ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးအကူ အညီတွေကို ထရမ့် ရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP
အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတနဲ့ အချေအတင်ဖြစ်ပြီးတဲ့နောက်မှာ အမေရိကန်က ယူကရိန်းကိုထောက်ပံ့နေတဲ့ စစ်ရေးအသုံးစရိတ်တွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ အိမ်ဖြူတော်အရာရှိက ပြောပါတယ်။
ယူကရိန်းကို အမေရိကန် စစ်ဘက်ဆိုင်ရာအကူအညီတွေ တင်ပို့မှုကို ခေတ္တရပ်ဆိုင်းထားဖို့ဆိုတဲ့ အဲဒီအမိန့်ကို သမ္မတထရမ့်က ပေးထားတာလို့ ဆိုပါတယ်။
သမ္မတထရမ်ရဲ့ ဒီအမိန့်နဲ့ ဆုံးဖြတ်ချက်ဟာ အိမ်ဖြူတော် ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိတွေနဲ့ ဆက်တိုက်တွေ့ဆုံပြီးနောက် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု အမေရိကန်ရဲ့ ရပ်ဆိုင်းမှုက ယူကရိန်းရဲ့ စစ်ရေးနဲ့ တိုက်ခိုက်ရေး စွမ်းဆောင်နိုင်မှုအပေါ် မှာ သက်ရောက်မှုကြီးမားမယ်လို့ အကဲခတ်တွေကပြောပါတယ်။
ထရမ့်ရဲ့ ဒီအမိန့်ဟာ ယူကရိန်းသမ္မတ ဇလန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပါမယ်ဆိုတဲ့ ကတိကဝတ်ကို မပေးမချင်း ဒါမှမဟုတ် ကတိ တစုံတရာမရမချင်း ဆက်ရှိနေမယ့် သဘောလို့ အမည်မဖော်လိုတဲ့ အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောပါတယ်။
''သမ္မတကြီးဟာ ငြိမ်းချမ်းရေးအပေါ် အာရုံစိုက်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ အဲဒီရည်မှန်းချက်အပေါ်မှာ မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း ကတိကဝတ်ပြုပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖြေရှင်းမှုတစ်ခုအတွက် အထောက်အကူဖြစ်စေဖို့ အမေရိကန်ရဲ့ အကူအညီတွေကို ခေတ္တရပ်ထားပြီး ပြန်လည်သုံးသပ်နေပါတယ်'' လို့ အိမ်ဖြူတော် ပြောခွင့်ရက သတင်းထောက်တွေကိုပြောပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်အပေါ် ယူကရိန်းစစ်နဲ့ပတ်သက်တဲ့ အဓိကခေါင်းဆောင်တွေဆီက တုံ့ပြန်ချက်တွေတော့ မထွက်လာသေးပါဘူး။ ကိယက်ဗ်ဘက်က တစုံတရာတုံ့ပြန်မှုမရှိသေးပါဘူး။
အခုလို ကြေညာတဲ့အချိန်က ဝါရှင်တန်မှာ သန်းခေါင်ယံအချိန်ဖြစ်တာကြောင့် သမ္မထရမ့်ဆီ ကိုယ်တိုင် ထွက်ပြောလာဖို့လည်း နာရီအတော်ကြာ စောင့်ရဖို့ ရှိပါတယ်။
နောက်ပြီး နေတိုး၊ အီးယူ၊ ဗြိတိသျှဝန်ကြီးချုပ် ကီယာစတာမာနဲ့ အခြားဥရောပခေါင်းဆောင်တွေ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာ အားလုံးက စောင့်ကြည့်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ယူကရိန်းစစ်ပွဲစပြီးကတည်းက အခုအချိန်အထိ အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီအများဆုံးပေးတဲ့ အလှူရှင်ဖြစ်ပြီး စစ်လက်နက်နဲ စစ်သုံးကိရိယာတွေတွေနဲ့ ငွေကြေးပံ့ပိုးမှုတွေ ပေးထားတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်ဘက်ဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာ ၆၉ ဘီလျံကျော် ပေးထားတယ်လို့ ဂျာမနီက ပညာရှင်အဖွဲ့ Kiel Institute က ပြောထားပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ထရမ့်က ရုရှားသမ္မတရဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ပြောဆိုခဲ့မှုတွေကို ပဲ့တင်ထပ်စေတဲ့ အသုံးအနှုန်းတွေ သုံးပြီး ပြောခဲ့ပါတယ်။ အဲဒါကတော့ သမ္မတဇလန်းစကီးက ယူကရိန်းစစ်ပွဲကို စတင်ခဲ့သူလို့ ပြောခဲ့တာပါ။ နောက်ပြီး ဇလန်းစကီးကို အာဏာရှင်တစ်ဦးအဖြစ်လည်း စွပ်စွဲပြောဆိုထားပါတယ်။
ဒါပေမဲ့ အခု ယူကရိန်းအပေါ်ကို အမေရိကန်ရဲ့ စစ်ဘက်ဆိုင်ရာအကူအညီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ ပဋိပက္ခချိန်ခွင်လျှာအပေါ် အများကြီး သက်ရောက်စေနိုင်ပါတယ်။ သမ္မတပူတင်ဘက်က အားသာသွားနိုင်ပါတယ်။
အခုရပ်ဆိုင်းမှုဟာ ယူကရိန်းထဲ မရောက်ရှိသေးတဲ့ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်းအားလုံးအပေါ်သက်ရောက်စေမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အိမ်ဖြူတော်တွေ့ဆုံပွဲမှာ ယူကရိန်းသမ္မတရဲ့ ဆိုးရွားတဲ့အပြုအမူအဖြစ် ထရမ့်ဘက်ကအမြင်အပေါ် တိုက်ရိုက်တုံ့ပြန် ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်က ရပ်ဆိုင်းလိုက်ပြီးနောက် ယူကရိန်းရဲ့ လက်ရှိအခြေအနေအရ တိုက်ပွဲအရှိန်အဟုန်ကို ရက်သတ္တပတ်အတော်ကြာဆက်ထိန်းထားနိုင်ဖွယ်ရှိပေမဲ့ လာမယ့်နွေရာသီအစကာလမှာတော့ စပြီးသက်ရောက်မှုရှိမယ်လို့ ခန့်မှန်းကြပါတယ်။
ဘိုင်ဒန်အစိုးရက ဆုတ်ယုတ်သောကာလတွင် ယူကရိန်းသို့ လက်နက်များ အမြန်တင်ပို့ကာ နိုင်ငံအား ခေတ်မီလက်နက်များ သိုလှောင်ထားရှိမှု အများအပြားကို ထောက်ပံ့ပေးခဲ့သည်။
တကယ်တော့ သမ္မတထရမ့်နဲ့ ဇလန်းစကီးတို့ အချေအတင်ဖြစ်တဲ့နေ့က ယူကရိန်းက သတ္တုသိုက်တွေကို အမေရိကန်ကို ရှာဖွေတူးဖော်ခွင့်ပေးဖို့ လက်မှတ်ထိုးကြဖို့ဖြစ်ပါတယ်။
အစောပိုင်းတုန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဲဒီ အဆိုပြုချက်ကို သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပယ်ချခဲ့ပြီး နိုင်ငံကို ရောင်းမစားဘူးလို့ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ယူကရိန်းက မြေရှားသတ္တုအတွက် လက်မှတ်ထိုးဖို့ဖြစ်ခဲ့တာပါ။ ရုရှားကို ကာကွယ်တိုက်ခိုက်နေတဲ့ စစ်ပွဲအတွက် ယူကရိန်းကို အမေရိကန်က ဆက်လက်ကူညီဖို့ အတွက် ဒေါ်လာ ဘီလျံ ၅၀၀ တန်ဖိုးရှိတဲ့ မြေရှားသတ္တုတွေ လိုချင်တယ်၊ သူတို့ ဒါကို သဘောတူဖို့ လိုတယ်" လို့ ထရမ့်က ပြောခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော်က သမ္မတ ၂ ဦးရဲ့ အချေအတင်ဖြစ်မှုက မြေရှားသတ္တုသဘောတူညီမှုတွေကို ပျက်စေခဲ့သလို အမေရိကန်ရဲ့ ယူကရိန်းအပေါ် ထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းတဲ့အထိဖြစ်လာပါတယ်။
ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီတွေ ရပ်ဆိုင်းပြီးနောက် ဥရောပဟာ ဥရောပသမဂ္ဂ အကြီးအကဲ အာဆူလာ ဗွန်ဒါ လိုင်ယန်ကတော့ ဥရောပမှာ ''လက်နက်ပြန်လည်တပ်ဆင်တဲ့ခေတ်'' တစ်ခေတ်ကို ရောက်နေပြီး ကာကွယ်ရေးကို ''မြှင့်တင်ဖို့'' အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။
ရုရှားဘက်ကတော့ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုချီးကျူးလိုက်ပြီး "ကိယက်ဗ်အစိုးရကို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ပေါ် ရောက်ဖို့ အမှန်တကယ် တွန်းပို့ကောင်း တွန်းပို့နိုင်မယ်" လို့ပြောဆိုပါတယ်။
အမေရိကန်ဟာ အခုအချိန်အထိ ယူကရိန်းအတွက် စစ်ရေးအကူအညီအများဆုံးပေးတဲ့နိုင်ငံ ဖြစ်တာကြောင့် ယူကရိန်းလိုနေတဲ့ ကွက်လပ်ကို ဥရောပက တကယ်ဖြည့်ပေးနိုင်မလားဆိုတာကို ဘီဘီစီရဲ အချက်အလက်စိစစ်ရေး သတင်းထောက်အဖွဲ့ BBC Verify က တွက်ချက်ကြည့်ပါတယ်။
ထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်က ယူကရိန်းရဲ့ သွေးကြောမကြီးကို ပိတ်ဆို့ဖြတ်တောက်လိုက်သလိုပဲလို့ ဘီဘီစီ ယူကရိန်းသတင်းထောက် ဂျိမ်းစ် ဝါတာဟောက်စ်က သုံးသပ်ပါတယ်။
အစောပိုင်းတုန်းကတော့ သမ္မတဇလန်းစကီးက ငြိမ်းချမ်းရေးကို အလေးအနက်ထားဆွေးနွေးလိုတယ်ဆိုရင် ယူကရိန်းအတွက် စေ့စပ်ညှိနှိုင်းမှုဆီသို့ ပြန်သွားဖို့ တံခါးဖွင့်ထားကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောထားပါတယ်။
ကိယက်ဗ်ပြည်သူတွေကတော့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်းတုံ့ပြန်ထားပါတယ်။
ယူကရိန်းဟာ ဥရောပနိုင်ငံတွေထဲမှာ အတော်ကြီးမားတဲ့နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့ နှိုင်းရင်တော့ လူဦးရေအရ၊ နယ်မြေအကျယ်အဝန်းအရ၊ စီးပွားရေးအရပမာဏ အများကြီးငယ်ပါတယ်။
စစ်ပွဲမစခင် ရုရှားရဲ့ စီးပွားရေးက ယူကရိန်း စီးပွားရေးထက် ၁၀ ဆ ကြီးမားပါတယ်။
ဒီစစ်ပွဲကြောင့် ယူကရိန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတော်များများအတွင်း အဆိုးဆုံးလို့ ပြောရမယ့် ဘဏ္ဍာရေးအခြေအနေကို ဆိုက်ခဲ့ပါတယ်၊ ပြောရရင် ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခဲ့တဲ့ ၁၉၉၀ နှစ်တွေတဝိုက်က ဖြစ်ခဲ့တဲ့ စီးပွားရေး ကသောင်း သနင်းဆိုက်မှု၊ ငွေကြေးဖောင်းပွမှု စတဲ့ အခြေအနေတွေထက်တောင် ပိုဆိုးပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလကတည်းက ယူကရိန်းအစိုးရဟာ နိုင်ငံ့ဘဏ္ဍာရဲ့ အများစုကို ကာကွယ်ရေးအတွက် သုံးရပြီး တခြားအရေးကြီးကဏ္ဍတွေဖြစ်တဲ့ အများပြည်သူ ဝန်ဆောင်မှုရေးရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးစတဲ့ ကဏ္ဍတွေအတွက် ငွေတွေရအောင် ရှာခဲ့ရပါတယ်။
ဒါက စိန်ခေါ်မှုကြီးဖြစ်သလို ဘတ်ဂျက် လိုငွေပြမှု အကြီးအမားကိုလည်း ဖြစ်စေခဲ့ပါတယ်။
၂၀၂၂ - ၂၀၂၄ ကြားမှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ အကြွေးလျော်ပေးမှု စတဲ့ ခေါင်းစဉ် တွေနဲ့ နိုင်ငံခြားကနေ ယူကရိန်းက ဒေါ်လာ ၁၁၅ ဘီလျံရရှိခဲ့ ပါတယ်။
ဒီအထဲမှာ ဥရောပသမဂ္ဂက ဒေါ်လာ ၄၄.၈ ဘီလျံ၊ အမေရိကန်က ၃၁.၂ ဘီလျံ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ - အိုင်အမ်အက်ဖ်က ၁၂.၄ ဘီလျံ ပါဝင် ပါတယ်။
၂၀၂၄ အတွက် အမေရိကန်က ပေးတဲ့ အကူ၊ အများအားဖြင့် စစ်ရေးအတွက် ကူတဲ့ ၆၀.၇ ဘီလျံကနေ ချေးငွေ ၇.၉ ဘီလျံကို ယူကရိန်းစီးပွားရေးအတွက် အထောက်အကူဖြစ်အောင် ချထားပေးပါတယ်။
၂၀၂၄ ထဲမှာပဲ ဂျီ ဆဲဗင်း (G7) နိုင်ငံတွေက အထူးဘဏ္ဍာရေး မြှင့်တင်မှု ချေးငွေ ဒေါ်လာ ၅၀ ဘီလျံပေးခဲ့ပြီး ရုရှားတို့ရဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ထားတဲ့ ငွေတွေနဲ့ ပြန်ဆပ်ဖို့ သဘောတူခဲ့ကြပါတယ်။
၂၀၂၅ မှာ မဟာမိတ်တွေဆီကနေ ယူကရိန်းက ဒေါ်လာ ၃၈.၄ ဘီလျံရမယ်လို့ မှန်းဆထားပါတယ်။








