ထရမ့်နဲ့ ပူတင်တွေ့ဖို့ ဆော်ဒီကို ရွေးတာက ဘာ့ကြောင့်လဲ

U.S. President Donald Trump speaks with Saudi Arabia's Crown Prince Mohammed bin Salman during family photo session with other leaders and attendees at the G20 leaders summit in Osaka, Japan, June 28, 2019.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆော်ဒီ အိမ်‌ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်မန်လည်း ဒီဆွေးနွေးပွဲမှာ ပါဝင် နိုင်တယ်

မန်နဲလ် ခါလီ

ဘီဘီစီ သတင်း အာရပ်ဘာသာ

ယူကရိန်းစစ်ပွဲကို ဘယ်လိုရပ်နိုင်မလဲဆိုတဲ့အပေါ် အဖြေရှာနိုင်အောင် ရုရှားသမ္မတ ပူတင်နဲ့ ဆော်ဒီအာရေးဗီးယားမှာ ဆွေးနွေးနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ‌ပြောလိုက်တဲ့အခါ အ‌ရေးပါတဲ့ ဒီဆွေးနွေးပွဲကို ဘာကြောင့် သူက ဒီပင်လယ်ကွေ့ နိုင်ငံမှာ လုပ်ဖို့ ရွေးချယ်တာလဲလို့ အများက စောကြောနေကြပါတယ်။

ဆွေးနွေးပွဲက မကြာတဲ့အနာဂတ်ကာလအတွင်းဖြစ်နိုင်တယ်လို့ မစ္စတာ ထရမ့်က ပြောပေမယ့် ဘယ်နေ့လဲ ဆိုတာတော့ အတိအကျ ပြောမသွားပါဘူး။ နောက်ပိုင်း ထွက်လာတဲ့ သတင်းတွေအရ ဒီသီတင်းပတ်အတွင်း အဲဒီ ဆွေးနွေးပွဲ ဖြစ်လာနိုင်ပါတယ်။

ဆော်ဒီ အိမ်‌ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်မန်လည်း ဒီဆွေးနွေးပွဲမှာ ပါဝင် နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ငြိမ်းချမ်းရေးအတွက် အာရုံစိုက်ရင်း သမ္မတ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးတို့ကို သမ္မတ ထရမ့်က ဖုန်းနဲ့ သီးခြားစီ စကားပြောပြီးတဲ့နောက် နာရီအနည်းငယ် အကြာမှာ ဒီမှတ်ချက်စကား ထွက်လာတာလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားဘက်ကလည်း ထရမ့်နဲ့ ပူတင်အကြား ဖုန်းခေါ်စကားပြောတာ၊ သူတို့ဆီမှာ ဆွေးနွေးပွဲဖြစ်နိုင်တယ်ဆိုတာ စတာတွေကို သူတို့ကြေညာချက်ထဲမှာ ချီးမွှမ်း ပြောဆိုခဲ့ပါတယ်။

"ဆော်ဒီဘုရင့်နိုင်ငံက ရုရှားနဲ့ ယူကရိန်းကြား တည်မြဲတဲ့ ငြိမ်းချမ်းရေးရအောင် ဆက်လက် အားထုတ်နေပါကြောင်း အတည်ပြုပြောလိုပါတယ်" လို့ ကြေညာချက် ထဲမှာ ရေးသားထားပါတယ်။

ကြားနေ နေရာ

ထရမ့်နဲ့ ပူတင် ထိပ်သီးညီလာခံအတွက် တရုတ်နဲ့ အာရပ်စော်ဘွားများ နိုင်ငံ - ယူအေအီး တို့ကလည်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးဖို့ ကမ်းလှမ်းခဲ့ ကြတယ် ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါတယ်။

Russia's President Vladimir Putin and U.S. President Donald Trump shake hands during a bilateral meeting at the G20 leaders summit in Osaka, Japan, June 28, 2019.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆော်ဒီအာရေးဗီးယားကလည်း ထရမ့်နဲ့ ပူတင်အကြား ဖုန်းခေါ်စကားပြောတာ၊ သူတို့ဆီမှာ ဆွေးနွေးပွဲဖြစ်နိုင်တယ်ဆိုတာ စတာတွေကို ချီးမွှမ်း ပြောဆိုခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ဆော်ဒီအာရေဗီးယားက ထရမ့်-ပူတင် အစည်းအဝေးအတွက် ရွေးဖို့ကောင်းတဲ့ နေရာဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီနေရာက ကြားနေ နေရာတခုပါ" လို့ ဝါရှင်တန်က အရှေ့အလယ်ပိုင်း အင်စတီကျု ဒုတိယ ဥက္ကဌ ပေါလ် ဆာလမ်က ပြောပါတယ်။

ဒီစစ်ပွဲမှာ ဥရောပက ယူကရိန်းဘက်က အခိုင်အမာ ရပ်တည်ပေးထားတာမို့ ဥရောပ နိုင်ငံ တနိုင်ငံမှာ ဒီအစည်းအ‌ဝေး လက်ခံကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ဆာလမ်က ပြော ပါတယ်။

"အစဉ်အလာအရတော့ ဒီလို ထိပ်သီးဆွေးနွေးပွဲတွေကို ကြားနေ နေရာတွေဖြစ်တဲ့ ဂျီနီဗာလို နေရာမျိုးကို ရွေးလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်နဲ့ တခြား ဥရောပနိုင်ငံတွေက ရုရှားနဲ့ ဆက်ဆံရေး ပျက်ယွင်းနေကြတာဆိုတော့ တခြား တနေရာကို ရွေးဖို့ ဖြစ်လာတဲ့ပုံပါ" လို့ နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ ဒေါက်တာ ခက်တာ အဘူ ဒီယက်က ပြောပါတယ်။

ပူတင်နဲ့ ဆော်ဒီအာရေးဗီးယားကြား ခိုင်မာတဲ့ ယုံကြည်မှုကို တည်ဆောက် ထားကြသလို၊ ဆော်ဒီဟာ နိုင်ငံတကာ ရာဇဝတ် တရားရုံး (International Criminal Court - ICC) ဆိုင်ရာ ပဋိဉာဏ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံလည်းမဟုတ်ဘူးလို့ သူက ထောက်ပြပါတယ်။

၂၀၂၃ မှာ အိုင်စီစီက ပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်သူလို့ စွပ်စွဲကာ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ ပူတင်ဟာ အဖမ်းခံရနိုင်မယ်ဆိုတဲ့ အန္တရာယ် ကင်းကင်းနဲ့ ဆော်ဒီကို ခရီးသွားနိုင်တယ်လို့ သုံးသပ်သူတွေက မှတ်ချက်ပေးပါ တယ်။

ကြားခံဆက်သွယ်ဆောင်ရွက်ပေးတဲ့ အခန်းကဏ္ဍ

ရုရှားနဲ့ ယူကရိန်းကြား သုံ့ပန်းလဲလှယ်ရေးနဲ့ ပတ်သက်ပြီး ကြားခံဆောင်ရွက်ပေးတဲ့ သူတွေထဲမှာ ဆော်ဒီအာရေးဗီးယားလည်း ပါဝင်ပြီး ၂ နိုင်ငံလုံးရဲ့ ယုံကြည်မှုကို ရထားသူပါ။

US President Donald Trump (L) welcomes Mark Fogel, who was recently released from prison in Russia, on the South Portico of the White House in Washington, DC, USA, 11 February 2025.

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/Shutterstock

ဓာတ်ပုံ ပုံစာ, အမေရိကန် ကျောင်းဆရာ မတ်ခ် ဖိုဂယ်ကို ရုရှားတို့က ပြန်လွှတ်ပေးခဲ့၊ သူ လွတ်မြောက်လာတဲ့အရေးမှာ ဆော်ဒီ အိမ်ရှေ့မင်းသားက အရေးပါတဲ့အခန်းက ပါဝင်ခဲ့

မကြာသေးခင်က ဖြစ်ခဲ့ပြီး ဆော်ဒီက ကြားခံဆောင်ရွက်ပေးတဲ့ အကျဉ်းသား လဲလှယ်ရေးတခုမှာ ၃ နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အမေရိကန် ကျောင်းဆရာ မတ်ခ် ဖိုဂယ်ကို ရုရှားတို့က ပြန်လွှတ်ပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ်ရဲ့ အဆို အရ အဲဒီသူ လွတ်မြောက်လာတဲ့အရေးမှာ ဆော်ဒီ အိမ်ရှေ့မင်းသားက အရေးပါတဲ့ အခန်းက ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ ဇယ်လန်းစကီးနဲ့ ပူတင်တို့ နှစ်ယောက်စလုံးကို အကြိမ် များစွာ ကြိုဆိုခဲ့ပြီး ၂ နိုင်ငံကြား ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဘက်စလုံးကို တိုက်တွန်းခဲ့ပါတယ်။ ဒီနိုင်ငံဟာ ဒီအရေးအတွက် နိုင်ငံများစွာက ကိုယ်စားလှယ်တွေ ကို ဖိတ်ခေါ်ကာ ဂျက်ဒါမှာ နိုင်ငံတကာ အစည်းအဝေး တခုကို စည်းရုံး ကျင်းပခဲ့ဖူး ပါတယ်။

Russian President Vladimir Putin and Saudi Arabia's Crown Prince Mohammed bin Salman attend a meeting in Riyadh, Saudi Arabia, October 14, 2019.

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆော်ဒီဟာ နိုင်ငံတကာ ရာဇဝတ် တရားရုံး (International Criminal Court - ICC) ဆိုင်ရာ ပဋိဉာဏ်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံလည်းမဟုတ်

ဒီဇင်ဘာ ၂၀၂၃ မှာ ပူတင်က ရီယတ်ကို လာတဲ့ ခရီးစဉ်အတွင်း ဆော်ဒီ အိမ်ရှေ့စံက သူ့ကို "ဆော်ဒီအစိုးရကကော ပြည်သူ တရပ်လုံးကပါ အထူး အလေးထားရတဲ့ ဧည့်သည်တော်" လို့ ရည်ညွှန်း ဂုဏ်ပြုခဲ့ပါတယ်။

အိုမင်၊ ကာတာ၊ ယူအေအီး တို့လိုပဲ ဆော်ဒီအာရေးဗီးယားဟာ ကြားခံဆက်သွယ် ဆောင်ရွက်ပေးတဲ့ အလုပ်ကို လုပ်လိုတဲ့ နိုင်ငံဖြစ်ပြီး ဒေသတွင်းမှာ အရေးပါတဲ့ လွှမ်းမိုးမှု ရလာနိုင်တယ်လို့ ပင်လယ်ကွေ့ရေးရာ ကျွမ်းကျင်သူ အဘ္ဘဒ္ဒူလာ ဘာဘို့က ယုံကြည်ပါတယ်။

Crown Prince Mohammed bin Salman (L) receiving Ukrainian President Volodymyr Zelensky before attending the the 32nd Arab League summit, in Jeddah, Saudi Arabia, 19 May 2023.

ဓာတ်ပုံ ရင်းမြစ်, EPA-EFE/REX/Shutterstock

ဓာတ်ပုံ ပုံစာ, ယူကရိန်း သမ္မတ ဇယ်လန်းစကီးလည်း ၂၀၂၃ က ဆော်ဒီကို လာခဲ့

ထရမ့် - ပူတင် အစည်းအဝေးကို လက်ခံကျင်းပပေးခြင်းအားဖြင့် ဆော်ဒီအဖို့ သူ့အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားတွေ အပြန်အလှန် ရယူမှုအပိုင်းမှာ သံတမန်ရေး အကျိုးဖြစ်မှုတွေ ရလာနိုင်တယ်လို့ ဘာဘို့က သုံးသပ်ပါတယ်၊ ဥပမာ - အာရပ် ၄ နိုင်ငံနဲ့ အစ္စရေးကြား ပုံမှန်ဆက်ဆံရေးတွေ ပြန်လည်တည်ဆောက်ဖို့ နှစ်ဘက်ကြား သဘောတူထားတဲ့ အီဗရာဟင် သဘော တူညီချက်တွေ လက်မှတ်ရေးထိုးနိုင်မှုမျိုး ပါ။

ထရမ့်အနေနဲ့ အမေရိကန် - ဆော်ဒီ ဆက်ဆံရေးကို အားမြှင့်ပြီး စီးပွားရေး၊ ဘဏ္ဍာ ရေး၊ ရင်းနှီးမြှုပ်နှံရေးတွေ တိုးလုပ်ဖို့ စိတ်သန်နေတယ်လို့ ပေါ် ဆာလမ်က ယုံကြည် ပါတယ်။

ဗျူဟာမြောက် ဆက်ဆံရေး ဘာသာရပ် ပါမောက္ခ ဒေါက်တာ နဒဲလ် ချောင်ကာက ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ပေါ်လစီ၊ အထူးသဖြင့် အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယားဟာ အရေးပါကြောင်း ထောက်ပြ ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နက်တန်ညာဟုက ဂါဇာက လူတွေကို ပင်လယ်ကွေ့ နိုင်ငံ တွေဆီ ရွှေ့ပြောင်းမယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ဆော်ဒီက အခိုင်အမာ ငြင်းဆန်တဲ့ အခါ အမေရိကန်က ဆော်ဒီကို ဖိအားပေးတဲ့ အကြောင်းလည်း သူက ပြောပြ ပါတယ်။

ရေနံ အကြောင်းအချက်

အမေရိကန်ဟာ ကမ္ဘာမှာ ရေနံအထုတ်လုပ်ဆုံးနိုင်ငံဖြစ်ပြီး သူ့နောက်က ဆော်ဒီနဲ့ ရုရှားတို့က လိုက်ပါတယ်။

ရုရှား - ယူကရိန်းစစ်ပွဲက ကမ္ဘာ့ရေနံစျေးကွက်တခုလုံးကို သက်ရောက်လာတဲ့အခါ ဆော်ဒီက ရေနံစျေး တည်ငြိမ်အောင် ထိန်းပေးတဲ့ နေရာမှာ ရှိနေခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

A dehydrator vessel pipe at the Khurais Processing Department in the Khurais oil field in Khurais, Saudi Arabia, on Monday, June 28, 2021

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆော်ဒီ ကမ္ဘာမှာ ဒုတိယ ရေနံအထုတ်ဆုံးနိုင်ငံဖြစ်ပြီး ယူကရိန်းစစ်ပွဲကာလအတွင်း ရေနံစျေး တည်ငြိမ်အောင် ထိန်းပေးတဲ့ နေရာမှာ ရှိနေခဲ့

ဆော်ဒီနဲ့ ရုရှားတို့ဟာ အဓိက ရေနံထုတ်လုပ်သူတွေ ဖြစ်ကြတဲ့အတွက် ဘုံအကျိုး စီးပွား တူညီမှုရှိတယ်လို့ အဘ္ဘဒ္ဒူ ဘာဘို့က ပြောပါတယ်။ ထရမ့် - ပူတင် ဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲ ရပ်စဲရေးအပြင် ကမ္ဘာ့ရေနံစျေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေပါ ဆွေးနွေးကြလိမ့်မယ်လို့ သူက မှန်းဆထားပါတယ်။

"သူတို့ အရင်ကလည်း စျေးချဖို့ ပြောနေတာတွေရှိတဲ့အတိုင်း အမေရိကန် စွမ်းအင်ကုမ္ပဏီတွေအတွက် ရေနံစိမ်း စျေးက သင့်တော်တဲ့ အနေအထားဖြစ်ဖို့ ထရမ့်က ဆန္ဒရှိလိမ့်မယ်" လို့ သူက ပြောပါတယ်။

ထရမ့်ဟာ သန့်ရှင်းစွမ်းအင်ထက် ရုပ်ကြွင်းလောင်စာတွေကို ဦးစားပေးတယ်၊ ဒါက ဆော်ဒီရဲ့ အကြိုက်လည်းဖြစ်လိမ့်မယ်လို့ သူက ထောက်ပြပါတယ်။

ဗျူဟာမြောက် အကျိုးစီးပွားတွေ

ထရမ့်ဟာ သမ္မတ တာဝန်နဲ့ ဆော်ဒီကို ပထမဆုံးလာခဲ့တာက ၂၀၁၇ က ဖြစ်ပြီး ဆော်ဒီနဲ့ အမေရိကန်ကြား သံတမန်ရေးကို မြှင့်တင်ခဲ့ပါတယ်။

US President Donald J. Trump (R), US First Lady Melania Trump (R-2), King Salman bin Abdulaziz al-Saud of Saudi Arabia (C) and Egyptian President Abdel Fattah al-Sisi (L) opening the World Center for Countering Extremist Thought in Riyadh, Saudi Arabia, 21 May 2017. President Trump is in Ridayah to attend the Gulf Cooperation Council summit (GCC)

ဓာတ်ပုံ ရင်းမြစ်, EPA/SAUDI PRESS AGENCY HANDOUT

ဓာတ်ပုံ ပုံစာ, ထုတ်ကုန် အမေရိကန်ဒေါ်လာ ၄၅၀ ဘီလျံဖိုးဝယ်ရင် ဆော်ဒီကို ခရီးသွားမယ်လို့ ၂၀၁၇ မှာ ပြောခဲ့ပြီး ဆော်ဒီက ဝယ်တဲ့အခါ အဲဒီကို သွားခဲ့

သူ့ဒုတိယမြောက် သမ္မတ သက်တမ်းမှာ သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်က ဆော်ဒီကိုသွားမှာလို့ အရိပ်အယောင်ပြထားပြီး ဒီအပေါ် သူက လည်း စျေးခေါ် ခဲ့ပါတယ်။

"တကယ်လို့ ဆော်ဒီက ကျွန်တော်တို့ ထုတ်ကုန် အမေရိကန်ဒေါ်လာ ၄၅၀ - ၅၀၀ ဘီလျံဖိုးလောက်ဝယ်ရင် ကျွန်တော် အဲဒီကို သွားဖြစ်မယ်ထင်တယ်" လို့ အရင်လတုန်းက ဘဲဥပုံ ခန်းမမှာ သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

နောက်ရက်အနည်းငယ် အကြာမှာပဲ ဆော်ဒီ အိမ်ရှေ့စံမင်းသားက သူတို့နိုင်ငံအနေနဲ့ နောက် ၄ နှစ်တာကာလအတွင်း အမေရိကန်မှာ ဒေါ်လာ ၆၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိကြောင်း ပြောခဲ့ပါတယ်။

ဒေါက်တာ နဒဲလ် ချောင်ကာက ပင်လယ်ကွေ့မှာ အမေရိကန်အနေနဲ့ စီးပွားရေး အခန်းကဏ္ဍကို ပိုလွှမ်းမိုးနိုင်ဖို့ ထရမ့်က ကြိုးစားလိမ့်မယ်လို့လည်း ထောက်ပြ ပါတယ်။ အရင် ဂျိုးဘိုင်ဒန်ကတော့ အာရှဘက်ကို ပိုပြီးအာရုံထားခဲ့တာပါ။

ဆော်ဒီမှာ အမေရိကန်ရဲ့ လွှမ်းမိုးနိုင်မှုကို ထရမ့်က ပိုအားမြှင့်ဖို့ ကြိုးစားမယ်၊ ဒါက ဒေသတွင်း တရုတ်နဲ့ ဗျူဟာမြောက် ပြိုင်ဆိုင်ရေးမှာ အမေရိကန်ကြိုးပမ်းနေမှုရဲ့ အစိတ်အပိုင်း တရပ်ပဲလို့ ဒေါက်တာ ခက်တာ အဘူ ဒီယက်က သုံးသပ်ပါတယ်။

ဆော်ဒီအာရေးဗီးယားဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဝေဖန်ခံရပေမယ့် နိုင်ငံတွင်း လောလောလတ်လတ် ပြုပြင်ပြောင်းလဲမှုတွေ ဥပမာ - ဘာသာရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းတာ၊ အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုတာ စတာတွေနဲ့ ကမ္ဘာမှာ သူ့ပုံရိပ်ကို ပြန်တင်နေပြီး ထရမ့်ရဲ့ လက်ထက်မှာ အမေရိကန်ဆီက နိုင်ငံရေး ဖိအား လျော့ကျလာစေအောင် ဆောင်ရွက်နိုင်စွမ်းရှိနေတယ်လို့ အဘူ ဒီယက်နဲ့ ချောင်ကာတို့ ၂ ယောက်လုံးက ပြောပါတယ်။