အမေရိကန်သမ္မတအမိန့်တွေဆိုတာ ဘာလဲ

ထရမ့်ဟာ ပထမတစ်ကြိမ် သမ္မတတာဝန်ထမ်းဆောင်ချိန်တုန်းက သမ္မတအမိန့် ၂၂၀ ကို လက်မှတ်ရေးထိုးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထရမ့်ဟာ ပထမတစ်ကြိမ် သမ္မတတာဝန်ထမ်းဆောင်ချိန်တုန်းက သမ္မတအမိန့် ၂၂၀ ကို လက်မှတ်ရေးထိုးခဲ့ပါတယ်

အမေရိကန်သမ္မတတွေက အစိုးရမူဝါဒတွေမှာ သူတို့ရဲ့ အမှတ်အသားကို ချန်ရစ်ချင်တဲ့အခါ အမိန့်ကြော်ငြာစာတွေဟာ အဓိကကျတဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ အခု ဒေါ်နယ်ထရမ့် အိမ်ဖြူတော်ကို ပြန်ရောက်တဲ့အခါလည်း အချိန်မဆွဲဘဲ လုပ်ဆောင်မယ့်ပုံ ပေါ်ပါတယ်။

တနင်္လာနေ့ တစ်နေ့တည်းမှာတင် အမိန့်ပေါင်း ၂၀၀ ကျော်ကို လက်မှတ်ရေးထိုးနိုင်ခြေ ရှိပါတယ်။ အဲဒီထဲမှာ ဥပဒေ စည်းနှောင်မှုရှိတဲ့ သမ္မတအမိန့်တွေနဲ့ တခြားညွှန်ကြားချက်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အစိုးရစွမ်းဆောင်ရည်ဌာန(Doge) ကနေတဆင့် ဉာဏ်ရည်တု နည်းပညာလို အစီအစဥ်တွေကို ဦးစားပေး အမိန့်ထုတ်တာတွေ လုပ်မယ်လို့လည်း သူက ကတိပေးပါတယ်။ နောက် ၁၉၆၃ ခုနှစ်မှာ ဂျွန်အက်ဖ် ကနေဒီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ဆက်နွှယ်တဲ့မှတ်တမ်းတွေ၊ သံမဏိကွန်ခြာလို့ခေါ်တဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ဖန်တီးဖို့ အမေရိကန်စစ်တပ်ကို လမ်းညွှန်တာ၊ နောက်ပြီး စစ်တပ်အတွင်းက တန်းတူညီမျှမှု၊ အသားအရောင်၊ ကျားမ မခွဲခြားမှု (DEI) မူဝါဒတွေကို ဖယ်ရှားမယ့် အမိန့်တွေလည်း ထုတ်မယ်လို့ ဆိုပါတယ်။

မစ္စတာ ထရမ့်ဟာ သူ့ရဲ့ သမ္မတသက်တမ်း ပထမအကြိမ်တုန်းက သမ္မတ အမိန့်ပေါင်း ၂၂၀ အထိ လက်မှတ်ထိုးခဲ့ပြီး တချို့ဟာ တရားရုံးမှာ တိုင်တန်းခံရလို့ ဖြေရှင်းရတာတွေတောင် ရှိခဲ့ပါတယ်။

သမ္မတအမိန့် ဆိုတာဘာလဲ

သမ္မတ အမိန့်ဆိုတာဟာ ကွန်ဂရက်စ်လွှတ်တော်ရဲ့ ထောက်ခံအတည်ပြုချက်ယူဖို့မလိုဘဲ ပြည်ထောင်စုအစိုးရကို သမ္မတက ထုတ်ပြန်တဲ့ အမိန့်စာ ဖြစ်ပါတယ်။

သမ္မတအမိန့်တွေဟာ မူဝါဒတွေကို ပြန်ရုပ်သိမ်းပစ်တာတွေကနေ ပုံမှန် စီမံခန့်ခွဲရေးအမိန့် အဆုံး ပါဝင်တတ်ပါတယ်။ ဥပမာ -၂၀၁၇ ခုနှစ်မှာ ထရမ့်က အငြင်းပွားဖွယ် ရေနံပိုက်လိုင်းနှစ်ခု ဆောက်လုပ်ဖို့ ခွင့်ပြုခဲ့တဲ့ မူဝါဒပိုင်းဆိုင်ရာ ကြီးမားတဲ့ အပြောင်းအလဲတွေကနေ၊ ၂၀၁၅ ခုနှစ် ခရစ္စမတ်အကြို ညနေပိုင်းမှာ အစိုးရဌာနတွေ နေ့ဝက်ပိတ်ခွင့်ပြုခဲ့တဲ့ အိုဘားမားရဲ့ အမိန့်လို ပုံမှန်စီမံခန့်ခွဲရေးကိစ္စတွေအထိ အမျိုးမျိုးရှိပါတယ်။

ဒီအမိန့်တွေ ထုတ်ပြန်နိုင်ခွင့်ဟာ အမေရိကန်ဖွဲ့စည်းပုံပါ ပြင်ဆင်ချက် ပုဒ်မ ၂ မှာ အခြေတည်ပါတယ်။

''အုပ်ချုပ်မှုအာဏာဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတထံမှာ အပ်နှင်းရမယ်'' လို့ ပါရှိပါတယ်။

အမိန့်တွေကို သမ္မတတွေက ဘာကြောင့် ထုတ်ပြန်ကြတာလဲ

သမ္မတ တာဝန်ယူတဲ့ကျမ်းကျိန်ပွဲမှာ မြင်ရတဲ့သမ္မတ ဖရန်ကလင် ရုစဗဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတ ရုစဗဲ့ဟာ အမိန့်ပေါင်းထောင်ချီကို ထုတ်ခဲ့

တစ်ခါတလေမှာ စစ်ပွဲကာလအတွင်း ဒါမှမဟုတ် ပြည်တွင်းအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒီလိုအမိန့်တွေကို ထုတ်လေ့ရှိပါတယ်။ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကဆိုရင် သမ္မတ ဖရန်ကလင် ရုစဗဲ့ဟာ ဂျပန်နွယ်ဖွား အမေရိကန် ၁၂၀,၀၀၀ နီးပါးအတွက် ထိန်းသိမ်းရေးစခန်းတွေဆောက်တဲ့အထိ ဦးတည်စေခဲ့တဲ့ သမ္မတ အမိန့်ကို လက်မှတ်ထိုးခဲ့ပါတယ်။

၁၉၅၂ ခုနှစ်မှာ အမေရိကန်သမ္မတ ဟယ်ရီ ထရူးမန်းဟာ သပိတ်မှောက်ကြတာကို ရှောင်ရှားနိုင်အောင် သံမဏိလုပ်ငန်းကို အစိုးရထိန်းချုပ်မှုအောက်ထားဖို့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ဟာ သမ္မတထရမ့်လက်ထက်တုန်းက လက်မှတ်ထိုး နုတ်ထွက်ခဲ့တဲ့ ၂၀၁၅ ပဲရစ်သဘောတူညီချက်မှာ အမေရိကန်ပြန်လည်ပါဝင်တဲ့လုပ်ငန်းစဥ်ဆိုင်ရာစတင်တဲ့သမ္မတအမိန့်ကို သမ္မတတာဝန်ကို ပထမဆုံးစယူတဲ့နေ့၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ လက်မှတ်ထိုးခဲ့ပါတယ်။

ဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ဒီအမိန့်ဟာ ''ကမ္ဘာလုံးဆိုင်ရာပူနွေးမှု ကပ်ဘေးဆိုးကို ရှောင်ရှားနိုင်ရေး အထောက်အကူဖြစ်စေခဲ့တယ်'' လို့ ပြောခဲ့ပါတယ်။

ဒီအမိန့်တွေကို ဘယ်သူက ပြန်ရုပ်သိမ်းနိုင်လဲ

သမ္မတ အမိန့်တစ်ရပ်ဟာ ဥပဒေဘောင်အတွင်းမှာ လုပ်ဆောင်ရပါတယ်။ အဲဒီအမိန့်တွေ ပုံစံတကျနဲ့ဥပဒေနဲ့ညီအောင် ဥပဒေဆိုင်ရာအကြံပေးကောင်စီရုံးက ပြန်လည်သုံးသပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလို အမြဲတမ်းတော့ မဖြစ်ပါဘူး။

အမိန့်တစ်ရပ်ဟာ လက်ခံသင့် လက်ခံထိုက်တဲ့ ဘောင်ကို ကျော်လွန်နေတယ်လို့ မှတ်ယူခံရရင်တော့ ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်ခံရပါတယ်။

သမ္မတအမိန့်ကို ပယ်ဖျက်နိုင်တဲ့ ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းနိုင်ပေမဲ့ အဲဒီဥပဒေကို သမ္မတကလည်း ဗီတိုအာဏာနဲ့ ပြန်ပယ်ချနိုင် ဖြစ်တယ်လို့ အခြေခံဥပဒေစင်တာက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်သမ္မတတွေ ရေးထိုးခဲ့တဲ့ သမ္မတအမိန့်အရေအတွက် နှိုင်းယှဥ်ချက်

ဒီအမိန့်တွေက ဘာကြောင့် နိုင်ငံရေးအကဲဆတ်တာလဲ

သမ္မတအမိန့်တွေဟာ ကွန်ဂရက်စ်လွှတ်တော်မှာ အတည်ပြုရေး ကျော်ဖြတ်စရာမလိုဘဲ သမ္မတက လက်မှတ်ထိုးရုံနဲ့ အတည်ပြုနိုင်တာကြောင့် အငြင်းပွားစရာလည်း ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ သမ္မတ အိုဘားမားလုပ်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အပြောင်းအလဲတွေကို ရီပတ်ဘလီကန်တွေက အောင်အောင်မြင်မြင် တရားစွဲခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ အာမခံလွှမ်းခြုံနိုင်တဲ့နောက်ဆုံးကာလကို တစ်ဖက်သတ်နှောင့်နှေးစေတာဟာ အခြေခံဥပဒေက ပေးထားတဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်ကို ကျော်လွန်တယ်လို့ သူတို့က ဆိုပါတယ်။

မွတ်ဆလင်နိုင်ငံအများစုကလူတွေကို ခရီးသွားလာမှုပိတ်ပင်တဲ့ ထရမ့်အမိန့်ဟာလည်း အတော်လေး အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ ဘိုင်ဒန်က သူတက်လာတဲ့အခါမှာ အဲဒီအမိန့်ကို အဆုံးသတ်ခဲ့ပါတယ်။

ကွန်ဂရက်စ်လွှတ်တော်ရဲ့ လုပ်ဆောင်မှု နှေးကွေးနေတာ ဒါမှမဟုတ် ဥပဒေသစ်တစ်ခုရဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည့်စွက်ဖို့လိုအပ်တယ်လို့ သမ္မတက ယူဆရင် အမိန့်ကြေညာချက် ထုတ်နိုင်ပါတယ်။

သမ္မတ အမိန့်တွေကို ဘယ်နှကြိမ် ထုတ်နိုင်လဲ

သမ္မတ ဖရန်ကလင် ရုစဗဲ့ဟာ သူ တာဝန်ယူတဲ့ ၁၂ နှစ်အတွင်းမှာ အမိန့်ပေါင်း ၃,၇၂၁ ကို ထုတ်ခဲ့ပြီး ဝုဒ်ဝိုး ဝီလ်ဆင်က ၁,၈၀၃ ခုနဲ့ ကယ်လ်ဗင် ကူးလစ်ချ်က ၁,၂၀၃ ခု ထုတ်ပြန်ခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ ပထမ သမ္မတသက်တမ်းမှာ သမ္မတအမိန့်ပေါင်း ၂၂၀ ကို လက်မှတ်ထိုးခဲ့ပါတယ်။

ဒါနဲ့ယှဥ်ကြည့်ရင်တော့ ဂျိုးဘိုင်ဒန်က အမိန့် ၁၆၀၊ သမ္မတ သက်တမ်း ၂ ကြိမ်စီ တာဝန်ထမ်းခဲ့ကြတဲ့ ဘားရတ်အိုဘားမားက ၂၇၇ ခု၊ ဂျော့ ဒဗယ်လ်ယူ ဘုရှ်က ၂၉၁ ခုဖြစ်ပါတယ်။

သမ္မတသစ်က သူ့ရှေ့က သမ္မတ ထုတ်သွားတဲ့အမိန့်ကို ပြန်ရုပ်နိုင်လား

အမေရိကန်သမ္မတတွေဟာ သူတို့ရှေ့က သမ္မတတွေ ထုတ်သွားတဲ့အမိန့်တွေကို ပြန်လည်ရုပ်သိမ်းတာတွေကို မြင်လာရပါတယ်။

၂၀၁၇ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ဟာ အိုဘားမား ကျန်းမာရေစောင့်ရှောက်မှု ဥပဒေကို ပစ်မှတ်ထားတဲ့ သမ္မတ အမိန့်ကို ထုတ်ခဲ့ပါတယ်။

ထရမ့်အစိုးရလက်ထက်က မက္ကဆီကိုနဲ့နယ်စပ်မှာ တံတိုင်းဆောက်ရေး ရန်ပုံငွေဆိုင်ရာ အရေးပေါ်ကြေညာချက်ကို ဘိုင်ဒန်က ပြန်ရုပ်သိမ်းခဲ့ပြီး မွတ်ဆလင်အများစုနိုင်ငံတချို့ကလူတွေကို ပြည်ဝင်ခွင့်ပိတ်ပင်မှုကိုလည်း အဆုံးသတ်ခဲ့ပါတယ်။

သူဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်ထဲကို အမေရိကန်ကို ပြန်ဝင်ခဲ့ပါတယ်။

အခုတော့ ထရမ့်ဟာ သူ့ရဲ့ ဒုတိယမြောက် သမ္မတ သက်တမ်းမှာ ကျမ်းကျိန်ပြီး များမကြာခင်မှာပဲ သမ္မတ အမိန့်တွေကို အများကြီး ထုတ်လိုက်ပါတယ်။ အဲဒီထဲမှာ လူဝင်မှုကြီးကြပ်ရေးကစလို့ နေရပ်ပြန်ပို့ရေးအလယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ လိင်ကွဲပြားသူအခွင့်အရေးဆိုင်ရာအဆုံး အမိန့်တွေပါဝင်ပါတယ်။