ထရမ့် က အမေရိကန်မှာမွေးသူတွေ အလို အလျောက် နိုင်ငံသားဖြစ်ခွင့် ရပ်ဆိုင်းမယ်

ဒေါ်နယ် ထရမ့်၊ အမေရိကန်၊ သမ္မတအာဏာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလမှာ ဒုတိယအကြိမ် သမ္မတသက်တမ်း စတင်မယ့် ဒေါ်နယ်ထရမ့်က သမ္မတအမိန့်အာဏာသုံးပြီး ညွှန်ကြားချက်တွေ ထုတ်မယ်လို့ NBC သတင်းဌာန အင်တာဗျူးမှာ ပြောသွားခဲ့
    • ရေးသားသူ, ဂျုဒ် ရှီရင်
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ဝါရှင်တန်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် က ၂၀၂၁ ခုနှစ်တုန်းက အမေရိကန်လွှတ်တော်အဆောက်အဦ ထဲ စီးနင်း ဖျက်ဆီးခဲ့မှုမှာ ပါဝင်သူတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရေးနဲ့ ပတ်သက်လို့ လာမယ့်လ သူသမ္မတရာထူး ပြန်ရရချင်း ပထမဆုံးနေ့မှာပဲ စဉ်းစားသုံးသပ်မယ်လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

ဒီလူတွေ ငရဲကျနေကြတယ် လို့ မစ္စတာ ထရမ့်က နိုဝင်ဘာလ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးကတည်းက ပထမဆုံး အကြိမ် ထုတ်လွှင့်တဲ့ အင်တာဗျူးအဖြစ် NBC သတင်းဌာနရဲ့ Meet the Press အစီအစဉ်မှာ ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ မွေးသူမှန်သမျှ အလိုအလျောက် နိုင်ငံသား ဖြစ်ခွင့်ကိုလည်း ရပ်ဆိုင်းပစ်မယ်လို့ ရီပတ်ဘလီကန်ပါတီဝင် မစ္စတာ ထရမ့်က အခိုင်အမာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကလေးအရွယ်က အမေရိကန်နိုင်ငံထဲ အထောက်အထားမဲ့ နိုင်ငံရွှေ့ပြောင်းသူအဖြစ် ဝင်လာသူတချို့ကို အကူအညီပေးဖို့ကိုတော့ ဒီမိုကရက်တွေနဲ့ အတူပူးပေါင်းလုပ်မယ်လို့ သူက ကမ်းလှမ်းခဲ့ပါတယ်။

အင်တာဗျူးထဲမှာ မစ္စတာ ထရမ့်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် သူကျမ်းသစ္စာ ကျိန်ဆိုပြီးရင် သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်အာဏာ သုံးပြီး လူဝင်မှုကြီးကြပ်ရေး၊ စွမ်းအင်နဲ့ စီးပွားရေး စတာတွေအပါအဝင် ကိစ္စအတော်များများအပေါ် ညွှန်ကြားချက်တွေ ထုတ်ပြန်မယ်လို့ ကတိပြုပြောသွားခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်ကို တရားရေးစီရင်မှုဌာနကနေ စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ မစ္စတာ ထရမ့်က ပြောသွားခဲ့ပေမဲ့ လွှတ်တော်အဆောက်အဦထဲ ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့မှုအကြောင်း စုံစမ်းစစ်ဆေးခဲ့သူ လွှတ်တော်အမတ်တွေအပါအဝင် သူ့ရဲ့ နိုင်ငံရေး ရန်ဘက်တချို့ကတော့ ထောင်သွင်း အကျဉ်းကျခံသင့်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့အပြီး ၃ လအကြာမှာ သူ့ကို ထောက်ခံအားပေးသူတွေ ကွန်ဂရက်လွှတ်တော် အဆောက်အဦထဲ စီးနင်းဝင်ရောက် ဖျက်ဆီးခဲ့တဲ့ အဲဒီ ဆူပူအုံကြွမှုမှာ ပါဝင်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူ လူ ရာပေါင်းများစွာ လွတ်ငြိမ်းချမ်းသာခွင့်ရရေးအတွက် သူကြိုးပမ်းပေးမှာလားလို့ ထရမ့် ကို အင်တာဗျူးမှာ မေးခဲ့ပါတယ်။

"သီးခြားအမှုတွဲတွေကို စိစစ် သုံးသပ်သွားမှာပါ" လို့ သူက ပြောပါတယ်။ "ဟုတ်တာပေါ့။ ကျွန်တော် အလျင်အမြန်ကို လုပ်ဆောင်သွားမှာပါ။"

"ပထမဆုံးနေ့မှာကို လုပ်မှာပါ" လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"စကားမစပ် ပြောရဦးမယ်။ သူတို့က အဲဒီမှာ နှစ်နဲ့ချီ ရှိနေခဲ့တာ၊ အဲဒီနေရာက ဖွင့်ဖို့ မသင့်တဲ့ ညစ်ပတ် စုတ်ပဲ့နေတဲ့ နေရာတစ်ခုပဲ" လို့ သူက ဆက်ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ NBC အင်တာဗျူးထဲမှာ ရွေးကောက်ခံ သမ္မတ ထရမ့် က တခြားကိစ္စ အကြောင်းအရာတွေကိုလည်း ပြောသွားခဲ့ပါတယ်။

  • "မြောက်အတ္တလန္တိတ် သဘောတူစာချုပ် နေတိုး အဖွဲ့ထဲ အမေရိကန်ကို ဆက်ထားမလားဆိုတာနဲ့ ပတ်သက်လို့ မဆုံးဖြတ်ခင် တချို့အချက်တွေကို စဉ်းစားသုံးသပ်ဖို့ သူက ကမ်းလှမ်းခဲ့ပါတယ်။ တကယ်လို့ သူတို့ရဲ့ ကုန်ကျစရိတ်ကို သူတို့ပေးမယ်ဆိုရင်၊ တကယ်လို့ သူတို့သာ မျှမျှတတ လုပ်မယ်၊ ကျွန်တော်တို့အပေါ် မျှမျှတတ ဆက်ဆံမယ်ဆိုရင်တော့ နေတိုးအဖွဲ့ထဲမှာ လုံးဝ ဆက်နေသွားမှာပါ" လို့ ထရမ့်က ပြောပါတယ်။
  • ကိုယ်ဝန်ဖျက်ချတဲ့ ဆေးပြားတွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်မှာ မဟုတ်ဘူးလို့ ထရမ့်ကပြောပါတယ်။ ဒါပေမဲ့ ဒါကို အာမခံသလားလို့ မေးတဲ့အခါမှာတော့ ထရမ့်က "ကျွန်တော်ကတော့ မလုပ်ဘူးလို့ ကတိပြုထားတာပဲ။ ဒါပေမဲ့ အခြေအနေတွေကတော့ ပြောင်းသွားနိုင်တယ် " လို့ ပြန်ဖြေခဲ့ပါတယ်။
  • ရီပတ်ဘလီကန် သမ္မတ ထရမ့်က သူအိမ်ဖြူတော် ပြန်ရောက်ရင် ယူကရိန်းအနေနဲ့ အမေရိကန်ဆီက အထောက်အပံ့ပိုနည်းနည်းပဲ ရလာဖို့ မျှော်လင့်ကောင်း မျှော်လင့်ရဖွယ် ရှိတယ်လို့ ပြောပါတယ်။
  • အော်တစ်ဇင်နဲ့ ကလေးဘဝက ထိုးခဲ့တဲ့ ကာကွယ်ဆေးတွေ ဆက်နွှယ်မှု ရှိနေသလားဆိုတာကို တစ်ယောက်ယောက်က စုံစမ်းဖော်ထုတ်ဖို့ လိုတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ထရမ့်က ပြောပါတယ်။ ဆက်နွှယ်မှု မရှိဘူးဆိုပြီး ကမ္ဘာတဝန်းက လေ့လာမှု အများအပြားက ပယ်ချခဲ့ကြပြီး ဖြစ်ပါတယ်။ ထရမ့်ကတော့ ကျန်းမာရေးဝန်ကြီးအဖြစ် သူ အမည်တင်သွင်းထားသူလည်းဖြစ် ကာကွယ်ဆေးတွေအပေါ် အယုံအကြည် မရှိသူလည်းဖြစ်တဲ့ ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာ က ဒီကိစ္စကို စုံစမ်းဖော်ထုတ်မယ်လို့ ဆိုပါတယ်။
  • လူမှုဖူလုံရေး ထောက်ပံ့ကြေးကို ဖြတ်တောက်မှာ မဟုတ်သလို ထောက်ပံ့ကြေး ခံစားခွင့်ရှိတဲ့အ သက်အရွယ်ကိုလည်း တိုးမြှင့်မှာ မဟုတ်ဘူးလို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ပိုထိရောက်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ ထုတ်ဖော် မပြောခဲ့ပါဘူး။
  • အမေရိကန်ရဲ့ အရေးပါတဲ့ ကုန်သွယ်ဖက်နိုင်ငံတွေရဲ့ တင်ပို့ကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ လုပ်ဖို့ သူ့ရဲ့ အစီအစဉ်တွေကြောင့် အမေရိကန်နိုင်ငံသားတွေအတွက် စားသုံးကုန်စျေးနှုန်းတွေ တက်လာနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်က "ကျွန်တော့်အနေနဲ့ ဘာကိုမှ အာမမခံနိုင်ပါဘူး။ မနက်ဖြန်အတွက်ကို ကျွန်တော် အာမမခံနိုင်ပါဘူး" ဆိုပြီး ပြန်ဖြေသွားခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ ပတ်သက်လို့တော့ ထရမ့်က မိဘတွေက တခြားတိုင်းပြည်မှာ မွေးပေမယ့် အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ သားသမီးမှန်သမျှ အမေရိကန်နိုင်ငံသား ဖြစ်လာခွင့် ကို ရပ်ဆိုင်းပစ်ဖို့ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်အာဏာ သုံးပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဲဒီ့ နိုင်ငံဖွားမှန်သမျှ နိုင်ငံသားဖြစ်ခွင့် ဥပဒေဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားသူ အားလုံး အမေရိကန်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတဲ့ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၁၄ ခုမြောက် ပြင်ဆင်ချက်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

"ဒီဥပဒေကို ကျွန်တော်တို့ ပြင်ဆင်ပြောင်းလဲဖို့ ရှိပါတယ်" လို့ ထရမ့်က ပြောပါတယ်။ "လူတွေရဲ့ နောက်ကြောင်းတွေကို လိုက်ကြည့်ကောင်း ကြည့်ရဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီဥပဒေကို အဆုံးသတ်ပစ်ဖို့ လိုပါတယ်။"

ဒါ့အပြင် အမေရိကန် နိုင်ငံသား မိသားစုဝင် ရှိသူတွေအပါအဝင် အထောက်အထားမဲ့ နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ဆိုတဲ့ သူ့ရဲ့ မဲဆွယ်ကာလ ကတိပြုထားချက်အတိုင်း သူဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

"မိသားစုတွေကို မပြိုကွဲစေချင်ပါဘူး။ ဒီတော့ မိသားစုတွေ မပြိုကွဲစေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ သူတို့ကို အတူတူထားပြီး အားလုံးကို နေရပ်တိုင်းပြည် ပြန်ပို့ဖို့ပါပဲ" လို့ ထရမ့်က ပြောပါတယ်။

ဒါ့အပြင် အိုဘားမားအစိုးရလက်ထက် စီမံကိန်းတစ်ခုဖြစ်တဲ့ Deferred Action for Childhood Arrivals စီမံကိန်းအရ အကာအကွယ်ပေးထားတဲ့ အထောက်အထားမဲ့ နိုင်ငံရွှေ့ပြောင်းဝင်လာသူတွေကို အကူအညီပေးဖို့ ထရမ့်က ကွန်ဂရက်လွှတ်တော်နဲ့ သူ အတူပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ တချိန်တုန်းကတော့ ဒီစီမံကိန်းကို ထရမ့်က ဖျက်သိမ်းပစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။

"စီမံကိန်းတစ်ခုဆွဲဖို့ ဒီမိုကရက်တွေနဲ့ ကျွန်တော် ပူးပေါင်းဆောင်ရွက်သွားမှာပါ" လို့ သူက ပြောပါတယ်။ အဲဒီ နိုင်ငံရွှေ့ပြောင်းလာသူတွေထဲက တချို့ဟာ အလုပ်ကောင်းကောင်းရပြီး စီးပွားရေးတွေ စလုပ်နေကြပြီလို့လည်း သူက ဖြည့်စွက်ပြောသွားပါတယ်။

နိုင်ငံရေးရန်ဘက်တွေအပေါ် ကလဲ့စားချေမယ်လို့ အကြိမ်ကြိမ် ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း သူလုပ်မလုပ်ဆိုတာနဲ့ ပတ်သက်လို့ ထရမ့်က အဓိပ္ပာယ်နှစ်ခွနဲ့ ရောထွေး ပြောသွားခဲ့ပုံ တွေ့ရပါတယ်။

ရာထူးသက်တမ်း ပြီးဆုံးတော့မယ့် သမ္မတ ဂျိုးဘိုင်ဒန်က ရာဇဝတ်ကြောင်းအရ ပြစ်မှုထင်ရှားခံထားရတဲ့ သားဖြစ်သူ ဟန်တာကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို အခုသီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရက်တသမ္မတ ဂျိုးဘိုင်ဒန် ဟာ လာမယ့်လ သမ္မတ သက်တမ်း မပြီးဆုံးခင် သူ့ရဲ့ နိုင်ငံရေးမဟာမိတ်တွေအတွက် အစုလိုက်အပြုံလိုက် တခြား လွတ်ငြိမ်းချမ်းသာမိန့်တွေ ထုတ်ပြန်သွားဖို့ စဉ်းစားသုံးသပ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ထရမ့်ဟာ ဘိုင်ဒန်နဲ့ သူ့မိသားစုအပေါ် ရှေ့နေရှေ့ရပ်တွေနဲ့ အထူး စုံစမ်းစစ်ဆေးမှု တစ်ခုလုပ်ဖို့ အရင်က ကြုံးဝါးထားခဲ့ပေမဲ့ အခုတော့ လုပ်မှာ မဟုတ်တော့ဘူးဆိုတာမျိုး အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။

"ကျွန်တော် နောက်ကြောင်း ပြန်မလှည့်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ကြိး အောင်မြင်ကြီးပွားရေးကိုပဲ ကျွန်တော် သုံးသပ်လုပ်ဆောင်နေပါတယ်။ အောင်မြင်ကြီးပွားအောင် လုပ်ခြင်းအားဖြင့်သာ ကလဲ့စားချေသွားမှာပါ။"

ဒါပေမဲ့ သူ့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ အခုအခါ ပျက်ပြယ်သွားပြီ ဖြစ်တဲ့ ဒီမိုကရက် ဦးဆောင်တဲ့ အောက်လွှတ်တော် ကော်မတီဝင်တွေကတော့ ထောင်ထဲသွားဖို့ သင့်တယ်လို့ ထရမ့်က ပြောပါတယ်။

အဲဒီ ကော်မတီအဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ရီပတ်ဘလီကန် ကွန်ဂရက်ဝင်ဟောင်း လစ်ဇ် ရှန်းနီးကတော့ တနင်္ဂနွေနေ့တုန်းက ထရမ့်ကို တုံ့ပြန် တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

"အဲဒီကော်မီတီ အဖွဲ့ဝင်တွေ ထောင်ထဲသွားသင့်တယ်ဆိုတဲ့ ထရမ့်ရဲ့ ပြောဆိုချက်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ ကျွန်မတို့နိုင်ငံရဲ့ အခြေခံအုတ်မြစ်အပေါ် သူ ဆက်စော်ကားနေတယ် ဆိုတာကို ပြနေပါတယ်" လို့ လစ်ဇ် ရှန်းနီး က ပြောပါတယ်။

သူ့ရဲ့ NBC အင်တာဗျူးမှာ ထရမ့်က သူ့ရန်သူတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ FBI ထောက်လှမ်းရေးအဖွဲ့ကို သူညွှန်ကြားမှာ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

ဒါပေမဲ့ သူတို့ကသာ ယုတ်မာ ကောက်ကျစ်လာမယ်၊ တစ်ခုခု မဟုတ်တာ လုပ်လာမယ်၊ ဥပဒေ ချိုးဖောက်ခဲ့မယ် ဆိုရင်တော့ သူတုံ့ပြန်ကောင်း တုံ့ပြန်ဖို့ ရှိတယ် လို့ ထရမ့်က NBC သတင်းဌာနကို ပြောပါတယ်။

"သူတို့က ကျွန်တော့်ကို လိုက်တိုက်ခိုက်ခဲ့ကြတယ်၊ သိတယ်မဟုတ်လား၊ သူတို့က ကျွန်တော့်ကို လိုက်တိုက်ခိုက်ခဲ့ကြတယ်။ ကျွန်တော်က မဟုတ်တာ ဘာမှ မလုပ်ခဲ့ဘူး။"

ထရမ့် ကြားကာလ