ယူကရိန်း ဆက်ပြီး စစ်တိုက်နိုင်မလား

စစ်ပွဲရဲ့ အနိုင်အရှုံးကို စီးပွားရေးကသာ အဆုံးအဖြတ်ပေးမှာလို့ ထောက်ပြ ပြောဆိုနေကြ
ဓာတ်ပုံ ပုံစာ, စစ်ပွဲရဲ့ အနိုင်အရှုံးကို စီးပွားရေးကသာ အဆုံးအဖြတ်ပေးမှာလို့ ထောက်ပြ ပြောဆိုနေကြ

အန်နာစတက်စီယာ ဇန်နုဒါ

ဘီဘီစီ သတင်း ယူကရိန်း

ယူကရိန်းကို ရုရှားတို့ အင်အားအလုံးအရင်းနဲ့ ဝင်ကျူးကျော်တာ ၃ နှစ် နီးပါး ကြာလာတဲ့နောက် ထောက်ပြသူတွေက စစ်တပ်တွေဟာ တိုက်ပွဲတွေ နိုင်ကောင်းနိုင်နိုင်ပေမဲ့ စစ်ဘယ်သူနိုင်သလဲဆိုတာကို စီးပွားရေးကသာ အဆုံးအဖြတ်ပေးမှာလို့ ပြောဆိုနေကြပါတယ်။ ယူကရိန်းက ဆက်ပြီး စစ်တိုက်နိုင်ဖို့ တတ်နိုင်မလား။

သမ္မတ ဇယ်လန်းစကီးက ယူကရိန်းအနေနဲ့ စစ်ပွဲကို "မြန်ရုံ သက်သက်မဟုတ်၊ မျှမျှတတ" အဆုံး သတ်ချင်တဲ့အကြောင်း တလောလေးကတင် အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဓိက မဟာမိတ် တနိုင်ငံဖြစ်တဲ့ အမေရိကန်က သူတို့ကိုပေးနေတဲ့ အကူအညီတွေ ကို ရပ်တန့်ထားတာ၊ ရှေ့မှာ ထောက်ပို့ပေးမှုတွေကို လျှော့မယ်ဆိုတဲ့ အရိပ် အယောင်ပြတာ စတာတွေကြောင့် စစ်ပွဲကြောင့် ထိခိုက်နေတဲ့ ယူကရိန်းရဲ့ စီးပွားရေးဟာ နောက်ထပ် တနှစ် ဆက်ပြီး စစ်တိုက်နိုင်ဖို့ အခြေအနေကို ပေးပါ့မလား။

ယူကရိန်း စစ်ပွဲကာလ ဘဏ္ဍာရေး

ယူကရိန်းဟာ ဥရောပနိုင်ငံတွေထဲမှာ အတော်ကြီးမားတဲ့နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့ နှိုင်းရင်တော့ လူဦးရေအရ၊ နယ်မြေအကျယ်အဝန်းအရ၊ စီးပွားရေးအရ ပမာဏ အများကြီး ငယ်ပါတယ်။

စစ်ပွဲမစခင် ရုရှားရဲ့ စီးပွားရေးက ယူကရိန်း စီးပွားရေးထက် ၁၀ ဆ ကြီးမားပါတယ်။

ဒီစစ်ပွဲကြောင့် ယူကရိန်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတော်များများအတွင်း အဆိုးဆုံးလို့ ပြောရမယ့် ဘဏ္ဍာရေးအခြေအနေကို ဆိုက်ခဲ့ပါတယ်၊ ပြောရရင် ဆိုဗီယက် ပြည်ထောင်စု ပြိုလဲခဲ့တဲ့ ၁၉၉၀ နှစ်တွေတဝိုက်က ဖြစ်ခဲ့တဲ့ စီးပွားရေး ကသောင်း သနင်းဆိုက်မှု၊ ငွေကြေးဖောင်းပွမှု စတဲ့ အခြေအနေတွေထက်တောင် ပိုဆိုးပါတယ်။

၂၀၂၂ ဖေဖော်ဝါရီလကတည်းက ယူကရိန်းအစိုးရဟာ နိုင်ငံ့ ဘဏ္ဍာရဲ့ အများစုကို ကာကွယ်ရေးအတွက် သုံးရပြီး တခြား အရေးကြီးကဏ္ဍတွေဖြစ်တဲ့ အများပြည်သူ ဝန်ဆောင်မှုရေးရာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စတဲ့ ကဏ္ဍတွေ အတွက် ငွေတွေ ရအောင် ရှာခဲ့ရပါတယ်။ ဒါက စိန်ခေါ်မှုကြီးဖြစ်သလို ဘတ်ဂျက် လိုငွေပြမှု အကြီးအမားကိုလည်း ဖြစ်စေခဲ့ပါတယ်။

၂၀၂၂ အကုန်လောက်မှာ ယူကရိန်းရဲ့ စီးပွားရေးက ၃ ပုံ ၁ ပုံလောက် ကျုံ့သွား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၂ အကုန်လောက်မှာ ယူကရိန်းရဲ့ စီးပွားရေးက ၃ ပုံ ၁ ပုံလောက် ကျုံ့သွား

ဒီလို လိုငွေပြမှုတွေကို ဖြည့်တင်းနိုင်ဖို့ ရုရှားထိုးစစ် စတင်တဲ့ ပထမပိုင်းလတွေ အတွင်း ကိယက်ဗ်အစိုးရဟာ ဘွန်း ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းတာ၊ ငွေစက္ကူသစ်တွေ ရိုက်နှိပ်ထုတ်ဝေတာ စတာတွေကို လုပ်ခဲ့ပါတယ်။

၂၀၂၂ အကုန်လောက်မှာ ယူကရိန်းရဲ့ စီးပွားရေးက ၃ ပုံ ၁ ပုံလောက် ကျုံ့သွားပြီး ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂၅% ကျော် ထိုးတက်လာခဲ့ပါတယ်။

ယူကရိန်း မဟာမိတ်တွေရဲ့ အကူအညီတွေကြောင့် တည်ငြိမ်မှု ပြန်ရ လာခဲ့တာပါ။

အမေရိကန်က ယူကရိန်းကို အဓိက အကူအညီပေးသူဖြစ်ပြီး လူသားချင်း စာနာမှု ဆိုင်ရာ၊ စစ်ရေး ဆိုင်ရာ အကူအညီတွေအပြင် စီးပွားရေး တည်ငြိမ်ဖို့ ဘဏ္ဍာရေး ဆိုင်ရာ အကူအညီတွေလည်း ပေးခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ အဲဒီတာဝန်တွေ အထူးသဖြင့် ယူကရိန်းကို ဘဏ္ဍာရေး အရ ထောက်ပံ့ပေးရမှုတွေက ဥရောပ သမဂ္ဂဆီကို ရောက်လာပါတယ်။

"ဒီနေ့ကာလမှာ စစ်ပွဲရဲ့ ကုန်ကျမှု ၈၀ % ကို ယူကရိန်းနဲ့ ဥရောပက ကျခံနေတာ ဖြစ်ပြီး ၂၀ % ကို အမေရိကန်က ကူတာပါ" လို့ သမ္မတ ဇယ်လန်းစကီးက သူ မြူးနစ် လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ဖို့ ခရီးထွက်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သတင်းထောက်တွေကို ပြောပါတယ်။

ဘယ်လို ဘဏ္ဍာရေးအကူအညီတွေ ယူကရိန်း ရသလဲ

GFX
  • ၂၀၂၂ - ၂၀၂၄ ကြားမှာ ချေးငွေ၊ ထောက်ပံ့ငွေ၊ အကြွေး လျော်ပေးမှု စတဲ့ ခေါင်းစဉ် တွေနဲ့ နိုင်ငံခြားကနေ ယူကရိန်းက ဒေါ်လာ ၁၁၅ ဘီလျံရရှိခဲ့ ပါတယ်။
  • ဒီအထဲမှာ ဥရောပသမဂ္ဂက ဒေါ်လာ ၄၄.၈ ဘီလျံ၊ အမေရိကန်က ၃၁.၂ ဘီလျံ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ - အိုင်အမ်အက်ဖ်က ၁၂.၄ ဘီလျံ ပါဝင် ပါတယ်။
  • ၂၀၂၄ အတွက် အမေရိကန်က ပေးတဲ့ အကူ၊ အများအားဖြင့် စစ်ရေးအတွက် ကူတဲ့ ၆၀.၇ ဘီလျံကနေ ချေးငွေ ၇.၉ ဘီလျံကို ယူကရိန်း စီးပွားရေးအတွက် အထောက်အကူဖြစ်အောင် ချထားပေးပါတယ်။
  • ၂၀၂၄ ထဲမှာပဲ ဂျီ ဆဲဗင်း (G7) နိုင်ငံတွေက အထူးဘဏ္ဍာရေး မြှင့်တင်မှု ချေးငွေ ဒေါ်လာ ၅၀ ဘီလျံပေးခဲ့ပြီး ရုရှားတို့ရဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ထားတဲ့ ငွေတွေနဲ့ ပြန်ဆပ်ဖို့ သဘောတူခဲ့ကြပါတယ်။
  • ၂၀၂၅ မှာ မဟာမိတ်တွေဆီကနေ ယူကရိန်းက ဒေါ်လာ ၃၈.၄ ဘီလျံရမယ်လို့ မှန်းဆထားပါတယ်။

အကူအညီတွေက ဘယ်လို အထောက်အကူဖြစ်လဲ

ယူကရိန်းဟာ ၂၀၂၂ ခုနှစ်မှာ စီးပွားရေးထိုးဆင်းခဲ့ပေမဲ့ နိုင်ငံခြားအကူအညီကြောင့် ၂၀၂၃ မှာ စီးပွားရေး တိုးတက်မှုနှုန်း ၅.၃ % ရှိခဲ့ပြီး ၂၀၂၄ မှာ ၃.၆% တိုးတက်ခဲ့တယ်လို့ တရားဝင် စာရင်းဇယားတွေအရ သိရပါတယ်။

နိုင်ငံတကာအကူအညီတွေကြောင့် ယူကရိန်းဟာ နိုင်ငံခြားငွေကြေး အရန်ငွေကို ပြန်ဖြည့်တင်းနိုင်ခဲ့ပါတယ်။ နိုင်ငံငွေကြေးတန်ဖိုးကို တည်ငြိမ်အောင် တစုံတရာ အတိုင်းအတာ အထိ လုပ်နိုင်ခဲ့ပြီး ဘတ်ဂျက် လိုငွေ မပြအောင်လည်း ထိန်းနိုင် ခဲ့ပါတယ်။

နိုင်ငံတကာ အကူအညီတွေကြောင့် ရှေ့တန်း စစ်မြေပြင်နဲ့ ဝေးတဲ့ အရပ်က ယူကရိန်းပြည်သူတွေ ပုံမှန် ဘဝမှာ နေထိုင် နိုင်ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ အကူအညီတွေကြောင့် ရှေ့တန်း စစ်မြေပြင်နဲ့ ဝေးတဲ့ အရပ်က ယူကရိန်းပြည်သူတွေ ပုံမှန် ဘဝမှာ နေထိုင် နိုင်ကြ

လူမှုရေးနဲ့ စီးပွားရေး သုတေသန စင်တာ (Centre for Social and Economic Research - CASE Ukraine) ရဲ့ အကြီးအကဲ ဒီမစ်ထရို ဘိုရာချပ်ခ်က "ဆက်ပြီး တိုက်နိုင်ဖို့အတွက် ယူကရိန်းအနေနဲ့ တနှစ်ကို ဒေါ်လာ ၄၀ ဘီလျံ လိုတယ်" လို့ ပြောပါတယ်။

"အကူအညီတွေ မရတော့ဘူးဆိုရင်တော့ သိပ်ဝမ်းနည်းစရာ ဇာတ်လမ်း ဖြစ်သွား မယ်။"

ယူကရိန်းရဲ့ ပြည်တွင်း ပြဿနာတွေ

ယူကရိန်း စစ်အတွင်း စီးပွားရေးအတွက် ငွေကြေး တခုသာပဲ အဓိက ပြဿနာ ဖြစ်နေတာ မဟုတ်ပါဘူး။ စွမ်းအင် မလုံလောက်မှုနဲ့ လုပ်သားအင်အား ရှားပါးမှု ပြဿနာတွေကလည်း ကြီးမားပါတယ်။

စစ်ပွဲမတိုင်မီက ယူကရိန်းရဲ့ စွမ်းအင် ထုတ်လုပ်နိုင်စွမ်းရဲ့ တဝက်ကျော်လောက်ဟာ ရုရှား သိမ်းပိုက်ထားတဲ့ ဒါမှမဟုတ် ဖျက်ဆီးလိုက်တဲ့ အထဲမှာ ပါသွားပြီလို့ မှတ်ယူကြ ပါတယ်။

၂၀၂၂ အောက်တိုဘာ နဲ့ ၂၀၂၄ စက်တင်ဘာကြားမှာ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ ရုရှားက တိုက်ခိုက်တာကို အကြိမ် ၁၀၀၀ ကျော် ခံခဲ့ရတယ်လို့ ယူကရိန်း စွမ်းအင် ဝန်ကြီးဌာနက ပြောပါတယ်။

ဇာပရီးရှား နျူကလီးယားဓာတ်ပေါင်းဖို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇာပရီးရှား နျူကလီးယားဓာတ်ပေါင်းဖိုဆိုရင် စစ်မဖြစ်ခင်က ယူကရိန်းရဲ့ စွမ်းအင်လိုအပ်ချက် အများအပြားကို ဖြည့်ဆည်းပေးနိုင်ခဲ့၊ အခုတော့ ဒီဓာတ်ပေါင်းဖိုဟာ စစ်ပွဲအစပိုင်းကတည်းက ရုရှားလက်အောက်ကို ရောက်နေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုရှားရဲ့ တိုက်ခိုက်မှု အပြင်းအထန်မခံခဲ့ရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကနေ စွမ်းအင်လိုအပ်ချက်ကို အဓိက ဖြည့်ပေးနေပြီး အသုံးမများတဲ့အချိန်မှာ လိုအပ်တဲ့ စွမ်းအင်ပမာဏကို ပြည်ပကနေ တင်သွင်းလာခဲ့တဲ့ လျှပ်စစ်စွမ်းအင်နဲ့ လေ၊ ဆိုလာ၊ ရွှေ့ပြောင်းယူနိုင်တဲ့ ဓာတ်ငွေ့ တာဘိုင်စက်တို့က ရတဲ့ စွမ်းအင်တွေ ပေါင်းပြီး ဖြည့်ဆည်း နေပါတယ်။

စွမ်းအင်ထိခိုက်ခံရမှုတွေက လူတွေရဲ့ လူနေမှုစရိတ်နဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်တွေကို တိုးလာစေခဲ့ပါတယ်။

ယူကရိန်း စီးပွားရေးအတွက် နောက်ထပ် ပြဿနာကြီးတခုကတော့ ၃ ပုံ ၁ ပုံလောက် နည်းပါးသွားပြီဖြစ်တဲ့ လုပ်သား အင်အားပါ။

စစ်ပွဲအတွင်း သေဆုံးမှု၊ ဒဏ်ရာရမှု၊ ရွှေ့ပြောင်းထွက်ခွာမှု၊ စစ်ထဲ ကောက်ယူမှု စတာတွေက လုပ်သားအင်အား လျော့ကျလာမှုရဲ့ အကြောင်းရင်းတွေပါ။

စစ်တပ်ထဲမှာ ၈၈၀,၀၀၀ နီးပါးရှိပြီး တိုက်ပွဲဝင်နေကြတယ်လို့ သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက ပြောပါတယ်။

ဒါ့အပြင် ရုရှားကျူးကျော်မှုကြောင့် ယူကရိန်း လူဦးရေ ၄ ပုံ ၁ ပုံ နီးပါး သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ ယူကရိန်းက ဒုက္ခသည် ၇ သန်း နီးပါးက နိုင်ငံရပ်ခြားမှာ (အဲဒီထဲက ၆.၃ သန်းက ဥရောပမှာ) ဖြစ်ပြီး နောက်ထပ် ၄.၆ သန်းကျော်က ပြည်တွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။

ယူကရိန်း စီးပွားရေးကို ဘယ်လောက်ကြာကြာ ဆက်ထိန်းနိုင်မလဲ

ယူကရိန်းအတွက် နိုင်ငံတကာ ထောက်ပံ့မှုတွေကို စီမံပေးနေတဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (International Monetary Fund - IMF)က စိန်ခေါ်နေတဲ့ အခြေအနေတွေရှိနေပေမဲ့လည်း ဒီနိုင်ငံရဲ့ "စီးပွားရေးက ဆက်ပြီး ကြံ့ကြံ့ခံနိုင်တယ်" လို့ မကြာခင်က ထုတ်ဖော်ပြောထားပါတယ်။

စစ်ပွဲကြောင့် အရင်းအမြစ်တွေ ဆုံးရှုံးလာတဲ့ အချိန်မျိုးမှာ စီးပွားရေးအရ တောင့်ခံ နိုင်တာက အရေးကြီးတဲ့ အချက်လို့ စီးပွားရေး ကျွမ်းကျင်သူ ဒီမစ်ထရို ဘိုရာချပ်ခ်က ပြောပါတယ်။

ယူကရိန်း စစ်ရှုံးမယ်ဆိုရင် အစားအစာလုံလောက်ရေး ပြဿနာရှိလာမှာ၊ ဒုက္ခသည်တွေ ထွက်ခွာလာမှု တိုးလာမှာ၊ နိုင်ငံတွေအနေနဲ့ အစိမ်းရောင် ရင်းနှီး မြှုပ်နှံမှုထက်စာရင် စစ်ရေးပိုင်းမှာ ရင်းနှီး မြှုပ်နှံကြတာ စတဲ့ ဆိုးကျိုး ဆက်တွေက ကမ္ဘာတခုလုံးကို ပြန့်သွားမှာလို့ ယူကရိန်း ဗဟို ဘဏ်ဖြစ်တဲ့ နေရှင်နယ်ဘဏ်ရဲ့ အကြီးအကဲ အင်ဒရေ ပစ်ရှင်ညီက ပြောပါတယ်။

နိုင်ငံခြား အကူအညီကို အကြီးအမား မှီခို နေရစဉ်မှာပဲ ယူကရိန်းဟာ စစ်ပွဲကာလ စီးပွားရေး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ကြောင်း ပြနေပါတယ်။

ကုလသမဂ္ဂနဲ့ တူရကီတို့က ကြားဝင်ညှိနှိုင်းပေးပြီး စိုက်ပျိုးသီးနှံတွေကို ဝေးလံတဲ့ နိုင်ငံရပ်ခြား နိုင်ငံတွေဆီ ဆက်လက်တင်ပို့နိုင်အောင် လုပ်ဆောင်ပေးထားတဲ့ ပင်လယ်နက် သီးနှံ သဘောတူညီချက်ကို ရုရှားက မလိုက်နာတော့တဲ့အခါ ယူကရိန်းနဲ့ သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေက ပင်လယ်နက်အတွင်းမှာ ရုရှားရဲ့ တိုက်ခိုက်မှု ကနေ ကင်းလွတ်နိုင်တဲ့ လမ်းကြောင်းသစ်ကို ထူထောင်နိုင်ခဲ့ကြပါတယ်။

ဒါကြောင့် ယူကရိန်းဟာ စစ်မတိုင်ခင်က သူတင်ပို့နိုင်ခဲ့တဲ့ စိုက်ပျိုးသီးနှံ ပမာဏကို တင်ပို့နိုင်ခဲ့ရုံသာမက နောက်ထပ် ကုန်တွေကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။

၂၀၂၄ မှာ တင်ပို့ကုန် ၁၅% တိုးတက်ခဲ့ပြီး နိုင်ငံ့ဘဏ္ဍာ ဒေါ်လာ ၄၁.၆ ဘီလျံ ရှာနိုင်ခဲ့ ပါတယ်။ ဒီပမာဏက အဲဒီနှစ်က ယူကရိန်းအတွက် နိုင်ငံတကာ အကူအညီ ပမာဏ နဲ့ တူညီပါတယ်။

ယူကရိန်းရဲ့ ၂၀၂၅ ခုနှစ် အလားအလာ

၂၀၂၄ မှာ စစ်ပွဲအတွက် ဒေါ်လာ ၅၂ ဘီလျံ နီးပါး သုံးစွဲရတယ်လို့ ယူကရိန်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်၊ ဒါက တနေ့ကို ဒေါ်လာ ၁၄၂ သန်း လောက် ကုန်ကျတယ်ဆိုတဲ့ သဘောပါ။

၂၀၂၅ အတွက် ယူကရိန်းအစိုးရက ကာကွယ်ရေးနဲ့ လုံခြုံရေး အတွက် ဒေါ်လာ ၄၉ ဘီလျံ လျာထားသတ်မှတ်ထားပြီး ဒါက နိုင်ငံ့ ဂျီဒီပီရဲ့ ၄ ပုံ ၁ ပုံ ကျော်နဲ့ ညီမျှပါတယ်။

စစ်ရေးနဲ့ မဆိုင်တဲ့ စီမံချက်တွေအတွက် သုံးစွဲမှုတွေကို အများအားဖြင့် နိုင်ငံတကာ အကူအညီတွေနဲ့ သုံးမှာဖြစ်ပြီး ပြည်တွင်း ဘဏ္ဍာအရင်းအမြစ် ထဲကနေ တချို့အတွက် စိုက်ထုတ်မယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

၂၀၂၅ ဘတ်ဂျက်ကို ဖြည့်တင်းဖို့အတွက် အခွန်တချို့ကို တိုးကောက်ဖို့ရှိပြီး ဒါက စီးပွားရေး လုပ်ငန်းလည်ပတ်မှုတွေကို ထိခိုက်နိုင်ခြေ ရှိပါတယ်။

ကတိပြုထားပြီးဖြစ်တဲ့ နိုင်ငံတကာ အကူအညီတွေ သတ်မှတ်ထားတဲ့ အချိန်နဲ့ အညီ ရောက်မလာမှာကို ပူစရာ မရှိဘူးလို့ ဗဟိုဘဏ် အကြီးအကဲ အင်ဒရေ ပစ်ရှင်ညီက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်က လက်ရှိ သဘောတူထားပြီးသား တွေအပေါ် သူ့သဘောက ဘာလဲဆိုတာ ထုတ်မပြောသေးပါဘူး။

ဘိုင်ဒန်အစိုးရက အရင် ကတိပြုထားပြီးသား အကူအညီတွေ သူတို့ကို ဆက်ခံသူတွေ အလှည့်ကျရင်လည်း ဆက်ပြီးပေးဖို့ ကြိုးစားပေးထားခဲ့ပေမဲ့ အခြေအနေတွေက "၁၈၀ ဒီဂရီ ပြန်လှည့်သွားနိုင်တယ်" လို့ စီးပွားရေးပညာရှင် ဒီမစ်ထရို ဘိုရာချပ်ခ်က ပြောပါတယ်။

ရုရှား - ယူကရိန်း စစ်ပွဲက ဖြစ်လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး အတွက် သံတမန်ရေး ကြိုးပမ်းမှုတွေ လုပ်နေဆဲဖြစ်ပြီး အမေရိကန်၊ ရုရှား၊ ယူကရိန်း၊ ဥရောပတို့ကြား သဘောတူနိုင်မှုတွေကို အများက အနီးကပ် စောင့်ကြည့် နေကြပါတယ်။

ဒါပေမဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ပေါ်ထွန်းလာနိုင်ဖို့ကတော့ အခုအချိန်မှာ ဝေးနေသေးတဲ့ပုံပါ။