြုမှု ပြုလုပ်ထားလား

လန်ဒန် ထိပ်သီး အစည်းအဝေးမှာ တွေ့ရတဲ့ ပြင်သစ်သမ္မတနဲ့ ယူကေ ဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လန်ဒန် ထိပ်သီး အစည်းအဝေးမှာ တွေ့ရတဲ့ ပြင်သစ်သမ္မတနဲ့ ယူကေ ဝန်ကြီးချုပ်

မတ်လ ၂ ရက်၊ လန်ဒန် ထိပ်သီး ဆွေးနွေးပွဲ ပြီးတဲ့ တနင်္ဂနွေ ညမှာပဲ "လီဖီဂါရို နိုင်ငံခြားရေး" ဆိုတဲ့ ပြင်သစ် သတင်းစာက ပြင်သစ်သမ္မတ မက်ခရွန်းနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် စတာမာတို့ နှစ်ယောက်ဟာ ရုရှား-ယူကရိန်း ဝေဟင်နဲ့ ပင်လယ် ရေပြင်မှာ တစ်လတာ အပစ်ရပ်ရေး အကြံပြုချက် တစ်ခု ပြုလုပ်ထားတယ်လို့ ရေးပါတယ်။ နှစ်ဘက်စလုံးကလည်း မြေပြင်မပါ၊ ဝေဟင်၊ ရေပြင် နဲ့ စွမ်းအင် စက်ရုံတွေ တဝိုက် အပစ်ရပ်ရေးအပေါ် သဘောတူနိုင်ကောင်းတယ်လို့ ဆိုပါတယ်။

အသေးစိတ်တွေ မသိရပေမယ့် ပြင်သစ် သမ္မတ မက်ခရွန်း ကိုယ်တိုင် ပြောတဲ့ အထဲ ရှေ့တန်း စစ်မြေပြင်တွေ တလျှောက် မြေပြင် အပစ်ရပ်ရေး ဆိုတာ ပါဝင်မှာ မဟုတ်ဘူး၊ ပါဝင်သည် ဆိုဦး တကယ်လိုက်နာလား … ကျိုးပေါက်သလား ဆိုတာ စောင့်ကြည့်ဖို့ ခက်မယ်လို့ ဆိုပါတယ်။

မတ်လ ၃ ရက် မနက်မိုးလင်းတဲ့ အခါ ယူကေရဲ့ လက်နက်ကိုင် တပ်များရေးရာ အငယ်တန်း ဝန်ကြီးတစ်ယောက် ဖြစ်တဲ့ လုခ်ပိုလာ့ဒ် က အဲဒီ သတင်း အပေါ် မဟုတ်ဘူးလို့ မပြောသည့်တိုင်၊ ဘာမှ ရေရေရာရာ မရှိသေး … ဘယ်ဘက်ကမှ သဘောမတူသေးတဲ့ အစီအစဉ် အဖြစ် လျှော့ပေ့ါပြီး ပြောပါတယ်။

"ပြင်သစ် အပါအဝင် တခြား ဥရောပ မဟာမိတ်တွေနဲ့ အတူ ယူကရိန်း နိုင်ငံထဲ တာရှည်တည်တံ့နိုင်မယ့် ငြိမ်းချမ်းရေး ဘယ်လို ဖန်တီး လမ်းခင်းနိုင်မလဲ ဆိုတာ ရှာဖွေ ကြံဆ နေတယ်" လို့ မစ္စတာ ပိုလာ့ဒ်က ဆိုပါတယ်။ ရုရှားဘက်ကလည်း ဘယ်လို ငြိမ်းချမ်းရေး သဘောတူချက်ကိုမှ သဘောတူမယ့် အကြောင်း၊ ငြိမ်းချမ်းရေး သဘောတူမှု ရယူဖို့ ဆန္ဒရှိကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုထားတာမျိုး မရှိသေးပါဘူး။