အမေရိကန်နဲ့ ရုရှား ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေး

ဗီဒီယို ပုံစာ, အမေရိကန်နဲ့ ရုရှား ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေး
အမေရိကန်နဲ့ ရုရှား ယူကရိန်းစစ် အဆုံးသတ်ရေး ဆွေးနွေး

ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ ရုရှားတို့ ဆော်ဒီအာရေဗျမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၄ နာရီခွဲကြာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၃ နှစ်က မော်စကိုက စတင် ကျူးကျော်ပြီး နောက်ပထမဆုံးအကြိမ် ဒီနှစ်နိုင်ငံအကြား မျက်နှာခြင်းဆိုင် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ တွေ့ဆုံ ကြဖို့ အတွက်လည်း ဆွေးနွေး ခဲ့ကြပေမယ့် လာမယ့် သီတင်းပတ်ထဲမှာတော့ မတွေ့လောက်သေးဘူးလို့ ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုတို့ ရိယဒ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား အမြင်မတူကြတဲ့ ကြားမှာပဲ သံတမန်ရေးမှာ သိသိသာသာ ပြောင်းလဲလာတဲ့ အရွေ့တခု လည်း ဖြစ်ပါတယ်။ အမေရိကန်က ရုရှားဘက်က စစ်အဆုံးသတ်ရေးအတွက် တကယ်လိုလိုလားလား ရှိသလား ဆိုတာကို သိနိုင်ဖို့ အခုလို တွေ့ဆုံတာ ဖြစ်ကြောင်း ဆိုပါတယ်။ တဖက်မှာလည်း ရုရှားက အမေရိကန်ဆက်ဆံရေးတွေ ပုံမှန် ပြန်ဖြစ်လာစေချင်တာကြောင့် လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ ရှေ့တန်း စစ်မျက်နှာတွေမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က ရုရှားတပ်တွေကို ၃ နှစ် နီးပါး တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။ ကိယဗ်မြို့တော်နဲ့ ကီလိုမီတာ ၃၀၀ အကွာ ရုရှားနယ်စပ်အနီးက ဂျယ်ရမီ ဘိုဝင် ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။